Patent Ductus Arteriosus – PDA (မွေးရာပါ နှလုံးသွေးကြောလမ်းကြောင်းအပို ပွင့်နေခြင်း)

Patent Ductus Arteriosus – PDA (မွေးရာပါ နှလုံးသွေးကြောလမ်းကြောင်းအပို ပွင့်နေခြင်း)

မွေးရာပါ နှလုံးသွေးကြောလမ်းကြောင်း အပိုပွင့်နေခြင်း (Patent Ductus Arteriosus – PDA) သည် မွေးရာပါ နှလုံးရောဂါတစ်မျိုးဖြစ်ပြီး ပုံမှန်အားဖြင့် နှုတ်ခမ်း၊ လျှာ၊ လက်သည်း ပြာခြင်းမရှိသော အုပ်စု (Acyanotic CHD) တွင် ပါဝင်သည်။ အချို့သော မွေးကင်းစကလေးငယ်များ အထူးသဖြင့် လမစေ့ဘဲမွေးသော မွေးကင်းစကလေးများ) တွင် ဖြစ်ပွါးလေ့ရှိသည့် နှလုံးရောဂါအခြေအနေတစ်ခုဖြစ်သည်။ PDA သည် နှလုံးနှင့် အဆုတ်ကြားရှိ သွေးလှည့်ပတ်မှုစနစ်တွင် ပုံမှန်ပိတ်ရမည့်အစား မပိတ်သောကြောင့် သွေးကြောအပိုလမ်းကြောင်း ဆက်လက်ရှိနေသော အခြေအနေဖြစ်သည်။ အချို့သောအခြေအနေများတွင် PDA သည် အလိုအလျောက် ပြန်၍ ပိတ်နိုင်သော်လည်း မပိတ်ပါက ဆေးဝါးများဖြင့် ကုသခြင်း၊ နှလုံးနှင့်သွေးကြော ပိုက်သွင်းကုသခြင်း သို့မဟုတ် ခွဲစိတ်ကုသခြင်းတို့ဖြင့် သွေးလှည့်ပတ်မှုစနစ်ကို ပုံမှန်အတိုင်းဖြစ်အောင် ပြန်လည်ပြုပြင်ရန် လိုအပ်သည်။

ပုံမှန်နှလုံး၏ ဖွဲ့စည်းတည်ဆောက်ထားပုံ

နှလုံးတွင် ဘယ် ညာ နှစ်ခြမ်းရှိပြီး အလယ်တွင် Septum ဟုခေါ်သော ကြွက်သားနံရံဖြင့် ပိုင်းခြားထားသည်။ ဘယ် ညာ တစ်ခြမ်းစီတွင် အပေါ်ခန်း (သွေးဝင်ခန်း) နှင့် အောက်ခန်း (သွေးလွှတ်ခန်း) ဟူ၍ အခန်း (၂) ခန်းစီရှိပြီး စုစုပေါင်းအခန်း (၄) ခန်းပါရှိသည်။ နှလုံးသည် ပုံမှန်အားဖြင့် သွေးများကို လုံလောက်စွာ လက်ခံရရှိရန်နှင့် ညှစ်ထုတ်ပေးနိုင်ရန် တာဝန်ယူသည်။ နှလုံးမှ ညှစ်ထုတ်လိုက်သော သွေးသည် ခန္ဓာကိုယ်ရှိ တစ်ရှူးများအတွက် လိုအပ်သော အာဟာရဓာတ်များ (အောက်ဆီဂျင်နှင့် ဂလူးကို့စ်) ကို သယ်ယူပို့ဆောင်ပေးကာ စွန့်ပစ်ပစ္စည်းများ (ကာဗွန်ဒိုင်အောက်ဆိုဒ်) ကို ပြန်လည်သယ်ယူပြီး အဆုတ်သို့ ပို့ဆောင်ဖယ်ရှားသောကြောင့် ခန္ဓာကိုယ်အတွင်း မှန်ကန်သော သွေးလှည့်ပတ်မှုရှိရန်မှာ ကျန်းမာရေးအတွက် အလွန်အရေးကြီးသည်။

ပုံမှန်အခြေအနေတွင် နှလုံးနှင့် သွေးကြောအဖွဲ့အစည်းတွင် သွေးပြန်ကြောစနစ် (ညာဘက်) နှင့် သွေးလွှတ်ကြောစနစ် (ဘယ်ဘက်) ဟူ၍ နှစ်ပိုင်းရှိသည်။ သွေးပြန်ကြောစနစ်သည် ခန္ဓာကိုယ်အနှံ့အပြားမှ သွေးညစ်များကို သယ်ဆောင်၍ နှလုံး၏ ညာဘက်အခြမ်းသို့ ပြန်လည်ဝင်ရောက်လာသည်။ ညာဘက် သွေးဝင်ခန်းမှတစ်ဆင့် သွေးလွှတ်ခန်းသို့ရောက်ရှိပြီး ထိုမှတစ်ဆင့် သွေးညစ်များသည် အဆုတ်သွေးကြောမကြီးတစ်လျှောက်စီးဆင်းကာ အဆုတ်တွင်းသို့ ရောက်ရှိသည်။ အဆုတ်တွင်း၌ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် အောက်ဆီဂျင် လဲလှယ်မှု (Gaseous exchange) ဖြစ်ပေါ်ပြီး အောက်ဆီဂျင်ပြည့်ဝသော သွေးသန့်များသည် နှလုံး၏ ဘယ်ဘက်ခြမ်းသို့ ပြန်လည်ဝင်ရောက်လာသည်။ သွေးသန့်များသည် ဘယ်ဘက်သွေးဝင်ခန်း၊ သွေးလွှတ်ခန်းတို့ကို ဖြတ်သန်းကာ နှလုံးသွေးလွှတ်ကြောမကြီးတစ်လျှောက် စီးဆင်းပြီး ခန္ဓာကိုယ်တစ်ခုလုံးသို့ အောက်ဆီဂျင်နှင့် အာဟာရဓာတ်များ ပြန်လည်ပို့ဆောင်ပေးသည်။

Patent Ductus Arteriosus (PDA) ဖြစ်ပေါ်ပုံ

ကိုယ်ဝန်ဆောင်ကာလ ပထမ (၆) ပတ်အတွင်း သန္ဓေသား၏ နှလုံးသည် စတင်ဖွံ့ဖြိုးလာပြီး နှလုံးသို့ အဝင်အထွက်ပြုလုပ်နေသော အဓိကသွေးလွှတ်ကြောကြီးများဖြစ်သည့် နှလုံးသွေးလွှတ်ကြောမကြီး (Aorta) နှင့် အဆုတ်သွေးလွှတ်ကြောမကြီး (Pulmonary Artery) တို့လည်း စတင်ကြီးထွားလာသည်။

ပုံမှန်အားဖြင့် ကလေးမမွေးဖွားမီအချိန်တွင် အဆိုပါသွေးလွှတ်ကြောမကြီး နှစ်ခုကြား၌ Ductus arteriosus ဟုခေါ်သော ယာယီသွေးကြောလမ်းကြောင်း တစ်ခုရှိသည်။ ထိုသို့ဖြစ်ခြင်းမှာ ကိုယ်ဝန်ဆောင်ကာလတွင် သန္ဓေသားသည် မိခင်ထံမှတစ်ဆင့် အောက်ဆီဂျင်ပါသောသွေးကို တိုက်ရိုက်ရရှိပြီး သန္ဓေသား၏အဆုတ်သို့ သွေးသွားရန် မလိုအပ်ဘဲ ထိုလမ်းကြောင်းမှတစ်ဆင့် ခန္ဓာကိုယ်သို့ အောက်ဆီဂျင်တိုက်ရိုက်ရောက်ရှိစေရန် လုပ်ဆောင်ပေးခြင်းကြောင့်ဖြစ်သည်။

မွေးဖွားပြီးနောက် ကလေးအသက် စတင်ရှူသည့်အချိန်တွင် ထိုယာယီလမ်းကြောင်းသည် မလိုအပ်တော့ဘဲ (၂)ရက် မှ (၃)ရက်အတွင်း အလိုအလျောက် ပိတ်သွားလေ့ရှိသည်။ အချို့ကလေးများတွင် ထိုလမ်းကြောင်းသည်မပိတ်ဘဲ ဆက်လက်ပွင့်နေခြင်းကို မွေးရာပါ နှလုံးသွေးကြောလမ်းကြောင်း အပိုပွင့်နေခြင်း (Patent Ductus Arteriosus) ဟု ခေါ်သည်။ ထိုသို့ပွင့်နေခြင်းကြောင့် နှလုံး၏ ဘယ် ညာ သွေးလှည့်လည်သည့်စနစ်များ ရောနှောနေပြီး၊ အဆုတ်နှင့် နှလုံးသို့ သွေးများ အလွန်အမင်းစီးဆင်းကာ အဆုတ်အတွင်း သွေးဖိအားများခြင်း၊ နှလုံးကြီးခြင်းနှင့် နှလုံးလုပ်ငန်းပျက်စီးခြင်းတို့ ဖြစ်လာနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

မွေးရာပါ နှလုံးသွေးကြောလမ်းကြောင်း အပိုပွင့်နေခြင်း (Patent Ductus Arteriosus – PDA) ဖြစ်ပွါးရသည့်အကြောင်းရင်း အတိအကျကို အသေအချာ မသိရှိသော်လည်း ထိုသို့သွေးကြောအပိုပါခြင်း အခြေအနေသည် လမစေ့ဘဲ မွေးဖွားလာသော ကလေးငယ်များ အထူးသဖြင့် သတ်မှတ်ထားသော မွေးရက်ထက် (၃) ပတ်စောပြီး မွေးသောကလေးများမှာ ပို၍အဖြစ်များသည်ကို တွေ့ရသည်။ လေ့လာတွေ့ရှိချက်များအရ ကိုယ်ဝန် (၂၈) ပတ်မတိုင်ခင် မွေးဖွားသော ကလေးငယ်များ၏ (၆၅) ရာခိုင်နှုန်းခန့်သည် PDA ဖြစ်ပွါးတတ်ကြောင်း တွေ့ရှိရသည်။ နေ့စေ့လစေ့မွေးသော ကလေးများတွင် သွေးကြောအပိုပါခြင်း အဖြစ်နည်းပြီး ယောကျ်ားလေးများထက် မိန်းကလေးများတွင် နှစ်ဆပို၍ အဖြစ်များကြောင်းတွေ့ရသည်။ တစ်ခါတစ်ရံမှာ PDA သည် အခြားသော နှလုံးချို့ယွင်းချက်များနှင့် အတူတွဲ၍ဖြစ်ပေါ်တတ်သည်။

PDA ပို၍ ဖြစ်နိုင်ခြေများသော အခြေအနေများမှာ_

  • မျိုးဗီဇဆိုင်ရာအခြေအနေများ ရှိခြင်း [ဥပမာ _ ဒေါင်းစင်ဒရုန်း (Down syndrome)]
  • မိသားစုတွင်မွေးရာပါ နှလုံးရောဂါရှိဖူးခြင်း
  • မိခင်ဝမ်းဗိုက်အတွင်း သန္ဓေသားတွင် ပြဿနာတစ်စုံတစ်ခု ရှိခြင်း (Fetal distress)
  • ကိုယ်ဝန်ဆောင်စဉ်အတွင်း မိခင်တွင် ဂျာမန်ဝက်သက် (Rubella) ဖြစ်ခဲ့ခြင်း
  • ကိုယ်ဝန်ဆောင်စဉ်အတွင်း ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း သို့မဟုတ် မူးယစ်ဆေးဝါးများသုံးစွဲခြင်း စသည့်တို့ဖြစ်သည်။
ရောဂါလက္ခဏာများ

မွေးရာပါ နှလုံးသွေးကြောလမ်းကြောင်း အပိုပွင့်နေခြင်း (PDA) ၏ ရောဂါလက္ခဏာများသည် ထိုဆက်လက်ပွင့်နေသော သွေးကြောအကျယ်ပေါ် မူတည်သည်။ သွေးကြောအရွယ်အစားသည် သေးငယ်ပါက မည်သည့်လက္ခဏာမျှ ပြသခြင်းမရှိဘဲ အချို့တွင် လူကြီးဘဝရောက်မှသာ ရောဂါလက္ခဏာများ ဖြစ်ပေါ်လာတတ်သည်။ သို့သော် သွေးကြောအရွယ်အစား ကြီးမားပါက ကလေးမွေးဖွားပြီး မကြာမီမှာပင် နှလုံးလုပ်ငန်းပျက်စီးခြင်း (Heart failure) လက္ခဏာများ ဖြစ်ပေါ်လာနိုင်သည်။

သွေးကြောအရွယ်အစား ကြီးမားသောကြောင့် နို့စို့အရွယ် သို့မဟုတ် ကလေးဘဝတွင် တွေ့ရှိရသော လက္ခဏာများမှာ_

  • အသက်ရှူမြန်ခြင်း သို့မဟုတ် အသက်ရှူရခက်ခဲခြင်း
  • နှလုံးခုန်သံ ပုံမှန်မဟုတ်ခြင်း
  • နှလုံးတွင် အသံအပို ကြားရခြင်း (Heart murmur)
  • မကြာခဏ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း
  • ကိုယ်အလေးချိန်သေးခြင်း
  • ကြီးထွားမှုနှေးခြင်း
  • နို့တိုက်ရခက်ခဲခြင်း သို့မဟုတ် နို့စို့နေစဉ် ပင်ပန်းနွမ်းနယ်ခြင်း၊ ချွေးထွက်များခြင်း စသည်တို့ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ

အပိုဖြစ်နေသော သွေးကြောအရွယ်အစားသည် သေးငယ်ပါက နောက်ဆက်တွဲပြဿနာ မရှိသလောက် နည်းပါးသော်လည်း အရွယ်အစား ကြီးမားပါက အောက်ပါပြဿနာများ ဖြစ်နိုင်သည်။

  • အဆုတ်အတွင်း သွေးဖိအားများခြင်း
    အဆုတ်သွေးလွှတ်ကြောအတွင်း ဖိအားများလာပြီး အဆုတ်ရှိ သွေးကြောငယ်လေးများကို ပျက်စီးစေကာ အသက်အန္တရာယ်ရှိသည့် သွေးစီးဆင်းမှု လမ်းကြောင်းပြောင်းပြန်ဖြစ်သွားခြင်း (Eisenmenger Syndrome) ကို ဖြစ်စေနိုင်သည်။
  • နှလုံးလုပ်ငန်းပျက်စီးခြင်း (Heart Failure)
    အလွန် အသက်ရှူမြန်ခြင်း၊ မောခြင်းနှင့် ကိုယ်အလေးချိန်တက်ရန် ခက်ခဲခြင်းတို့ ဖြစ်တတ်သည်။
  • နှလုံးအတွင်းပိုးဝင်ရောင်ရမ်းခြင်း (Infective endocarditis)
    သွေးကြောအပိုပါခြင်းကြောင့် နှလုံးအတွင်း ပိုးမွှားများ အလွယ်တကူဝင်ရောက်ပြီး နှလုံးရှိအဆို့ရှင်များကို ပျက်စီးစေနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန် (X Ray) ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

အကယ်၍ ပြင်းထန်မွေးရာပါနှလုံးရောဂါ လက္ခဏာများ တွေ့ရှိရပါက အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသကုသမှု ခံယူရန်လိုသည်။

ရောဂါရှာဖွေခြင်း

မွေးရာပါ နှလုံးသွေးကြောလမ်းကြောင်း အပိုပွင့်နေခြင်း (PDA) ရှိသည်ဟု သံသယရှိပါက ဆရာဝန်မှ နားကြပ် (Stethoscope) ကို အသုံးပြု၍ နှလုံးခုန်သံကို နားထောင်ရာတွင် ထူးခြားသော နှလုံးအသံအပို (Heart murmur) ကို လွယ်ကူစွာ ခွဲခြားသိရှိနိုင်သည်။ ၎င်းအသံသည် စက်တစ်ခုမောင်းနှင်နေသောအသံနှင့်တူသဖြင့် machinery murmur ဟုခေါ်သည်။

  1. သွေးတွင်းအောက်ဆီဂျင်တိုင်းစက်ဖြင့် တိုင်းတာခြင်း
  2. အီးစီဂျီ (ECG) ဆွဲခြင်း – နှလုံးစီးချက်အခြေအနေကို သိရှိနိုင်သည်
  3. ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း – နှလုံးနှင့်သွေးကြောပုံရိပ်များကို ကြည့်၍ ရောဂါခန့်မှန်းခြင်း၊ နှလုံးနှင့် အဆုတ်အခြေအနေများကို ကြည့်ရှူခြင်း
  4. အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက်ဖြင့် စမ်းသပ်ခြင်း (Echocardiogram)
    • ရောဂါရှာဖွေရာတွင် အသုံးပြုသည့် အဓိကစစ်ဆေးမှုတစ်ခုဖြစ်သည်
    • အသံလှိုင်းများကို အသုံးပြု၍ နှလုံးပုံရိပ်များကိုဖမ်းယူပြီး နှလုံးအခန်းများနှင့် နှလုံးအဆို့ရှင်အခြေအနေများ၊ နှလုံးအတွင်း သွေးစီးဆင်းမှုများကိုလည်း ကြည့်ရှုနိုင်သည်
  5. နှလုံးနှင့်သွေးကြော ပိုက်သွင်းစမ်းသပ်ခြင်း (Cardiac catheterization)
  6. သံလိုက်ဓာတ်မှန်ဖြင့် နှလုံးစမ်းသပ်ခြင်း (Cardiac MRI) – သံလိုက်စက်ကွင်းနှင့် ရေဒီယိုလှိုင်းများကို အသုံးပြု၍ နှလုံးပုံရိပ်များကို အသေးစိတ်ပုံဖော်ကြည့်ရှုနိုင်သည်။

မိခင်၏ဝမ်းတွင်း သန္ဓေသားလောင်းဘဝ (၁၈)ပတ် မှ (၂၂)ပတ်အတွင်း သန္ဓေသားလောင်း ကိုယ်လက်အင်္ဂါ ပြည့်စုံခြင်း ရှိမရှိ သိရှိရန် ရိုက်ကူးနိုင်သော သန္ဓေသားအာထရာဆောင်း (Fetal Anomalies Scan) ဖြင့်လည်း သန္ဓေသားလောင်း၏ နှလုံးဖွဲ့စည်းပုံ၊ သွေးလှည့်ပတ်မှုစသည်တို့ကို ကြည့်ရှုစစ်ဆေးပြီးအချို့သော မွေးရာပါ နှလုံးရောဂါများကို ကြိုတင်သိရှိနိုင်သည်။

ကုသခြင်း

မွေးရာပါ နှလုံးသွေးကြောလမ်းကြောင်း အပိုပွင့်နေခြင်း (PDA) အတွက် ကုသမှုများသည် ကလေးအသက်အရွယ်နှင့် သွေးကြော၏ အရွယ်အစားပေါ်တွင် မူတည်သည်။ တစ်ခါတစ်ရံတွင် PDA သည် အရွယ်အစားသေးပါက နောက်ဆက်တွဲပြဿနာများကို စောင့်ကြည့်ရန် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများသာ လိုအပ်နိုင်သည်။ ထို့ပြင် PDA ပါရှိသည့် လမစေ့ဘဲ မွေးသောကလေးငယ်များသည် PDA အလိုအလျောက် ပြန်ပိတ်ခြင်း ရှိမရှိ သေချာစေရန် ပုံမှန်စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်သည်။

ဆေးဝါးများဖြင့် ကုသခြင်း

PDA ပါရှိသော လမစေ့ဘဲ မွေးဖွားလာသည့် ကလေးငယ်များကို စတီးရွိုက်မဟုတ်သော ရောင်ရမ်းကျ အကိုက်အခဲပျောက်ဆေး (Nonsteroidal Anti-inflammatory Drugs – NSAIDs) (ဥပမာ – ပါရာစီတမော၊ အိုင်ဗျူပရိုဖဲင်၊ Indomethacin) များ ပေး၍ ကုသနိုင်သည်။ အဆိုပါဆေးများသည် PDA ကို ပွင့်နေစေသည့် ခန္ဓာကိုယ်အတွင်းရှိ ဓာတုပစ္စည်းအချို့ကို တားဆီးပေးသည်။ သို့သော် ထိုဆေးများသည် နေ့စေ့လစေ့မွေးသောကလေးများ၊ ကလေးကြီးများနှင့် လူကြီးများတွင်ရှိသော PDA ကို မပိတ်နိုင်သောကြောင့် အသုံးပြု၍ မရပါ။

အာဟာရပြည့်ဝစေရန် ပြုလုပ်ပေးခြင်း

PDA အရွယ်အစားကြီးသောကလေးများသည် အစာစားသည့်အချိန်တွင် အလွယ်တကူ မောပန်းလွယ်သောကြောင့် ကိုယ်အလေးချိန်တက်စေရန်အတွက် လုံလောက်အောင် မစားသောက်နိုင်ပါ။ ထို့ကြောင့် ကျန်းမာစွာ ကိုယ်အလေးချိန်တက်စေရန်၊ ကယ်လိုရီများစေရန် ပြုလုပ်ထားသော ဖော်မြူလာနို့ သို့မဟုတ် မိခင်နို့တွင် အာဟာရများ ထပ်ဖြည့်ပေးရန် လိုအပ်သည်။ အချို့ကလေးများတွင် လိုအပ်ပါက နှာခေါင်းပိုက်ဖြင့် အစာကိုထည့်ပေးရန် လိုအပ်သည်။

ခွဲစိတ်ကုသခြင်း

PDA ကို ပိတ်ရန် ဆေးဝါးဖြင့် ကုသ၍ မအောင်မြင်သောအခါ သို့မဟုတ် ကလေး၏ အခြေအနေပေါ်မူတည်ပြီး လိုအပ်ပါက အောက်ပါနည်းလမ်းများကို အသုံးပြု၍ ခွဲစိတ်နိုင်သည်။ အကယ်၍ အခြားသော မွေးရာပါနှလုံးချို့ယွင်းချက်များ မရှိပါက ဤကုသမှုများ ပြုလုပ်ပြီးနောက် သွေးလှည့်ပတ်မှုစနစ်သည် ချက်ချင်း ပုံမှန်အတိုင်း ပြန်လည်စီးဆင်းသွားမည်ဖြစ်သည်။

  1. နှလုံးနှင့်သွေးကြောအတွင်း ပိုက်သွင်းကုသခြင်း (Cardiac Catheterization)
    ဤနည်းလမ်းသည် ရင်ဘတ်ကို ခွဲစိတ်ရန်မလိုဘဲ PDA ကို ပိတ်နိုင်သည့် ခေတ်မီနည်းလမ်းဖြစ်သည်။
    • ပြုလုပ်ပုံ
      • ပေါင်ခြံရှိ သွေးကြောမှတစ်ဆင့် ပိုက်ငယ် (Catheter) တစ်ခုကို နှလုံးနှင့် PDA ရှိရာသို့ ရောက်အောင် ထည့်သွင်းသည်
      • ထို့နောက် ပိုက်အတွင်းမှတစ်ဆင့် အဆို့ (Plug) သို့မဟုတ် ကွိုင် (Coil) ငယ်လေးကို အသုံးပြု၍ ပွင့်နေသော လမ်းကြောင်းကို ပိတ်လိုက်ခြင်းဖြစ်သည်
    • အားသာချက်
      • ခွဲစိတ်ဒဏ်ရာ မရှိသလောက် နည်းပါးခြင်း၊ နာကျင်မှုနည်းခြင်းနှင့် များသောအားဖြင့် ဆေးရုံတွင် ညအိပ်တက်ရန် မလိုအပ်ဘဲ ထိုနေ့ချင်းပင် အိမ်ပြန်နိုင်ခြင်းတို့ဖြစ်သည်
    • ကန့်သတ်ချက်
      • လမစေ့ဘဲမွေးသော ကလေးငယ်များသည် ကိုယ်ခန္ဓာ အလွန်သေးငယ်လွန်းပါက ဤနည်းလမ်းဖြင့် ကုသရန် ခက်ခဲတတ်သည်
      • ထို့ကြောင့် အရေးပေါ်မဟုတ်ပါက ကလေးအနည်းငယ် ကြီးထွားလာချိန်မှသာ ဤနည်းလမ်းကို ပြုလုပ်လေ့ရှိသည်
  2. ခွဲစိတ်ကုသခြင်း (Surgical Ligation)
    ဆေးဝါးများဖြင့် ကုသ၍မရသောအခါ သို့မဟုတ် PDA အရွယ်အစား အလွန်ကြီးမားပြီး နောက်ဆက်တွဲပြဿနာများ ရှိနေပါက ခွဲစိတ်ကုသမှု လိုအပ်သည်။
    • ပြုလုပ်ပုံ
      • ခွဲစိတ်ဆရာဝန်သည် နံရိုးများကြားတွင် အပေါက်ငယ်တစ်ခု (Thoracotomy) ဖောက်၍ PDA သွေးကြောကို ရှာဖွေသည်
      • ထို့နောက် အဆိုပါ သွေးကြောလမ်းကြောင်းကို ချုပ်ရိုး (Sutures) သို့မဟုတ် သတ္တုကလစ် (Clips) များ အသုံးပြု၍ ချည်ပိတ်လိုက်ခြင်းဖြစ်သည်
    • ပြန်လည်ကျန်းမာလာမှု
      • ခွဲစိတ်မှုပြုလုပ်ပြီးနောက် ဆေးရုံတွင် ရက်အနည်းငယ် စောင့်ကြည့်ရန် လိုအပ်ပြီး ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်ရန် ရက်သတ္တပတ်အနည်းငယ် ကြာတတ်သည်
  3. ကုသမှုအပြီး စောင့်ရှောက်မှု (Follow-up Care)
    ကုသမှုခံယူပြီးသော်လည်း ကလေး၏ ကျန်းမာရေးကို ဆက်လက်စောင့်ကြည့်ရန် အလွန်အရေးကြီးသည်။
    • ပုံမှန်စစ်ဆေးခြင်း – နောက်ဆက်တွဲပြဿနာများ ရှိမရှိ သိရှိနိုင်ရန် နှလုံးအထူးကုဆရာဝန်နှင့် ပုံမှန်ရက်ချိန်းပြသရမည်
    • ပိုးဝင်ခြင်းကို ကာကွယ်ခြင်း – နှလုံးကို ပိုက်သွင်းကုသခြင်း (Catheterization) ဖြင့် အဆို့ထည့်ထားသော ကလေးများတွင် နှလုံးအတွင်းသား ပိုးဝင်ရောင်ရမ်းခြင်း (Endocarditis) ကို ကာကွယ်ရန် ကုသမှုအပြီး (၆) လကြာသည်အထိ သွားဘက်ဆိုင်ရာ ကုသမှုများ သို့မဟုတ် အခြားခွဲစိတ်မှုများ မပြုလုပ်မီ ပဋိဇီဝဆေး ကြိုတင်သောက်သုံးရန် လိုအပ်နိုင်သည်
    • အာဟာရ – ကလေး၏ ကိုယ်အလေးချိန်နှင့် ကြီးထွားမှု ပုံမှန်ရှိစေရန် အာဟာရပြည့်ဝစွာ ကျွေးမွေးရန် လိုအပ်သည်။
ကာကွယ်ခြင်း

မွေးရာပါနှလုံးရောဂါ ဖြစ်ပွါးစေသည့် အဓိကအကြောင်းရင်းများကို သေချာစွာ မသိရှိသေးသောကြောင့် ကာကွယ်နိုင်သည့် နည်းလမ်းအတိအကျ မရှိပါ။ သို့သော် အောက်ပါအချက်များကို လိုက်နာခြင်းဖြင့် ‌နောက်ဆက်တွဲပြဿနာများကို လျော့နည်းစေနိုင်သည်။

  • ကိုယ်ဝန်ရှိသည်ဟု သိရှိရသည့်အချိန်မှစ၍ ဆရာဝန် သို့မဟုတ် သားဖွားဆရာမများထံ၌ ကိုယ်ဝန်အပ်နှံ၍ ပုံမှန်စစ်ဆေးမှု ခံယူခြင်း
  • သင့်တော်သော ကိုယ်ဝန်ဆောင်အားဆေးများနှင့် ဖောလစ်အက်ဆစ် ၄၀ဝ မိုက်ခရိုဂရမ် (400 mcg) နေ့စဉ်ပုံမှန်သောက်သုံးခြင်း (ထိုသို့သောက်သုံးခြင်းသည် ကလေးငယ်၏ ဦးနှောက်နှင့် အာရုံကြောမကြီးဆိုင်ရာ ပြဿနာများကို လျော့နည်းစေရုံသာမက နှလုံးရောဂါဖြစ်ပွါးနိုင်ခြေကိုလည်း လျှော့ချပေးနိုင်ကြောင်း တွေ့ရှိရသည်)
  • အရက်၊ မူးယစ်ဆေးများနှင့် ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်ခြင်း (ဆေးလိပ်ရှောင်ကြဉ်ရာတွင် အိမ်ရှိ အတူနေမိသားစုဝင်များပါ ရှောင်ကြဉ်ရန် လိုအပ်သည်)
  • မိခင်လောင်းတွင် ဂျိုက်သိုးရောဂါဖြစ်ပွါးခဲ့ဖူးခြင်း သို့မဟုတ် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး ထိုးနှံခဲ့ဖူးခြင်းမရှိပါက ကိုယ်ဝန်မဆောင်မီ တစ်လအလို၌ ကာကွယ်ဆေးထိုးနှံခြင်း (ငယ်စဉ်မှစ၍ ကာကွယ်ဆေးများအားလုံး ထိုးနှံသင့်သည်)
  • သွေးတိုး၊ ဆီးချိုစသည့် အခံရောဂါများရှိပါက ကိုယ်ဝန်ဆောင်ကာလ မတိုင်မီကပင် သေချာစွာ ကုသမှုခံယူခြင်း
  • လုပ်ငန်းခွင် သို့မဟုတ် ပတ်ဝန်းကျင်မှ ကိုယ်ဝန်ကို ထိခိုက်စေသော ပစ္စည်းများ (ဓာတ်ရောင်ခြည်များ၊ အချို့ဓာတုဗေဒပစ္စည်းများ၊ အိမ်သုတ်ဆေးများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေးများ) နှင့် ထိတွေ့မှုမရှိအောင် ရှောင်ကြဉ်ခြင်း
  • ဆရာဝန်ညွှန်ကြားချက်မရှိပဲ ဆေးဝါးများသောက်သုံးခြင်းမှ ရှောင်ကြဉ်ခြင်းတို့ဖြစ်သည်။

References:

  1. American Heart Association. (n.d.). Patent ductus arteriosus (PDA). Retrieved April 8, 2026, from https://www.heart.org/en/health-topics/congenital-heart-defects/about-congenital-heart-defects/patent-ductus-arteriosus-pda
  2. Boston Children’s Hospital. (n.d.). Patent ductus arteriosus. Retrieved April 8, 2026, from https://www.childrenshospital.org/conditions-treatments/patent-ductus-arteriosus
  3. Cleveland Clinic. (n.d.). Patent ductus arteriosus (PDA). Retrieved April 8, 2026, from https://my.clevelandclinic.org/health/diseases/17325-patent-ductus-arteriosus-pda
  4. Hopkins Medicine. (n.d.). Patent ductus arteriosus (PDA). Retrieved April 8, 2026, from https://www.hopkinsmedicine.org/health/conditions-and-diseases/patent-ductus-arteriosus-pda
  5. Mayo Clinic. (2025). Patent ductus arteriosus (PDA): Symptoms and causes. Retrieved April 8, 2026, from https://www.mayoclinic.org/diseases-conditions/patent-ductus-arteriosus/symptoms-causes/syc-20376145
  6. Medscape. (n.d.). Patent ductus arteriosus: Overview. Retrieved April 8, 2026, from https://emedicine.medscape.com/article/891096-overview
  7. MSD Manuals. (n.d.). Patent ductus arteriosus (PDA). Retrieved April 8, 2026, from https://www.msdmanuals.com/professional/pediatrics/congenital-cardiovascular-anomalies/patent-ductus-arteriosus-pda
  8. National Center for Biotechnology Information. (2023). Patent ductus arteriosus. In StatPearls. Retrieved April 8, 2026, from https://www.ncbi.nlm.nih.gov/books/NBK430758/
  9. Stanford Medicine Children’s Health. (n.d.). Preterm patent ductus arteriosus. Retrieved April 8, 2026, from https://www.stanfordchildrens.org/en/services/preterm-patent-ductus-arteriosus/about
  10. Stanford University. (n.d.). Patent ductus arteriosus (PDA) clinical trial (NCT05547165). Retrieved April 8, 2026, from https://clinicaltrials.stanford.edu/trials/p/NCT05547165.html

Published: 28 April 2026

Share

28 April 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.