နှလုံးသွေးလွှတ်ခန်းနံရံတွင် အပေါက်ပါခြင်း (Ventricular Septal Defect – VSD) သည် မွေးရာပါ နှလုံးရောဂါတစ်မျိုးဖြစ်ပြီး နှုတ်ခမ်း၊ လျှာ၊ လက်သည်း ပြာခြင်းမရှိသောအုပ်စု (Acyanotic CHD) တွင် ပါဝင်သည်။ VSD ပါရှိသည့် တချို့ကလေးများတွင် ရောဂါလက္ခဏာ တစ်စုံတစ်ရာပြခြင်းမရှိဘဲ ကလေးအသက်ကြီးလာ၍ နှလုံးဆက်လက်ဖွံ့ဖြိုးလာသည်နှင့်အမျှ ပျောက်ကင်းသွားတတ်သည်။ သို့သော် တချို့တွင်မူ ပျောက်ကင်းခြင်းမရှိဘဲ အသက်အန္တရာယ်ရှိနိုင်သောကြောင့် ခွဲစိတ်ကုသမှုများ ခံယူရန် လိုအပ်တတ်သည်။
ပုံမှန်နှလုံး၏ ဖွဲ့စည်းတည်ဆောက်ထားပုံ
နှလုံးတွင် ဘယ် ညာ နှစ်ခြမ်းရှိပြီး အလယ်တွင် Septum ဟုခေါ်သော ကြွက်သားနံရံဖြင့် ပိုင်းခြားထားသည်။ ဘယ် ညာ တစ်ခြမ်းစီတွင် အပေါ်ခန်း (သွေးဝင်ခန်း) နှင့် အောက်ခန်း (သွေးလွှတ်ခန်း) ဟူ၍ အခန်း (၂) ခန်းစီရှိပြီး စုစုပေါင်းအခန်း (၄) ခန်းပါရှိသည်။ နှလုံးသည် ပုံမှန်အားဖြင့် သွေးများကို လုံလောက်စွာ လက်ခံရရှိရန်နှင့် ညှစ်ထုတ်ပေးနိုင်ရန် တာဝန်ယူသည်။ နှလုံးမှညှစ်ထုတ်လိုက်သော သွေးသည် ခန္ဓာကိုယ်ရှိ တစ်ရှူးများအတွက် လိုအပ်သော အာဟာရဓာတ်များ (အောက်ဆီဂျင်နှင့် ဂလူးကို့စ်) ကို သယ်ယူပို့ဆောင်ပေးပြီး၊ စွန့်ပစ်ပစ္စည်းများ (ကာဗွန်ဒိုင်အောက်ဆိုဒ်) ကို ပြန်လည်သယ်ယူပြီး အဆုတ်သို့ ပို့ဆောင်ဖယ်ရှားသောကြောင့် ခန္ဓာကိုယ်အတွင်း မှန်ကန်သော သွေးလှည့်ပတ်မှုရှိရန်မှာ ကျန်းမာရေးအတွက် အလွန်အရေးကြီးသည်။
ပုံမှန်အခြေအနေတွင် နှလုံးနှင့် သွေးကြောအဖွဲ့အစည်းတွင် သွေးပြန်ကြောစနစ် (ညာဘက်) နှင့် သွေးလွှတ်ကြောစနစ် (ဘယ်ဘက်) ဟူ၍ နှစ်ပိုင်းရှိသည်။ သွေးပြန်ကြောစနစ်သည် ခန္ဓာကိုယ်အနှံ့အပြားမှ သွေးညစ်များကို သယ်ဆောင်၍ နှလုံး၏ ညာဘက်အခြမ်းသို့ ပြန်လည်ဝင်ရောက်လာသည်။ ညာဘက် သွေးဝင်ခန်းမှတစ်ဆင့် သွေးလွှတ်ခန်းသို့ရောက်ရှိပြီး ထိုမှတစ်ဆင့် သွေးညစ်များသည် အဆုတ်သွေးကြောမကြီးတစ်လျှောက် စီးဆင်းကာ အဆုတ်တွင်းသို့ ရောက်ရှိသည်။ အဆုတ်တွင်း၌ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် အောက်ဆီဂျင် ဓာတ်ငွေ့လဲလှယ်မှု (Gaseous exchange) ဖြစ်ပေါ်ပြီး အောက်ဆီဂျင်ပြည့်ဝသော သွေးသန့်များသည် နှလုံး၏ ဘယ်ဘက်ခြမ်းသို့ ပြန်လည်ဝင်ရောက်လာသည်။ သွေးသန့်များသည် ဘယ်ဘက်သွေးဝင်ခန်း၊ သွေးလွှတ်ခန်းတို့ကို ဖြတ်သန်းကာ နှလုံးသွေးလွှတ်ကြောမကြီးတစ်လျှောက် စီးဆင်းကာ ခန္ဓာကိုယ်တစ်ခုလုံးသို့ အောက်ဆီဂျင်နှင့် အာဟာရဓာတ်များ ပြန်လည်ပို့ဆောင်ပေးသည်။
Ventricular Septal Defect (VSD) ဖြစ်ပေါ်ပုံ
Ventricular Septal Defect (VSD) သည် နှလုံး၏ အောက်ခန်းများ (သွေးလွှတ်ခန်းနှစ်ခု) ၏ ကြားနံရံတွင် အပေါက်ဖြစ်ပေါ်နေခြင်းဖြစ်သည်။ ထိုအပေါက်သည် အရွယ်အစားမျိုးစုံရှိနိုင်ပြီး အလိုအလျောက် ပိတ်သွားနိုင်သကဲ့သို့ ခွဲစိတ်ကုသမှုများ လိုအပ်သည်လည်းရှိနိုင်သည်။ ပုံမှန်ဖွံ့ဖြိုးမှုဖြစ်စဉ်တွင် နှလုံးအခန်းများကြားရှိ နံရံသည် သန္ဓေသားမမွေးဖွားမီတွင် ပိတ်သွားလေ့ရှိသည်။ သို့မှသာ ကလေးမွေးဖွားချိန်တွင် အောက်ဆီဂျင်ကြွယ်ဝသော သွေးသန့်များနှင့် အောက်ဆီဂျင်နည်းသော သွေးညစ်များတို့ ရောနှောခြင်းမရှိဘဲ နှလုံးသည် ကောင်းမွန်စွာ အလုပ်လုပ်ဆောင်နိုင်မည်ဖြစ်သည်။
အကယ်၍ ထိုနံရံရှိ အပေါက်များသည် မပိတ်ဘဲ ကျန်နေပါက နှလုံး ဘယ်၊ ညာ အောက်ဘက် သွေးလွှတ်ခန်းနံရံတွင် အပေါက်ပါခြင်းဖြစ်စဥ် ပေါ်ပေါက်လာသည်။ ထိုသို့အပေါက်ပါနေခြင်းကြောင့် ဖိအားပိုများသော ဘယ်ဘက်သွေးလွှတ်ခန်းမှ သွေးသန့်များသည် အပေါက်မှတစ်ဆင့် ညာဘက်သွေးလွှတ်ခန်းကို စီးဝင်သွားပြီး သွေးညစ်များနှင့် ရောနှောသွားသည်။
အကယ်၍ နှလုံးအပေါက်သည် ကြီးနေပါက သွေးပမာဏ အမြောက်အများသည် အဆုတ်သွေးလွှတ်ကြောများအတွင်းသို့ ပြန်လည်စီးသွားသည်။ ထိုသို့ဖြစ်ခြင်းကြောင့် နှလုံးသည် ခန္ဓာကိုယ်အနှံ့ သွေးရောက်ရှိရန် ပို၍ညှစ်ထုတ်အလုပ်လုပ်ရသဖြင့် နှလုံးသည် (အထူးသဖြင့် ဘယ်ဘက်သွေးဝင်ခန်းနှင့် ဘယ်ဘက်သွေးလွှတ်ခန်းများသည်) ပုံမှန်ထက် ပို၍ကြီးလာသည်။ ထို့အပြင် အဆုတ်အတွင်း သွေးများ ပိုမိုရောက်ရှိသွားခြင်းကြောင့် အဆုတ်သွေးကြောများအတွင်း ဖိအားတက်ခြင်း ဖြစ်ပေါ်လာသည်။ အချိန်ကြာလာသည်နှင့်အမျှ အဆုတ်အတွင်း သွေးဖိအားမြင့်တက်လာခြင်းကြောင့် သွေးကြောနံရံများကို ပျက်စီးသွားစေသည်။ သို့သော် အကယ်၍ နှလုံးအပေါက်သည် သေးငယ်ပါက ဘယ်ဘက်မှ ညာဘက်သို့ စီးဝင်သည့် သွေးပမာဏ နည်းပါးသောကြောင့် နှလုံးနှင့်အဆုတ်အပေါ် သက်ရောက်မှု နည်းပါးသည်။
VSD သည် အဖြစ်အများဆုံးသော မွေးရာပါနှလုံးရောဂါတစ်မျိုးဖြစ်ပြီး၊ မွေးရာပါနှလုံးရောဂါရှိသော ကလေးများအားလုံး၏ (၃၇) ရာခိုင်နှုန်းခန့်တွင် ဖြစ်ပေါ်နိုင်သည်။ အခြားနှလုံးချို့ယွင်းချက်များ မပါဝင်ဘဲ သီးသန့်ဖြစ်ပွါးမှုသည် (၂၀) ရာခိုင်နှုန်းခန့်ရှိသည်။
Ventricular Septal Defect (VSD) အမျိုးအစားများ
နှလုံးသွေးလွှတ်ခန်းနံရံတွင် အပေါက်ပါခြင်းကို ဖြစ်ပွါးသည့် နေရာနှင့် ပုံသဏ္ဌာန်ပေါ်မူတည်၍ အဓိကအားဖြင့် အမျိုးအစား (၄) မျိုး ခွဲခြားနိုင်သည်။
- Membranous VSD (နံရံ၏ အမြှေးပါးနေရာတွင်ဖြစ်သော VSD) – အဖြစ်အများဆုံး အမျိုးအစားဖြစ်သည်၊ သွေးလွှတ်ခန်းနှစ်ခုကြားရှိ နံရံ၏ အပေါ်ပိုင်းတွင် ဖြစ်ပေါ်သည်
- Muscular VSD (နံရံ၏ ကြွက်သားနေရာတွင်ဖြစ်သော VSD) – သွေးလွှတ်ခန်းနှစ်ခုကြားရှိနံရံ၏ အောက်ဘက်ပိုင်း (ကြွက်သားပိုင်း) တွင် ဖြစ်ပေါ်သည်၊ ၎င်းအမျိုးအစားတွင် အပေါက်တစ်ခုထက်ပို၍ ရှိနိုင်သည်
- Inlet VSD – ညာဘက်သွေးလွှတ်ခန်းရှိ အဆို့ရှင် (Tricuspid valve) နှင့် ဘယ်ဘက်သွေးလွှတ်ခန်းရှိ အဆို့ရှင် (Mitral valve) အောက်တည့်တည့်တွင် တွေ့နိုင်သည်၊ ဤအမျိုးအစားသည် ဒေါင်းဆင်ဒရုန်း (Down syndrome) ပါသော ကလေးငယ်များတွင် အတွေ့ရများသည်
- Outlet VSD – ဤအမျိုးအစားသည် ညာဘက်နှလုံးခန်းရှိ အဆုတ်သွေးလွှတ်ကြောအဆို့ရှင် (Pulmonary valve) နှင့် ဘယ်ဘက်နှလုံးခန်းရှိ ပင်မသွေးလွှတ်ကြောအဆို့ရှင် (Aortic valve) တို့၏ ရှေ့တည့်တည့်တွင် အပေါက်ဖြစ်ပေါ်နေခြင်းဖြစ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
နှလုံး ဘယ်၊ ညာ အောက်ခန်း (သွေးလွှတ်ခန်း) နံရံတွင် အပေါက်ပါခြင်း အကြောင်းရင်းများကို အတိအကျမသိနိုင်သော်လည်း မျိုးဗီဇပြောင်းလဲမှုများ၊ ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များနှင့် ဆက်စပ်သည်ဟု ယူဆသည်။ ထို့ပြင် ဒေါင်းဆင်ဒရုန်း (Down syndrome)၊ တာနာဆင်ဒရုန်း (Turner syndrome)၊ အက်ဒ်ဝပ်စ်ဆင်ဒရုန်း (Edwards syndrome) စသည့် မွေးရာပါ ရောဂါလက္ခဏာစုပါရှိသည့် ကလေးငယ်များတွင်လည်း တွေ့ရှိနိုင်သည်။ အခြားသော မွေးရာပါနှလုံးရောဂါများနှင့်လည်း တွဲ၍တွေ့နိုင်သည်။
များသောအားဖြင့် မွေးရာပါအခြေအနေတစ်ခုဖြစ်သော်လည်း လူကြီးများတွင် ရုတ်တရက် နှလုံးအမောဖောက်ခြင်း (Heart attack) သို့မဟုတ် နှလုံးဆိုင်ရာ ကုသမှုအချို့ပြုလုပ်ပြီးနောက် အလွန်ရှားပါးသော နောက်ဆက်တွဲပြဿနာတစ်ခုအနေဖြင့် သွေးလွှတ်ခန်းများကြားတွင် အပေါက်ဖြစ်လာနိုင်သည်။
ဖြစ်နိုင်ခြေများသော အခြေအနေများ
အောက်ပါအခြေအနေများကြောင့် မွေးရာပါနှလုံးရောဂါ ဖြစ်ပွါးမှုရာခိုင်နှုန်း များပြားစေနိုင်သည်။
- လမစေ့ဘဲမွေးသော ကလေးများ
- မိသားစုအတွင်း မွေးရာပါနှလုံးရောဂါ ဖြစ်သူရှိခြင်း
- ကလေးတွင် မျိုးဗီဇဆိုင်ရာ ပုံမမှန်သည့် ရောဂါအခြေအနေများရှိခြင်း [ဥပမာ_ဒေါင်းဆင်ဒရုန်း (Down syndrome)]
- ကိုယ်ဝန်ဆောင်စဉ် မိခင်၌ ဂျိုက်သိုးရောဂါ (Rubella) ဖြစ်ခဲ့ခြင်း
- ကိုယ်ဝန်ဆောင်မိခင်တွင် ဆီးချိုရောဂါအခံရှိပြီး ကိုယ်ဝန်မဆောင်မီနှင့် ကိုယ်ဝန်ဆောင်စဉ် ကာလများအတွင်း သွေးတွင်းသကြားဓာတ်ပမာဏ ပုံမှန်ဖြစ်အောင် မထိန်းနိုင်ခြင်း
- သန္ဓေသားကို ထိခိုက်စေသော ဆေးဝါးများ သောက်သုံးမိခြင်း [ဥပမာ_သာလီဒိုမိုက် (Thalidomide)၊ အဆီကျဆေး (Statins)၊ ဝက်ခြံပျောက်ဆေးများနှင့် အချို့သောအတက်ကျဆေး၊ စိတ်ရောဂါကုဆေးများ]
- ကိုယ်ဝန်ဆောင်မိခင်သည် အရက်၊ မူးယစ်ဆေးနှင့် ဆေးလိပ်များ သောက်သုံးခြင်း
ရောဂါလက္ခဏာများ
VSD သည် မွေးရာပါပြဿနာတစ်ခုဖြစ်ပြီး နှလုံးအပေါက်၏ အရွယ်အစား၊ သွေးလွှတ်ခန်းများ၏ ဖိအားနှင့် အဆုတ်သွေးကြောများ၏ ဖိအားပေါ်မူတည်၍ လက္ခဏာများ ကွာခြားမှုရှိသည်။ ကလေးမွေးစတွင် သွေးလွှတ်ခန်းနှစ်ခုလုံး၏ ဖိအားသည် တူညီနေသောကြောင့် သွေးစီးဆင်းမှု သိသာခြင်းမရှိဘဲ ရောဂါလက္ခဏာ ပြလေ့မရှိပါ။ သို့သော် ကလေးအသက် (၅) ပတ်ခန့်မှစ၍ အဆုတ်သွေးကြောများ၏ ဖိအားကျလာသည်နှင့်အမျှ သွေးလွှတ်ခန်းများကြားရှိ ဖိအားကွာခြားမှုသည် များလာပြီး သွေးစီးဆင်းမှုသည်လည်း သိသာလာသည်။ ရောဂါလက္ခဏာများကို အပေါက်အရွယ်အစားနှင့် ရောဂါပြင်းထန်မှုပေါ် မူတည်၍ အောက်ပါအတိုင်း ခွဲခြားနိုင်သည်။
အရွယ်အစားသေးငယ်သော VSD အပေါက် (Small VSD)
ယေဘုယျအားဖြင့် ကလေးသည် လက္ခဏာများ ပြလေ့မရှိဘဲ ပုံမှန်စားသောက်နိုင်ပြီး ကိုယ်အလေးချိန်လည်း ပုံမှန်အတိုင်းတက်နိုင်သည်။ အတွေ့ရအများဆုံးအခြေအနေမှာ နှလုံးအခြေခံစမ်းသပ်စစ်ဆေးရာတွင် နှလုံးခုန်ချိန်၌ အသံပိုတစ်ခုပါနေသည်ကို ကြားရခြင်းသာဖြစ်သည်။
အရွယ်အစား အလယ်အလတ်မှ ကြီးမားသော VSD အပေါက် (Moderate to Large VSD)
ကလေးသည် မွေးစတွင် လက္ခဏာများပြလေ့မရှိသော်လည်း အသက် (၅ – ၆) ပတ်ခန့်မှစ၍ လက္ခဏာများပေါ်လာလေ့ရှိသည်။ အဓိကလက္ခဏာများမှာ_
- နို့စို့သည့်အချိန်တွင် မောခြင်း၊ ချွေးပြန်လာခြင်း
- အသက်ရှူခက်ခြင်း၊ အသက်ရှူမြန်ခြင်း
- နှလုံးခုန်နှုန်း မမှန်ခြင်း၊ နှလုံးခုန်မြန်ခြင်း
- မကြာခဏ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း
- ကိုယ်အလေးချိန်သေးခြင်း
- ကြီးထွားမှုနှေးခြင်း စသည်တို့ဖြစ်သည်။
VSD သည် မွေးရာပါအခြေအနေဖြစ်သော်လည်း ငယ်စဥ်ကလေးတွင် လက္ခဏာမပေါ်သော သို့မဟုတ် ကုသမှုမယူထားသောသူများသည် လူကြီးဘဝတွင်မှ လက္ခဏာများ စတင်ပြလေ့ရှိသည်။ လက္ခဏာများသည် နှလုံးနှင့် အဆုတ်အပေါ်တွင် ဖြစ်ပေါ်နေသည့် ဝန်ပိခြင်းပေါ် မူတည်၍ ကွာခြားမှုရှိသည်။ ဖြစ်နိုင်သောလက္ခဏာများမှာ_
- ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ချိန်တွင် အသက်ရှူမဝခြင်း
- အချိန်ကြာရှည်စွာ ကိုယ်လက်လှုပ်ရှားမှုမပြုလုပ်နိုင်ခြင်း
- အလွယ်တကူ မောပန်းလွယ်ခြင်း
- နှလုံးခုန်နှုန်း မမှန်ခြင်း
- သတိလစ်ခြင်း စသည်တို့ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ
နှလုံးအပေါက်သည် သေးငယ်၍ အရွယ်အစားအားဖြင့် (၃) မီလီမီတာအောက်သာရှိပါက ကလေးငယ်စဥ်၌ပင် အလိုအလျောက်ပြန်ပိတ်သွားနိုင်ပြီး ပြဿနာဖြစ်ပေါ်လေ့မရှိပါ။ သို့သော် နှလုံးအပေါက်သည် ကြီးပါက အောက်ပါပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သည်။
- နှလုံး လုပ်ငန်းပျက်စီးခြင်း (Right-sided heart failure)
- သွေးလွှတ်ကြောမကြီး အဆို့ရှင် မလုံခြင်း
- သွေးလွှတ်ခန်း ကြီးလာခြင်း
- နှလုံးခုန်နှုန်း မမှန်ခြင်း (Arrhythmia)
- လေဖြန်းခြင်း (Transient Ischaemic Attack) သို့မဟုတ် လေဖြတ်ခြင်း
- အဆုတ်အတွင်း သွေးဖိအားများခြင်း (Pulmonary hypertension)
- နှလုံးအပေါက် ဖြစ်နေခြင်းကြောင့် အဆုတ်သွေးဖိအားတက်လာပြီး သွေးစီးဆင်းမှု လမ်းကြောင်းပြောင်းပြန်ဖြစ်သွားခြင်း (Eisenmenger Syndrome)
- အဆုတ်ပျက်စီးခြင်း
အထက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများဖြစ်ပေါ်လာခြင်းမှ ကာကွယ်နိုင်ရန်မှာ VSD ကို စောစီးစွာသိရှိ၍ အချိန်မီ ကုသမှုပေးနိုင်ခြင်းပင်ဖြစ်သည်။ ကြီးမားသော နှလုံးအပေါက်များကို အချိန်မီပိတ်ခြင်းအားဖြင့် ရေရှည်တွင်ဖြစ်ပေါ်လာနိုင်သော နှလုံးနှင့် သွေးကြောဆိုင်ရာပြဿနာများ ဖြစ်ပေါ်လာမှုကို လျှော့ချပေးနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန် (X Ray) ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
အကယ်၍ ပြင်းထန်မွေးရာပါနှလုံးရောဂါ ရောဂါလက္ခဏာများ တွေ့ရှိရပါက အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှု သို့မဟုတ် ခွဲစိတ်ကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသကုသမှု ခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း
မွေးရာပါ VSD နှလုံးရောဂါရှိသည်ဟု သံသယရှိပါက အောက်ပါနည်းလမ်းများဖြင့် ရောဂါရှာဖွေနိုင်သည်။
- သွေးတွင်းအောက်ဆီဂျင်တိုင်းစက်ဖြင့် တိုင်းတာခြင်း
- အီးစီဂျီ (ECG) ဆွဲခြင်း – နှလုံးစီးချက်အခြေအနေကို သိရှိနိုင်သည်
- ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း – နှလုံးနှင့်သွေးကြောပုံရိပ်များကို ကြည့်ကာ ရောဂါခန့်မှန်းခြင်း၊ နှလုံးနှင့် အဆုတ်အခြေအနေများကို ကြည့်ရှူခြင်း
- အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက်ဖြင့် စမ်းသပ်ခြင်း (Echocardiogram)
ရောဂါရှာဖွေရာတွင် အသုံးပြုသည့် အဓိကစစ်ဆေးမှုတစ်ခုဖြစ်သည်။ အသံလှိုင်းများကို အသုံးပြု၍ နှလုံးပုံရိပ်များကိုဖမ်းယူပြီး နှလုံးအခန်းများနှင့် နှလုံးအဆို့ရှင်အခြေအနေများ၊ နှလုံးအတွင်း သွေးစီးဆင်းမှုများကိုလည်း ကြည့်ရှုနိုင်သည်။ - နှလုံးနှင့်သွေးကြော ပိုက်သွင်းစမ်းသပ်ခြင်း (Cardiac catheterization)
- သံလိုက်ဓာတ်မှန်ဖြင့် နှလုံးစမ်းသပ်ခြင်း (Cardiac MRI) – သံလိုက်စက်ကွင်းနှင့် ရေဒီယိုလှိုင်းများကို အသုံးပြု၍ နှလုံးပုံရိပ်များကို အသေးစိတ်ပုံဖော်ကြည့်ရှုနိုင်သည်။
မိခင်၏ဝမ်းတွင်း သန္ဓေသားလောင်းဘဝ (၁၈)ပတ် မှ (၂၂)ပတ်အတွင်း သန္ဓေသားလောင်း ကိုယ်လက်အင်္ဂါ ပြည့်စုံခြင်း ရှိမရှိ သိရှိရန် ရိုက်ကူးနိုင်သော သန္ဓေသားအာထရာဆောင်း (Fetal Anomalies Scan) ဖြင့်လည်း သန္ဓေသားလောင်း၏ နှလုံးဖွဲ့စည်းပုံ၊ သွေးလှည့်ပတ်မှုစသည်တို့ကို ကြည့်ရှုစစ်ဆေးပြီးအချို့သော မွေးရာပါ နှလုံးရောဂါများကို ကြိုတင်သိရှိနိုင်သည်။
ကုသခြင်း
ကုသမှုသည်
- ရောဂါသိရှိသည့် အသက်အရွယ်
- နှလုံးအပေါက်၏ အရွယ်အစား
- ရောဂါလက္ခဏာများ၏ ပြင်းထန်မှုနှင့်
- မွေးရာပါ အခြားသော နှလုံးပြဿနာများ ရှိမရှိပေါ် မူတည်သည်၊ နှလုံးအပေါက်သည် သေးငယ်ပါက ကလေးကြီးလာသည်နှင့်အမျှ အလိုအလျောက် ပိတ်သွားနိုင်သည်၊ အလိုအလျောက်မပိတ်သော်လည်း အချို့သေးငယ်သောအပေါက်များတွင်လည်း ပုံမှန်စောင့်ကြည့်ရန်သာ လိုအပ်သည်များလည်းရှိသည်
- နှလုံးအပေါက်သည် အရွယ်အစားကြီးပါက သို့မဟုတ် သေးငယ်သော်လည်း ရောဂါလက္ခဏာများ ပြင်းထန်ခြင်းနှင့် နောက်ဆက်တွဲပြဿနာများ ရှိလာပါက ခွဲစိတ်ကုသမှုပြုလုပ်၍ အပေါက်ပိတ်ခြင်းကို ပြုလုပ်ရန်လိုအပ်သည်။
- ဆေးဝါးများဖြင့်ကုသခြင်း
ဆေးဝါးများအသုံးပြုခြင်းသည် နှလုံးအပေါက်ကို ပြုပြင်ခြင်း မလုပ်နိုင်သော်လည်း လက္ခဏာများကို အတန်အသင့် သက်သာစေနိုင်သည်။ အသုံးပြုသည့်ဆေးဝါးများတွင်- နှလုံးကြွက်သား ညှစ်အားကောင်းစေသည့် ဆေးဝါးများ
- သွေးပေါင်ချပေးသည့်ဆေးများ
- အဆုတ်နှင့်ခန္ဓာကိုယ်ရှိ အခြားအစိတ်အပိုင်းများတွင် အရည်များစုဝေးလာခြင်းကို လျှော့ချရန် ဆီးဆေးများ (Diuretics) ပါဝင်သည်။
- အာဟာရပြည့်ဝစေရန် ပြုလုပ်ပေးခြင်း
- နှလုံးအပေါက်ကြီးသောကလေးများသည် အစာစားသည့်အချိန်တွင် အလွယ်တကူမောပန်းလွယ်သောကြောင့် ကိုယ်အလေးချိန်တက်စေရန်အတွက် လုံလောက်စွာ မစားနိုင်ချေ။ ထို့အတွက်ကြောင့် ကျန်းမာသည့် ကိုယ်အလေးချိန်တက်စေရန် ကယ်လိုရီများစေရန် ပြုလုပ်ထားသော ဖော်မြူလာနို့ သို့မဟုတ် မိခင်နို့တွင် အာဟာရများ ထပ်ဖြည့်ပေးရန် လိုအပ်သည်။ အချို့ကလေးများတွင် လိုအပ်ပါက နှာခေါင်းပိုက်ဖြင့် အစာကိုထည့်ပေးရန် လိုအပ်သည်။
- ခွဲစိတ်ကုသခြင်း
- ခွဲစိတ်မှု၏ ရည်ရွယ်ချက်သည် အဆုတ်နှင့် အဆုတ်သွေးကြောများ ပျက်စီးမှုမရှိခင်တွင် ကြွက်သားနံရံကို ပိတ်ခြင်းဖြစ်သည်
- အရွယ်အစား အလယ်အလတ်အရွယ်မှ ကြီးမားသောအပေါက်များကို ပြုပြင်၍ နောက်ဆက်တွဲပြဿနာများကို ကာကွယ်ရန် ခွဲစိတ်မှု ပြုလုပ်နိုင်သည်
- ခွဲစိတ်ကုသခြင်းကို အောက်ဖော်ပြပါ နည်းလမ်းနှစ်မျိုးဖြင့် ပြုလုပ်နိုင်သည်
- ပိုက်ထည့်၍ ပြုပြင်ခြင်း (Catheter-based repair)
အချို့သောအခြေအနေများတွင် ပိုက်ထည့်၍ ပြုပြင်ခြင်းကို အသုံးပြုနိုင်သည်။ သေးငယ်၍ ပျော့ပျောင်းသည့် ပိုက်ကို ပေါင်ခြံရှိသွေးကြောမှတစ်ဆင့် နှလုံးဆီသို့ ရောက်အောင်ထည့်သည်။ ထို့နောက်တွင် ပိုက်မှတစ်ဆင့် တိရစ္ဆာန် သို့မဟုတ် လူမှ ရသော နှလုံးအမြှေးပါးကို ပြုပြင်ထားသည့် စကာ သို့မဟုတ် ဓာတ်ခွဲခန်းတွင် တီထွင်ထုတ်လုပ်ထားသော စကာ သို့မဟုတ် ပစ္စည်း (ဝါယာ သို့မဟုတ် ချပ်ပြား) ကို ထည့်၍ အပေါက်ကိုပိတ်သည်။ နှလုံးတစ်ရှူးများသည် ထိုစကာပတ်လည်တွင် ကြီးထွားလာပြီး အပေါက်ကို အပြီးတိုင်ပိတ်သွားစေသည်။ - နှလုံးဖွင့်၍ ခွဲစိတ်ပြုပြင်ခြင်း (Open heart surgery)
အများစုတွင် နှလုံးဖွင့်၍ ခွဲစိတ်ပြုပြင်ခြင်းကို အသုံးပြုသည်။ ခွဲစိတ်ရာတွင် ရင်ဘတ်မှတစ်ဆင့် ခွဲကြောင်းပြုလုပ်ကာ ရင်ညွန့်ရိုးကို ဖြတ်၍ နှလုံးကိုဖွင့်သည်။ ထို့နောက်တွင် အပေါက်ကို ချုပ်ကြိုးဖြင့် ချုပ်ခြင်း သို့မဟုတ် စကာကို အသုံးပြု၍ အပေါက်ကိုပိတ်ခြင်း ပြုလုပ်သည်။
ယခင်သမားရိုးကျ နှလုံးဖွင့်၍ ခွဲစိတ်ကုသမှုအပြင် ယခုနောက်ပိုင်း အချိန်ကုန်သက်သာ၍ နာလန်ထမြန်စေသော မှန်ပြောင်းဖြင့် ခွဲစိတ်ခြင်း (Minimally invasive surgery)၊ စက်ရုပ်အသုံးပြု၍ ခွဲစိတ်ခြင်း (Robot-assisted heart surgery) စသည့် နည်းလမ်းများဖြင့်လည်း ကုသမှုများပြုလုပ်လာကြသည်။
- ပိုက်ထည့်၍ ပြုပြင်ခြင်း (Catheter-based repair)
ကာကွယ်ခြင်း
မွေးရာပါနှလုံးရောဂါ ဖြစ်ပွါးစေသည့် အဓိကအကြောင်းရင်းများကို သေချာစွာ မသိရှိသေးသောကြောင့် ကာကွယ်နိုင်သည့် နည်းလမ်းအတိအကျ မရှိပါ။ သို့သော် အောက်ပါအချက်များကို လိုက်နာခြင်းဖြင့် နောက်ဆက်တွဲပြဿနာများကို လျော့နည်းစေနိုင်သည်။
- ကိုယ်ဝန်ရှိသည်ဟု သိရှိရသည့်အချိန်မှစ၍ ဆရာဝန် သို့မဟုတ် သားဖွားဆရာမများထံ၌ ကိုယ်ဝန်အပ်နှံ၍ ပုံမှန်စစ်ဆေးမှု ခံယူခြင်း
- သင့်တော်သော ကိုယ်ဝန်ဆောင်အားဆေးများနှင့် ဖောလစ်အက်ဆစ် နေ့စဉ်ပုံမှန်သောက်သုံးခြင်း
- အရက်၊ မူးယစ်ဆေးများနှင့် ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်ခြင်း (ဆေးလိပ်ရှောင်ကြဉ်ရာတွင် အိမ်ရှိ အတူနေမိသားစုဝင်များပါ ရှောင်ကြဉ်ရန် လိုအပ်သည်)
- မိခင်လောင်းတွင် ဂျိုက်သိုးရောဂါဖြစ်ပွါးခဲ့ဖူးခြင်း သို့မဟုတ် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး ထိုးနှံခဲ့ဖူးခြင်းမရှိပါက ကိုယ်ဝန်မဆောင်မီ တစ်လအလို၌ ကာကွယ်ဆေးထိုးနှံခြင်း (ငယ်စဉ်မှစ၍ ကာကွယ်ဆေးများအားလုံး ထိုးနှံသင့်သည်)
- သွေးတိုး၊ ဆီးချိုစသည့် အခံရောဂါများရှိပါက ကိုယ်ဝန်ဆောင်ကာလ မတိုင်မီကပင် သေချာစွာ ကုသမှုခံယူခြင်း
- လုပ်ငန်းခွင် သို့မဟုတ် ပတ်ဝန်းကျင်မှ ကိုယ်ဝန်ကို ထိခိုက်စေသော ပစ္စည်းများ (ဓာတ်ရောင်ခြည်များ၊ အချို့ဓာတုဗေဒပစ္စည်းများ၊ အိမ်သုတ်ဆေးများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေးများ) နှင့် ထိတွေ့မှုမရှိအောင် ရှောင်ကြဉ်ခြင်း
- ဆရာဝန်ညွှန်ကြားချက်မရှိပဲ ဆေးဝါးများသောက်သုံးခြင်းမှ ရှောင်ကြဉ်ခြင်းတို့ဖြစ်သည်
References:
- American Heart Association. (n.d.). Ventricular septal defect (VSD). Retrieved March 23, 2026, from https://www.heart.org/en/health-topics/congenital-heart-defects/about-congenital-heart-defects/ventricular-septal-defect-vsd
- Mayo Clinic. (2022). Ventricular septal defect (VSD): Symptoms and causes. Mayo Clinic. Retrieved March 23, 2026, from https://www.mayoclinic.org/diseases-conditions/ventricular-septal-defect/symptoms-causes/syc-20353495
- StatPearls Publishing. (2023). Ventricular septal defect. In StatPearls. Retrieved March 23, 2026, from https://www.ncbi.nlm.nih.gov/books/NBK470330/
- Cleveland Clinic. (2025). Ventricular septal defect (VSD). Retrieved March 23, 2026, from https://my.clevelandclinic.org/health/diseases/17615-ventricular-septal-defects-vsd
- Patient.info. (n.d.). Ventricular septal defect. Retrieved March 23, 2026, from https://patient.info/doctor/congenital-disorders/ventricular-septal-defect-pro
- British Heart Foundation. (n.d.). Ventricular septal defect. Retrieved March 23, 2026, from https://www.bhf.org.uk/informationsupport/conditions/ventricular-septal-defect
- Johns Hopkins Medicine. (n.d.). Ventricular septal defect (VSD). Retrieved March 23, 2026, from https://www.hopkinsmedicine.org/health/conditions-and-diseases/ventricular-septal-defect-vsd
Published: 22 April 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.