Hepatocellular Adenoma (အသည်းအက်ဒီနိုးမား သို့မဟုတ် အသည်းဆဲလ်များမှဖြစ်သောအလုံးအကျိတ်)

Hepatocellular Adenoma (အသည်းအက်ဒီနိုးမား သို့မဟုတ် အသည်းဆဲလ်များမှဖြစ်သောအလုံးအကျိတ်)

အသည်းအက်ဒီနိုးမားဆိုသည်မှာ အသည်း၏ အဓိကဆဲလ်များမှ ဖြစ်ပေါ်လာသည့် ကင်ဆာမဟုတ်သော အကျိတ်ဖြစ်သည်။ ဖြစ်ပွါးမှုနှုန်း နည်းပါးပြီး ခန္ဓာကိုယ်၏ အခြားအင်္ဂါ အစိတ်အပိုင်းများသို့လည်း ပျံ့နှံ့နိုင်ခြင်းမရှိပါ။ အများအားဖြင့် အန္တရာယ်မရှိသော်လည်း အချို့သောအခြေအနေများတွင် နောက်ဆက်တွဲပြဿနာများ ဖြစ်ပွါးနိုင်သည်။

၎င်းအကျိတ်ဖြစ်ပွါးသူအများစုတွင် အကျိတ်တစ်လုံးတည်းသာ ရှိတတ်သော်လည်း အချို့တွင် အကျိတ်အများအပြား (Multiple adenomas) ရှိနေနိုင်သည်။ အကျိတ်၏ အရွယ်အစားမှာ ၁ စင်တီမီတာအောက် မှ ၃၀ စင်တီမီတာအထက်အထိ ကွဲပြားနိုင်သည်။ အကျိတ်အရွယ်အစား ၅ စင်တီမီတာထက် ကြီးမားပါက အကျိတ်အတွင်း သွေးယိုစိမ့်ခြင်း (Hemorrhage) ဖြစ်နိုင်ခြေ ပိုများသည်။ ထိုသို့ဖြစ်ပါက အရေးပေါ် ဆေးကုသမှု ခံယူရန် လိုအပ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အသည်းအက်ဒီနိုးမားသည် အသည်းဆဲလ်များ ပုံမှန်မဟုတ်ဘဲ ကြီးထွားလာစေသည့် မျိုးဗီဇပြောင်းလဲမှုများ (Genetic mutations) ကြောင့် ဖြစ်ပွါးရခြင်းဖြစ်သည်။ ၎င်း၏ဖြစ်ပေါ်မှုတွင် ဟော်မုန်းသက်ရောက်မှုများ၊ ဇီဝကမ္မဖြစ်စဉ်ဆိုင်ရာ အခြေအနေများနှင့် မျိုးဗီဇဆိုင်ရာရောဂါများ စသည့်အချက်အလက်များစွာ ပါဝင်သည်။ အချို့သော အခြေအနေများတွင်မူ အကြောင်းရင်း တိတိကျကျ မရှိဘဲ ဖြစ်ပွါးတတ်သည်။

ဟော်မုန်းဆိုင်ရာ သက်ရောက်မှုများ (Hormonal Influence)
  • အီစထရိုဂျင် (Estrogen)
    • အီစထရိုဂျင် ဟော်မုန်းနှင့် ထိတွေ့မှုသည် အကျိတ်ဖြစ်ပွါးစေသည့် အဓိကအကြောင်းရင်းတစ်ခုဖြစ်သည်
    • အထူးသဖြင့် သန္ဓေတားဆေးများကို (၅) နှစ်ထက်ပို၍ သောက်သုံးခဲ့သော အမျိုးသမီးများတွင် ပိုမိုအတွေ့ရများသည်
  • စတီးရွိုက်ဆေးများ (Anabolic steroids)
    • ကြွက်သားကြီးထွားအားတိုးဆေး သို့မဟုတ် ခန္ဓာကိုယ်စွမ်းဆောင်ရည်မြှင့် စတီးရွိုက်ဆေးများ သုံးစွဲခြင်းသည် အသည်းအက်ဒီနိုးမား ဖြစ်နိုင်ခြေကို မြင့်တက်စေသည်
    • အားကစားနှင့် ကာယဗလအတွက် ၎င်းဆေးများကို သုံးစွဲသော အမျိုးသားများတွင် ဖြစ်နိုင်ခြေ ပိုများသည်
ဇီဝကမ္မနှင့် မျိုးဗီဇဆိုင်ရာ အချက်များ (Metabolic and Genetic Factors)
  • အဝလွန်ခြင်းနှင့် ဇီဝကမ္မဖြစ်စဥ် မူမမှန်ခြင်းရောဂါစု (Obesity and Metabolic Syndrome) – ကိုယ်အလေးချိန် အလွန်အကျွံ များခြင်းနှင့် ဇီဝကမ္မဖြစ်စဉ် မမျှတမှုများသည် အသည်းဆဲလ်များ ပုံမှန်မဟုတ်ဘဲ ကြီးထွားလာမှုကို ဖြစ်စေသည်
  • အသည်းတွင် ဂလိုင်ကိုဂျင်သကြားဓာတ် စုပုံသိုလှောင်သော မွေးရာပါ အသည်းရောဂါ (Glycogen storage disease) ရှိသူများတွင် အသည်းအက်ဒီနိုးမားဖြစ်ပွါးမှု ပိုများသည်
  • အခြားမျိုးဗီဇရောဂါများ – သံဓာတ်လွန်ကဲသည့်ရောဂါ (Hemochromatosis) နှင့် သာလာဆီးမီးယား (Thalassaemia) သွေးအားနည်းရောဂါတို့သည်လည်း အသည်း၏လုပ်ဆောင်ချက်ကို ထိခိုက်စေပြီး၊ အသည်းအက်ဒီနိုးမား ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်သည့် မျိုးရိုးလိုက်ရောဂါများ ဖြစ်ကြသည်။
အသည်းအက်ဒီနိုးမား အမျိုးအစားများ

အသည်းအက်ဒီနိုးမား အမျိုးအစားများကို ၎င်းတို့၏ မျိုးဗီဇလက္ခဏာများနှင့် အကျိတ်၏ သဘောသဘာဝအပေါ်မူတည်ပြီး အမျိုးအစား (၄) မျိုး ခွဲခြားထားသည်။

  • ရောင်ရမ်းမှုဖြစ်စေသော အသည်းအကျိတ် (Inflammatory Hepatic Adenoma)
    • ၎င်းသည် အတွေ့ရအများဆုံး အမျိုးအစားဖြစ်သည်
    • အဝလွန်ခြင်းနှင့် ဇီဝကမ္မဖြစ်စဥ် မူမမှန်ခြင်းရောဂါစု (Metabolic syndrome) ရှိသူများနှင့် ဆက်စပ်မှု ရှိတတ်သည်
  • HNF-1 Alpha မျိုးရိုးဗီဇအလုပ်မလုပ်သော အသည်းအကျိတ် (H-HCA)
    • ၎င်းသည် အသည်း၏ ဇီဝကမ္မဖြစ်စဉ်ကို ထိခိုက်စေသည့် မျိုးဗီဇပြောင်းလဲမှုများနှင့် ဆက်စပ်နေသည်
    • အဓိကအားဖြင့် အမျိုးသမီးငယ်များတွင် တွေ့ရတတ်ပြီး ကင်ဆာအဖြစ် ပြောင်းလဲနိုင်ခြေ အလွန်နည်းပါးသည်
  • Beta-Catenin ကြောင့်ဖြစ်သော အသည်းအကျိတ် (β-HCA)
    • ဤအမျိုးအစားသည် ကင်ဆာအဖြစ် ပြောင်းလဲသွားနိုင်ခြေ အမြင့်မားဆုံး ဖြစ်သည်
    • အမျိုးသားများနှင့် ကြွက်သားကြီးထွားစေရန်သုံးသောစတီးရွိုက် (Anabolic steroids) သုံးစွဲသူများတွင် ပိုမိုတွေ့ရတတ်သည်
    • ကင်ဆာဖြစ်နိုင်ခြေ မြင့်မားသောကြောင့် အများအားဖြင့် ခွဲစိတ်ဖယ်ရှားရန် လိုအပ်သည်
  • အမျိုးအစား ခွဲခြားမရသော အသည်းအကျိတ် (Unclassified Hepatocellular Adenoma – U-HCA)
    • အထက်ပါ အမျိုးအစား (၃) မျိုးထဲသို့ ထည့်သွင်း၍မရသော အကျိတ်များဖြစ်သည်
    • ၎င်း၏သဘောသဘာဝနှင့် ဖြစ်နိုင်ခြေရှိသော အန္တရာယ်များကိုမူ တိတိပပ သိရှိနိုင်ရန် ခက်ခဲဆဲဖြစ်သည်
ရောဂါလက္ခဏာများ

အသည်းအက်ဒီနိုးမားရှိသူ ထက်ဝက်ခန့်မှာ မည်သည့်လက္ခဏာမှ မပြဘဲ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ချိန် ပုံရိပ်ဖော်စစ်ဆေးခြင်းများမှတစ်ဆင့် မတော်တဆ သိရှိကြခြင်းဖြစ်သည်။

အခြားခံစားရနိုင်သော လက္ခဏာများမှာ_

  • ဗိုက်ဖောင်းခြင်း
  • ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်းတွင် အလုံးအကျိတ် စမ်းမိခြင်း
  • ဗိုက်နာ၊ ဗိုက်အောင့်ခြင်း
  • အကျိတ်ပေါက်ထွက်ခြင်းကြောင့်ဖြစ်သော လက္ခဏာများ – ‌ခေါင်းမူးခြင်း၊ အဆက်မပြတ်အန်ခြင်း၊ နုံးချည့်ခြင်း စသည်တို့ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ

အသည်းဆဲလ်အကျိတ်သည် ပုံမှန်အားဖြင့် အန္တရာယ်မရှိသော်လည်း အကျိတ်အရွယ်အစား ကြီးမားလာပါက အသက်အန္တရာယ်ရှိနိုင်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပွါးနိုင်သည်။

  • အကျိတ်ပေါက်ထွက်ခြင်းနှင့် သွေးယိုစိမ့်ခြင်း
    အကျိတ်၏ အရွယ်အစားသည် (၅) စင်တီမီတာထက် ကြီးမားပါက အလိုအလျောက် ပေါက်ထွက်နိုင်ခြေ ပိုများသည်။ ထိုအခါ ဝမ်းဗိုက်အတွင်း သွေးယိုစိမ့်မှုများ ဖြစ်ပေါ်ကာ အောက်ပါတို့ကို ခံစားရနိုင်သည်။
    • ဝမ်းဗိုက်အတွင်း ရုတ်တရက် ပြင်းထန်စွာ နာကျင်ခြင်း
    • သွေးပေါင်ချိန် ကျဆင်းခြင်း
    • သွေးလန့်ခြင်း
  • ကင်ဆာအသွင်သို့ ပြောင်းလဲခြင်း
    ရှားပါးသော်လည်း အချို့သော အသည်းဆဲလ်အကျိတ်များသည် အချိန်ကြာလာသည်နှင့်အမျှ အသည်းကင်ဆာအဖြစ်သို့ ကူးပြောင်းသွားနိုင်သည့် အန္တရာယ်ရှိသည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အသည်းအက်ဒီနိုးမား အကျိတ်များသည် အန္တရာယ်မရှိသောအကျိတ်များ ဖြစ်နိုင်သော်လည်း အကျိတ်အရွယ်အစားကို သိရှိနိုင်ရန်နှင့် နောက်ဆက်တွဲပြဿနာများကို ကာကွယ်နိုင်ရန်အတွက် စောစီးစွာ စစ်ဆေးကုသမှုခံယူရန် အလွန်အရေးကြီးသည်။ အထက်ပါရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ ကလေးအထူးကုဆရာဝန်များ၊ ကလေးအသည်းရောဂါ အထူးကုဆရာဝန်များ၊ ကလေးကင်ဆာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

အရေးပေါ်ကုသမှု လိုအပ်သော လက္ခဏာများ

အကယ်၍ အောက်ပါလက္ခဏာများ ပေါ်ပေါက်လာပါက နီးစပ်ရာ ဆေးရုံသို့ အရေးပေါ် ချက်ချင်း သွားရောက်ပြသရမည်။

  • ဝမ်းဗိုက်အတွင်း ရုတ်တရက် ပြင်းထန်စွာ ထိုးအောင့်နာကျင်ခြင်း
  • မူးဝေခြင်း၊ အမြင်အာရုံ ဝေဝါးခြင်း သို့မဟုတ် သတိလစ်ချင်သလို ဖြစ်ခြင်း
  • နှလုံးခုန် မြန်လာခြင်း သို့မဟုတ် အသက်ရှူ မမှန်ခြင်း
  • မျက်နှာနှင့် နှုတ်ခမ်းများ ဖြူရော်လာခြင်း
‌ရောဂါရှာဖွေခြင်း

ကလေးများတွင်ဖြစ်ပွါးသော အသည်းအကျိတ်များကို တိကျစွာခွဲခြားသိရှိနိုင်ရန် သက်ဆိုင်ရာ အထူးကုဆရာဝန်မှ ရောဂါရာဇဝင် မေးမြန်းခြင်း၊ ခန္ဓာကိုယ်ကို အသေးစိတ် စမ်းသပ်စစ်ဆေးခြင်းများအပြင် လိုအပ်သည့် စစ်ဆေးခြင်းများ ပြုလုပ်မည်။

ဓာတ်ခွဲစစ်ဆေးခြင်း
ပုံရိပ်ဖော်စစ်ဆေးခြင်း
  • ဝမ်းဗိုက်အာထရာဆောင်း (USG abdomen) ရိုက်ခြင်း _ အသည်းအနေအထားကို ကြည့်ရှုရန် ဦးဆုံးရိုက်ကူးစစ်ဆေးနိုင်သည်
  • ရင်ဘတ်ဓာတ်မှန် (CXR) ရိုက်ခြင်း _ အဆုတ်သို့ ကင်ဆာပျံ့နှံ့ခြင်း ရှိမရှိ စစ်ဆေးနိုင်သည်
  • ဝမ်းဗိုက်ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်း _ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများကို အသေးစိတ် ကြည့်ရှုစစ်ဆေးနိုင်သည်၊ အသည်းရှိ အကျိတ်အခြေအနေကို အသေးစိတ်သိရှိနိုင်ပြီး၊ အခြားကိုယ်တွင်းအင်္ဂါများသို့ ပျံ့နှံ့ခြင်း ရှိမရှိကိုလည်း သိနိုင်သည်
  • သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်း _ ပိုမိုအသေးစိတ်သော ပုံရိပ်များကို သိရှိနိုင်ပြီး၊ ကင်ဆာသည် အသည်းအနီးရှိ အဓိကသွေးကြောများအတွင်း ဝင်ရောက်ခြင်း ရှိမရှိကို သိရှိနိုင်သည်
အသားစယူစစ်ဆေးခြင်း (Biopsy)

အကျိတ်မှ အသားစကိုယူ၍ ကင်ဆာဆဲလ် ရှိမရှိကို အဏုကြည့်မှန်ပြောင်းဖြင့် ရှာ‌ဖွေစစ်ဆေးခြင်းဖြစ်ပြီး အသည်းကင်ဆာ ဟုတ်မဟုတ် အတည်ပြုစစ်ဆေးနိုင်သည်။ အသားစယူစစ်ဆေးခြင်းကို အပ်ဖြင့်ဖြစ်စေ၊ ခွဲစိတ်၍ဖြစ်စေ ပြုလုပ်နိုင်သည်။

ကုသခြင်း

ကုသမှုပုံစံသည် အကျိတ်၏ အရွယ်အစား၊ ပြသသောလက္ခဏာများနှင့် အကျိတ်ပေါက်ထွက်ခြင်း သို့မဟုတ် ကင်ဆာအသွင် ပြောင်းလဲနိုင်ခြေ ရှိမရှိအပေါ် မူတည်၍ ကွဲပြားနိုင်သည်။

  • စောင့်ကြည့်စစ်ဆေးခြင်း
    • အမျိုးသမီးများတွင် အကျိတ်အရွယ်အစား ၅ စင်တီမီတာထက် ငယ်ပါက ပုံမှန်အားဖြင့် ပုံရိပ်ဖော်စစ်ဆေးခြင်းများဖြင့် စောင့်ကြည့်လေ့ရှိသည်
    • အကယ်၍ လူနာသည် သားဆက်ခြားသောက်ဆေးများ သို့မဟုတ် ဟော်မုန်းဆေးများ သုံးစွဲနေပါက ထိုဆေးများကို ရပ်နားလိုက်ခြင်းဖြင့် အကျိတ်အရွယ်အစား ပြန်လည်သေးငယ်သွားခြင်း ရှိမရှိကို စောင့်ကြည့်စစ်ဆေးရမည်
  • ခွဲစိတ်ကုသခြင်း
    အောက်ပါအခြေအနေများတွင် ခွဲစိတ်ရန် လိုအပ်လေ့ရှိသည်။
    • အမျိုးသားများတွင် အသည်းဆဲလ်မှဖြစ်ပွါးသောအကျိတ်သည် အရွယ်အစား မည်မျှပင်ရှိစေကာမူ ကင်ဆာအသွင် ပြောင်းလဲနိုင်ခြေ များသောကြောင့် ခွဲစိတ်ကုသမှု ခံယူသင့်သည်
    • အမျိုးသမီးလူနာများတွင် အကျိတ်အရွယ်အစား ၅ စင်တီမီတာထက်ကြီးခြင်း သို့မဟုတ် ဟော်မုန်းဆေးများ ရပ်နားလိုက်သော်လည်း အကျိတ်မှာ ဆက်လက်ကြီးထွားနေခြင်းရှိပါက ခွဲစိတ်ကုသရနိုင်သည်
  • အရေးပေါ် ကုသမှုများ
    • သွေးကြောပိတ်၍ ကုသခြင်း (Transarterial Embolization – TAE)
      အကျိတ်ပေါက်ထွက်၍ သွေးယိုစိမ့်မှုဖြစ်နေပါက အကျိတ်သို့သွားသော သွေးကြောကို ပိတ်ဆို့ခြင်းဖြင့် သွေးတိတ်အောင် ပြုလုပ်နိုင်သည်။
    • အရေးပေါ်ခွဲစိတ်ခြင်း
      သွေးထွက်လွန်ခြင်း သို့မဟုတ် လူနာ၏ အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေ (ဥပမာ – သွေးပေါင်ချိန်နှင့် သွေးခုန်နှုန်း မမှန်ခြင်း) များတွင် အရေးပေါ် ခွဲစိတ်ကုသမှု လိုအပ်နိုင်သည်။
ကာကွယ်ခြင်း

အသည်းဆဲလ်အကျိတ် ဖြစ်ပွါးနိုင်ခြေကို လျှော့ချရန်နှင့် နောက်ဆက်တွဲပြဿနာများ မဖြစ်လာစေရန် အောက်ပါအတိုင်း ကာကွယ်နိုင်သည်။

  • ဟော်မုန်းဆေးများသုံးစွဲမှု ဆင်ခြင်ခြင်း
    အမျိုးသမီးများအနေဖြင့် သားဆက်ခြားသောက်ဆေး (Oral Contraceptives) များကို အချိန်ကြာရှည်စွာ သုံးစွဲခြင်းသည် အသည်းအက်ဒီနိုးမား ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်သဖြင့် ဆေးမသုံးစွဲမီ သို့မဟုတ် ရေရှည်သုံးစွဲရန်လိုအပ်ပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။
  • ကြွက်သားကြီးထွားစေရန် အသုံးပြုသော စတီးရွိုက်များ ရှောင်ကြဉ်ခြင်း
    ကြွက်သားကြီးထွားအားတိုးဆေး သို့မဟုတ် Anabolic Steroids များ သုံးစွဲခြင်းသည် အသည်းအကျိတ် ဖြစ်ပွါးမှုကို အားပေးသောကြောင့် ယင်းဆေးများကို ရှောင်ကြဉ်ရမည်။
  • ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း
    အဝလွန်ခြင်းနှင့် ဇီဝကမ္မဖြစ်စဉ်ဆိုင်ရာ ပြဿနာများ (Metabolic Syndrome) သည်လည်း အသည်းဆဲလ်အကျိတ်ဖြစ်ပွါးခြင်းနှင့် ဆက်စပ်မှု ရှိနိုင်သောကြောင့် ကျန်းမာသော ကိုယ်အလေးချိန်ဖြစ်အောင် နေထိုင်ပါ။
  • အချိုနှင့် ဆီကြော်စာများ လျှော့စားခြင်း
    အသည်းတွင် အဆီဖုံးခြင်း (Fatty Liver) နှင့် ဆီးချိုရောဂါများက အသည်းကျန်းမာရေးကို ထိခိုက်စေနိုင်သဖြင့် အစာအာဟာရကို မျှတအောင် စားသုံးပါ။
  • ပုံမှန်ကျန်းမာရေး စစ်ဆေးခြင်း
    အထူးသဖြင့် ဟော်မုန်းဆေး သုံးစွဲနေသူများ သို့မဟုတ် အသည်းရောဂါအခံ ရှိသူများသည် မိသားစုဆရာဝန်နှင့် ပုံမှန်ပြသပြီး အသည်းကျန်းမာရေးကို စစ်ဆေးသင့်သည်။

References:

  1. Rupa Health. (n.d.). Hepatocellular adenoma: Causes, symptoms and treatment. Retrieved April 8, 2026, from https://www.rupahealth.com/post/hepatocellular-adenoma-causes-symptoms-and-treatment
  2. The British Journal of Radiology. (2024). Hepatocellular adenoma: Diagnosis and management. The British Journal of Radiology, 97(1163), 1740–1752. Retrieved April 8, 2026, from https://academic.oup.com/bjr/article/97/1163/1740/7749868
  3. British Liver Trust. (n.d.). Hepatocellular adenoma. Retrieved April 8, 2026, from https://britishlivertrust.org.uk/information-and-support/liver-conditions/hepatocellular-adenoma/

Published: 24 May 2026

Share

24 May 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.