ပဋိဇီဝပိုးသတ်ဆေး ဆိုသည်မှာ ဘက်တီးရီးယား ရောဂါပိုးများကို ကုသရန် သို့မဟုတ် ကာကွယ်ရန် အသုံးပြုသော ဆေးဖြစ်သည်။ ပဋိဇီဝပိုးသတ်ဆေးများသည် ဘက်တီးရီးယားပိုးများကို သေစေခြင်း သို့မဟုတ် မျိုးပွားခြင်းကို ရပ်တန့်စေခြင်းဖြင့် ရောဂါပိုးပျံ့နှံ့ခြင်းကို ကာကွယ်ပေးသည်။ ပဋိဇီဝပိုးသတ်ဆေးများကို ဗိုင်းရပ်စ်ရောဂါပိုးများ (အအေးမိတုပ်ကွေး) အတွက် အသုံးပြု၍မရပါ။ သာမန်ဘက်တီးရီးယား ရောဂါပိုးကြောင့်ဖြစ်သော အချို့ရောဂါများသည်လည်း ပဋိဇီဝပိုးသတ်ဆေး သောက်စရာမလိုဘဲ ပျောက်ကင်းနိုင်သည်။ အမှန်တကယ်မလိုအပ်ဘဲ ပဋိဇီဝပိုးသတ်ဆေးများကို မကြာခဏ သောက်ခြင်းနှင့် စနစ်တကျ သောက်သုံးမှု မရှိခြင်းသည် အနာဂတ်တွင် ပိုးသတ်ဆေးယဥ်ပါးခြင်း ပြဿနာများ ဖြစ်လာနိုင်သောကြောင့် ဆရာဝန်နှင့် တိုင်ပင်ပြီး အမှန်တကယ်လိုအပ်မှသာ ပိုးသတ်ဆေးသောက်ရန် အရေးကြီးသည်။
ပဋိဇီဝပိုးသတ်ဆေး အမျိုးအစားများ
ပဋိဇီဝပိုးသတ်ဆေး အမျိုးအစားပေါင်း ရာနှင့်ချီ၍ ရှိသော်လည်း အများစုကို အဓိကအားဖြင့် အောက်ပါအတိုင်း အုပ်စုများ ခွဲထားသည်။
- Penicillins (ဥပမာ – penicillin, Amoxicillin, Co-amoxiclav, Flucloxacillin and Phenoxymethylpenicillin)
- Cephalosporins ( ဥပမာ – cefalexin)
- Aminoglycosides ( ဥပမာ – gentamicin, amikacin, neomycin, streptomycin and tobramycin)
- Tetracyclines ( ဥပမာ – tetracycline, doxycycline)
- Macrolides ( ဥပမာ – azithromycin, erythromycin and clarithromycin)
- Fluoroquinolones ( ဥပမာ – ciprofloxacin and levofloxacin)
- Glycopeptides (ဥပမာ – vancomycin, teicoplanin )
- Lincosamides ( ဥပမာ – clindamycin)
- Nitroimidazoles ( ဥပမာ – metronidazole, tinidazole)
- Others ( ဥပမာ – chloramphenicol, fusidic acid, nitrofurantoin, trimethoprim)
ပဋိဇီဝပိုးသတ်ဆေးများတွင်
- ဘက်တီးရီးယား ပိုးများစွာကို တိုက်ထုတ်နိုင်သော ပဋိဇီဝပိုးသတ်ဆေး ( Broad-spectrum antibiotics)
- ဘက်တီးရီးယားပိုး အနည်းငယ်ကိုသာ တိုက်ထုတ်နိုင်သော ပဋိဇီဝပိုးသတ်ဆေး ( Narrow-spectrum antibiotics) ဟူ၍ နှစ်မျိုးရှိသည်။
ပဋိဇီဝပိုးသတ်ဆေး ပုံစံအမျိုးမျိုး
- ဆေးပြား၊ ဆေးတောင့် ( tablets or capsules)
- ဆေး အရည် (liquids)
- လိမ်းဆေး (creams or lotion)
- ဖြန်းဆေး (spray)
- ထိုးဆေး ( injections)
ပဋိဇီဝပိုးသတ်ဆေး အလုပ်လုပ်ပုံ
ပဋိဇီဝပိုးသတ်ဆေးများသည် ဘက်တီးရီးယားပိုးများ ရှင်သန်ရန် လိုအပ်သော အစိတ်အပိုင်းများကို ဖျက်ဆီးခြင်းဖြင့် သေစေခြင်း ( bactericidal action) နှင့် ဘက်တီးရီးယား ပိုးများ ပွားများရန် လိုအပ်သော ပရိုတင်းများ ပြုလုပ်ခြင်းကို ကာကွယ်ခြင်းဖြင့် ဘက်တီးရီးယားပိုး ကြီးထွားပွားများမှုကို ရပ်တန့်စေခြင်း ( bacteriostatic action) တို့ကို အဓိက လုပ်ဆောင်သည်။ ပဋိဇီဝပိုးသတ်ဆေး စသောက်ပြီး ရောဂါ လက္ခဏာများ သက်သာရန် ကြာချိန်မှာ ဝင်ရောက်သော ရောဂါပိုးအမျိုးအစားနှင့် ပြင်းထန်မှုပေါ် မူတည်၍ ရက်အနည်းငယ်မှ ရက်သတ္တပတ် အနည်းငယ်အထိကြာနိုင်သည်။
သုံးစွဲရန် လိုအပ်သော ရောဂါနှင့် အခြေအနေများ
ပဋိဇီဝပိုးသတ်ဆေးများသည် အရေပြားမှစ၍ ကိုယ်တွင်းအင်္ဂါများအထိ ခန္ဓာကိုယ်အစိတ်အပိုင်း အမျိုးမျိုးတွင် ဘက်တီရီးယားပိုး ဝင်ရောက်ခြင်းကို ကုသပေးနိုင်သည်။ အောက်ဖော်ပြပါ အခြေအနေများတွင် ပဋိဇီဝပိုးသတ်ဆေးကို အသုံးပြုနိုင်သည်။
- အရေပြားနှင့် တစ်ရှူးတွင် ရောဂါပိုးဝင်ခြင်း ( skin and soft tissue infections) – ဥပမာများမှာ –
- အရေပြားအောက်ရှိ ဆဲလ်တစ်ရှူးရောင်ခြင်း ( cellulitis)
- ဓာတ်ငွေ့ထုပ် အသားပုပ်ဆွေးနာ ( gas gangrene)
- အနာစက် (impetigo)
- တိရစ္ဆာန် ကိုက်ခြင်း (သို့မဟုတ်) လူကိုက်ခြင်းမှ ရောဂါပိုး ဝင်ခြင်း ( infection from animal or human bites)
- အရွတ်များဆွေးမြည့်ရောင်ရမ်းခြင်း ( necrotizing fasciitis)
- စတက်ဖ် ဘက်တီးရီးယားပိုးဝင်ခြင်း (staph infection)
- အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း ( Throat and respiratory tract infection)
- အဆုတ်ရောင် နမိုးနီးယား ရောဂါ ( pneumonia)
- လည်ပင်းနာ ရောဂါပိုး ဝင်ခြင်း ( strep throat)
- ကြက်ညှာချောင်းဆိုးရောဂါ ( whooping cough)
- ဆီးလမ်းကြောင်း နှင့် မျိုးပွားလမ်းကြောင်း ပိုးဝင်ခြင်း
- မိန်းမကိုယ်တွင် ဘက်တီးရီးယားပိုးဝင်ခြင်း ( bacterial vaginosis)
- လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါပိုးများဝင်ခြင်း (sexually transmitted infections)
- ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ( urinary tract infection)
- မျက်လုံး ပိုးဝင်ခြင်း (eye infections)
- နား၊ နှာခေါင်း၊ လည်ချောင်းတွင် ဘက်တီးရီးယား ပိုးဝင်ခြင်း (ear, nose and throat infection)
- ဦးနှောက်အမြှေးရောင် ရောဂါ (meningitis)
- သွားနှင့် ခံတွင်းပိုးဝင်ခြင်း (dental infections)
- နှလုံးအတွင်းနံရံပိုးဝင်ခြင်း (endocarditis)
- အစာအိမ်နှင့် အူလမ်းကြောင်းတွင် ပိုးဝင်ခြင်း (gastrointestinal infection)
- ဆီးအိမ်နှင့် ကျောက်ကပ်တွင် ပိုးဝင်ခြင်း (bladder and kidneys infection)
- ပိုးဆိပ်ပျံ့ခြင်း (sepsis) စသည်တို့ဖြစ်သည်။
ပဋိဇီဝပိုးသတ်ဆေးများကို သောက်ရာတွင် တစ်ရက်တွင် သောက်ရမည့် အကြိမ်အရေအတွက်နှင့် စုစုပေါင်းသောက်ရမည့် ရက်အရေအတွက်ကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း တိတိကျကျနှင့် ရက်ပြည့်အောင် သောက်ရန် အရေးကြီးသည်။
ကြိုတင်ကာကွယ်သည့် အနေဖြင့် ပဋိဇီဝပိုးသတ်ဆေးသောက်ခြင်း (antibiotics prophylaxis)
အောက်ဖော်ပြပါ အခြေအနေများတွင် ဘက်တီးရီးယားရောဂါပိုးကို ကာကွယ်ရန် ပဋိဇီဝပိုးသတ်ဆေး များကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း ကြိုတင်သောက်ထားရန် လိုအပ်သည်။
- အချို့သော ခွဲစိတ်မှုများ မပြုလုပ်မီ ကြိုသောက်ခြင်း
- ဘက်တီးရီးယားရောဂါပိုး ဝင်နိုင်ခြေများနေသော ကျန်းမာရေး အခြေအနေများ – ဥပမာ- နှလုံးနှင့်ဆီးလမ်းကြောင်း မွေးရာပါရောဂါများ
- ထိခိုက်ဒဏ်ရာများတွင် ဘက်တီးရီးယားပိုး ဝင်ရောက်နိုင်သော အခြေအနေရှိလျှင် ပဋိဇီဝပိုးသတ်ဆေး ကြိုတင်သောက်ထားရန် လိုအပ်သည်။
ပဋိဇီဝပိုးသတ်ဆေး ၏ ကောင်းကျိုးများ
- ခန္ဓာကိုယ်မှ ဘက်တီးရီးယားရောဂါပိုးများကို ဖယ်ရှားနိုင်ခြင်း
- ရောဂါ လက္ခဏာများ သက်သာခြင်း
- လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခြင်း
- အခြားသူများကို ရောဂါပိုး ကူးစက်ခြင်းမှ ကာကွယ်ခြင်း
- ပြင်းထန်သော နောက်ဆက်တွဲ ပြဿနာများ ကို ကာကွယ်နိုင်ခြင်း
- အသက်အန္တရာယ်မှ ကာကွယ်နိုင်ခြင်း အစရှိသည့် ကောင်းကျိုးများကို ရရှိနိုင်သည်။
နောက်ဆက်တွဲဆိုးကျိုးများ
ပဋိဇီဝပိုးသတ်ဆေး သောက်ခြင်းကြောင့် ဖြစ်ပေါ်နိုင်သော ဘေးထွက်ဆိုးကျိုးများသည် ဆေးအမျိုးအစားအလိုက် ကွာခြားမှုရှိသည်။ယေဘုယျအားဖြင့် အောက်ပါဆိုးကျိုးများဖြစ်နိုင်သည်။
- ဝမ်းလျှောခြင်း
- ပျို့အန်ခြင်း
- မူးဝေခြင်း
- နုံးနယ်ခြင်း
- အဖုအပိန့် ထွက်ခြင်း
- ပြင်းထန်သော ဓာတ်မတည့်ခြင်း
- Clostridium difficile ဘက်တီးရီးယားပိုးဝင်ခြင်း (ပဋိဇီဝပိုးသတ်ဆေး သောက်ခြင်းကြောင့် အူလမ်းကြောင်းတွင် Clostridium difficile ဘက်တီးရီးယားပိုးဝင်ပြီး ဝမ်းလျှောခြင်း၊ အူရောင်ခြင်း၊ အူပေါက်ခြင်းတို့ဖြစ်ပေါ်နိုင်ပြီး အသက်အန္တရာယ်ရှိသည် အထိ ပြင်းထန်နိုင်သည်)
အချို့သော ပဋိဇီဝပိုးသတ်ဆေးများကို တစ်ပြိုင်တည်း အသုံးပြုနေသည့် အခြားဆေးများနှင့် တွဲသောက်မိပါက အပြန်အလှန်ဓာတ်ပြုခြင်းကြောင့် မမျှော်လင့်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ် လာနိုင်သည်။ ဓာတ်ပြုနိုင်သော ဆေးဥပမာ အချို့မှာ အောက်ပါအတိုင်းဖြစ်သည်။ - သွေးမခဲဆေး ( warfarin)
- နှလုံးငြိမ်ဆေး ဘီတာဘလော့ကာ ( beta-blocker)
- အစာကြေဆေး ( antacids)
- အကိုက်အခဲပျောက်ဆေး ( NSAIDs)
ထို့ကြောင့် မိမိတွင် သောက်နေသောဆေးများရှိလျှင် ဆရာဝန်အား ကြိုတင်ပြောပြရန် လိုအပ်သည်။ သို့မှသာ ဆရာဝန်မှ မိမိနှင့် သင့်တော်မည့် အန္တရာယ် မဖြစ်စေနိုင်သည့် ပိုးသတ်ဆေးကို ရွေးချယ်ညွှန်ကြားနိုင်မည်ဖြစ်သည်။
သတိပြုသင့်သည့် အချက်
ပဋိဇီဝပိုးသတ်ဆေး ယဥ်ပါးခြင်း ( antibiotics resistance)
ပဋိဇီဝပိုးသတ်ဆေးနှင့် ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာအရေးကြီးသော ကျန်းမာရေးပြဿနာတစ်ခုမှာ ပဋိဇီဝပိုးသတ်ဆေးယဥ်ပါးခြင်း (Antibiotics Resistance) ဖြစ်သည်။ ပဋိဇီဝပိုးသတ်ဆေးယဥ်ပါးခြင်း ဆိုသည်မှာ ပဋိဇီဝပိုးသတ်ဆေးများကို မလိုအပ်ဘဲ အသုံးပြုခြင်းနှင့် ညွှန်ကြားချက်အတိုင်း အသုံးမပြုခြင်းတို့ကြောင့် ဘက်တီးရီးယားပိုးများသည် ဆေးအစွမ်းကို ခံနိုင်ရည်ရှိလာကြပြီး နှိမ်နင်းမရသည့် အခြေအနေကို ဆိုလိုသည်။ ထို့ကြောင့် တစ်ချိန်ချိန်တွင် ဘက်တီးရီးယားပိုးများကိုသတ်နိုင်သော ပဋိဇီဝပိုးသတ်ဆေးဟူ၍ မရှိတော့မည်ကို တစ်ကမ္ဘာလုံးက စိုးရိမ်ထိတ်လန့်လာကြသည်။ အောက်ဖော်ပြပါ နည်းလမ်းများကို လိုက်နာခြင်းဖြင့် ဆေးယဥ်ပါးခြင်းပြဿနာ လျော့ပါးအောင်ပြုလုပ်နိုင်သည်။
- ပဋိဇီဝပိုးသတ်ဆေးများကို အမှန်တကယ်လိုအပ်မှသာ ဆရာဝန်ညွှန်ကြားသည့် အတိုင်းသောက်ရန်
- ဆရာဝန် ညွှန်ကြားသည့်ဆေးကိုသာ သောက်ရန်
- ဆရာဝန် ညွှန်ကြားသည့် ပမာဏ၊ အကြိမ်အရေအတွက်နှင့် ရက်ပြည့်အောင် သောက်ရန်
- အခြားသူများအတွက် ညွှန်ကြားထားသော ဆေးများကို ဆရာဝန်ညွှန်ကြားခြင်း မရှိဘဲ မိမိအတွက်မသောက်ရန်
- သောက်ဖူးသော ပိုးသတ်ဆေးများကို မှတ်သားထားပြီး နေမကောင်းဖြစ်တိုင်း ထိုပိုးသတ်ဆေးများကို မိမိသဘောအရ ထပ်မံသောက်ခြင်းမျိုး မပြုလုပ်ရန်
- ရိုးရိုးသာမန် ဗိုင်းရပ်စ်ရောဂါပိုးများအတွက် ပဋိဇီဝပိုးသတ်ဆေးများ မသောက်ရန် တို့ဖြစ်ကြသည်။
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.