Transposition of great vessels – TGA (မွေးရာပါ သွေးလွှတ်ကြောမကြီးများ နေရာလွဲ ပြောင်းပြန်ဖြစ်ခြင်း)

Transposition of great vessels – TGA (မွေးရာပါ သွေးလွှတ်ကြောမကြီးများ နေရာလွဲ ပြောင်းပြန်ဖြစ်ခြင်း)

သွေးလွှတ်ကြောမကြီးများ နေရာလွဲပြောင်းပြန်ဖြစ်ခြင်း (Transposition of great vessels – TGA) ဆိုသည်မှာ နှလုံးမှ ထွက်လာသော အဓိက သွေးလွှတ်ကြောမကြီးနှစ်ခု နေရာမှားယွင်းနေသည့် မွေးရာပါ နှလုံးရောဂါတစ်မျိုးဖြစ်သည်။ နှလုံး၏ ဘယ်ဘက်သွေးလွှတ်ခန်းမှ ထွက်ရမည့် နှလုံးသွေးလွှတ်ကြောမကြီး (Aorta) နှင့် ညာဘက်သွေးလွှတ်ခန်းမှ ထွက်ရမည့် အဆုတ်သွေးလွှတ်ကြောမကြီး (Pulmonary Artery) နှစ်ခုသည် ပုံမှန်မဟုတ်ဘဲ သွေးလွှတ်ခန်းနေရာလွဲ၍ ထွက်လာခြင်းဖြစ်သည်။ ထိုရောဂါသည် နှုတ်ခမ်း၊ လျှာ၊ လက်သည်း ပြာတတ်သော မွေးရာပါ နှလုံးရောဂါ အုပ်စုတွင်ပါဝင်ပြီး ကလေး၏ သွေးတွင်းအောက်ဆီဂျင် ပမာဏကို များစွာ ထိခိုက်စေနိုင်သည်။ ထို့ကြောင့် ပြုပြင်ခွဲစိတ်မှု မပြုလုပ်ပါက အသက်အန္တရာယ် ရှိနိုင်သော မွေးရာပါ နှလုံးရောဂါတစ်မျိုးဖြစ်သည်။

ပုံမှန်နှလုံး၏ ဖွဲ့စည်းတည်ဆောက်ပုံ

နှလုံးတွင် ဘယ် ညာ နှစ်ခြမ်းရှိပြီး အလယ်တွင် Septum ဟုခေါ်သော ကြွက်သားနံရံဖြင့် ပိုင်းခြားထားသည်။ ဘယ် ညာ တစ်ခြမ်းစီတွင် အပေါ်ခန်း (သွေးဝင်ခန်း) နှင့် အောက်ခန်း (သွေးလွှတ်ခန်း) ဟူ၍ အခန်း (၂) ခန်းစီရှိပြီး စုစုပေါင်းအခန်း (၄) ခန်းပါရှိသည်။ နှလုံးသည် ပုံမှန်အားဖြင့် သွေးများကို လုံလောက်စွာ လက်ခံရရှိရန်နှင့် ညှစ်ထုတ်ပေးနိုင်ရန် တာဝန်ယူသည်။ နှလုံးမှ ညှစ်ထုတ်လိုက်သော သွေးသည် ခန္ဓာကိုယ်ရှိ တစ်ရှူးများအတွက် လိုအပ်သော အာဟာရဓာတ်များ (အောက်ဆီဂျင်နှင့် ဂလူးကို့စ်) ကို သယ်ယူပို့ဆောင်ပေးပြီး စွန့်ပစ်ပစ္စည်းများ (ကာဗွန်ဒိုင်အောက်ဆိုဒ်) ကို ပြန်လည်သယ်ယူပြီး အဆုတ်သို့ ပို့ဆောင်ဖယ်ရှားသောကြောင့် ခန္ဓာကိုယ်အတွင်း မှန်ကန်သော သွေးလှည့်ပတ်မှုရှိရန်မှာ ကျန်းမာရေးအတွက် အလွန်အရေးကြီးသည်။

ပုံမှန်အခြေအနေတွင် နှလုံးနှင့် သွေးကြောအဖွဲ့အစည်းတွင် သွေးပြန်ကြောစနစ် (ညာဘက်) နှင့် သွေးလွှတ်ကြောစနစ် (ဘယ်ဘက်) ဟူ၍ နှစ်ပိုင်းရှိသည်။ သွေးပြန်ကြောစနစ်သည် ခန္ဓာကိုယ်အနှံ့အပြားမှ သွေးညစ်များကို သယ်ဆောင်၍ နှလုံး၏ ညာဘက်အခြမ်းသို့ ပြန်လည်ဝင်ရောက်လာသည်။ ညာဘက် သွေးဝင်ခန်းမှတစ်ဆင့် သွေးလွှတ်ခန်းသို့ရောက်ရှိပြီး ထိုမှတစ်ဆင့် သွေးညစ်များသည် အဆုတ်သွေးလွှတ်ကြောမကြီး (Pulmonary Artery) တစ်လျှောက်စီးဆင်းကာ အဆုတ်တွင်းသို့ ရောက်ရှိသည်။ အဆုတ်တွင်း၌ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် အောက်ဆီဂျင် လဲလှယ်မှု (Gaseous exchange) ဖြစ်ပေါ်ပြီး၊ အောက်ဆီဂျင်ပြည့်ဝသော သွေးသန့်များသည် နှလုံး၏ ဘယ်ဘက်ခြမ်းသို့ ပြန်လည်ဝင်ရောက်လာသည်။ သွေးသန့်များသည် ဘယ်ဘက်သွေးဝင်ခန်း၊ သွေးလွှတ်ခန်းတို့ကို ဖြတ်သန်းကာ နှလုံးသွေးလွှတ်ကြောမကြီး (Aorta) တစ်လျှောက် စီးဆင်းကာ ခန္ဓာကိုယ်တစ်ခုလုံးသို့ အောက်ဆီဂျင်နှင့် အာဟာရဓာတ်များ ပြန်လည်ပို့ဆောင်ပေးသည်။

Transposition of the Great Arteries (TGA) ဖြစ်ပေါ်ပုံ

ကိုယ်ဝန်ဆောင်ကာလ ပထမ (၆) ပတ်အတွင်း သန္ဓေသား၏ နှလုံးသည် စတင်ဖွံ့ဖြိုးလာပြီး နှလုံးသို့ အဝင်အထွက် ပြုလုပ်နေသော အဓိကသွေးလွှတ်ကြောကြီးများဖြစ်သည့် နှလုံးသွေးလွှတ်ကြောမကြီး (Aorta) နှင့် အဆုတ်သွေးလွှတ်ကြောမကြီး (Pulmonary Artery) တို့လည်း စတင်ကြီးထွားလာသည်။ TGA ရောဂါတွင် နှလုံးမှ ထွက်လာသော ထိုအဓိကသွေးလွှတ်ကြာမကြီးနှစ်ခုတို့၏ တည်နေရာ ပြောင်းပြန်ဖြစ်နေခြင်း တနည်းအားဖြင့် အချင်းချင်း နေရာချင်းလဲနေခြင်း ဖြစ်ပေါ်သည်။ ထိုသို့ဖြစ်ခြင်းကြောင့် နှလုံးသွေးလွှတ်ကြောမကြီး (Aorta) သည် ဘယ်ဘက်အောက် သွေးလွှတ်ခန်း (Left ventricle) နှင့် ဆက်နေရမည့်အစား ညာဘက်အောက် သွေးလွှတ်ခန်း (Right ventricle) နှင့် သွားရောက်ဆက်သွယ်သည်။ အဆုတ်သွေးလွှတ်ကြောမကြီး (Pulmonary Artery) သည် ညာဘက်အောက် သွေးလွှတ်ခန်းနှင့် ဆက်နေရမည့်အစား ဘယ်ဘက်အောက် သွေးလွှတ်ခန်းနှင့် သွားရောက်ဆက်သွယ်သည်။ တစ်ခါတစ်ရံတွင် TGA သည် အောက်ဖော်ပြပါ နှလုံးရောဂါအခြေအနေများနှင့်လည်း တွဲဖက်ဖြစ်ပွါးတတ်သည်ကို တွေ့ရှိရသည်။

  • နှလုံး ဘယ်၊ ညာ သွေးဝင်ခန်းနံရံတွင် အပေါက်ပါခြင်း (Atrial Septal Defect – ASD)
  • နှလုံး ဘယ်၊ ညာ သွေးလွှတ်ခန်းနံရံတွင် အပေါက်ပါခြင်း (Ventricular Septal Defect – VSD)
  • မွေးရာပါ နှလုံးသွေးကြောလမ်းကြောင်း အပိုပွင့်နေခြင်း (Patent Ductus Arteriosus – PDA)
TGA အမျိုးအစားများ

TGA အမျိုးအစား (၂) မျိုးရှိသည်။

  1. Dextro-transposition of the great arteries (D-TGA)
  2. Levo-transposition of the great arteries (L-TGA)

Dextro-transposition of the great arteries (D-TGA)
ဤအခြေအနေတွင် နှလုံးမှထွက်သော အဓိကသွေးလွှတ်ကြောမကြီးနှစ်ခု၏ တည်နေရာသည် ပြောင်းပြန်ဖြစ်နေပြီး TGA အမျိုးအစားများထဲတွင် အဖြစ်အများဆုံးပုံစံဖြစ်သည်။ အဆုတ်သွေးလွှတ်ကြောမကြီး (Pulmonary Artery) သည် ဘယ်ဘက်အောက် သွေးလွှတ်ခန်းနှင့် ဆက်နေပြီး နှလုံးသွေးလွှတ်ကြောမကြီး (Aorta) သည် ညာဘက်အောက် သွေးလွှတ်ခန်းနှင့် ဆက်နေသည်။ ထို့သို့ နေရာလွဲသွားခြင်းကြောင့် နှလုံး ဘယ်ဘက်အခြမ်းနှင့် ညာဘက်အခြမ်းတွင် သွေးစီးဆင်းဆက်သွယ်မှုများ လုံးဝပြတ်တောက်သွားမည်ဖြစ်သည်။ ကိုယ်ခန္ဓာအနှံ့မှ နှလုံးအတွင်းသို့ ပြန်ဝင်လာသော အောက်ဆီဂျင်နည်းသော သွေးများသည် ညာဘက်အောက် သွေးလွှတ်ခန်းမှတစ်ဆင့် အဆုတ်သို့ မစီးဆင်းတော့သဖြင့် အဆုတ်အတွင်း၌ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် အောက်ဆီဂျင် လဲလှယ်မှု (Gaseous exchange) လည်း ပြုလုပ်ခွင့်မရတော့ဘဲ ခန္ဓာကိုယ်အနှံ့သို့သာ ထိုသွေးများ ပြန်လည်ရောက်ရှိသွားသည်။ ထို့အပြင် အဆုတ်မှ နှလုံးအတွင်းသို့ ပြန်လာသော အောက်ဆီဂျင်ကြွယ်ဝသော သွေးများသည်လည်း ခန္ဓာကိုယ်အနှံ့သို့ မရောက်ဘဲ အဆုတ်ထဲသို့သာ ပြန်လည်စီးဆင်း ရောက်ရှိနေမည်ဖြစ်သည်။

ထိုအချိန်တွင် နှလုံးတွင် ဘယ်အခြမ်းနှင့် ညာအခြမ်းမှ သွေးများရောနှောနိုင်မည့် အခြေအနေများဖြစ်သည့် နှလုံးသွေးဝင်ခန်းနံရံတွင် အပေါက်ပါခြင်း (Atrial Septal Defect – ASD)၊ မွေးရာပါ နှလုံးသွေးကြောလမ်းကြောင်း အပိုပွင့်နေခြင်း (Patent Ductus Arteriosus – PDA) နှင့် နှလုံးသွေးလွှတ်ခန်းနံရံတွင် အပေါက်ပါခြင်း (Ventricular Septal Defect – VSD) ရှိနေမှသာ ကလေးအသက်ရှင်နိုင်မည်ဖြစ်သည်။ ထိုအပေါက်များ မရှိပါက ခန္ဓာကိုယ်သည် အောက်ဆီဂျင်ကြွယ်ဝသော သွေးကို မရရှိနိုင်တော့ဘဲ ချက်ချင်းအသက်အန္တရာယ် ရှိနိုင်သော အခြေအနေသို့ ဖြစ်လာနိုင်သည်။ ထို့ကြောင့် မွေးဖွားပြီးပြီးချင်း သို့မဟုတ် အသက် (၁) နှစ်မပြည့်မီတွင် အရေးပေါ် ခွဲစိတ်ကုသမှု ခံယူရန် လိုအပ်နိုင်သည်။

Levo-transposition of the great arteries (L-TGA)
ဤအမျိုးအစားမှာ အဖြစ်နည်းသည်။ သွေးလွှတ်ကြောမကြီးနှစ်ခု နေရာလွဲခြင်းအပြင် နှလုံး၏ အောက်ဘက် သွေးလွှတ်ခန်းနှစ်ခုသည်လည်း နေရာပြောင်းပြန် ဖြစ်နေသောကြောင့် ထိုအခြေအနေကို မွေးရာပါ လမ်းကြောင်းမှန် သွေးကြောမကြီးများ နေရာလွဲခြင်း (Congenitally corrected TGA) ဟုလည်း ခေါ် သည်။ ဘယ်ဘက်အောက် သွေးလွှတ်ခန်း (Left ventricle) သည် နှလုံး၏ ညာဘက်ခြမ်းသို့ ရောက်နေပြီး ညာဘက်အောက် သွေးလွှတ်ခန်း (Right ventricle) သည် နှလုံး၏ ဘယ်ဘက်ခြမ်းသို့ ရောက်နေသည်။ ဤအခြေအနေတွင် သွေးလှည့်ပတ်မှုသည် လမ်းကြောင်းမှန်အတိုင်း စီးဆင်းနိုင်သော်လည်း ရေရှည်တွင် နှလုံးမှ သွေးညှစ်ထုတ်ရာ၌ အခက်အခဲရှိလာနိုင်သည်။ နှလုံးညာဘက်အခြမ်းတွင် ဖိအားအလွန်များလာပြီး နှလုံးညာဘက်ခြမ်း၏ သွေးဝင်ခန်းနှင့် သွေးလွှတ်ခန်းကြားရှိ အဆို့ရှင် (Tricuspid valve) သည်လည်း ပုံမှန်အတိုင်း လုပ်ဆောင်နိုင်ခြင်း မရှိတော့ဘဲ ထိခိုက်ပျက်စီးနိုင်ခြေရှိသည်။ L-TGA အမျိုးအစားသည် အခြားသော နှလုံးချို့ယွင်းချက်များ မပါရှိပါက ငယ်စဉ်ဘဝတွင် ခွဲစိတ်ရနိုင်ခြေနည်းသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

သွေးလွှတ်ကြောမကြီးများ နေရာလွဲပြောင်းပြန်ဖြစ်ခြင်း (Transposition of the Great Arteries – TGA) ဖြစ်ပေါ်ရသော အကြောင်းရင်းကို သေချာမသိနိုင်ပါ။ သို့သော် အခြားသော မွေးရာပါ နှလုံးရောဂါများကဲ့သို့ပင် မျိုးဗီဇပြောင်းလဲမှု သို့မဟုတ် ကိုယ်ဝန်ဆောင်စဉ်အတွင်း အဆိပ်အတောက်များနှင့် ထိတွေ့မိခြင်းတို့ကြောင့် ဖြစ်နိုင်သည်။ အောက်ပါအခြေအနေများ ကိုယ်ဝန်ဆောင်စဉ်အတွင်း ဖြစ်ပွါးခဲ့ပါက TGA ရောဂါဖြစ်နိုင်ခြေ ပိုများသည်။ ၎င်းတို့မှာ_

  • မိသားစုတွင် မွေးရာပါ နှလုံးရောဂါရှိဖူးခြင်း
  • ကိုယ်ဝန်ဆောင်စဉ်အတွင်း မိခင်တွင် ဂျိုက်သိုးရောဂါ (Rubella) ဖြစ်ခဲ့ဖူးခြင်း
  • ကိုယ်ဝန်ဆောင်မိခင်တွင် ဆီးချိုရောဂါအခံရှိပြီး ကိုယ်ဝန်မဆောင်မီနှင့် ကိုယ်ဝန်ဆောင်စဉ် ကာလများအတွင်း သွေးတွင်းသကြားဓာတ်ပမာဏ ပုံမှန်ဖြစ်အောင် မထိန်းနိုင်ခြင်း
  • သန္ဓေသားကို ထိခိုက်စေသော ဆေးဝါးများ သောက်သုံးမိခြင်း (ဥပမာ _ ဝက်ခြံပျောက်ဆေးများနှင့် အချို့သောအတက်ကျဆေး၊ စိတ်ရောဂါကုဆေးများ)
  • ကိုယ်ဝန်ဆောင်စဉ်အတွင်း ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း သို့မဟုတ် မူးယစ်ဆေးဝါးများသုံးစွဲခြင်း
  • ကိုယ်ဝန်ဆောင်စဉ်အတွင်း အချို့ဓာတုဗေဒပစ္စည်းများ၊ အိမ်သုတ်ဆေးများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေးများနှင့် ထိတွေ့ခြင်း စသည့်တို့ဖြစ်သည်။
ရောဂါလက္ခဏာများ

TGA ၏ ရောဂါလက္ခဏာများသည် များသောအားဖြင့် ကလေးမွေးဖွားပြီးနောက် ပထမနာရီအနည်းငယ် သို့မဟုတ် ရက်အနည်းငယ်အတွင်းမှာပင် ဖြစ်ပေါ်လာတတ်သည်။ ကလေးငယ်များတွင် အောက်ပါလက္ခဏာများ ပြသနိုင်သည်။ ၎င်းတို့မှာ_

  • အသားအရောင် ပြာနှမ်းခြင်း (Cyanosis)
  • အောက်ဆီဂျင်ကြွယ်ဝသောသွေးကို လုံလောက်စွာ မရရှိသည့်အတွက် အသားအရေ၊ နှုတ်ခမ်းနှင့် လက်သည်းများ ပြာနှမ်းလာခြင်း
  • အသက်ရှူ မြန်ခြင်း သို့မဟုတ် အသက်ရှူရ ခက်ခဲခြင်း
  • အစာစားချင်စိတ် နည်းပါးခြင်း
  • နို့စို့ရ ခက်ခဲခြင်း၊ အစာကျွေးရ ခက်ခဲခြင်း
  • နှလုံးခုန်နှုန်း အလွန်မြန်ခြင်း
  • ကိုယ်အလေးချိန် တက်သင့်သလောက် မတက်ခြင်း
  • သွေးခုန်နှုန်း အားနည်းခြင်း စသည်တို့ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ

နောက်ဆက်တွဲပြဿနာများသည် သွေးလွှတ်ကြောမကြီးများ နေရာလွဲပြောင်းပြန်ဖြစ်ခြင်း (TGA) အမျိုးအစားပေါ်တွင် မူတည်သည်။

D-TGA တွင် ဖြစ်ပွါးနိုင်သော နောက်ဆက်တွဲ ပြဿနာများ
  • ခန္ဓာကိုယ်ရှိ တစ်ရှူးများဆီသို့ အောက်ဆီဂျင် လုံလောက်စွာ မရောက်ရှိခြင်း
    နှလုံးအတွင်း၌ အောက်ဆီဂျင်ကြွယ်ဝသောသွေးနှင့် အောက်ဆီဂျင်နည်းသောသွေးများ ရောနှောစီးဆင်းနိုင်သည့် အခြေအနေမျိုး မရှိပါက ဤနောက်ဆက်တွဲပြဿနာကြောင့် အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်သည်။
L-TGA တွင် ဖြစ်ပွါးနိုင်သော နောက်ဆက်တွဲ ပြဿနာများ
  • နှလုံးခုန်နှုန်း ရပ်တန့်ခြင်း (Complete heart block)
    သွေးလွှတ်ကြောကြီးများ နေရာလွဲနေခြင်းကြောင့် နှလုံးခုန်ရန် ညွှန်ကြားပေးသည့် လျှပ်စစ်စီးကြောင်းများ စီးဆင်းမှုကို ပြောင်းလဲစေနိုင်ပြီး လျှပ်စစ်စီးကြောင်းများအားလုံး ပြတ်တောက်သွားပါက နှလုံးခုန်နှုန်းရပ်တန့်ခြင်း ဖြစ်နိုင်သည်။
  • နှလုံးအဆို့ရှင်ရောဂါ (Valvular heart disease)
    L-TGA တွင် နှလုံးညာဘက်အခြမ်း၏ သွေးဝင်ခန်းနှင့် သွေးလွှတ်ခန်း ကြားရှိ အဆို့ရှင် (Tricuspid valve) သည် လုံအောင် မပိတ်နိုင်ခြင်းကြောင့် သွေးများသည် လမ်းကြောင်းမှားပြီး နောက်သို့ ပြန်၍ စီးဆင်းတတ်သည်။ ဤအခြေအနေကို အဆို့ရှင်မလုံခြင်း (Tricuspid valve regurgitation) ဟု ခေါ်ပြီး ထိုသို့ ဖြစ်ခြင်းကြောင့် နှလုံးမှ သွေးညှစ်ထုတ်ရန် ပိုမိုခက်ခဲစေသည်။
  • နှလုံးလုပ်ငန်းပျက်စီးခြင်း (Heart failure)
    L-TGA တွင် နှလုံး၏ ညာဘက်အောက် သွေးလွှတ်ခန်းသည် ပုံမှန်ထက်ပိုသော ဖိအားဖြင့် သွေးများကို ညှစ်ထုတ်နေရသောကြောင့် အချိန်ကြာလာသည်နှင့်အမျှ နှလုံးကြွက်သားများ အားနည်းလာပြီး နှလုံးပျက်စီးခြင်း ဖြစ်ပွါးနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်၊ ကလေးအထူးကုဆရာဝန်များနှင့် ပြသတိုင်ပင်ရန်လိုသည်။ ထိုမှတစ်ဆင့် သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

အကယ်၍ ပြင်းထန်မွေးရာပါ နှလုံးရောဂါ လက္ခဏာများ တွေ့ရှိရပါက အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှု သို့မဟုတ် ခွဲစိတ်ကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသကုသမှု ခံယူရန်လိုသည်။

ရောဂါရှာဖွေခြင်း

သွေးလွှတ်ကြောမကြီးများ နေရာလွဲပြောင်းပြန်ဖြစ်ခြင်း (Transposition of the Great Arteries – TGA) ရှိသည်ဟု သံသယရှိပါက အောက်ပါနည်းလမ်းများဖြင့် ရောဂါရှာဖွေနိုင်သည်။

  1. သွေးတွင်းအောက်ဆီဂျင်တိုင်းစက်ဖြင့် တိုင်းတာခြင်း
  2. အီးစီဂျီ (ECG) ဆွဲခြင်း – နှလုံးနရီစီးချက်အခြေအနေကို သိရှိနိုင်သည်
  3. ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း – နှလုံးနှင့်သွေးကြောပုံရိပ်များကို ကြည့်၍ ရောဂါခန့်မှန်းခြင်း၊ နှလုံးနှင့်အဆုတ်အခြေအနေများကို ကြည့်ရှူခြင်း
  4. အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက်ဖြင့် စမ်းသပ်ခြင်း (Echocardiogram)
    ရောဂါရှာဖွေရာတွင် အသုံးပြုသည့် အဓိကစစ်ဆေးမှုတစ်ခုဖြစ်သည်။ အသံလှိုင်းများကို အသုံးပြု၍ နှလုံးပုံရိပ်များကိုဖမ်းယူပြီး နှလုံးအခန်းများနှင့် နှလုံးအဆို့ရှင်အခြေအနေများ၊ နှလုံးအတွင်း သွေးစီးဆင်းမှုများကိုလည်း ကြည့်ရှုနိုင်သည်။
  5. သံလိုက်ဓာတ်မှန်ဖြင့် နှလုံးစမ်းသပ်ခြင်း (Cardiac MRI) – သံလိုက်စက်ကွင်းနှင့် ရေဒီယိုလှိုင်းများကို အသုံးပြု၍ နှလုံးပုံရိပ်များကို အသေးစိတ်ပုံဖော်ကြည့်ရှုနိုင်သည်
  6. နှလုံးနှင့်သွေးကြော ပိုက်သွင်းစမ်းသပ်ခြင်း (Cardiac catheterization)
  7. မိခင်၏ဝမ်းတွင်း သန္ဓေသားလောင်းဘဝ (၁၈)ပတ် မှ (၂၂)ပတ်အတွင်း သန္ဓေသားလောင်း ကိုယ်လက်အင်္ဂါ ပြည့်စုံခြင်း ရှိမရှိ သိရှိရန် ရိုက်ကူးနိုင်သော သန္ဓေသားအာထရာဆောင်း (Fetal Anomalies Scan) ဖြင့်လည်း သန္ဓေသားလောင်း၏ နှလုံးဖွဲ့စည်းပုံ၊ သွေးလှည့်ပတ်မှုစသည်တို့ကို ကြည့်ရှုစစ်ဆေးပြီးအချို့သော မွေးရာပါ နှလုံးရောဂါများကို ကြိုတင်သိရှိနိုင်သည်။
ကုသခြင်း

သွေးလွှတ်ကြောမကြီးများ နေရာလွဲပြောင်းပြန်ဖြစ်ခြင်းအတွက် ကုသမှုသည် TGA အမျိုးအစားပေါ်တွင် မူတည်သည်။

D-TGA ရှိသော ကလေးငယ်များတွင် နှလုံးနှင့် အဆုတ်အတွင်းရှိ သွေးလှည့်ပတ်မှု ပုံမှန်အတိုင်း ပြန်ဖြစ်စေရန် ပုံမှန်အားဖြင့် မွေးဖွားပြီး ပထမ ရက်သတ္တပတ် အနည်းငယ်အတွင်း ခွဲစိတ်ကုသမှု ခံယူရန် လိုအပ်သည်။ ကုသမှုမခံယူပါက D-TGA ရှိသော ကလေးအများစုမှာ သက်တမ်းတစ်နှစ်ထက် ပို၍ အသက်ရှင်ရန် ခက်ခဲသည်။ အချို့သော ကလေးငယ်များသည် ခွဲစိတ်ရန် အဆင်သင့်မဖြစ်မီအထိ နှလုံးပိုမိုကောင်းမွန်စွာ အလုပ်လုပ်နိုင်စေရန် ဆေးဝါးများ သို့မဟုတ် နှလုံးပိုက်ထည့်ခြင်းကဲ့သို့သော ကုသမှုများကို ခံယူရတတ်သည်။

L-TGA အတွက် ကုသမှုသည် ရောဂါရှာဖွေတွေ့ရှိသောအချိန်နှင့် အခြားသော မွေးရာပါ နှလုံးချို့ယွင်းချက်များ တွဲဖက်ပါရှိမှုစသည့်တို့ အပေါ်တွင် မူတည်သည်။

ဆေးဝါးများဖြင့်ကုသခြင်း

နှလုံးပြုပြင်သည့် ခွဲစိတ်မှုမပြုလုပ်မီ သွေးစီးဆင်းမှု များလာစေရန် Prostaglandin ဟုခေါ်သောဆေး ပေးနိုင်သည်။ ထိုဆေးသည် အောက်ဆီဂျင်နည်းသောသွေးနှင့် အောက်ဆီဂျင်ကြွယ်ဝသောသွေးများကို ပိုမိုရောနှောသွားစေရန် ကူညီပေးပြီး အောက်ဆီဂျင်ကြွယ်ဝသော သွေးများကို ခန္ဓာကိုယ်သို့ ပိုမိုရောက်ရှိစေနိုင်သည်။ လိုအပ်ပါက ကလေး၏ နှလုံးနှင့် အဆုတ်ကို အထောက်အကူပြုနိုင်သော ကုသမှုများဖြစ်သည့် အောက်ဆီဂျင်ပေးခြင်း သို့မဟုတ် အသက်ရှူကူစက် အသုံးပြုခြင်းများဖြင့် ကုသနိုင်သည်။

ထို့ပြင် TGA ခွဲစိတ်မှု ပြုလုပ်ပြီးသည့်နောက်တွင် နှလုံးလုပ်ဆောင်ချက်များ ပိုမိုကောင်းစေရန် နှလုံးခုန်နှုန်းး ထိန်းညှိဆေးများ၊ သွေးပေါင်ထိန်းညှိဆေးများနှင့် ဆီးဆေးများကို ပေးရတတ်သည်။

ခွဲစိတ်ကုသခြင်း

ခွဲစိတ်ကုသမှုများတွင် အောက်ပါတို့ ပါဝင်သည်။

  • နှလုံး အပေါ်သွေးဝင်ခန်းနံရံ၌ အပေါက်ဖောက်ပေးခြင်း (Atrial Septostomy)
    • အချို့သောအခြေအနေများတွင် ကလေးမွေးဖွားပြီး နာရီပိုင်းအတွင်း အဆိုပါ ခွဲစိတ်ကုသမှုနည်းလမ်းကို ယာယီအနေဖြင့် အသုံးပြုရတတ်သည်
    • ထိုနည်းလမ်းသည် သေးငယ်ပြီး ပျော့ပျောင်းသော ပိုက် (Catheter) ကို အသုံးပြု၍ နှလုံးအပေါ်သွေးဝင်ခန်းနှစ်ခုကြားတွင် အပေါက်တစ်ခု ဖောက်ပေးခြင်း သို့မဟုတ် ပါရှိပြီးသားအပေါက်ကို ပိုမို ချဲ့ပေးခြင်းဖြင့် အောက်ဆီဂျင်ကြွယ်ဝသော သွေးများကို ခန္ဓာကိုယ်သို့ ပိုမိုရောက်ရှိစေနိုင်သည်
    • အဆိုပါ ခွဲစိတ်ကုသမှု ပြုလုပ်ထားသော ကလေးငယ်များသည်လည်း နောက်ပိုင်းတွင် TGA ပြုပြင်သည့် အဓိကခွဲစိတ်မှုကို ခံယူရန် လိုအပ်သည်
  • သွေးလွှတ်ကြောမကြီးများကို လမ်းကြောင်းမှန်စေရန် ခွဲစိတ်ပြုပြင်ပေးခြင်း (Arterial Switch Operation)
    • အဆိုပါခွဲစိတ်မှုသည် TGA အခြေအနေအတွက် အသုံးအများဆုံး ဖြစ်ပြီး ရင်ညွန့်ရိုးကို ဖြတ်တောက်၍ ရင်ဘတ်ဖွင့်ကာ နှလုံးကို ခွဲစိတ်ရသော ခွဲစိတ်ကုသမှုဖြစ်သည်
    • အဓိကသွေးလွှတ်ကြောမကြီးနှစ်ခုကို ၎င်းတို့၏ နေရာမှန်များဖြစ်သည့် အဆုတ်သွေးလွှတ်ကြောမကြီး (Pulmonary artery) နှင့် ညာဘက်အောက် သွေးလွှတ်ခန်း၊ ထို့နောက် ပင်မသွေးလွှတ်ကြောမကြီး (Aorta) နှင့် ဘယ်ဘက်အောက် သွေးလွှတ်ခန်း စသည်ဖြင့် အသီးသီး ပြန်ဆက်ပေးခြင်းဖြစ်သည်
    • ထို့အပြင် နှလုံးကိုထောက်ပံ့နေသော သွေးကြောများ (Coronary arteries) ကိုပါ အတူတကွ ပြောင်းရွှေ့ပေးရသော ခွဲစိတ်ကုသမှုဖြစ်သည်
  • နှလုံးအပေါ်သွေးဝင်ခန်း လမ်းကြောင်းလွှဲ ခွဲစိတ်ကုသခြင်း (Atrial Switch Operation)
    • အဆိုပါနည်းလမ်းသည် နှလုံး၏ အပေါ် သွေးဝင်ခန်း (Atria) နေရာတွင် သွေးစီးဆင်းသော လမ်းကြောင်းကို Baffle ဟုခေါ်‌သော နံရံကို အသုံးပြု၍ လမ်းကြောင်းလွှဲပေးခြင်းဖြစ်သည်
    • ထို့ကြောင့် ခန္ဓာကိုယ်မှလာသော အောက်ဆီဂျင်နည်းသော သွေးများကို ဘယ်ဘက်အောက် သွေးလွှတ်ခန်းသို့ လမ်းကြောင်းလွှဲပေး၍ ထိုမှတစ်ဆင့် အဆုတ်သို့ ပို့ဆောင်ပေးသည်
    • အဆုတ်မှလာသော အောက်ဆီဂျင်ကြွယ်ဝသော သွေးများကို ညာဘက်အောက် သွေးလွှတ်ခန်းသို့ လမ်းကြောင်းလွှဲပေး၍ ထိုမှတစ်ဆင့် ခန္ဓာကိုယ်သို့ ပို့ဆောင်ပေးသည်
    • ထိုသို့ခွဲစိတ်ခြင်းဖြင့် သွေးလွှတ်ခန်းများနှင့် သွေးကြောမကြီးများသည် ပုံမှန်မဟုတ်သော နေရာများတွင် ရှိနေသော်လည်း သွေးလှည့်ပတ်မှုစနစ်မှာမူ မှန်ကန်သွားမည်ဖြစ်သည်
  • Rastelli Operation
    • အကယ်၍ TGA တွင် နှလုံးသွေးလွှတ်ခန်းနံရံ၌ အပေါက်ပါခြင်း (Ventricular Septal Defect – VSD) တွဲ၍ရှိနေပါက အဆိုပါခွဲစိတ်မှုကို ပြုလုပ်သည်
    • နှလုံးသွေးလွှတ်ခန်းနံရံရှိ အပေါက်ကို ပိတ်ပြီး ဘယ်ဘက်အောက် သွေးလွှတ်ခန်းမှ သွေးများကို ပင်မသွေးလွှတ်ကြောမကြီး (Aorta) ဆီသို့ ဦးတည်စီးဆင်းစေရန် ပြုလုပ်ပေးသည်
    • ထို့အပြင် အဆို့ရှင်ပါသော ပြွန်ကို အသုံးပြု၍ ညာဘက် သွေးလွှတ်ခန်းနှင့် အဆုတ်သွေးလွှတ်ကြောမကြီး (Pulmonary Artery) ဆက်ပေးပြီး အောက်ဆီဂျင်နည်းသော သွေးများကို အဆုတ်သို့ ပို့ဆောင်စေသည်။
  • Double Switch Procedure
    • အဆိုပါခွဲစိတ်မှုသည် L-TGA ကို ကုသရာတွင် အသုံးပြုသော ရှုပ်ထွေးသည့် ခွဲစိတ်မှုဖြစ်သည်
    • ဘယ်ဘက်အောက် သွေးလွှတ်ခန်း၊ ပင်မသွေးလွှတ်ကြောမကြီး (Aorta) နှင့် ညာဘက်အောက် သွေးလွှတ်ခန်း၊ အဆုတ်သွေးလွှတ်ကြောမကြီး (Pulmonary Artery) တို့ကို ပုံမှန်နေရာသို့ ခွဲစိတ်ပြောင်းလဲပေးခြင်းဖြစ်သည်
TGA ခွဲစိတ်မှုအပြီး နောက်ဆက်တွဲပြဿနာများ

တစ်ခါတစ်ရံ TGA ခွဲစိတ်မှုအပြီးတွင် နှလုံးလုပ်ဆောင်ချက်ဆိုင်ရာ ပြဿနာများ သို့မဟုတ် နှလုံးခုန်နှုန်းမမှန်ခြင်း (Arrhythmia) ပြဿနာများကို တွေ့ရှိရနိုင်သည်။ ထို့အတွက်ကြောင့် အောက်ပါ နောက်ဆက်တွဲပြဿနာများကို ကုသရန် ဆေးဝါးများ လိုအပ်နိုင်သည်။

  • သွေးပေါင်ချိန် ထိန်းညှိခြင်း
  • ခန္ဓာကိုယ်အတွင်းရှိ ပိုလျှံနေသော အရည်များကို ဖယ်ရှားခြင်း
  • နှလုံးမှ သွေးညှစ်ထုတ်မှု ပိုမိုကောင်းမွန်စေခြင်း
  • နှလုံးခုန်နှုန်းမမှန်ခြင်းအတွက် စက်ထည့်ခြင်း (အကယ်၍ နှလုံးခုန်နှုန်းအလွန်နှေးပါက နှလုံးခုန်နှုန်းထိန်းစက် – Pacemaker ကို အသုံးပြုနိုင်သည်)

သွေးလွှတ်ကြောမကြီးများ နေရာလွဲပြောင်းပြန်ဖြစ်ခြင်း (TGA) နှင့် မွေးဖွားလာသော ကလေးငယ်များသည် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများ ရေရှည် တစ်သက်လုံးခံယူရန် လိုအပ်သည်။ တိုးတက်လာသော ခွဲစိတ်ကုသမှုများကြောင့် TGA ရှိသူများသည် အရွယ်ရောက်သည့်တိုင် ရှင်သန်နေထိုင်နိုင်ကြပြီဖြစ်သည်။

ကာကွယ်ခြင်း

မွေးရာပါနှလုံးရောဂါ ဖြစ်ပွါးစေသည့် အဓိကအကြောင်းရင်းများကို သေချာစွာ မသိရှိသေးသောကြောင့် ကာကွယ်နိုင်သည့် နည်းလမ်းအတိအကျ မရှိပါ။ သို့သော် အောက်ပါအချက်များကို လိုက်နာခြင်းဖြင့် ‌နောက်ဆက်တွဲပြဿနာများကို လျော့နည်းစေနိုင်သည်။

  • ကိုယ်ဝန်ရှိသည်ဟု သိရှိရသည့်အချိန်မှစ၍ ဆရာဝန် သို့မဟုတ် သားဖွားဆရာမများထံ၌ ကိုယ်ဝန်အပ်နှံ၍ ပုံမှန်စစ်ဆေးမှု ခံယူခြင်း
  • သင့်တော်သော ကိုယ်ဝန်ဆောင်အားဆေးများနှင့် ဖောလစ်အက်ဆစ် နေ့စဉ်ပုံမှန်သောက်သုံးခြင်း (ထိုသို့သောက်သုံးခြင်းသည် ကလေးငယ်၏ ဦးနှောက်နှင့် အာရုံကြောမကြီးဆိုင်ရာ ပြဿနာများကို လျော့နည်းစေရုံသာမက နှလုံးရောဂါဖြစ်ပွါးနိုင်ခြေကိုလည်း လျှော့ချပေးနိုင်ကြောင်း တွေ့ရှိရသည်)
  • အရက်၊ မူးယစ်ဆေးများနှင့် ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်ခြင်း (ဆေးလိပ်ရှောင်ကြဉ်ရာတွင် အိမ်ရှိ အတူနေမိသားစုဝင်များပါ ရှောင်ကြဉ်ရန် လိုအပ်သည်)
  • မိခင်လောင်းတွင် ဂျိုက်သိုးရောဂါဖြစ်ပွါးခဲ့ဖူးခြင်း သို့မဟုတ် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး ထိုးနှံခဲ့ဖူးခြင်းမရှိပါက ကိုယ်ဝန်မဆောင်မီ တစ်လအလို၌ ကာကွယ်ဆေးထိုးနှံခြင်း (ငယ်စဉ်မှစ၍ ကာကွယ်ဆေးများအားလုံး ထိုးနှံသင့်သည်)
  • ဆီးချိုရောဂါအခံရှိပါက ကိုယ်ဝန်ဆောင်ကာလ မတိုင်မီကပင် သေချာစွာ ကုသမှုခံယူခြင်း
  • လုပ်ငန်းခွင် သို့မဟုတ် ပတ်ဝန်းကျင်မှ ကိုယ်ဝန်ကို ထိခိုက်စေသော ပစ္စည်းများ (ဓာတ်ရောင်ခြည်များ၊ အချို့ဓာတုဗေဒပစ္စည်းများ၊ အိမ်သုတ်ဆေးများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေးများ) နှင့် ထိတွေ့မှုမရှိအောင် ရှောင်ကြဉ်ခြင်း
  • ဆရာဝန်ညွှန်ကြားချက်မရှိပဲ ဆေးဝါးများသောက်သုံးခြင်းမှ ရှောင်ကြဉ်ခြင်း
  • မိသားစုဝင်ထဲတွင် မွေးရာပါ နှလုံးရောဂါရာဇဝင် ရှိဖူးပါက ကိုယ်ဝန်မယူမီ ကြိုတင်၍ မျိုးဗီဇဆိုင်ရာ အကြံပေးပညာရှင် (Genetic counselor) နှင့် မွေးရာပါ နှလုံးချို့ယွင်းချက်များအကြောင်း တိုင်ပင်ဆွေနွေးခြင်းတို့ဖြစ်သည်။

References:

  1. Mayo Clinic. (n.d.). Transposition of the great arteries. Retrieved April 27, 2026, from https://www.mayoclinic.org/diseases-conditions/transposition-of-the-great-arteries/symptoms-causes/syc-20350589
  2. Cleveland Clinic. (n.d.). Transposition of the great arteries. Retrieved April 27, 2026, from https://my.clevelandclinic.org/health/diseases/23387-transposition-of-the-great-arteries
  3. Johns Hopkins Medicine. (n.d.). Transposition of the great arteries (TGA). Retrieved April 27, 2026, from https://www.hopkinsmedicine.org/health/conditions-and-diseases/transposition-of-the-great-arteries-tga
  4. StatPearls Publishing. (n.d.). Transposition of the great arteries. Retrieved April 27, 2026, from https://www.ncbi.nlm.nih.gov/books/NBK538434/
  5. Boston Children’s Hospital. (n.d.). Transposition of the great arteries. Retrieved April 27, 2026, from https://www.childrenshospital.org/conditions-treatments/transposition-great-arteries

Published: 24 May 2026

Share

24 May 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.