အဆုတ်အမြှေးပါးအတွင်း လေခိုခြင်း (Pneumothorax) ဆိုသည်မှာ အဆုတ်နှင့် ရင်ဘတ်နံရံကြားရှိ အမြှေးပါးအလွှာနှစ်ခုကြား (Pleural space) ထဲသို့ လေများ ပုံမှန်မဟုတ်ဘဲ ရောက်ရှိနေခြင်းကို ဆိုလိုသည်။ ပုံမှန်အားဖြင့် အဆုတ်၏ အပြင်ဘက်မျက်နှာပြင်သည် ရင်ဘတ်နံရံ၏ အတွင်းဘက်မျက်နှာပြင်နှင့် ပါးလွှာသော အဆုတ်အမြှေးပါး (Pleura) လေးများခံကာ ကပ်လျက် တည်ရှိနေသည်။ အဆိုပါ အမြှေးပါးကြား နေရာလွတ်ထဲသို့ လေများ ဝင်ရောက်လာသောအခါ အပြင်ဘက်မှ ဖိအားများပြားလာပြီး အဆုတ်ကို လုံးဝ သို့မဟုတ် တစ်စိတ်တစ်ပိုင်း ကျုံ့ဝင် (Collapsed lung) သွားစေသည်။
ထိုကဲ့သို့ အဆုတ်အမြှေးပါးအတွင်း လေခိုခြင်းကြောင့် ရုတ်တရက် ရင်ဘတ်အောင့်ခြင်း၊ မောခြင်းနှင့် အသက်ရှူကျပ်ခြင်း စသည့် ဝေဒနာများကို ခံစားရတတ်ပြီး၊ အချို့သော ပြင်းထန်သည့် အခြေအနေများတွင် အသက်အန္တရာယ် ထိခိုက်သည်အထိ စိုးရိမ်ရနိုင်သည်။ ကုသမှုအနေဖြင့် လေခိုသည့် ပမာဏ နည်းပါးပါက အလိုအလျောက် ပြန်လည်ကောင်းမွန်လာနိုင်သော်လည်း၊ လေခိုမှု ပမာဏ များပြားပါက နံရိုးကြားမှတစ်ဆင့် အပ် သို့မဟုတ် ပိုက် (Chest tube) ထည့်သွင်း၍ ပိုလျှံနေသော လေများကို စုပ်ထုတ်ဖယ်ရှားခြင်းဖြင့် ကုသမှု ခံယူရမည်ဖြစ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အဆုတ်အမြှေးပါးအတွင်း လေခိုခြင်းကို ဖြစ်ပေါ်စေသော အဓိကအကြောင်းအရင်း (၃)မျိုးရှိသည်။ ၄င်းတို့မှာ ရောဂါအခံများရှိခြင်း၊ ထိခိုက်ဒဏ်ရာများ၊ လူနေမှုဘဝဆိုင်ရာ အချက်အလက်များ ဖြစ်ကြသည်။
- ရောဂါအခံများ (Medical conditions)
- ပန်းနာရင်ကျပ်ရောဂါ (Asthma)
- အဆုတ်ရောင်ရောဂါ (နမိုးနီးယား)
- နာတာရှည် လေပြွန်ကျဥ်းအဆုတ်ပွရောဂါ (COPD)
- အဆုတ်၊ အစာခြေစနစ်နှင့် ကိုယ်တွင်းအင်္ဂါများကို ထိခိုက်စေနိုင်သော မျိုးဗီဇရောဂါ (Cystic fibrosis)
- အဆုတ်လေအိတ်နံရံများပျက်စီး၍ အဆုတ်ဖောင်းပွလာခြင်း (Emphysema)
- အဆုတ်ကြားခံ တစ်ရှူးရောင် ရောဂါစု (Idiopathic pulmonary fibrosis)
- အဆုတ်ကင်ဆာရောဂါ (lung cancer)
- တီဘီရောဂါ (Tuberculosis)
- အဆုတ်ပျက်စီးခြင်းကြောင့် ရုတ်တရက်မောကျပ်ခြင်း လက္ခဏာစု (Acute Respiratory Distress Syndrome)
- ထိခိုက်ဒဏ်ရာများ (Injuries)
- ပြင်းထန်စွာ ဆောင့်မိသောဒဏ်ရာ
- သေနတ်ပစ်ခံရ၍ ရရှိသော ဒဏ်ရာ
- ဓားထိုးခံရ၍ ရရှိသော ဒဏ်ရာ
- ဆေးကုသမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (ဥပမာ – အဆုတ်အသားစယူခြင်း၊ အသက်ရှူစက်တပ်ဆင်ခြင်း)
- လူနေမှုဘဝဆိုင်ရာ အချက်အလက်များ (Lifestyle factors)
- ဆေးလိပ်သောက်ခြင်း
- လေဖိအား သိသိသာသာပြောင်းလဲစေနိုင်သော လေယာဥ်စီးခြင်း
- ရေငုပ်ခြင်း သို့မဟုတ် ပင်လယ်နက်အတွင်း ရေငုပ်ခြင်း
ဖြစ်နိုင်ခြေများသော အခြေအနေများ
- မိသားစုမျိုးရိုးတွင် အဆုတ်အမြှေးပါးအတွင်း လေခိုခြင်း ဖြစ်ပေါ်ဖူးသူများ
- ယခင်က အဆုတ်အမြှေးပါးအတွင်း လေခိုခြင်းဖြစ်ဖူးသူများ
- ကိုယ်ဝန်ဆောင်များ
- အရပ်ရှည်၍ ပိန်လွန်းသောသူများ
- အမျိုးသားများ
- ဆေးလိပ်သောက်သူများ
- မားဖန်းရောဂါလက္ခဏာစု (Marfan’s Syndrome)
- သားအိမ်ပြင်ပတွင် သွေးလုံးဖြစ်ခြင်း (Endometriosis)
- အဆုတ်ရောဂါအခံရှိသူများ
အဆုတ်အမြှေးပါးအတွင်း လေခိုခြင်း အမျိုးအစားများ
- အလိုအလျောက်ဖြစ်ပေါ်သော အဆုတ်အမြှေးပါးအတွင်း လေခိုခြင်း (Spontaneous pneumothorax)
ထိခိုက်ဒဏ်ရာ မရရှိဘဲ အလိုအလျောက် အဆုတ်အမြှေးပါးအတွင်း လေခိုခြင်းဖြစ်ပေါ်ကာ အဆုတ်ကျုံ့သွားခြင်းဖြစ်သည်။- အခြေခံအကြောင်းရင်းမရှိဘဲ ဖြစ်ပေါ်ခြင်း (primary spontaneous pneumothorax)
- မည်သည့်ရောဂါအခံမျှ မရှိဘဲ အဆုတ်မျက်နှာပြင်ရှိ လေအိတ်ငယ်များ သို့မဟုတ် လေအိတ်ကြီးများ ပေါက်ပြဲခြင်း (rupture of subpleural blebs or bullae) ကြောင့် လေများစိမ့်ထွက်၍ ဖြစ်ပေါ်လာနိုင်သည်
- အများအားဖြင့် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး လူငယ်များတွင် တွေ့ရတတ်သည်
- ရောဂါအခံကြောင့် ဖြစ်ပေါ်ခြင်း (secondary spontaneous pneumothorax)
- အချို့သော အဆုတ်ရောဂါအခံများကြောင့် အဆုတ်အတွင်းပိတ်ဆို့မှုများ ဖြစ်ပေါ်ကာ လေအိတ်ကြီးများ ဖောင်းပွလာပြီး ၄င်းတို့ပေါက်ထွက်သွားသည့်အခါမျိုးတွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်
- အခြေခံအကြောင်းရင်းမရှိဘဲ ဖြစ်ပေါ်ခြင်း (primary spontaneous pneumothorax)
- ထိခိုက်ဒဏ်ရာကြောင့် ဖြစ်ပေါ်ခြင်း (Traumatic pneumothorax)
- ဒဏ်ရာများကြောင့် အဆုတ်အမြှေးပါးအတွင်း လေခိုခြင်း (injury-related pneumothorax) (ဥပမာ – နံရိုးကျိုးခြင်း သို့မဟုတ် ရင်ဘတ်တွင် ဓားထိုးဒဏ်ရာများ)
- ဆေးကုသမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (ဥပမာ – အဆုတ်အသားစယူခြင်း) ကြောင့် ဖြစ်ပေါ်သော အဆုတ်အမြှေးပါးအတွင်း လေခိုခြင်း (Iatrogenic pneumothorax)
- အခြားသော အမျိုးအစားများ (Other types of pneumothorax)
- ဖိအားလွန်ကဲ၍ အဆုတ်အမြှေးပါးအတွင်း လေခိုခြင်း (Tension pneumothorax)
- လေများအဆုတ်အတွင်းသို့ ဝင်နိုင်သော်လည်း ပြန်မထွက်နိုင်တော့သည့်အချိန်များတွင် ရင်ဘတ်အတွင်း ဖိအားများမြင့်တက်လာကာ အလွန်ပြင်းထန်သော အဆုတ်ကျုံ့ခြင်းဖြစ်ပြီး အရေးပေါ်ဆေးကုသမှုခံယူရန် လိုအပ်သည့် အခြေအနေမျိုးဖြစ်သည်။
- သားအိမ်ပြင်ပသွေးလုံးရှိသူများတွင် ရှားပါးစွာဖြစ်ပေါ်တတ်သော အမျိုးအစား (Catamenial pneumothorax)
- သားအိမ်အပြင်ဘက်တွင် ကြီးထွားလာသော သားအိမ်တွင်းမြှေးတစ်ရှူးများသည် အဆုတ်ဝန်းကျင်တွင်ဖြစ်ပါက အရည်အိတ်များ ဖြစ်လာနိုင်ပြီး အဆုတ်အမြှေးပါးအတွင်းသို့ လေဝင်ရောက်မှု၊ သွေးယိုစိမ့်မှု ဖြစ်စေကာ အဆုတ်ကျုံ့သွားခြင်းဖြစ်သည်။
- ဖိအားလွန်ကဲ၍ အဆုတ်အမြှေးပါးအတွင်း လေခိုခြင်း (Tension pneumothorax)
ရောဂါလက္ခဏာများ
အဆုတ်အမြှေပါးအတွင်း လေခိုခြင်းဖြစ်ပေါ်ပါက အောက်ဖော်ပြပါ ရောဂါလက္ခဏာများ ဖြစ်ပေါ်လာနိုင်သည်။
- ရုတ်တရက် အသက်ရှူကျပ်ခြင်း၊ မောခြင်း
- အသက်ရှူလျှင် နာကျင်ခြင်း
- ရင်ဘတ်တစ်ခြမ်း နာကျင်ခြင်း
- ချောင်းဆိုးခြင်း
- အသက်ရှူမြန်ခြင်း
- နှလုံးခုန်မြန်ခြင်း
- အရေပြား၊ နှုတ်ခမ်းနှင့် လက်သည်းများ ပြာလာခြင်းတို့ ဖြစ်ကြသည်။ ရောဂါလက္ခဏာပြင်းထန်မှုသည် အဆုတ်ကျုံ့သွားသည့် ပမာဏအပေါ်တွင် မူတည်သည်။
နောက်ဆက်တွဲပြဿနာများ
အများစုတွင် နောက်ဆက်တွဲပြဿနာများ မရှိဘဲ ပြန်လည်ကောင်းမွန်လာတတ်သော်လည်း အချို့သူများတွင် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။ ၄င်းတို့မှာ_
- အသက်ရှူခြင်းလုပ်ငန်းစွမ်းရည် ထိခိုက်ပျက်စီးခြင်း သို့မဟုတ် အသက်ရှူရပ်သွားခြင်း
- နှလုံးရပ်သွားခြင်း
- အဆုတ်အမြှေးပါးအတွင်း ပြည်တည်ခြင်း
- လေပြွန်နှင့် အဆုတ်အမြှေးပါးအကြား ပုံမှန်မဟုတ်သော လမ်းကြောင်းဖြစ်ပေါ်ခြင်း (Bronchopleural fistula)
- ဆေးဘက်ဆိုင်ရာကုသမှုများကြောင့် ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲပြဿနာများ
- အဆုတ်ပြန်ပွင့်ခြင်းကြောင့် အဆုတ်ထဲရေဝင်ခြင်း (Re-expansion pulmonary edema) – အဆုတ်ကျုံ့ဝင်နေရာမှ ရင်ဘတ်အတွင်းသို့ ပိုက်ထည့်၍ လေစုပ်ထုတ် ကုသသည့်အခါ အလွန်လျင်မြန်စွာ အဆုတ်ပြန်ပွင့်ခြင်းကြောင့် အဆုတ်အတွင်း အရည်များ ရုတ်တရက် အလျင်အမြန်စုပုံလာခြင်း
- ရောဂါပိုးဝင်ခြင်းနှင့် အဆုတ်ထိခိုက်ခြင်း
ရင်ဘတ်အတွင်းသို့ ပိုက်ထည့်၍ ကုသခြင်းမှတစ်ဆင့် ရောဂါပိုးဝင်ခြင်းနှင့် အဆုတ်ထိခိုက်၍ အဆုတ်အမြှေးပါးအတွင်း သွေးထွက်ခြင်း - ရင်ဘတ်အတွင်းပိုက်ထည့်၍ လေစုပ်ထုတ်စဥ် အာရုံကြောနှင့် သွေးကြောစုများ ထိခိုက်ဒဏ်ရာရခြင်း
- ရင်ဘတ်အတွင်း ပိုက်ထည့်ထားသော နေရာတွင် နာကျင်ခြင်းနှင့် အရေပြားပိုးဝင်ခြင်းတို့ ဖြစ်ကြသည်။
ဆေးရုံ၊ ဆေးခန်းပြသခြင်း
အဆုတ်အမြှေးပါးအတွင်း လေခိုခြင်းသည် ကျန်းမာရေးပြဿနာအမျိုးမျိုးကြောင့် ဖြစ်ပေါ်နိုင်ခြင်းနှင့် အချို့မှာ အသက်အန္တရာယ်ရှိသည်အထိ ပြင်းထန်နိုင်ခြင်းတို့ကြောင့် ဆေးကုသမှုခံယူရန် လိုအပ်သည်။ အကယ်၍ ရင်ဘတ်အောင့်ခြင်း ဝေဒနာပြင်းထန်ခြင်း သို့မဟုတ် အသက်ရှူရခက်ခဲလာခြင်း တို့ဖြစ်ပေါ်ပါက ဆေးရုံအရေးပေါ်ဌာနသို့ အမြန်ဆုံးချက်ချင်းသွားရောက် ကုသမှုခံယူရန် လိုအပ်သည်။
ရောဂါရှာဖွေခြင်း
အဆုတ်အမြှေးပါးအတွင်း လေခိုခြင်းကို သိရှိနိုင်ရန် ရောဂါရာဇဝင်များကို သေချာစွာမေးမြန်းခြင်း၊ ရင်ဘတ်ကို သေချာစွာစမ်းသပ်စစ်ဆေးခြင်း နှင့် ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း (chest x-ray) ပြုလုပ်၍ အများအားဖြင့် ရောဂါရှာဖွေတွေ့ရှိနိုင်သည်။ ရင်ဘတ်ကို အာထရာဆောင်း ရိုက်ခြင်းဖြင့်လည်း အဆုတ်အမြှေးပါးအတွင်း လေခိုခြင်း ရှိမရှိကို ရှာဖွေဖော်ထုတ်နိုင်သည်။ အချို့သော အခြေအနေများတွင် အသေးစိတ်ပုံရိပ်များကို ရရှိနိုင်ရန်အတွက် ကွန်ပျူတာဓာတ်မှန်ရိုက်ရန် လိုအပ်နိုင်သည်။ ထို့အပြင် သွေးလွှတ်ကြောမှ သွေးနမူနာယူ၍ သွေးတွင်းအောက်ဆီဂျင်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် အက်ဆစ်ဓာတ် (pH level) များကို စစ်ဆေးခြင်း၊ CBC သွေးစစ်ဆေးခြင်းတို့ကို ပြုလုပ်ရနိုင်သည်။ ရောဂါအခံများကို ရှာဖွေရန်လိုအပ်ပါက အသက်ရှူလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်း စသည်တို့ကို ဆက်လက်ပြုလုပ်ရသည်။
ကုသခြင်း
အဆုတ်အမြှေးပါးအတွင်း လေခိုခြင်းကို ကုသရာတွင် အမျိုးအစားများ၊ ပမာဏ၊ ပြင်းထန်မှုအဆင့်နှင့် လူနာ၏ လက်ရှိကျန်းမာရေးအခြေအနေပေါ်မူတည်၍ ကုသမှုအမျိုးမျိုး ကွဲပြားနိုင်သည်။ ရောဂါကုသမှု၏ အဓိကရည်ရွယ်ချက်မှာ ကျုံ့ဝင်နေသောအဆုတ်ကို ပြန်လည်ကောင်းမွန်လာစေရန်နှင့် အသက်ရှူလမ်းကြောင်း ပျက်စီးခြင်း သို့မဟုတ် ရောဂါပြန်လည်ဖြစ်ပွားခြင်း ကဲ့သို့သော နောက်ဆက်တွဲပြဿနာများကို ကာကွယ်ရန်ဖြစ်သည်။ ကုသနိုင်သော နည်းလမ်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
- အစကနဦးပြုစုစောင့်ရှောက်ခြင်းနှင့် လူနာအခြေအနေ တည်ငြိမ်အောင် ထိန်းသိမ်းခြင်း
- အောက်ဆီဂျင်ပေးခြင်း
- လူနာ၏အခြေအနေတည်ငြိမ်မှု ရှိမရှိ စစ်ဆေးပြီး အရေးကြီးလက္ခဏာများဖြစ်သော သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်း၊ အောက်ဆီဂျင်ပမာဏတို့ကို စောင့်ကြည်ခြင်း
- သေးငယ်သော အဆုတ်အမြှေးပါးအတွင်း လေခိုခြင်းကို ကုသခြင်း
- လူနာ၏အခြေအနေကို စစ်ဆေး၍ စောင့်ကြည့်လေ့လာခြင်း
- လေများပြန်လည်စုပ်ယူမှုကို အားပေးရန်အတွက် အောက်ဆီဂျင်ပေးခြင်း
- အခြေအနေတိုးတက်မှု ရှိမရှိ သိရှိနိုင်ရန် ရင်ဘတ်ဓာတ်မှန် ထပ်မံရိုက်ကြည့်ခြင်း
- အဆုတ်အမြှေးပါးအတွင်း ပမာဏ အသင့်အတင့်လေခိုခြင်းကို ကုသခြင်း
- အပ်ဖြင့် စုပ်ထုတ်ခြင်း (Needle aspiration)
- လိုအပ်လျှင် ရင်ဘတ်အတွင်း ပိုက်ထည့်၍ လေစုပ်ထုတ်ခြင်း (chest tube drainage)
- အခြေအနေတိုးတက်မှု ရှိမရှိ သိရှိနိုင်ရန် ရင်ဘတ်ဓာတ်မှန်ထပ်မံရိုက်ကြည့်ခြင်း
- ကြီးမားသော အဆုတ်အမြှေးပါးအတွင်း လေခိုခြင်း
- လေခိုသည့်ပမာဏ ကြီးမားခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာကြောင့် ဖြစ်ပွားသည့် လေခိုခြင်းဖြစ်ပါက ရင်ဘတ်အတွင်း ပိုက်ထည့်၍ လေစုပ်ထုတ်ခြင်း (chest tube drainage)
- ပိုက်မှလေထွက်ရှိမှုကို စောင့်ကြည့်ပြီး လိုအပ်လျှင် ပဋိဇီဝပိုးသတ်ဆေးများ ပေးခြင်း
- တိုးတက်မှုအခြေအနေကို စစ်ဆေးရန် ရင်ဘတ်ဓာတ်မှန် ထပ်မံရိုက်ကြည့်ခြင်း
- လေခိုမှု ဆက်တိုက်ဖြစ်ပေါ်ခြင်း သို့မဟုတ် မကြာခဏပြန်လည်ဖြစ်ပေါ်ခြင်း
ခွဲစိတ်ကုသခြင်း- မှန်ပြောင်းမှတစ်ဆင့် ဗွီဒီယို၏အကူအညီဖြင့် ရင်ခေါင်းခွဲစိတ်မှုပြုလုပ်ခြင်း (Video-assisted thoracic surgery – VATS)
- ရင်ခေါင်းခွဲစိတ်ကုသခြင်း (Thoracotomy)
- ဖိအားလွန်ကဲ၍ အဆုတ်အမြှေးပါးအတွင်း လေခိုခြင်း (Tension Pneumothorax)
- ညှပ်ရိုးလိုင်းအလယ်၊ ဒုတိယမြောက်နံရိုးကြားနေရာတွင် အပ်ကို ချက်ချင်းထိုးသွင်း၍ ဖိအားလျှော့ချခြင်းကို ပြုလုပ်၍ အရေးပေါ်ကုသရန် လိုအပ်သည်
- ဖိအားလျှော့ချပြီးနောက် ရင်ဘတ်အတွင်းသို့ ပိုက်ထည့်၍ လေစုပ်ထုတ်ခြင်း (chest tube drainage) ကို ဆက်လက်ပြုလုပ်ရန် လိုအပ်သည်
- နာကျင်မှုကို ထိန်းချုပ်ခြင်း
- အနာသက်သာစေရန် စတီးရွိုက်မဟုတ်သော ရောင်ရမ်းကျအကိုက်အခဲပျောက်ဆေး (NSAIDs) များပေးခြင်း
- ရင်ဘတ်ပိုင်းဆိုင်ရာ ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်း ပြုလုပ်ခြင်း
ကာကွယ်ခြင်း
အဆုတ်အမြှေးပါးအတွင်း လေခိုခြင်း ဖြစ်နိုင်ခြေလျော့နည်းစေရန် အောက်ဖော်ပြပါနည်းလမ်းများကို လိုက်နာရန် လိုအပ်သည်။
- ဆေးလိပ်မသောက်ရန်
- လေဖိအားပြင်းထန်စွာ ပြောင်းလဲနိုင်သော လှုပ်ရှားမှုများကို ရှောင်ကြဥ်ရန် (ဥပမာ – ရေငုပ်ခြင်း၊ လေယာဥ်စီးခြင်း) (အကယ်၍ မဖြစ်မနေပြလုပ်ရန် လိုအပ်ပါက ဆရာဝန်များနှင့် ကြိုတင်တိုင်ပင်၍ ဆရာဝန်ညွှန်ကြားသည့်အတိုင်း ကြိုတင်ကာကွယ်မှုများကို သေချာစွာ လိုက်နာဆောင်ရွက်ရန်)
- အဆုတ်ရောဂါအခံများကို သေချာစွာ စစ်ဆေးကုသမှုခံယူရန်
- မော်တော်ကားစီးသည့်အခါ ထိုင်ခုံခါးပတ်ကို ပတ်ထားခြင်းနှင့် ရင်ဘတ်ကို ထိခိုက်ဒဏ်ရာရစေနိုင်မည့် အခြားသော လှုပ်ရှားမှုများကို ရှောင်ကြဥ်ရန်တို့ ဖြစ်ကြသည်။
References:
- Mayo Clinic. (n.d.). Pneumothorax: Diagnosis and treatment. Retrieved June 3, 2026, from https://www.mayoclinic.org/diseases-conditions/pneumothorax/diagnosis-treatment/drc-20350372
- Mayo Clinic. (n.d.). Pneumothorax: Symptoms and causes. Retrieved June 3, 2026, from https://www.mayoclinic.org/diseases-conditions/pneumothorax/symptoms-causes/syc-20350367
- Cleveland Clinic. (n.d.). Collapsed lung (pneumothorax). Retrieved June 3, 2026, from https://my.clevelandclinic.org/health/diseases/15304-collapsed-lung-pneumothorax
- Harvard Health Publishing. (n.d.). Pneumothorax (A to Z). Retrieved June 3, 2026, from https://www.health.harvard.edu/respiratory-health/pneumothorax-a-to-z
- PACE Hospitals. (n.d.). Pneumothorax. Retrieved June 3, 2026, from https://www.pacehospital.com/pneumothorax
Published: 20 June 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.