Immunisation in children (ကလေးများနှင့် ကာကွယ်ဆေး)

Immunisation in children (ကလေးများနှင့် ကာကွယ်ဆေး)

ကလေးငယ်များတွင် ပြင်းထန်သောရောဂါပိုးများ ဝင်ရောက်ခြင်းမှ ကာကွယ်ရန်နှင့် ကိုယ်ခံအား ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကလေး၏ အသက်အရွယ်အလိုက် ကာကွယ်ဆေးများရရှိရန် အလွန်အရေးကြီးသည်။ ကိုယ်ခံအားဆိုသည်မှာ ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုး၊ ကပ်ပါးပိုး၊ မှိုပိုးစသည့် ရောဂါပိုးများရန်မှ ခံနိုင်ရည်ရှိစေရန် ခန္ဓာကိုယ်အား ကာကွယ်ပေးနိုင်သော စွမ်းအင်တစ်မျိုးဖြစ်သည်။

ကာကွယ်ဆေးများသည် ကလေးလူကြီးအားလုံး ထိုးနှံသည့်အခါ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် အဆင့်ဆင့် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ပြည့်စုံအောင်မြင်ပြီးမှသာ သုံးစွဲထိုးနှံခွင့်ပြုထားသော ဆေးဝါးများဖြစ်သည်။ ထိုးဆေး၊ ပါးစပ်အစက်ချဆေး၊ နှာခေါင်းအတွင်းဖျန်းဆေး စသည်ဖြင့် ကာကွယ်ဆေးအမျိုးအစား များစွာရှိသည်။ ကာကွယ်ဆေးများကို ပိုးအသေ၏ အစိတ်အပိုင်းများမှလည်းကောင်း၊ ပိုးအရှင်၏ တစ်စိတ်တစ်ပိုင်းမှလည်းကောင်း ပြုပြင်ပြောင်းလဲ ထုတ်လုပ်ထားကြသည်။ အချို့ကာကွယ်ဆေးများတွင် ရောဂါပိုး၏ မျိုးဗီဇအစိတ်အပိုင်း အနည်းငယ်ဖြင့် ပြုပြင်ထုတ်လုပ်ထားခြင်းမျိုးလည်းရှိသည်။

ပုံမှန်အားဖြင့် ကိုယ်ခန္ဓာအတွင်းသို့ ရောဂါပိုးများ ဝင်ရောက်လာလျှင် ၎င်းပိုးမွှားများသည် ပဋိလှုံ့ပစ္စည်း (Antigen) အနေဖြင့် လုပ်ဆောင်ပြီး ကိုယ်ခန္ဓာအတွင်းမှ ပဋိပစ္စည်း (Antibody) များ ထွက်စေခြင်းဖြင့် ခန္ဓာကိုယ်၏ ကိုယ်ခံအားကို မြှင့်တင်ပေးသည်။ ထိုပဋိပစ္စည်းများသည် ရောဂါပိုးများကို တိုက်ခိုက်ပေးနိုင်ပြီး ရောဂါဒဏ်ကို ခံနိုင်ရည်ရှိစေရန် ကာကွယ်ပေးသည်။ ကာကွယ်ဆေးထိုးခြင်းသည် ရောဂါပိုးများ အမှန်တကယ် မကူးစက်သေးမီ ကိုယ်ခန္ဓာအတွင်း၌ ပဋိပစ္စည်း (Antibody) များ ကြိုတင်ထွက်ရှိစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ ကာကွယ်ဆေးထိုးပြီးနောက် ပဋိပစ္စည်းများ ခန္ဓာကိုယ်အတွင်း ထွက်ရှိရန် ပျမ်းမျှအားဖြင့် (၂)ပတ် မှ (၄)ပတ်ခန့်အထိ ကြာတတ်သည်။

Immunization in children image 1
ကလေးများအတွက် ကာကွယ်ဆေးများ

ကလေးငယ်များတွင် ပုံမှန်ကာကွယ်ဆေးထိုးခြင်းဖြင့် ထိထိရောက်ရောက် ကာကွယ်နိုင်သောရောဂါများ (Vaccine preventable diseases) နှင့် ရောဂါပိုးများမှာ_

မြန်မာနိုင်ငံတွင်လည်း အဆိုပါရောဂါများအတွက် ကာကွယ်ဆေးများ ရရှိထိုးနှံနိုင်သည်။ ထို့ပြင် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် မထိုးနှံတော့သော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဘီစီဂျီ (တီဘီ ကာကွယ်ဆေး)နှင့် ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးများကို ယခုထက်တိုင် ဆက်လက်ထိုးပေးနေဆဲဖြစ်သည်။

မြန်မာနိုင်ငံ ကာကွယ်ဆေးထိုးစီမံချက်

မြန်မာနိုင်ငံ ကာကွယ်ဆေးထိုးစီမံချက်များအရ အောက်ပါကာကွယ်ဆေးများကို မွေးကင်းစမှ အသက် (၁၂) နှစ်ထိ ကလေးများတွင် အသက်အရွယ်အလိုက် နီးစပ်ရာ အစိုးရဆေးရုံ သို့မဟုတ် ‌ဒေသန္တရ ဆေးခန်းများတွင် အခမဲ့ထိုးနှံနိုင်သည်။

အသက်ကာကွယ်ဆေးအမျိုးအစားကာကွယ်နိုင်သောရောဂါများ
မွေးစ• အသည်းရောင် အသားဝါ ဘီ ကာကွယ်ဆေး (Hepatitis B vaccine)• အသည်းရောင်အသားဝါ ဘီ ရောဂါ
မွေးစ သို့မဟုတ် အသက်(၁)လ• ဘီစီဂျီ (BCG)• ပြင်းထန်တီဘီရောဂါ
အသက်(၂)လ• ငါးမျိုးစပ်ကာကွယ်ဆေး (Pentavalent)
(DTaP၊ Hepatitis B၊ H.influenza)

• ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေး (PCV)

• ပြင်းထန်ဝမ်းပျက်ဝမ်းလျှောကာကွယ်ဆေး (Rota vaccine)

• ပိုလီယို အစက်ချဆေး (OPV)
• ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အဆုတ်ရောင်-ဦးနှောက်အမြှေးရောင်၊ အသည်းရောင်အသားဝါ ဘီ

• ပြင်းထန်အဆုတ်ရောင်ရောဂါ

• ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ

• ပိုလီယို အကြောသေရောဂါ
အသက်(၄)လ• ငါးမျိုးစပ်ကာကွယ်ဆေး (Pentavalent)

• ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေး (PCV)

• ပြင်းထန်ဝမ်းပျက်ဝမ်းလျှောကာကွယ်ဆေး (Rota)

• ပိုလီယို ပါးစပ်အစက်ချဆေး (OPV)

• ပိုလီယို ထိုးဆေးတစ်ကြိမ် (IPV)
• ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အဆုတ်ရောင်-ဦးနှောက်အမြှေးရောင်၊ အသည်းရောင်အသားဝါ ဘီ

• ပြင်းထန်အဆုတ်ရောင်ရောဂါ

• ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ

• ပိုလီယို အကြောသေရောဂါ

• ပိုလီယို အကြောသေရောဂါ
အသက်(၆)လ• ငါးမျိုးစပ်ကာကွယ်ဆေး (Pentavalent)

• ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေး (PCV)

• ပိုလီယို အစက်ချဆေး (OPV)
• ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အဆုတ်ရောင်-ဦးနှောက်အမြှေးရောင်၊အသည်းရောင်အသားဝါ ဘီ

• ပြင်းထန်အဆုတ်ရောင်ရောဂါ

• ပိုလီယို အကြောသေရောဂါ
အသက်(၉)လ• ဝက်သက် – ဂျိုက်သိုး နှစ်မျိုးစပ်ကာကွယ်ဆေး

• ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး
• ဝက်သက်ရောဂါ၊ ဂျိုက်သိုးရောဂါ

• ဂျပန်ဦးနှောက်ရောင် ရောဂါ
အသက်တစ်နှစ်ခွဲ• ဝက်သက် – ဂျိုက်သိုး နှစ်မျိုးစပ်ကာကွယ်ဆေး

• ငါးမျိုးစပ်ကာကွယ်ဆေး
• ဝက်သက်ရောဂါ၊ ဂျိုက်သိုးရောဂါ

• ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အဆုတ်ရောင်-ဦးနှောက်အမြှေးရောင်၊အသည်းရောင်အသားဝါ ဘီ
အသက်(၉)နှစ်• အိတ်ချ်ပီဗီ ကာကွယ်ဆေး• သားအိမ်ခေါင်းကင်ဆာရောဂါ
အသက်(၁၀)နှစ်• အိတ်ချ်ပီဗီ ကာကွယ်ဆေး• သားအိမ်ခေါင်းကင်ဆာရောဂါ

အထက်ပါ ကာကွယ်ဆေးများအနက် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောကာကွယ်ဆေး (Rota) နှင့် ပိုလီယို ပါးစပ်အစက်ချဆေး (OPV) တို့သည် ပါးစပ်မှအစက်ချ၍ တိုက်ရသော ကာကွယ်ဆေးအမျိုးအစားများဖြစ်ပြီး ကျန်သောကာကွယ်ဆေးများမှာ ထိုးဆေးများဖြစ်ကြသည်။ လက်မောင်း သို့မဟုတ် ပေါင်ရှိ ကြွက်သားနေရာကို ဖြစ်စေ၊ အရေပြားအောက်သို့ ရှပ်၍ဖြစ်စေ ထိုးရသည်။

အပိုထပ်ဆောင်း ထိုးနှံပေးနိုင်သော ကာကွယ်ဆေးများ

ကလေးများ အသက် (၄)နှစ် မှ ‌(၆)နှစ်ကြား ‌ကျောင်းစမတက်မီအချိန်တွင်

  1. ငါးမျိုးစပ်ကာကွယ်ဆေး (ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အဆုတ်ရောင်-ဦးနှောက်အမြှေးရောင်၊ အသည်းရောင်အသားဝါ ဘီ)
  2. ပိုလီယို ကာကွယ်ဆေး (ထိုးဆေး)
  3. ဝက်သက်-ပါးချိတ်ရောင်-ဂျိုက်သိုး သုံးမျိုးစပ်ကာကွယ်ဆေးတို့ကို ထိုးထားဖူးပါက နောက်ထပ် တစ်ကြိမ်စီ ထပ်ဆောင်းထိုးနှံသင့်သည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ပုံမှန်ကာကွယ်ဆေးထိုးစီမံချက်တွင် မပါဝင်သော်လည်း ကလေးများအတွက် လိုအပ်သလို အပိုထပ်ဆောင်းပြီး ထိုးနှံပေးနိုင်သော ကာကွယ်ဆေးအချို့လည်းရှိသည်။ ပြင်ပပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများတွင် အခကြေးငွေဖြင့် ထိုးနှံနိုင်သည်။ ထိုကာကွယ်ဆေးများမှာ _

  1. ရာသီတုပ်ကွေး ကာကွယ်ဆေး (Influenza vaccine)
    • အသက် (၆) လအထက်မှစ၍ ထိုးနှံနိုင်သည်
    • လက်‌မောင်း သို့မဟုတ် ပေါင်ရှိ ကြွက်သားနေရာတွင် ထိုးရသော ဆေးဖြစ်သည်
    • အသက် (၉) နှစ်အောက် ကလေးများတွင် ပထမဆုံးထိုးသည့်နှစ်တွင် နှစ်ကြိမ် (တစ်လစီခြား၍) ထိုးရန်လိုသည်၊ နောက်နှစ်များတွင် တစ်နှစ်လျှင် တစ်ကြိမ် ပုံမှန်ထိုးနှံသွားနိုင်သည်
    • အသက် (၉) နှစ်အထက် ကလေးကြီးများတွင်မူ တစ်နှစ်လျှင် တစ်ကြိမ်သာထိုးရန် လိုအပ်သည်။
  2. ရေကျောက်‌ရောဂါ ကာကွယ်ဆေး (Varicella vaccine)
    • အသက် (၁) နှစ်အထက်မှစ၍ ထိုးနှံနိုင်သည်၊ တစ်ကြိမ်ထိုးနှံပြီးလျှင် အသက် (၄)နှစ် မှ (၆)နှစ်ကြားတွင် နောက်ထပ်တစ်ကြိမ် ထိုးနိုင်သည်
    • လက်‌မောင်း သို့မဟုတ် ပေါင်တွင် အရေပြားအောက်သို့ ရှပ်၍ထိုးရသောဆေးဖြစ်သည်
    • အသက် (၇) နှစ်အထက်ရောက်မှ ထိုးသော ကလေးများတွင်မူ ကာကွယ်ဆေးနှစ်ကြိမ်ကို သုံးလခြား၍ ထိုးနိုင်သည်
    • သတိပြုရန်မှာ ရေကျောက်ကာကွယ်ဆေးထိုးပြီး နှစ်ပတ်အတွင်း သွေး သို့မဟုတ် သွေးနှင့် ဆက်စပ်သောဆေးများကို မလိုအပ်ဘဲ သွင်းခြင်းနှင့် ကာကွယ်ဆေးထိုးပြီး ခြောက်ပတ်အတွင်း အက်စ်ပရင် (aspirin) ကဲ့သို့ဆေးဝါးများ သောက်သုံးခြင်းကိုလည်း ရှောင်ကြဥ်ရမည်။
  3. အသည်းရောင်အသားဝါ အေ ကာကွယ်ဆေး (Hepatitis A vaccine)
    • အသက် (၁) နှစ် မှစ၍ ထိုးနှံနိုင်သည်၊ (၆) လခြား၍ နောက်တစ်ကြိမ် ထိုးရမည်
    • လက်‌မောင်း သို့မဟုတ် ပေါင်ရှိ ကြွက်သားနေရာတွင် ထိုးရသောဆေးဖြစ်သည်။
  4. ဦးနှောက်အမြှေးရောင် ကာကွယ်ဆေး (MenACWY vaccine)
    • အသက် (၁၁) နှစ် မှ (၁၂) နှစ်ကြားတွင် တစ်ကြိမ်ထိုးနိုင်သည်
    • လက်‌မောင်း သို့မဟုတ် ပေါင်ရှိ ကြွက်သားနေရာတွင် ထိုးရသောဆေးဖြစ်သည်
    • အသက် (၁၆) နှစ်တွင် ဒုတိယအကြိမ် ထိုးနိုင်သည်
  5. သွေးလွန်တုပ်ကွေးကာကွယ်ဆေး (Dengue vaccine)
    သွေးလွန်တုပ်ကွေးကာကွယ်ဆေး Dengvaxia နှင့် Q denga ဟူ၍ (၂) မျိုးရှိသည်။ အချို့သောနိုင်ငံများတွင် ထိုးနှံနိုင်ပြီဖြစ်သော်လည်း သက်ဆိုင်ရာဆေးများ၏ ကန့်သတ်ချက်များ၊ နောက်ဆက်တွဲအန္တရာယ်များနှင့် အာနိသင်များကို စောင့်ကြည့်စစ်ဆေးနေဆဲဖြစ်သည်။
  6. ကိုဗစ်ကာကွယ်ဆေး (Covid 19 vaccination)
    အသက် (၆) လနှင့်အထက် ကလေးတိုင်းကို ၂၀၂၄ – ၂၀၂၅ ထုတ် ကိုဗစ်ကာကွယ်ဆေးထိုးရန် အကြံပြုထားသည်။ ၂၀၂၄-၂၀၂၅ ကိုဗစ် (၁၉) ကာကွယ်ဆေးများသည် လက်ရှိပျံ့ပွားနေသော အိုမီခရွမ်ဗိုင်းရပ်စ်၏ မျိုးစိတ်ကွဲတစ်ခုဖြစ်သည့် (JN. 1/ XBB. 1.5) မျိုးစိတ်ကို ဦးတည်ထုတ်လုပ်ထားသော အမျိုးအစားဖြစ်သောကြောင့်ဖြစ်သည်။
    အသက် (၁၂) နှစ်အောက် ကလေးများတွင် နောက်ဆုံးပေါ် ၂၀၂၄- ၂၀၂၅ ထုတ် Pfizer-BioTech သို့မဟုတ် Moderna covid 19 vaccine နှစ်မျိုးနှင့် အသက် (၁၂) နှစ်အထက် ကလေးများတွင် အထက်ပါဆေးနှစ်မျိုးအပြင် နောက်ဆုံးပေါ် ၂၀၂၄- ၂၀၂၅ ထုတ် Novavax ကာကွယ်ဆေးကိုပါ ထိုးပေးနိုင်သည်။
    • အသက် (၆)လ မှ (၄) နှစ်အထိ ကလေးများတွင်
      • ယခင် ကာကွယ်ဆေးတစ်ကြိမ်မှ မထိုးဖူးသေးလျှင် ၂၀၂၄- ၂၀၂၅ ထုတ် Moderna ကာကွယ်ဆေးကို နှစ်ကြိမ် သို့မဟုတ် ၂၀၂၄- ၂၀၂၅ ထုတ် Pfizer ကာကွယ်ဆေးကို သုံးကြိမ်ထိုးနိုင်သည်
      • ယခင် ကာကွယ်ဆေး ထိုးဖူးပါက_
        • Moderna ကာကွယ်ဆေး တစ်ကြိမ် ထိုးဖူးလျှင် နောက်ထပ်တစ်ကြိမ်ကို နှစ်လခြား၍
        • Pfizer ကာကွယ်ဆေး နှစ်ကြိမ်ထိုးဖူးလျှင် နောက်ထပ်တစ်ကြိမ် သို့မဟုတ် တစ်ကြိမ်သာ ထိုးဖူးလျှင် နောက်ထပ်နှစ်ကြိမ်ကို နှစ်လစီခြား၍ ထပ်မံထိုးသင့်သည်
        • အကယ်၍ ၂၀၂၄- ၂၀၂၅ ထုတ် ကာကွယ်ဆေးတစ်မျိုးမျိုးကို တစ်ကြိမ်ထိုးထားဖူးပါက မည်သည့်ဆေးမျှ ထပ်မံထိုးရန် မလိုပါ
    • အသက် (၅)နှစ် မှ (၁၁)နှစ်အထိ ကလေးများကို ယခင် ကိုဗစ်ကာကွယ်ဆေးများ ထိုးဖူးသည်ဖြစ်စေ၊ မထိုးဖူးသည်ဖြစ်စေ နောက်ဆုံးပေါ် ၂၀၂၄- ၂၀၂၅ ထုတ် Pfizer သို့မဟုတ် Moderna ကာကွယ်‌ဆေး တစ်ကြိမ် ထိုးသင့်သည်၊ အကယ်၍ ၂၀၂၄- ၂၀၂၅ ထုတ် ကာကွယ်ဆေးတစ်မျိုးမျိုးကို တစ်ကြိမ်ထိုးထားဖူးပါက မည်သည့်ဆေးမျှ ထပ်မံထိုးရန် မလိုပါ
    • အသက် (၁၂) နှစ်အထက် ကလေးများတွင်
      • ယခင်က ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးထားသော ကလေးများအား နောက်ဆုံးပေါ် ၂၀၂၄- ၂၀၂၅ ထုတ် Pfizer သို့မဟုတ် Moderna ကာကွယ်‌ဆေးတစ်မျိုးကို တစ်ကြိမ်ဖြစ်စေ၊ သို့မဟုတ် နောက်ဆုံးပေါ် ၂၀၂၄- ၂၀၂၅ ထုတ် Novavax ကာကွယ်ဆေးကို နှစ်ကြိမ်ဖြစ်စေ ထိုးသင့်သည်
      • ယခင်က ၂၀၂၄- ၂၀၂၅ ထုတ်မဟုတ်သော ကိုဗစ်ကာကွယ်ဆေးများသာ ထိုးဖူးသော ကလေးများတွင် နောက်ဆုံးပေါ် ၂၀၂၄- ၂၀၂၅ ထုတ် ကာကွယ်ဆေး သုံးမျိုး (Pfizer, Moderna, Novavax) အနက်မှ တစ်မျိုးမျိုးကို တစ်ကြိမ် ထိုးသင့်သည်
      • အကယ်၍ ၂၀၂၄- ၂၀၂၅ ထုတ် Novavax ကာကွယ်ဆေးကို တစ်ကြိမ်ထိုးထားဖူးပါက ဒုတိယအကြိမ် ထပ်မံထိုးရန် လိုအပ်သည်။
ကာကွယ်ဆေးထိုးရာတွင် သတိပြုရမည့် အချက်များ
  1. ကာကွယ်‌ဆေးထိုးပြီးတွေ့ရသောနောက်ဆက်တွဲပြဿနာများ (Post Immunization Reactions)
    • ကာကွယ်ဆေးထိုးခြင်းသည် ဘေးကင်းပြီး ရောဂါကာကွယ်ရာတွင် အထိ‌ရောက်ဆုံးဖြစ်သည်။ သို့သော် ရှားရှားပါးပါး နောက်ဆက်တွဲအန္တရာယ်အနေဖြင့် ကာကွယ်ဆေးအားလုံးတွင် မလိုလားအပ်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ကြောင်း သိရှိနားလည်ရမည်ဖြစ်သည်
    • ကာကွယ်ဆေးများ၏ နောက်ဆက်တွဲ ပြဿနာများတွင်
      • သာမန်မပြင်းထန်သော လက္ခဏာများနှင့်
      • ပြင်းထန်သော လက္ခဏာများ ဟူ၍ (၂) မျိုး တွေ့ရတတ်သည်
    • ပြင်းထန်သောလက္ခဏာများ (ဥပမာ _ ပြင်းထန်သော ဓာတ်မတည့်တုံ့ပြန်မှုဖြစ်ခြင်း၊ တက်ခြင်း) ဖြစ်စေသော ကာကွယ်ဆေးကို မိမိကိုယ်တိုင် သိရှိမှတ်သားထားရန် လိုအပ်သည်၊ နောက်တစ်ကြိမ် ထိုးရပါက ဆရာဝန်အား ဓာတ်မတည့်တုံ့ပြန်မှု ရာဇဝင်ကို ပြောပြပြီး ဆေးရုံတွင်သာ ထိုးသင့်သည်၊ ဆေးထိုးပြီးနောက် ကလေးအား (၂၄) နာရီခန့် ဆေးရုံတင်၍ စောင့်ကြည့်ရန် လိုအပ်သည်
  2. Live vaccine များအတွက် ဆောင်ရန်၊ ရှောင်ရန်များ
    • ပိုးအရှင်၏ တစ်စိတ်တစ်ပိုင်းမှ ပြုပြင်ပြောင်းလဲထုတ်လုပ်ထားသည့် Live vaccine ကာကွယ်ဆေးများ (ဥပမာ _ ‌ဝက်သက်၊ ဂျိုက်သိုး ကာကွယ်ဆေး၊ ရေကျောက်ကာကွယ်ဆေး) ကို မွေးရာပါ ကိုယ်ခံအားချို့တဲ့သော‌‌ ရောဂါရှိသည့် ကလေးများ၊ HIV ပိုးကြောင့် ကိုယ်ခံအားချို့တဲ့သော ကလေးများ၊ ကိုယ်ခံအားကျစေသော ဆေးဝါးများ (ဥပမာ_ စတီးရွိုက်ကဲ့သို့ဆေးများ) ကို ပမာဏများများ သို့မဟုတ် ရေရှည်သောက်သုံးနေရသော ကလေးများတွင် ပုံမှန်အားဖြင့် ရှောင်သင့်သည် သို့မဟုတ် ဆရာဝန်နှင့်တိုင်ပင်ပြီးမှ ထိုးသင့်သည်
    • သို့ရာတွင် ရောဂါအခံကြောင့် စတီးရွိုက်သောက်ဆေးများ ကြာရှည်စွာစွဲသောက်နေရသော ကလေးများတွင် ကုသမှုပြီးဆုံး၍ ဆေးများရပ်နားရပါက ဆေးရပ်ပြီးနောက် တစ်လအကြာတွင် ကာကွယ်ဆေးများ ပြန်လည်ထိုးပေးနိုင်သည်
    • ကင်ဆာရောဂါကလေးများတွင်လည်း ကင်ဆာကုသမှုများ လုံးဝပြီးမြောက်ပြီးနောက် တစ်နှစ်အကြာတွင် ကာကွယ်ဆေးများ ပုံမှန်ပြန်ထိုးနိုင်သည်
    • ပိုးအရှင်မှ ပြုပြင်ပြောင်းလဲထုတ်လုပ်ထားသည့် Live vaccine ကာကွယ်ဆေးနှစ်မျိုးကို တစ်ပြိုင်တည်းထိုးနှံလိုလျှင် တစ်ရက်တည်းတွင် ခန္ဓာကိုယ်၏ မတူညီသော နေရာများ၌ တစ်ပြိုင်တည်း ထိုးနှံနိုင်သည်၊ ထိုသို့ မထိုးနှံလိုပါက ဆေးတစ်မျိုးနှင့် တစ်မျိုးအကြား (၄) ပတ်ခြားပြီးမှ ထိုးပေးသင့်သည်
    • ပိုးအသေမှထုတ်ထားသော ကာကွယ်ဆေးများနှင့် တွဲထိုးလျှင်မူ အချိန်ခြားရန်မလိုဘဲ အဆင်ပြေသည့်ရက်တွင် ရှေ့ဆင့်နောက်ဆင့် ထိုးနှံနိုင်သည်
  3. HIV ပိုးရှိသူမိခင်မှ မွေးဖွားသော ကလေးများအား ကာကွယ်ဆေးထိုးခြင်း
    • ယခင်က HIV ပိုးရှိသူမိခင်မှ မွေးဖွားသော ကလေးများအား ဘီစီဂျီ ကာကွယ်ဆေးမထိုးသင့်ကြောင်း အဆိုပြုချက်များ ရှိခဲ့သော်လည်း ယခုအခါ ယေဘုယျအားဖြင့် ကာကွယ်ဆေးစီမံချက်တွင် ပါဝင်သော ကာကွယ်ဆေးများအားလုံး ထိုးနှံခြင်းသည် ပို၍အကျိုးရှိကြောင်း တွေ့ရှိရသည်
  4. ကာကွယ်ဆေးတွင်ပါဝင်သော ဓာတုပစ္စည်းများနှင့် ဓာတ်မတည့်ခြင်း
    • ကြက်ဥပရိုတင်းဓာတ်များ ပါဝင်သော ဝက်သက်-ပါးချိတ်ရောင်-ဂျိုက်သိုး သုံးမျိုးစပ်ကာကွယ်ဆေးနှင့် ရာသီတုပ်ကွေးကာကွယ်ဆေးများကို ကြက်ဥနှင့်မတည့်သော ကလေးများအား ထိုးနှံရာတွင် ဂရုပြုသင့်သည်
    • သို့သော် ကြက်ဥနှင့် ဓာတ်မတည့်သော ကလေးများအား အထက်ပါ ကာကွယ်ဆေးနှစ်မျိုးထိုးနှံရာတွင် ပြင်းထန်သော လက္ခဏာများ ဖြစ်နိုင်ခြေနည်းပါး‌ကြောင်း သုတေသနမှတ်တမ်းများအရ သိရှိရသည်
    • ထို့အပြင် အချို့သောကာကွယ်ဆေးများတွင်ပါ၀င်‌သော ဓာတုပစ္စည်းအချို့ (ဥပမာ – gelatin, neomycin)နှင့် ပြင်းထန်သော ဓာတ်မတည့်မှုရှိသော ကလေးများသည်လည်း အဆိုပါကာကွယ်ဆေးများကို ရှောင်သင့်သည်
  5. ကာကွယ်ဆေးမထိုးမီ ကလေးဖျားနေခြင်း
    • ကာကွယ်ဆေးထိုးမည့်နေ့တွင် ကလေးဖျားနေပါက ဆေးမထိုးမီ မိသားစုဆရာဝန်၊ ကလေးအထူးကုဆရာဝန်များနှင့် ဦးစွာတိုင်ပင်သင့်သည်

References:

  1. Centers for Disease Control and Prevention. (n.d.). Vaccines for your children. Retrieved December 10, 2025, from https://www.cdc.gov/vaccines/parents/index.html
  2. World Health Organization. (n.d.). Vaccines and immunization. Retrieved December 10, 2025, from https://www.who.int/health-topics/vaccines-and-immunization
  3. National Health Service. (n.d.). Vaccinations for children: Start for Life. Retrieved December 10, 2025, from https://www.nhs.uk/start-for-life/baby/health/vaccinations-for-children/
  4. Mayo Clinic. (n.d.). Vaccine guidance. Retrieved December 10, 2025, from https://www.mayoclinic.org/healthy-lifestyle/consumer-health/in-depth/vaccines/art-20046709
  5. Cleveland Clinic. (n.d.). Vaccines: Inoculation, immunization, safety & schedule. Retrieved December 10, 2025, from https://my.clevelandclinic.org/health/treatments/21796-vaccines
  6. Centers for Disease Control and Prevention. (n.d.). Child and adolescent immunization schedule. Retrieved December 10, 2025, from https://www.cdc.gov/vaccines/hcp/imz-schedules/child-adolescent-age.html
  7. Centers for Disease Control and Prevention. (n.d.). Stay up to date with COVID-19 vaccines. Retrieved December 10, 2025, from https://www.cdc.gov/covid/vaccines/stay-up-to-date.html

Published: 9 December 2024

Last updated: 17 January 2026

Share

26 December 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.