ပုံမှန်အားဖြင့် နှလုံးတွင် အခန်း (၄) ခန်း (သွေးဝင်ခန်း ၂ ခန်း၊ သွေးလွှတ်ခန်း ၂ ခန်း)၊ အဆို့ရှင် (၄)ခု (ညာဘက်တွင် ၂ခု၊ ဘယ်ဘက်တွင် ၂ခု) ရှိသည်။ နှလုံးအဆို့ရှင် (၄) ခုမှာ_
- ဘယ်ဘက်သွေးဝင်ခန်းနှင့် ဘယ်ဘက်သွေးလွှတ်ခန်း ကြားတွင်ရှိသော အဆို့ရှင် – Mitral valve
- ညာဘက်သွေးဝင်ခန်းနှင့် ညာဘက်သွေးလွှတ်ခန်း ကြားတွင်ရှိသော အဆို့ရှင် – Tricuspid valve
- ဘယ်ဘက်သွေးလွှတ်ခန်းနှင့် နှလုံးသွေးကြောမကြီး ကြားတွင်ရှိသော အဆို့ရှင် – Aortic valve
- ညာဘက်သွေးလွှတ်ခန်းနှင့် အဆုတ်သွေးလွှတ်ကြော ကြားတွင်ရှိသော အဆို့ရှင် – Pulmonary valve တို့ဖြစ်သည်။
ခန္ဓာကိုယ်အနှံ့မှ ပြန်လာသော အောက်ဆီဂျင်နည်းသည့် သွေးများသည် နှလုံး၏ညာဘက်သွေးဝင်ခန်းသို့ ရောက်ရှိလာပြီး အဆို့ရှင် (Tricuspid valve) ကို ဖြတ်၍ ညာဘက်သွေးလွှတ်ခန်းသို့ ရောက်ရှိသည်။ ထိုမှတစ်ဆင့် သွေးများသည် အဆို့ရှင် (Pulmonary valve) ကို ဖြတ်၍ အဆုတ်သွေးလွှတ်ကြောမှတစ်ဆင့် အောက်ဆီဂျင်ရရှိရန် အဆုတ်ထံသို့ ရောက်ရှိသည်။ တစ်ဖန် အဆုတ်မှ အောက်ဆီဂျင်ပြည့်ဝသော သွေးများသည် အဆုတ်သွေးပြန်ကြောမှ သက်ဆိုင်ရာအဆို့ရှင်များကို ဖြတ်သန်း၍ နှလုံး၏ ဘယ်ဘက်သွေးဝင်ခန်းကို ဖြတ်ကာ ဘယ်ဘက်သွေးလွှတ်ခန်းသို့ ရောက်ရှိသည်။ ထို့နောက် နှလုံးသွေးကြောမကြီးမှတစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံးသို့ ပို့ဆောင်ပေးသည်။
နှလုံးအဆို့ရှင် တစ်ခုချင်းစီတွင် နှလုံးတစ်ချက်ခုန်လိုက်တိုင်း အဖွင့်၊ အပိတ် ပြုလုပ်ပေးသည့် သေးငယ်သော တစ်ရှူးအဖတ်ကလေးများ (Leaflets) နှစ်ခု သို့မဟုတ် သုံးခုပါရှိသည်။ ထိုအဖတ်ကလေးများ အဖွင့်၊ အပိတ် ကောင်းစွာမလုပ်နိုင်သောအခါ နှလုံးမှတစ်ဆင့် ကျန်သော ခန္ဓာကိုယ်အစိတ်အပိုင်းများသို့ သွေးစီးဆင်းမှု နည်းသွားသည်။
နှလုံးအဆို့ရှင်ဆိုင်ရာ ရောဂါအမျိုးအစားများမှာ အောက်ပါအတိုင်းဖြစ်သည်။
- အဆို့ရှင် ကျဥ်းခြင်း (Valvular stenosis)
အဆို့ရှင်အဖတ်လေးများသည် မာပြီး တောင့်တင်းလာသောအခါ တစ်ခုနှင့်တစ်ခု စုပေါင်းပြီး အဆို့ရှင်အပေါက်ဝမှာ ကျဥ်းလာသဖြင့် သွေးစီးဆင်းမှု နည်းသွားစေသည်။ - အဆို့ရှင် မလုံခြင်း (Valvular regurgitation)
အဆို့ရှင်အဖတ်လေးများသည် လုံအောင် မပိတ်နိုင်သောအခါ သွေးများ နောက်ပြန်စီးဆင်းစေသည်။ - အဆို့ရှင် ကျွံခြင်း (Valve prolapse)
အဆို့ရှင်အဖတ်လေးများသည် ဆန့်ထွက်ပြီး ပျော့လာသောအခါ လေထီးသဖွယ် အနောက်သို့ ဖောင်းထွက်လာသည်။ ထိုမှတစ်ဆင့် အဆို့ရှင်မလုံခြင်းကို ဖြစ်ပေါ်စေသည်။ - အဆို့ရှင် ပိတ်ခြင်း (Valve atresia)
မွေးရာပါ နှလုံးအဆို့ရှင်အပေါက် ပုံမှန်အတိုင်း မဖြစ်ပေါ်သောအခါ နှလုံးအခန်းများအတွင်း သွေးစီးဆင်းမှုကို ပိတ်ဆို့စေသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ
နှလုံးအဆို့ရှင်ရောဂါ ဖြစ်နိုင်ခြေများသော အကြောင်းရင်းများမှာ_
- လေးဘက်နာရောဂါကို ထိရောက်သော ကုသမှုမခံယူခြင်းကြောင့် နှလုံးအဆို့ရှင် ထိခိုက်ပျက်စီးခြင်း
- နှလုံးအဆို့ရှင်တွင် ပိုးဝင်ခြင်း
- ရုတ်တရက် နှလုံးအမောဖောက်ပြီး အဆို့ရှင်များထိခိုက်ခြင်း
- နှလုံးသွေးကြောကျဥ်းခြင်း၊ ပိတ်ခြင်း
- သွေးပေါင်ချိန်တက်ခြင်း
- မွေးရာပါ အဆို့ရှင် ထိခိုက်ပျက်စီးခြင်း
- အသက်ကြီးသောအခါ နှလုံးအဆို့ရှင်တွင် ကယ်လ်ဆီယမ်များစုပုံပြီး အဆို့ရှင်ထိခိုက်ခြင်း
- သွေးကြောမကြီး ဖောင်းခြင်းတို့ကြောင့် ဖြစ်ပေါ်နိုင်သည်။
ရောဂါလက္ခဏာများ
နှလုံးအဆို့ရှင်ရောဂါများသည် အစောပိုင်းတွင် မည်သည့်လက္ခဏာမှ မပြဘဲ ရှိနေနိုင်သည်။ အချိန် ကြာလာသောအခါ နှလုံးအဆို့ရှင်များ ပိုမိုထိခိုက်လာပြီး သွေးစီးဆင်းမှု နည်းစေကာ အောက်ဖော်ပြပါ ရောဂါလက္ခဏာများ ဖြစ်ပေါ်လာသည်။
- လှုပ်ရှားမှု ပြုလုပ်လျှင် သို့မဟုတ် လဲလျောင်းသည့်အခါ မောခြင်း
- ရင်တုန်ခြင်း
- ခြေထောက် သို့မဟုတ် ဝမ်းဗိုက် ဖောရောင်ခြင်း
- မူးဝေခြင်း
- ရင်ဘတ်အောင့်ခြင်း
- နုံးနယ်ခြင်း
- ရောဂါပိုးဝင်ခြင်းကြောင့် ဖြစ်ပါက ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ကိုယ်လက်နာကျင်ကိုက်ခဲခြင်း တို့ဖြစ်ကြသည်။
နောက်ဆက်တွဲပြဿနာများ
နှလုံးအဆို့ရှင်ရောဂါများမှတစ်ဆင့် အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။
- နှလုံးအမောဖောက်ခြင်း
- နှလုံးအတွင်းနံရံ ပိုးဝင်ခြင်း
- လေဖြတ်ခြင်း
- သွေးခဲခြင်း
- နှလုံးခုန်စည်းချက် မမှန်ခြင်း
- အသက်သေဆုံးခြင်းအထိ ဖြစ်ပေါ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ခံစားရလျှင် မိသားစုဆရာဝန်များနှင့် ပြသတိုင်ပင်၍ စမ်းသပ်စစ်ဆေးမှုများပြုလုပ်ပြီး လိုအပ်လျှင် နှလုံးရောဂါ အထူးကုဆရာဝန်များ၊ နှလုံးခွဲစိတ် အထူးကုဆရာဝန်များ နှင့် လွှဲပြောင်းကုသပေးခြင်းများ ပြုလုပ်ပေးနိုင်သည်။
ရောဂါရှာဖွေခြင်း
နှလုံးအဆို့ရှင်ရောဂါကို ရှာဖွေရန် ရောဂါရာဇဝင်များ မေးမြန်းခြင်း၊ လူနာကို သေချာစွာစမ်းသပ်ခြင်း၊ နှလုံးကို နားကြပ်ဖြင့် သေချာစွာနားထောင်ခြင်းတို့ ပြုလုပ်ပြီး အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက်ဖြင့် စစ်ဆေးခြင်း (Echocardiogram) ဖြင့် ရှာဖွေနိုင်သည်။ ထို့ပြင် သွေးစစ်ဆေးခြင်း၊ ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း၊ နှလုံးအီးစီဂျီ (ECG) ဆွဲခြင်း၊ သံလိုက်ဓာတ်မှန်ရိုက်ခြင်း (Cardiac MRI)၊ ခန္ဓာကိုယ်လှုပ်ရှားနေစဥ် နှလုံးလုပ်ဆောင်ချက်ကို အီးစီဂျီဖြင့် စစ်ဆေးခြင်း (Exercise stress test)၊ နှလုံးသွေးကြော ပိုက်ထည့်စမ်းသပ်ခြင်း (cardiac catheterization) တို့ကိုလည်း လိုအပ်သလို ဆက်လက်ပြုလုပ်နိုင်သည်။
နှလုံးအဆို့ရှင်ရောဂါ အဆင့်သတ်မှတ်ခြင်း
နှလုံးအဆို့ရှင်ရောဂါ အဆင့်သတ်မှတ်ခြင်းသည် အသင့်တော်ဆုံးသော ဆေးကုသမှုပုံစံကို ဆုံးဖြတ်ရန် ကူညီပေးနိုင်သည်။ ရောဂါလက္ခဏာများ၊ ရောဂါပြင်းထန်မှု၊ အဆို့ရှင်များ၏ အနေအထား၊ နှလုံးနှင့်အဆုတ်တွင် သွေးစီးဆင်းမှု အစရှိသောအချက်များပေါ်တွင် မူတည်၍ အောက်ပါအတိုင်း အဆင့်သတ်မှတ်ထားသည်။
- အဆင့် A – ဖြစ်နိုင်ခြေရှိသောအဆင့် (at risk) – နှလုံးအဆို့ရှင်ရောဂါ ဖြစ်ပွားစေနိုင်သည့် စိုးရိမ်ရသောအချက်များ (risk factors) ရှိနေသည်
- အဆင့် B – တဖြည်းဖြည်း တိုးလာသောအဆင့် (Progressive) – အဆို့ရှင်ရောဂါ အပျော့စား သို့မဟုတ် အသင့်အတင့် အဆင့်ဖြစ်သည်၊ သို့သော် ရောဂါလက္ခဏာများ မပြသေးပါ
- အဆင့် C – ရောဂါလက္ခဏာမပြသေးသော်လည်း ပြင်းထန်သောအဆင့် (Asymptomatic severe)
- အဆင့် D – ရောဂါလက္ခဏာပြပြီး ပြင်းထန်သောအဆင့် (Symptomatic severe)
ကုသခြင်း
နှလုံးအဆို့ရှင်ရောဂါများကို ကုသရာတွင် အသက်အရွယ်၊ ထိခိုက်သော အဆို့ရှင်အမျိုးအစားများ၊ အဆို့ရှင်ရောဂါအဆင့်၊ ရောဂါလက္ခဏာနှင့် ပြင်းထန်မှုတို့ပေါ်မူတည်၍ အောက်ဖော်ပြပါကုသမှုများ ခံယူရန်လိုအပ်သည်။
- ဆေးဝါးဖြင့် ကုသခြင်း
- ခွဲစိတ်ကုသခြင်းတို့ဖြင့် ကုသမှုခံယူနိုင်သည်။
ဆေးဝါးဖြင့်ကုသခြင်း
ရောဂါလက္ခဏာများ သက်သာစေရန် ဆေးဝါးများ (ဥပမာ_နှလုံးခုန်မှန်စေသော ဆေးများ၊ သွေးပေါင်ထိန်းဆေး၊ သွေးတွင်း အဆီချဆေး၊ ဆီးဆေးများ) ကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်ရန်လိုအပ်သည်။ သွေးခဲခြင်းကို ကာကွယ်ရန် သွေးမခဲဆေးများကိုလည်း ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်ရန်လိုအပ်သည်။
ခွဲစိတ်ကုသခြင်း
နှလုံးအဆို့ရှင်ရောဂါကို ခွဲစိတ်ကုသရာတွင် နှလုံးကို ဖွင့်၍ ခွဲစိတ်ကုသနိုင်သကဲ့သို့ မှန်ပြောင်းဖြင့်လည်း ခွဲစိတ်ကုသနိုင်သည်။ အသက်အရွယ်၊ အခြေခံကျန်းမာရေးအခြေအနေနှင့် အဆို့ရှင်ရောဂါ အမျိုးအစားနှင့် အဆင့်ပေါ်မူတည်၍ အောက်ဖော်ပြပါ နည်းလမ်းများဖြင့် ခွဲစိတ်ကုသနိုင်သည်။
- နှလုံးအဆို့ရှင် ခွဲစိတ်ပြုပြင်ခြင်း (Heart valve repair)
- နှလုံးအဆို့ရှင် အစားထိုးကုသခြင်း (Heart valve replacement)
- စက်ရုပ်အကူအညီဖြင့် နှလုံးအဆို့ရှင် ခွဲစိတ်ကုသခြင်း (Robot-assisted heart valve surgery)
နှလုံးအဆို့ရှင် ခွဲစိတ်ပြုပြင်ခြင်း (Heart valve repair)
- အဆို့ရှင်အပြင်ကွင်းကို ပြုပြင်ခြင်း (Annuloplasty)
နှလုံးအဆို့ရှင်၏ ဘေးပတ်လည်ရှိ အပြင်ဘက်အကွင်းကို ပိုမိုတင်းကျပ်လာအောင် သို့မဟုတ် ပိုမိုခိုင်ခံ့အောင် ပြုလုပ်ပေးသည့် နည်းလမ်းဖြစ်သည်။ - အဆို့ရှင်အချပ်များကို ပြုပြင်ခြင်း (Valvuloplasty)
အဆို့ရှင်အချပ်များ ခိုင်မြဲအောင် ပြုလုပ်ပေးသည့် ခွဲစိတ်မှုဖြစ်သည်၊ အများအားဖြင့် အဆို့ရှင်ကျွံထွက်ခြင်း (valve prolapse) ကို ပြုပြင်ရန်အတွက် အသုံးပြုလေ့ရှိသည်။
နှလုံးအဆို့ရှင် အစားထိုးကုသခြင်း (Heart valve replacement)
နှလုံးအဆို့ရှင်ကို ခွဲစိတ်ပြုပြင်၍ မရနိုင်သောအခါ အဆို့ရှင်အစားထိုးကုသရန် လိုအပ်သည်။ အစားထိုး ကုသနိုင်သော အဆို့ရှင်အမျိုးအစား (၂) မျိုးရှိပြီး အခြေအနေပေါ်မူတည်၍ ရွေးချယ်အသုံးပြုနိုင်သည်။
- သတ္တုဖြင့် ပြုလုပ်ထားသော အဆို့ရှင်အတု (Mechanical valve)
ထိုအဆို့ရှင်အမျိုးအစားကို အသုံးပြုလျှင် သွေးခဲခြင်းကို ကာကွယ်ရန် သွေးမခဲဆေးများကို တစ်သက်လုံးသောက်ရန် လိုအပ်သည်။ - တိရစ္ဆာန်များ၏ တစ်ရှူးဖြင့် ပြုလုပ်ထားသော အဆို့ရှင်အတု (Biological valve)
ထိုအဆို့ရှင်အမျိုးအစားကို အသုံးပြုလျှင် အချိန်ကြာလာ၍ ပျက်စီးသွားသောအခါ အသစ်ထပ်မံလဲလှယ်ပေးရန် လိုအပ်သည်။
နှလုံးအဆို့ရှင်အစားထိုးကုသခြင်းသည် အများအားဖြင့် ရင်ဘတ်ဖွင့်နှလုံးခွဲစိတ်မှု ပြုလုပ်ရန် လိုအပ်သည်။ သို့သော် ရောဂါဖြစ်ပွားသည့် အဆို့ရှင်အမျိုးအစားပေါ် မူတည်၍ ရင်ဘတ်ဖွင့်ခွဲစိတ်ရန် မလိုအပ်ဘဲ သေးငယ်သော ခွဲကြောင်းရာလေးများကိုသာ အသုံးပြု၍ ကုသခြင်းများလည်း ပြုလုပ်နိုင်သည်။ ဥပမာအားဖြင့် ဘယ်ဘက်သွေးလွှတ်ခန်းနှင့် နှလုံးသွေးကြောမကြီး ကြားတွင်ရှိသော အဆို့ရှင် (Aortic valve) ကျဥ်းမြောင်းနေပါက TAVR (Transcatheter Aortic Valve Replacement) ဟုခေါ်သော ပြွန်သွင်းအဆို့ရှင်လဲလှယ်ခြင်းနည်းလမ်းကို အသုံးပြုနိုင်သည်။
ကာကွယ်ခြင်း
အချို့သော ရောဂါဖြစ်နိုင်ခြေများကို ကာကွယ်၍ မရသော်လည်း ကျန်းမာသော နေထိုင်စားသောက်မှုပုံစံနှင့် နေထိုင်ခြင်းဖြင့် နှလုံးအဆို့ရှင်ရောဂါ ဖြစ်နိုင်ခြေအချို့ကို လျှော့ချပေးနိုင်သည်။
- အဆီများသော၊ အငန်များသော၊ အချိုများသော အစားအသောက်များကို ရှောင်ကြဥ်ရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များကို စားရန်
- လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ရန် (တစ်ရက်တွင် အနည်းဆုံး မိနစ် ၃၀ ခန့် ပုံမှန်ပြုလုပ်ရန်)
- ကိုယ်အလေးချိန် ထိန်းသိမ်းရန်
- ဆေးလိပ်ဖြတ်ရန်
- အိပ်ရေးဝအောင် အိပ်ရန်
- သွေးပေါင်ချိန် ထိန်းရန်
- သွေးတွင်းအဆီဓာတ် ထိန်းရန်
- သွေးတွင်းသကြားဓာတ် ထိန်းရန်တို့ကို ပြုလုပ်ရန် လိုအပ်သည်။
ထို့အပြင် လေးဘက်နာရောဂါကို ထိရောက်သော ကုသမှုမခံယူခြင်းကြောင့် နှလုံးအဆို့ရှင် ထိခိုက်ပျက်စီးခြင်း ဖြစ်ပေါ်လာသဖြင့် လေးဘက်နာရောဂါကို ထိရောက်စွာကုသရန်နှင့် နောက်ထပ်မဖြစ်အောင် ကာကွယ်ရန်အတွက် ပဋိဇီဝပိုးသတ်ဆေးကာကွယ်ဆေးကို ဆက်တိုက်သောက်ရန် သို့မဟုတ် ထိုးရန် လိုအပ်သည်။ လေးဘက်နာရောဂါ တစ်ကြိမ်ဖြစ်ဖူးသူများအနေနှင့် ပိုးသတ်ဆေးကို ကာကွယ်ဆေးအဖြစ် အနည်းဆုံး (၅) နှစ်ကြာအောင် သို့မဟုတ် အသက် (၂၁) နှစ်ရောက်သည်အထိ သောက်သုံးပါက နောက်တစ်ကြိမ် ထပ်မဖြစ်အောင် ကာကွယ်နိုင်သည်။ လေးဘက်နာကြောင့် နှလုံးထိခိုက်ဖူးသူများတွင် ပိုးသတ်ဆေးကို အနည်းဆုံး (၁၀) နှစ်နှင့်အထက် သို့မဟုတ် ဆရာဝန်ညွှန်ကြားချက်အရ ထိုကာလထက်ပို၍ သောက်သုံးရန် လိုအပ်သည်။
References:
- Centers for Disease Control and Prevention. (n.d.). About heart valve disease. Retrieved June 23, 2026, from https://www.cdc.gov/heart-disease/about/heart-valve-disease.html
- Cleveland Clinic. (n.d.). Heart valve disease. Retrieved June 23, 2026, from https://my.clevelandclinic.org/health/diseases/17639-what-you-need-to-know-heart-valve-disease
- Mayo Clinic. (n.d.). Heart valve disease: Diagnosis and treatment. Retrieved June 23, 2026, from https://www.mayoclinic.org/diseases-conditions/heart-valve-disease/diagnosis-treatment/drc-20353732
- Mayo Clinic. (n.d.). Heart valve disease: Symptoms and causes. Retrieved June 23, 2026, from https://www.mayoclinic.org/diseases-conditions/heart-valve-disease/symptoms-causes/syc-20353727
- National Health Service. (n.d.). Heart valve disease. Retrieved June 23, 2026, from https://www.nhs.uk/conditions/heart-valve-disease/
Published: 21 June 2025
Last updated: 13 July 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.