နားအကြားအာရုံခံစားမှု လွန်ကဲခြင်း (Hyperacusis) အခြေအနေသည် လူတစ်ဦး၌ အခြားသူများအတွက် ပုံမှန်ဟု ထင်ရသော အသံများကိုပင် သည်းမခံနိုင်လောက်အောင် အလွန်အမင်း ကျယ်လောင်နေသည်ဟု ခံစားရသည့် ရှားပါးသော နားအကြားအာရုံဆိုင်ရာ အခြေအနေတစ်ခုဖြစ်သည်။ ၎င်းအခြေအနေကို Decreased Sound Tolerance (DST) ဟုလည်း ခေါ်ဆိုကြသည်။
အသံအနည်းငယ်ကျယ်ခြင်းကိုပင် သည်းမခံနိုင်သည့် ခံစားမှုကို လူအတော်များများ ကြုံတွေ့ဖူးသော်လည်း ၎င်းမှာ ယာယီသာဖြစ်လေ့ရှိသည်။ အမှန်တကယ် နားအကြားအာရုံခံစားမှု လွန်ကဲခြင်းမှာမူ ရှားပါးပြီး လူ ၅၀,၀၀၀ တွင် တစ်ဦးခန့်သာ ဖြစ်ပွားလေ့ရှိသည်။ ဤအခြေအနေသည် အသက်အရွယ်မရွေး၊ နားတစ်ဖက် သို့မဟုတ် နှစ်ဖက်စလုံးတွင် ဖြစ်နိုင်ပြီး၊ Tinnitus ဟုခေါ်သော နားအူခြင်းဝေဒနာနှင့်လည်း ဆက်စပ်နေလေ့ရှိသည်။ လူတစ်ယောက်တွင် နားအူခြင်းနှင့် နားအကြားအာရုံခံစားမှု လွန်ကဲခြင်းတို့ကို တစ်ပြိုင်နက်တည်း ဖြစ်ပေါ်ခံစားရနိုင်သည်။
အသံများအပေါ် အကြားအာရုံခံစားမှု လွန်ကဲခြင်းသည် လူတစ်ဦး၏ လူနေမှုဘဝ အရည်အသွေးအပေါ် ကြီးမားသောသက်ရောက်မှု ရှိနိုင်သည်။ ပုံမှန်အသံများကိုပင် သည်းမခံနိုင်သူများအတွက် ယနေ့ခေတ် ပတ်ဝန်းကျင်ရှိ သာမန်ဆူညံသံများကြားတွင် နေထိုင်လုပ်ကိုင်ရန် အလွန်ခက်ခဲပင်ပန်းမှုများ ဖြစ်နိုင်သည်။ ထို့ကြောင့် ထိုအခြေအနေရှိသူများသည် လူမှုပတ်ဝန်းကျင်မှ ရှောင်ဖယ်နေထိုင်ခြင်း၊ လူမှုရေးအရ အထီးကျန်ခြင်း၊ သာမန်အသံများကိုပင် ကြောက်ရွံ့လာခြင်း (Phonophobia) နှင့် စိတ်ဓာတ်ကျခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
နားအကြားအာရုံခံစားမှု လွန်ကဲခြင်းအခြေအနေကို ဖြစ်စေသော အကြောင်းရင်းအတိအကျကို မသိရှိရသေးသော်လည်း အကြားအာရုံနှင့် သက်ဆိုင်သော အာရုံကြောစနစ် ထိခိုက်မှုများနှင့် ဆက်စပ်နေကြောင်း တွေ့ရှိရသည်။
- အကြားအာရုံကြော ထိခိုက်မှု (Auditory nerve damage)
နားမှတစ်ဆင့် ရရှိသော အသံလှိုင်းများကို လျှပ်စစ်စီးကြောင်းအဖြစ် ပြောင်းလဲကာ ဦးနှောက်သို့ ပို့ဆောင်ပေးသော အကြားအာရုံကြော ထိခိုက်ခြင်းကြောင့် ဤအခြေအနေကို ခံစားရနိုင်သည်။ အာရုံကြောထိခိုက်သွားသောအခါ ဦးနှောက်သို့ရောက်ရှိသည့် အသံအချက်အလက်များမှာ ပုံမှန်မဟုတ်ဘဲ လွန်ကဲစွာ ရောက်ရှိသွားခြင်းဖြစ်သည်။ - မျက်နှာရှိကြွက်သားများကို ထိန်းချုပ်သည့် အာရုံကြော ထိခိုက်မှု (Facial nerve damage)
အလွန်ကျယ်သောအသံများ ဝင်ရောက်လာပါက နားအတွင်း၌ နားစည်နှင့် နားတွင်းအစိတ်အပိုင်းများကို ကာကွယ်ထိန်းချုပ်ပေးသော ကြွက်သားငယ်လေးများ (Stapedius muscle) ရှိသည်။ ၎င်းကြွက်သားများကို မျက်နှာအာရုံကြော (Facial nerve) က ထိန်းချုပ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ထိုအာရုံကြောထိခိုက်မိပါက အသံကျယ်မှုကို ထိန်းညှိပေးသည့် အကာအကွယ်စနစ် ပျက်စီးသွားပြီး သာမန်အသံများကိုပင် အလွန်ကျယ်လောင်စွာ ခံစားရခြင်းဖြစ်သည်။
နားအကြားအာရုံခံစားမှု လွန်ကဲခြင်းအခြေအနေနှင့် ဆက်စပ်နေနိုင်သည့် အခြားရောဂါအခြေအနေများ
- အော်တစ်ဇင် (Autism)
- ပါးတခြမ်းရွဲ့ အာရုံကြောလေဖြန်းရောဂါ (Bell’s palsy)
- ခေါင်းတစ်ခြမ်းကိုက်ရောဂါ (Migraines)
- ဒေါင်းဆင်ဒရုန်း (Down syndrome)
- နားပိုးဝင်ခြင်း (Ear infections)
- ပိုးမွှားကိုက်ခြင်းကြောင့် ဖြစ်သော လိုင်းမ်ရောဂါ (Lyme disease)
- အတွင်းနား၌ နားတွင်းပြန်ရည်စု၍ ဖိအားများသည့်ရောဂါ (Ménière’s disease)
- မေးရိုးအဆစ်ရောင်ခြင်း (TMJ syndrome)
- ဗိုင်းရပ်စ်ပိုးကြောင့် နားနှင့်မျက်နှာရှိ အာရုံကြောရောင်ရမ်းခြင်း (Ramsay Hunt syndrome)
နားအကြားအာရုံခံစားမှု လွန်ကဲခြင်းအခြေအနေ ဖြစ်နိုင်ခြေများစေသော အချက်များ
အောက်ပါအချက်များ ရှိပါက နားအကြားအာရုံလွန်ကဲခြင်း ပိုမိုဖြစ်နိုင်ခြေရှိသည်။
- ဆူညံသံများနှင့် ရေရှည်ထိတွေ့ခြင်း – ဂီတပညာရှင်များ သို့မဟုတ် ဆောက်လုပ်ရေးလုပ်သားများကဲ့သို့ အသံကျယ်ကျယ်များကို အချိန်ကြာမြင့်စွာ နားထောင်ထိတွေ့နေရသူများ
- ရုတ်တရက် အသံအကျယ်ကြီး ကြားလိုက်ရခြင်း – သေနတ်သံ သို့မဟုတ် ဗျောက်အိုး၊ မီးရှူးမီးပန်းအသံကဲ့သို့သော ရုတ်တရက်ထွက်ပေါ်လာသည့် အသံကျယ်ကြီးများ ကြားလိုက်ရခြင်း
- နားအကြားအာရုံကို ထိခိုက်စေနိုင်သော ဆေးဝါးများ (Ototoxic medicines) – အကြားအာရုံ သို့မဟုတ် ဟန်ချက်ထိန်းစနစ်ကို ထိခိုက်စေနိုင်သည့် ဘေးထွက်ဆိုးကျိုးရှိသော ဆေးဝါးများကို ကြာရှည် သောက်သုံးမိခြင်း
- ထိခိုက်ဒဏ်ရာရခြင်း (Trauma) – ဦးခေါင်း ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် ခွဲစိတ်မှု ပြုလုပ်စဉ်အတွင်း အကြားအာရုံဆိုင်ရာ အစိတ်အပိုင်းများ ထိခိုက်ခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ခြေ ပိုများစေသည်။
ရောဂါလက္ခဏာများ
ပုံမှန်အကြားအာရုံရှိသူများသည် အသံအမျိုးမျိုး၏ ကျယ်လောင်မှုကို အဆင့်ဆင့် ခံစားနိုင်ကြသော်လည်း နားအကြားအာရုံခံစားမှု လွန်ကဲသူများအတွက်မူ ယေဘုယျအားဖြင့် အသံအားလုံးသည် အသံပမာဏ (Volume) အလွန်အမင်း မြှင့်ထားသကဲ့သို့ ခံစားရလေ့ရှိသည်။ နားအကြားအာရုံခံစားမှု လွန်ကဲခြင်းအခြေအနေသည် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ကျန်းမာရေးနှင့် နေ့စဉ်ဘဝအပေါ်တွင်လည်း များစွာ သက်ရောက်မှုရှိစေသည်။
ပုံမှန်လူများအတွက် ပြဿနာမရှိသော်လည်း နားအကြားအာရုံခံစားမှု လွန်ကဲသူများအတွက် သည်းမခံနိုင်လောက်အောင် ခံစားရစေသည့် နေ့စဉ်လူနေမှုဘဝမှ သာမန်အသံအချို့မှာ_
- လူများ စကားပြောဆိုသံ၊ အစားအသောက် ဝါးစားသံ
- ခွေးဟောင်သံ
- ကားအင်ဂျင် စက်နှိုးထားသံ
- ရေပိုက်ခေါင်းမှ ရေကျသံ
- အိမ်သုံး လျှပ်စစ်ပစ္စည်းများ လည်ပတ်သံ
- အကြွေစေ့များ ရိုက်ခတ်သံ
- စာအုပ် သို့မဟုတ် သတင်းစာစာရွက် လှန်သံနှင့်
- အခြားသော တိုးညင်းသည့် အသံအမျိုးမျိုးဖြစ်သည်။
သက်ရောက်မှုများ
- ရုပ်ပိုင်းဆိုင်ရာ သက်ရောက်မှု – နားထဲတွင် နာကျင်ခြင်း၊ နားကိုက်ခြင်း၊ နားထဲတွင် အသံမြည်ခြင်း၊ နားထဲတွင် ပိတ်ဆို့နေသကဲ့သို့ ဖိအား ခံစားရခြင်း၊ နားအူခြင်း (Tinnitus)
- စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှု – အသံများကြောင့် စိတ်တိုလွယ်ခြင်း (Misophonia)၊ အာရုံမစူးစိုက်နိုင်ခြင်း၊ သာမန်အသံများကိုပင် ကြောက်ရွံ့လာခြင်း (Phonophobia)
- လူမှုဘဝအပေါ် သက်ရောက်မှု – အသံကျယ်ကျယ်များ ကြုံတွေ့ရမည်ကို ကြောက်သောကြောင့် လူမှုပတ်ဝန်းကျင်မှ ရှောင်ဖယ်ကာ တစ်ဦးတည်း နေထိုင်လာခြင်း
- ပြင်းထန်မှုအဆင့်ဆင့် – အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်ရုံမှသည် ခန္ဓာကိုယ်ဟန်ချက်ပျက်ခြင်း သို့မဟုတ် အတက်ရောဂါ ဖြစ်သည်အထိ ပြင်းထန်နိုင်သည်
နောက်ဆက်တွဲပြဿနာများ
နားအကြားအာရုံခံစားမှု လွန်ကဲသူများသည် အချိန်မီကုသမှု မခံယူပါက အချိန်ကြာလာသည်နှင့်အမျှ စိတ်ကျန်းမာရေးနှင့် လူနေမှုဘဝကို များစွာထိခိုက်လာစေနိုင်သည်။ ပြင်းထန်ပြီး မနှစ်မြို့ဖွယ်အသံများကြောင့် စဉ်ဆက်မပြတ် စိတ်ဖိစီးနေရခြင်းကြောင့် အောက်ပါနောက်ဆက်တွဲပြဿနာများကို ဖြစ်စေနိုင်သည်။
- စိုးရိမ်ပူပန်မှု (Anxiety)
- စိတ်ဓာတ်ကျခြင်း (Depression)
- လူမှုဆက်ဆံရေး ပြဿနာများ
- လူမှုပတ်ဝန်းကျင်မှ ရှောင်ဖယ်ခြင်းနှင့် တစ်ကိုယ်တည်း အထီးကျန်နေထိုင်ခြင်း စသည်တို့ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါအခြေအနေများ တွေ့ကြုံခံစားနေရပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်းစသည်တို့ဖြင့် ရောဂါရှာဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့်တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
မိသားစုဆရာဝန်သည် လူနာ၏ ရောဂါရာဇဝင်ကို အသေးစိတ်မေးမြန်းကြည့်ရှုပြီး နားပြဿနာ ရှိမရှိကို စစ်ဆေးပေးမည်။ လိုအပ်ပါက နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်၊ ဦးနှောက်အာရုံကြော အထူးကုဆရာဝန်နှင့် အကြားအာရုံစစ်ဆေးသောပညာရှင် (Audiologist) တို့နှင့် ပြသရန် ဆက်လက်လွှဲပြောင်းပေးမည်ဖြစ်သည်။
စစ်ဆေးမှုများတွင် အောက်ပါတို့ ပါဝင်သည်။
- မေးခွန်းလွှာများ (Questionnaires) – အသံအမျိုးမျိုးအပေါ် မည်မျှ ထိခိုက်လွယ်သည့် ပမာဏနှင့် နေ့စဉ်လူနေမှုဘဝအပေါ် မည်သို့ သက်ရောက်မှုရှိသည် ဆိုသည်ကို မေးမြန်းဖြေဆိုခြင်း
- အကြားအာရုံ စစ်ဆေးခြင်း (Hearing tests) – အထွေထွေ အကြားအာရုံ စစ်ဆေးမှုအပြင် ဦးနှောက်မှ မည်သည့် အသံပမာဏကို “သည်းမခံနိုင်လောက်အောင် ကျယ်သည်” ဟု သတ်မှတ်ကြောင်း သိနိုင်ရန် Loudness Discomfort Level (LDL) ကို တိုင်းတာစစ်ဆေးခြင်း
- နားအတွင်းပိုင်းကို စစ်ဆေးခြင်း – နားစည်၏ လုပ်ဆောင်ပုံနှင့် ကြွက်သားများ၏ တုံ့ပြန်မှုကို သိရှိရန် Tympanometry ကဲ့သို့ စစ်ဆေးမှုများ ပြုလုပ်ခြင်း
- ပုံရိပ်ဖော်စစ်ဆေးခြင်း (Imaging tests) – မျက်နှာအာရုံကြော ထိခိုက်မှု သို့မဟုတ် ဦးနှောက်အတွင်းပိုင်းအကျိတ် ရှိမရှိကဲ့သို့သော ဆက်စပ်ရောဂါများကို ရှာဖွေရန် သံလိုက်ဓာတ်မှန် (MRI) သို့မဟုတ် ကွန်ပျူတာဓာတ်မှန် (CT Scan) ရိုက်ခြင်း
- သွေးဓာတ်ခွဲစစ်ဆေးမှုများ – ရေယုန်နှင့် Lyme disease ကဲ့သို့သော ဗိုင်းရပ်စ်နှင့် ပိုးမွှားကြောင့်ဖြစ်သည့် ရောဂါလက္ခဏာများကို သံသယရှိပါက သွေးစစ်ဆေးခြင်း
ကုသခြင်း
နားအကြားအာရုံခံစားမှု လွန်ကဲခြင်း အခြေအနေအတွက် သတ်မှတ်ထားသော စံပြကုသမှုများ (Standard Treatment) မရှိသေးသော်လည်း ရောဂါလက္ခဏာများကို ထိရောက်စွာ ထိန်းချုပ်နိုင်သည့် နည်းလမ်းများရှိသည်။ ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးကြောင့် ဖြစ်ပါက ဆရာဝန်နှင့်တိုင်ပင်၍ အခြားဆေးတစ်မျိုးသို့ ပြောင်းလဲခြင်း သို့မဟုတ် ဆက်စပ်နေသော အခံရောဂါများကို ကုသခြင်းတို့ဖြင့် သက်သာစေနိုင်သည်။ ထို့ပြင် ခံစားရသော လက္ခဏာများ သက်သာစေရန် ကုထုံးများနှင့် ရင်ဆိုင်ဖြေရှင်းနိုင်မည့် နည်းလမ်း (Coping strategies) များကို ဆရာဝန်များမှ လေ့ကျင့်ပေးမည်ဖြစ်သည်။ သင့်လျော်သော ကုသမှုခံယူပါက (၆)လ မှ (၁)နှစ်အတွင်း အသံခံနိုင်ရည်မှာ သိသိသာသာ တိုးတက်လာနိုင်သည်။
ကုသမှုဆိုင်ရာနည်းလမ်းများ
- အသံဖြင့် ကုသခြင်းနည်းလမ်း (Sound Therapy)
- နေ့စဉ်ကြားနေရသည့် အသံများကို ပြန်လည်လက်ခံနိုင်စေရန် ဦးနှောက်၏ အသံပိုင်းဆိုင်ရာ စီစစ်လုပ်ဆောင်ပေးသော ဗဟိုချက်နေရာ (Auditory processing center) ကို အသံဖြင့် ပြန်လည်လေ့ကျင့်ပေးခြင်းဖြစ်သည်
- ၎င်းသည် ကျယ်လောင်သည်ဟု ခံစားရသော အသံများကို တဖြည်းဖြည်းနှင့် ဘေးကင်းစွာ ကျင့်သားရစေရန် ပြုလုပ်ခြင်းဖြစ်သည်
- လက္ခဏာခံစားနေရသော နားတွင် အသံထုတ်လွှင့်ပေးသည့် ကိရိယာလေးတစ်ခုကို တပ်ဆင်ပေးမည်ဖြစ်ပြီး ၎င်းမှတစ်ဆင့် တိုးညင်းသော အသံနိမ့် (White noise) ကို ထုတ်ပေးကာ အချိန်ကြာလာသည်နှင့်အမျှ အသံပမာဏကို မြှင့်တင်၍ အသံကျယ်များကို ကျင့်သားရစေသည်
- ဤနည်းလမ်းသည် (၁၂) လခန့်အထိ ကြာမြင့်နိုင်သော်လည်း အသံသည်းခံနိုင်စွမ်းကို တိုးတက်ကောင်းမွန်လာစေသည်
- အသိအမြင်အပြုအမူ ပြောင်းလဲပေးသည့် စိတ်ကုထုံး (Cognitive Behavioural Therapy – CBT)
- နားမခံနိုင်သော အသံကျယ်များနှင့် ပတ်သက်၍ ဖြစ်ပေါ်လာသော အဆိုးမြင်သည့်ခံစားချက်များကို မည်သို့ ကိုင်တွယ်ရမည်ကို သင်ကြားပေးခြင်းဖြစ်သည်
- CBT သည် လူကြီးများတွင် သည်းခံနိုင်သော အသံပမာဏ (Loudness Discomfort Level – LDL) ကို တိုးတက်ကောင်းမွန်စေကြောင်း တွေ့ရှိရသည်
- နားအူခြင်းအတွက် ပြန်လည်လေ့ကျင့်သည့် ကုထုံး (Tinnitus Retraining Therapy – TRT)
- နားကြပ်မှတစ်ဆင့် မိုးရွာသံ သို့မဟုတ် လေတိုက်သံကဲ့သို့ အေးချမ်းသော အသံများကို နားထောင်စေခြင်းဖြင့် ဆူညံသံများကြောင့် စိတ်အနှောင့်အယှက် ဖြစ်ခြင်းကို လျော့ကျစေသည်
- ခွဲစိတ်မှု (Surgery)
- မျက်နှာအာရုံကြောဆိုင်ရာ ပြဿနာများ သို့မဟုတ် နားအတွင်းပိုင်း တည်ဆောက်ပုံ ချို့ယွင်းချက်များကြောင့် ဖြစ်ပါက ခွဲစိတ်မှု ပြုလုပ်ခြင်းဖြင့် သက်သာနိုင်သည်
ကာကွယ်ခြင်း
နားအကြားအာရုံခံစားမှု လွန်ကဲခြင်းကို ကြိုတင်ကာကွယ်ရန် ခက်ခဲသကဲ့သို့ အမြစ်ပြတ် ကုသနိုင်သောနည်းလမ်းလည်း မရှိသေးပါ။ သို့သော် ဖြစ်ပွါးရသည့် အကြောင်းရင်းပေါ် မူတည်၍ သင့်လျော်သော ကုသမှုများဖြင့် ကုသပါက အချိန်ကြာလာသည်နှင့်အမျှ လက္ခဏာများ သက်သာသွားနိုင်သည်။
နေ့စဉ်ကြားနေရသော သာမန်အသံများကိုပင် နာကျင်သည်အထိ ခံစားနေရပါက သက်ဆိုင်ရာဆရာဝန်များနှင့် အမြန်ဆုံးပြသ ဆွေးနွေးသင့်သည်။ ထို့ပြင် အကြားအာရုံကို ကာကွယ်ရန်အတွက် အလွန်ကျယ်လောင်သော ဆူညံသံများနှင့် ထိတွေ့ရမည့် အခြေအနေများတွင် နားကြပ် (Earplugs) အသုံးပြုခြင်းကဲ့သို့သော နားအကြားအာရုံ ထိန်းသိမ်းရေး နည်းလမ်းများကို လိုက်နာဆောင်ရွက်သင့်သည်။
References:
- Cleveland Clinic. (2026). Hyperacusis. Retrieved April 8, 2026, from https://my.clevelandclinic.org/health/diseases/24320-hyperacusis
- American Academy of Otolaryngology–Head and Neck Surgery. (n.d.). Hyperacusis. Retrieved April 8, 2026, from https://www.enthealth.org/conditions/hyperacusis/
- Matz, O., Sutton, A. E., & Shermetaro, C. (2026). Hyperacusis. In StatPearls. StatPearls Publishing. Retrieved April 8, 2026, from https://www.ncbi.nlm.nih.gov/books/NBK557713/
- National Health Service. (n.d.). Hyperacusis. Retrieved April 8, 2026, from https://www.nhs.uk/conditions/hyperacusis/
- UCSF Health. (n.d.). Hyperacusis. Retrieved April 8, 2026, from https://www.ucsfhealth.org/care/conditions/hyperacusis
Published: 24 April 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.