Rotavirus Vaccine (ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ကာကွယ်ဆေး)

Rotavirus Vaccine (ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ကာကွယ်ဆေး)

ရိုတာဗိုင်းရပ်စ် (Rotavirus) သည် အသက် (၂) နှစ်အောက် က‌လေးငယ်များတွင် ဝမ်းပျက်ဝမ်းလျှောရောဂါကို ဖြစ်စေသော အဓိကပိုးဖြစ်ပြီး၊ မသန့်ရှင်းသော ရေနှင့် အစားအစာများမှတစ်ဆင့် ကူးစက်သည်။ ဝမ်းပျက်ဝမ်းလျှောရောဂါသည် သာမန်အားဖြင့် တစ်ပတ်အတွင်း သက်သာပျောက်ကင်းနိုင်သော်လည်း အချို့ကလေးများတွင် ရေဓာတ်ဆုံးရှုံး၍ အသက်အန္တရာယ်ဖြစ်သည်အထိ ပြင်းထန်နိုင်သည်။ ဝမ်းပျက်နေစဉ်ကာလတွင် အတက်လက္ခဏာလည်းရှိနိုင်သည်။ ထို့ကြောင့် ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေးကို တိုက်ကျွေးခြင်းဖြင့် ‌ရောဂါဖြစ်ပွါးမှုနှင့် နောက်ဆက်တွဲပြဿနာများကို ကာကွယ်ပေးနိုင်သည်။

ကာကွယ်ဆေးအမျိုးအစားများ

ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ကာကွယ်ဆေး အမျိုးအစား (၃) မျိုးရှိသည်။

  1. RotaShield
    • ယခုလက်ရှိတွင် အသုံးပြုခြင်းမရှိတော့သော ကာကွယ်ဆေးဖြစ်သည်
    • ကာကွယ်ဆေးတိုက်ပြီးချိန်တွင် နောက်ဆက်တွဲပြဿနာအဖြစ် အူစွပ်ခြင်း (Intussusception) ကို ပို၍တွေ့ရသောကြောင့် စျေးကွက်ထဲမှ ရုတ်သိမ်းခဲ့သည်
    • ကျန်ကာကွယ်ဆေးနှစ်မျိုးဖြစ်သည့် RV5 (RotaTeq) နှင့် RV1 (Rotarix) ဆေး နှစ်မျိုးတွင်မူ အူစွပ်ခြင်းကဲ့သို့သော နောက်ဆက်တွဲပြဿနာ ဖြစ်ပွါးမှု အလွန်ရှားပါးသည်
  2. RV5 (RotaTeq)
    • ၂၀၀၆ ခုနှစ်တွင် စတင်အသုံးပြုသည်
    • RotaTeq တွင် အားပျော့အောင် ပြုလုပ်ထားသည့် ရိုတာဗိုင်းရပ်စ်အရှင် (Live rotavirus) မျိုးစိတ် (၅) မျိုး ပါဝင်ပြီး၊ ၎င်းမျိုးစိတ်တစ်ခုစီတွင် မတူညီသော ပဋိလှုံ့ပစ္စည်း (Antigen) များဖြစ်သည့် (G1, G2, G3, G4 နှင့် P1) တို့ ပါရှိသည်
    • ဆေးအရည် အဆင်သင့်ပါရှိသော အဖုံးပါသည့် ပလတ်စတစ်ပြွန်အပျော့ပုံစံ (Single-dose tube) ဖြစ်သည်
    • ကာကွယ်ဆေးကို အနည်းဆုံး (၄-၁၀) ပတ်စီ ခြား၍ (၃) ကြိမ် ပါးစပ်ထဲသို့ အစက်ချ၍ တိုက်ကျွေးရသည်
  3. RV1 (Rotarix)
    • ၂၀၀၈ ခုနှစ်တွင် စတင်အသုံးပြုသည်
    • Rotarix သည် လူ၌အဖြစ်များသော ရိုတာဗိုင်းရပ်စ်အရှင် (Rotavirus, Live attenuated – RIX4414 မျိုးစိတ်) ကို အားပျော့အောင် ပြုလုပ်ထားသည့် ကာကွယ်ဆေးဖြစ်သည်
    • ကာကွယ်ဆေးကို အနည်းဆုံး (၄) ပတ် ခြား၍ (၂) ကြိမ် ပါးစပ်ထဲသို့ အစက်ချ၍ တိုက်ကျွေးရသည်
    • ကာကွယ်ဆေးအရည်ကို ပုံစံ (၃) မျိုးဖြင့် ရရှိနိုင်သည်
      • ဆေးရည်အသင့်ပါရှိသော ဆေးထိုးပြွန်ပုံစံ – ပါးစပ်အတွင်းသို့ ထည့်သွင်းပေးသည့် ဖန်ဆေးထိုးပြွန်ကဲ့သို့ ကိရိယာ (Oral applicator) ထဲတွင် ဆေးရည်အသင့် ဖြည့်တင်းထားသောပုံစံ
      • ညှစ်ထုတ်၍ တိုက်ရသော ပလတ်စတစ်ပြွန်အပျော့ပုံစံ – ပါးစပ်အတွင်းသို့ ညှစ်ထုတ်၍ တိုက်နိုင်သော ပလတ်စတစ်ပြွန်အပျော့ (Squeezable tube) ထဲတွင် ဆေးရည်ပါရှိသော ပုံစံ
      • အမှုန့်နှင့် ဖျော်ရည်ပုံစံ – အမှုန့်နှင့် ဆေးဖျော်ရည် သီးသန့်ခွဲထားပြီး ဆေးတိုက်ခါနီးတွင်မှ ဆေးရည်အဖြစ် ဖျော်စပ်၍ ဖန်ဆေးထိုးပြွန်ကဲ့သို့ ကိရိယာ (Oral applicator) ဖြင့် တိုက်ရသောပုံစံတို့ဖြစ်သည်

Rotarix နှင့် RotaTeq ကာကွယ်ဆေးများအပြင် ပုံစံအမျိုးမျိုးဖြင့် ထုတ်လုပ်ထားသော နောက်ဆုံးပေါ် ရိုတာဗိုင်းရပ်စ် ကာကွယ်ဆေး (RVV) ထုတ်ကုန် (၃) မျိုးကိုလည်း နိုင်ငံအလိုက် သို့မဟုတ် နိုင်ငံတကာအဆင့်တို့တွင် ရရှိနိုင်ပြီဖြစ်သည်။ ၎င်းတို့မှာ_

  • Rotavin-M1
  • Rotavac
  • Rotasiil တို့ဖြစ်သည်။
ဆေးသယ်ဆောင်သိမ်းဆည်းပုံ

ကာကွယ်ဆေးများအား သေချာစွာ ထိန်းသိမ်းခြင်းနှင့် ကိုင်တွယ်အသုံးပြုခြင်းသည် ကာကွယ်ဆေးများ၏ အာနိသင်အပြည့်အဝ ရရှိရေးအတွက် အလွန်အရေးကြီးသည်။ ယေဘုယျအားဖြင့်_

  • ကာကွယ်ဆေးများကို ဆေးဘူးပေါ်ရှိ သက်တမ်းကုန်ဆုံးရက်မတိုင်မီ အသုံးပြုရမည်
  • ကာကွယ်ဆေးကို ရေခဲသေတ္တာ အပူချိန် (၂-၈) ဒီဂရီစင်တီဂရိတ်အတွင်း၌ သိမ်းဆည်းထားရမည်၊ အေးခဲထားခြင်း မပြုလုပ်ရပါ
  • ကာကွယ်ဆေးအား မူလထုပ်ပိုးမှုအတိုင်း သိမ်းဆည်းရမည်
  • အလင်းရောင်နှင့် တိုက်ရိုက်ထိတွေ့သော နေရာများတွင် မထားရပါ
  • ကာကွယ်ဆေးများကို ဖျော်စပ်ရာတွင် မူလထုပ်ပိုးမှုတွင်ပါရှိသည့် ဆေးရည်ဖြင့်သာ ဖျော်ရမည်၊ အသုံးပြုရန် ညွှန်ကြားထားသော ပမာဏအတိုင်း ဖျော်စပ်ရမည်
  • ကာကွယ်ဆေးများကို ဖောက်ပြီး၊ ဖျော်စပ်ပြီးလျှင် ချက်ချင်း သို့မဟုတ် သတ်မှတ်အချိန်အတွင်း (အထူးသဖြင့် အကြိမ်များစွာ ထိုးနှံနိုင်သော Multidose အမျိုးအစားများအတွက်) အသုံးပြုရမည်၊ အသုံးပြုရာတွင် သတ်မှတ်ထားသော အပူချိန်အတွင်း ထားရှိအသုံးပြုရမည်
  • သက်တမ်းလွန်နေသော၊ သတ်မှတ်ချိန်ထက် ကျော်လွန်သွားသော၊ အေးခဲသွားသော၊ အနည်ကျနေသော၊ အရောင်ပြောင်းသွားသော ကာကွယ်ဆေးများကို လုံးဝအသုံးမပြုဘဲ စွန့်ပစ်ရမည်
  • ကာကွယ်ဆေး သိုလှောင်၊ သယ်ဆောင်၊ သုံးစွဲသည့် အဆင့်တိုင်းတွင် ရောဂါပိုးကူးစက်မှုကာကွယ်ခြင်းနည်းနာများကို အတိအကျ လိုက်နာကျင့်သုံးရမည်

ကာကွယ်ဆေးများကို ဘေးအန္တရာယ်ကင်းရှင်းစွာနှင့် အထိရောက်ဆုံးကာကွယ်မှုရရှိစေရန် သက်ဆိုင်ရာကာကွယ်ဆေးအလိုက် ထုတ်လုပ်သူများ၏ ညွှန်ကြားချက်များကို အတိအကျ လိုက်နာရမည်။

ဆေးမတိုက်မီ သိရမည့်အချက်များ

ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ကာကွယ်ဆေး ပထမအကြိမ်ကို ကလေးအသက် (၁၅) ပတ်မတိုင်ခင် တိုက်ကျွေးရန် လိုအပ်သည်။ ထို့ပြင် မည်သည့်ကာကွယ်ဆေးအမျိုးအစားကို ရွေးချယ်သည်ဖြစ်စေ ထိုကာကွယ်ဆေးကို ကလေးအသက် (၈) လမတိုင်ခင် အကြိမ်ပြည့် တိုက်ကျွေးထားရန် အရေးကြီးသည်။ ကလေးအသက် (၈) လကျော်မှ တိုက်ကျွေးပါက အူစွပ်ခြင်းကိုပို၍ ဖြစ်ပေါ်စေနိုင်သည်။

သုံးစွဲပုံနည်းလမ်းများ

ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ကာကွယ်ဆေး အမျိုးအစား (၂) မျိုးလုံးသည် အရည်ပုံစံဖြစ်ပြီး ပါးစပ်ထဲသို့ အစက်ချ၍ တိုက်ကျွေးရသော ကာကွယ်ဆေးဖြစ်သည်။ ဗိုင်းရပ်စ်ပိုးအရှင်၏ အစိတ်အပိုင်းအချို့ကို ပြုပြင်ပြောင်းလဲ၍ ထုတ်လုပ်ထားသော ကာကွယ်ဆေးဖြစ်သည်။

ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးခြင်း

ကာကွယ်ဆေးများ ပုံမှန်တိုက်ကျွေးသင့်သော အချိန်ကာလများမှာ_

RV5 (RotaTeq) ဆေးကို

  • ကလေးအသက် (၂) လ – ပထမအကြိမ်
  • ကလေးအသက် (၄) လ – ဒုတိယအကြိမ်
  • ကလေးအသက် (၆) လ – တတိယအကြိမ်

RV1 (Rotarix) ဆေးကို

  • ကလေးအသက် (၂) လ – ပထမအကြိမ်
  • ကလေးအသက် (၄) လ – ဒုတိယအကြိမ် တိုက်ကျွေးရန် သတ်မှတ်လမ်းညွှန်ထားသည်။

မြန်မာနိုင်ငံ၏ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဥ်တွင် Rotarix ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ကာကွယ်ဆေးကို အသက် (၂) လနှင့် (၄) လတွင် အစက်ချတိုက်ကျွေးသည်။

ကာကွယ်ဆေးတိုက်ကျွေးသင့်သောသူများ

အသက် (၁) လခွဲ [၆ ပတ်] မှ အသက် (၆) လ [၂၄ ပတ်] ကြားကလေးများတွင် ကာကွယ်ဆေးတိုက်ကျွေးရန် လိုအပ်သည်။ အခြားကာကွယ်ဆေး ထိုးဆေး သို့မဟုတ် သောက်ဆေးများနှင့် တစ်ချိန်တည်း ထိုးနှံတိုက်ကျွေးနိုင်သည်။

ကာကွယ်ဆေးမတိုက်ကျွေးသင့်သောသူများ
  • ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ကာကွယ်ဆေး တစ်ကြိမ်သောက်၍ ပြင်းထန်ဓာတ်မတည့်မှု ဖြစ်ဖူးသူများ
  • Latex ကဲ့သို့ ရာဘာနှင့် ဓာတ်မတည့်သူများတွင် RV1 (Rotarix) ကိုမသောက်သုံးသင့်ပါ
  • RV1 (Rotarix) ဆေး၏ ပါဝင်ပစ္စည်းတွင် Latex ရာဘာပါဝင်ပြီး၊ RV5 (RotaTeq) ဆေးတွင် Latex မပါဝင်ပါ။ မွေးရာပါ ကျောရိုးကွင်းပုံမှန်မဆက်‌သော ကလေးများ (Spina bifida) နှင့် မွေးရာပါ ဆီးအိမ် ဝမ်းဗိုက်မှ တစ်ပိုင်းတစ်စ အပြင်ထွက်နေသော ကလေးများ (Bladder exstrophy) တွင် Latex ရာဘာနှင့် ဓာတ်မတည့်ခြင်း ဖြစ်နိုင်ခြေများသောကြောင့် ထိုကလေးမျိုးတွင် RV5 (RotaTeq) ဆေးကိုသာတိုက်ရန် အကြံပြုထားသည်။
  • မွေးရာပါ ပြင်းထန်ကိုယ်ခံအားနည်းရောဂါရှိသူများ
  • အူစွပ်ခြင်းလက္ခဏာ ဖြစ်ခဲ့သောရာဇဝင်ရှိသူများ

အောက်ပါအ‌ခြေအနေရှိသော ကလေးများတွင် ဆရာဝန်၏ညွှန်ကြားချက်ဖြင့်သာ ကာကွယ်ဆေးကို တိုက်သင့်သည်။

  • စတီးရွိုက်ဆေးဖြင့် ဆေးကုသမှု ခံယူနေသောကလေးများ
  • ကင်ဆာဆေး သို့မဟုတ် ဓာတ်ရောင်ခြည်ဖြင့် ဆေးကုသမှုခံယူနေသော ကင်ဆာကလေးများ
  • လတ်တလော ဝမ်းပျက်ဝမ်းလျှောဖြစ်နေသောကလေးများ၊ အန်နေသောကလေးများ
  • နာတာရှည် အူလမ်းကြောင်းရောဂါရှိသော ကလေးများ

ထို့ပြင် အောက်ပါတို့သည် ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ကာကွယ်ဆေးကို မတိုက်သင့်ဟု အများအားဖြင့် မှားယွင်းစွာ ယူဆထားကြသော်လည်း အမှန်တကယ်အားဖြင့် ကာကွယ်ဆေးကို ဘေးကင်းစွာ တိုက်ကျွေးနိုင်သည့် အခြေအနေများဖြစ်သည်။

  1. လမစေ့ဘဲ မွေးဖွားသောကလေးများ (Prematurity)
    • လမစေ့ဘဲ မွေးဖွားလာသော ကလေးငယ်များကိုလည်း ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ကာကွယ်ဆေး တိုက်ကျွေးနိုင်သည်
  2. အိမ်တွင် ကိုယ်ခံအားကျဆင်းနေသူ မိသားစုဝင်ရှိခြင်း (Household members who are immunosuppressed)
    • အတူနေမိသားစုဝင်များထဲတွင် ကိုယ်ခံအားနည်းနေသူ သို့မဟုတ် ကိုယ်ခံအားကျဆင်းသည့် ရောဂါရှိသူ နေထိုင်သော်လည်း ကလေးကို ကာကွယ်ဆေး တိုက်နိုင်သည်
  3. အိမ်တွင် ကိုယ်ဝန်ဆောင်မိခင်ရှိခြင်း (Household members who are pregnant)
    • အတူနေမိသားစုဝင်များထဲတွင် ကိုယ်ဝန်ဆောင်မိခင် ရှိနေခြင်းသည်လည်း ကလေးကို ကာကွယ်ဆေးတိုက်ရန် တားမြစ်ချက် မဟုတ်ပါ
ကာကွယ်ဆေး၏ အကျိုးအာနိသင်

ကလေးအသက်တစ်နှစ်အောက်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ကာကွယ်‌ဆေးကို အကြိမ်ပြည့်တိုက်ကျွေးခြင်းဖြင့် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောခြင်းနှင့် ဆေးရုံတက်ကုသခြင်းကို (၈၅%) မှ (၉၈%) ထိ ကာကွယ်ပေးသည်။ ထို့ပြင် ရိုတာဗိုင်းရပ်စ်ကြောင့်ဖြစ်သော မည်သည့်ရောဂါလက္ခဏာ ပြင်းထန်မှုကိုမဆို (၇၄%) မှ (၈၇%) ထိ ကာကွယ်ပေးနိုင်သည်။

ဘေးထွက်ဆိုးကျိုးများ

ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ကာကွယ်ဆေး တိုက်ကျွေးပြီးချိန်တွင် ကလေးငယ်တွင်

  • မအီမသာဖြစ်ခြင်း
  • အန်ခြင်း
  • ဝမ်းသွားခြင်းစသည့် မပြင်းထန်သော သာမန်လက္ခဏာများ ခံစားရတတ်သည်။

သို့သော် အလွန်ရှားပါးသည့် နောက်ဆက်တွဲ ပြဿနာတစ်ခုဖြစ်သော အူစွပ်ခြင်းကို ပထမအကြိမ် သို့မဟုတ် ဒုတိယအကြိမ် ကာကွယ်ဆေးတိုက်ကျွေးပြီးနောက် တစ်ပတ်အကြာတွင် ပို၍တွေ့ရတတ်သည်။ ထို့ကြောင့် ဆေးတိုက်ပြီးနောက်ပိုင်း ကလေးသည် ဆက်တိုက်အန်ခြင်း၊ ဆက်တိုက်ညှစ်ငိုခြင်း၊ ဖြူဖျော့သွားခြင်းနှင့် ဝမ်းထဲတွင်သွေးပါခြင်း စသည့်လက္ခဏာများ ဖြစ်ပေါ်ပါက ဆေးရုံအရေးပေါ်ဌာနသို့ အမြန်ဆုံးပြသရန်လိုသည်။

References:

  1. Centers for Disease Control and Prevention. (2024). Rotavirus vaccine recommendations. Retrieved April 7, 2026, from https://www.cdc.gov/rotavirus/hcp/vaccine-considerations/index.html
  2. Centers for Disease Control and Prevention. (2024). Rotavirus vaccination. Retrieved April 7, 2026, from https://www.cdc.gov/rotavirus/vaccines/index.html#cdc_vaccine_basics_what_avai-available-vaccines
  3. European Medicines Agency. (2009). Rotarix. Retrieved April 7, 2026, from https://www.ema.europa.eu/en/medicines/human/EPAR/rotarix
  4. European Medicines Agency. (2006). RotaTeq. Retrieved April 7, 2026, from https://www.ema.europa.eu/en/medicines/human/EPAR/rotateq
  5. Merck Vaccines. (2024). Storage and handling information for Merck vaccine products. Retrieved April 7, 2026, from https://www.merckvaccines.com/help/vaccine-storage-handling/
  6. Burnett, E., Parashar, U. D., & Tate, J. E. (2020). Global impact of rotavirus vaccination on childhood hospitalizations and mortality from diarrhea. The Journal of Infectious Diseases, 222(10), 1731–1739. https://doi.org/10.1093/infdis/jiaa081

Published: 24 April 2025

Last updated: 8 May 2026

Share

26 April 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.