အမျိုးသားများတွင် ကျားဟော်မုန်းချို့တဲ့ခြင်း (Male hypogonadism) ဆိုသည်မှာ အမျိုးသားများတွင် ခန္ဓာကိုယ်မှ ကျားဟော်မုန်း တက်စတိုစတီရုန်း (Testosterone) ကို လုံလောက်စွာ မထုတ်လုပ်နိုင်ခြင်း သို့မဟုတ် သုက်ပိုး (Sperm) လုံလောက်စွာ မထုတ်လုပ်နိုင်ခြင်း သို့မဟုတ် နှစ်မျိုးလုံးချို့တဲ့နေသည့် အခြေအနေကို ဆိုလိုသည်။ တက်စတိုစတီရုန်းသည် အမျိုးသားများအတွက် ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှု၊ လူပျိုဖော်ဝင်ချိန်တွင် ခန္ဓာကိုယ် ပြောင်းလဲရင့်ကျက်မှု၊ အမျိုးသားများ၏ လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များ၊ အမျိုးသားများ၏ တစ်ကိုယ်ရေ ကျန်းမာရေးနှင့် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာရှိမှု စသည့် အခန်းကဏ္ဍများစွာတွင် ပါဝင်သည်။ ထိုသို့အရေးပါလှသည့်ဟော်မုန်း ချို့တဲ့သောအခါ အမျိုးသားတစ်ဦး၏ စရိုက်လက္ခဏာ၊ ကြီးထွားဖွံ့ဖြိုးမှုနှင့် မျိုးပွါးမှု စသည့်လုပ်ငန်းစဥ်များတွင် ချို့ယွင်းမှုများကို ဖြစ်စေသည်။ ဟော်မုန်းချို့တဲ့ခြင်းသည် မွေးရာပါ ဖြစ်နိုင်သကဲ့သို့ နောက်ပိုင်းတွင် ထိခိုက်ဒဏ်ရာရခြင်း၊ ရောဂါပိုးဝင်ခြင်းနှင့် အခြားသော အကြောင်းရင်းများစွာကြောင့်လည်း ဖြစ်ပွါးနိုင်သည်။
ကျားဟော်မုန်းထုတ်လုပ်ခြင်းအဆင့်များ (Hypothalamo- pituitary- gonadal Axis)
ပုံမှန်အားဖြင့် ဝှေးစေ့အတွင်းရှိ Leydig cells များသည် ကျားဟော်မုန်း (Testosterone) ကို ထုတ်ပေးသည်။ သို့သော် ထိုကဲ့သို့ ဟော်မုန်း ထွက်လာစေရန် ဦးနှောက်အတွင်းရှိ အစိတ်အပိုင်းများက အဆင့်ဆင့် ချိတ်ဆက်လှုံ့ဆော်၍ လုပ်ဆောင်ရန်လည်း လိုအပ်သည်။
- Hypothalamus (ဟိုက်ပိုသဲလမတ်စ်) – ဦးနှောက်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ထိုအပိုင်းမှ GnRH ဟော်မုန်းကို စတင်ထုတ်လုပ်ပေးသည်။
- Pituitary Gland (ပီကျူတရီဂလင်း) – အထက်ပါ GnRH သည် ဦးနှောက်၏ အခြားအစိတ်အပိုင်းဖြစ်သော ပီကျူတရီဂလင်းသို့ အချက်ပေးကာ FSH (သုက်ပိုးဖြစ်ထွန်းမှုကို လှုံ့ဆော်ပေးသော ဟော်မုန်း)နှင့် LH (ကျားဟော်မုန်း ထုတ်လုပ်မှုကို လှုံ့ဆော်ပေးသော ဟော်မုန်း) ဟော်မုန်းနှစ်မျိုးကို ထုတ်လုပ်စေသည်။
- Testes (ဝှေးစေ့) – ထို FSH နှင့် LH ဟော်မုန်းများက ဝှေးစေ့သို့ ရောက်ရှိသွားသောအခါ တက်စတိုစတီရုန်းဟော်မုန်း ထုတ်လုပ်ရန်နှင့် သုက်ပိုးဖြစ်ထွန်းမှုကို လှုံ့ဆော်ပေးသည်။
ဤကဲ့သို့ အဆင့်ဆင့် ချိတ်ဆက်လုပ်ဆောင်မှုကို Hypothalamo-Pituitary-Gonadal axis (HPG axis) ဟုခေါ်သည်။ ဤစနစ်တွင် Biofeedback ဟုခေါ်သော ကိုယ်တိုင်ပြန်လည်ထိန်းညှိသည့်စနစ် ရှိသောကြောင့် ခန္ဓာကိုယ်အတွင်း ကျားဟော်မုန်းပမာဏကို ပုံမှန်အတိုင်း တည်ငြိမ်အောင် အလိုအလျောက် ထိန်းချုပ်ပေးသည်။ ကျားဟော်မုန်းများကို ထုတ်လုပ်ပြီးနောက် ဝှေးစေ့ရှိ သွေးကြောများမှတစ်ဆင့် ခန္ဓာကိုယ်အနှံ့သို့ ပို့ဆောင်ရန် Sex-hormone Binding Globulin (SHBG) ဟုခေါ်သော ပရိုတင်းများက သယ်ဆောင်ပေးသည်။
ကျားဟော်မုန်း၏ လုပ်ဆောင်ချက်များ (Actions of Testosterone)
ကျားဟော်မုန်းသည် အမျိုးသားတစ်ဦး၏ ခန္ဓာကိုယ်အစိတ်အပိုင်း အသီးသီးတွင် အောက်ပါလုပ်ငန်းများကို လုပ်ဆောင်ပေးသည်။
- ဦးနှောက် – လိင်စိတ် (Libido) ကို ထိန်းညှိပေးခြင်း၊ စိတ်ခံစားချက် ကောင်းမွန်စေခြင်းနှင့် အာရုံစူးစိုက်မှုကို ကောင်းမွန်စေခြင်း
- ကြွက်သား – ခန္ဓာကိုယ်တွင်း ပရိုတင်းဓာတ် တည်ဆောက်မှုကို မြှင့်တင်ပေးပြီး ကြွက်သားထုထည် ကြီးထွားစေခြင်း
- အရိုး – အရိုးသိပ်သည်းဆကို ထိန်းသိမ်းပေးပြီး ကယ်လ်ဆီယမ်ဓာတ် ဆုံးရှုံးမှုကိုလည်း ကာကွယ်ပေးခြင်း
- သွေး – သွေးနီဥ ထုတ်လုပ်မှုကို လှုံ့ဆော်ပေးခြင်း
- အဆီ – ခန္ဓာကိုယ်တွင် အဆီစုခြင်းကို တားဆီးပေးပြီး အဆီများကို လောင်ကျွမ်းစေခြင်း
- မျိုးပွါးအင်္ဂါ – သုက်ပိုး ထုတ်လုပ်မှုကို ဦးဆောင်ပေးခြင်းနှင့် လိင်အင်္ဂါ/ဝှေးစေ့ ကြီးထွားမှုကို ထိန်းချုပ်ပေးခြင်း
ကျားဟော်မုန်းချို့တည့်ခြင်း အမျိုးအစားများ
ကျားဟော်မုန်းချို့တဲ့ခြင်းရောဂါကို အခြေခံအားဖြင့် အမျိုးအစား (၂) မျိုး ခွဲခြားနိုင်သည်။
- Primary Hypogonadism – ဝှေးစေ့တွင်ဖြစ်သော ရောဂါအခြေအနေများကြောင့် ဖြစ်ပေါ်ခြင်း ဖြစ်ပြီး Primary testicular failure ဟုလည်း ခေါ်ဆိုသည်
- Secondary Hypogonadism – ထိုအမျိုးအစားသည် ဝှေးစေ့ကို ဟော်မုန်းထုတ်ရန် ညွှန်ကြားချက် ပေးသော ဦးနှောက်အစိတ်အပိုင်းများဖြစ်သည့် Hypothalamus နှင့် Pituitary gland တို့ရှိ ရောဂါအခြေအနေများကြောင့် ဖြစ်ပေါ်သည်၊ တစ်ခါတစ်ရံ အခြားနာတာရှည်ရောဂါများသည်လည်း ဟော်မုန်းထုတ်လုပ်မှုကို ထိန်းချုပ်သော ဦးနှောက်အစိတ်အပိုင်းများ၏ လုပ်ဆောင်ချက်ကို ထိခိုက်စေသဖြင့် ဟော်မုန်းထုတ်ခြင်းကို နည်းစေသည်
- သို့ရာတွင် အချို့ရောဂါအခြေအနေများသည် ဝှေးစေ့နှင့် ဦးနှောက်အစိတ်အပိုင်းများကို တစ်ပြိုင်နက် ထိခိုက်စေသဖြင့် အထက်ပါ အမျိုးအစား (၂) မျိုးလုံး ဖြစ်စေနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
- ဝှေးစေ့ဆိုင်ရာ ရောဂါများကြောင့်ဖြစ်သော ကျားဟော်မုန်းချို့တဲ့ခြင်း (Primary hypogonadism) ဖြစ်စေသော အကြောင်းရင်းများ
ဝှေးစေ့များ ထိခိုက်ပျက်စီးသွားပြီး ဦးနှောက်ရှိ ပီကျူတရီဂလင်းမှ ပို့လွှတ်သော ဟော်မုန်းညွှန်ကြားချက်များကို တုံ့ပြန်နိုင်စွမ်းမရှိတော့ဘဲ ဟော်မုန်းနှင့် သုက်ပိုးများကို လုံးဝမထုတ်လုပ်နိုင်တော့ခြင်းဖြစ်သည်။- မွေးရာပါအခြေအနေများ (Congenital cause)
ဝှေးစေ့ကို ထိခိုက်စေပြီး ကျားဟော်မုန်းချို့တဲ့မှုကို ဖြစ်စေနိုင်သော မွေးရာပါအခြေအနေများမှာ_- ဝှေးစေ့မပါဘဲ မွေးဖွားလာခြင်း (Anorchia) – မွေးဖွားချိန်ကတည်းက ဝှေးစေ့ မပါလာခြင်း
- ဝှေးစေ့ အောက်သို့မဆင်းခြင်း (Cryptorchidism) – ဝှေးစေ့သည် ကပ်ပယ်အိတ်အတွင်းသို့ ပုံမှန်အတိုင်း ဆင်းမလာခြင်း
- Leydig cell hypoplasia – ဝှေးစေ့အတွင်းရှိ ကျားဟော်မုန်း ထုတ်လုပ်ပေးသော Leydig cells များ ဖွံ့ဖြိုးမှု အားနည်းခြင်း
- Klinefelter’s syndrome (XXY) – အမျိုးသားများတွင် X ခရိုမိုဇုန်း (X chromosome) တစ်ခု အပိုပါလာသော မျိုးဗီဇဆိုင်ရာ အခြေအနေ
- Noonan syndrome – လူပျိုဖော်ဝင်ချိန် နောက်ကျခြင်း၊ ဝှေးစေ့ အောက်မဆင်းခြင်း သို့မဟုတ် မြုံခြင်းတို့ကို ဖြစ်စေနိုင်သော ရှားပါးမျိုးဗီဇ ရောဂါစု
- Myotonic dystrophy – ကြွက်သားများ အားနည်းပျက်စီးစေသော မျိုးရိုးလိုက်ရောဂါစု
- မွေးပြီးနောက်ပိုင်းမှဖြစ်သော အကြောင်းရင်းများ (Acquired cause)
- ဝှေးစေ့ ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် ရောဂါကြောင့် ခွဲစိတ်ဖယ်ရှားလိုက်ရခြင်း
- ဝှေးစေ့ ရောင်ရမ်းခြင်း (Orchitis) – ပိုးဝင်ခြင်းကြောင့် ဝှေးစေ့ တစ်ဖက် သို့မဟုတ် နှစ်ဖက်လုံး ရောင်ရမ်းခြင်း
- ကင်ဆာဆေးသွင်းခြင်း (Chemotherapy) သို့မဟုတ် ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiation therapy)
- အချို့သောအကျိတ် (Tumours) အမျိုးအစားများ – ဥပမာအားဖြင့် – ဝှေးစေ့ကင်ဆာ Seminoma
- သံဓာတ်လွန်ကဲခြင်း (Iron overload) – မျိုးပွါးအင်္ဂါများတွင် သံဓာတ်များ စုပုံလာပြီး ဝှေးစေ့၏ လုပ်ဆောင်ချက် ပျက်စီးခြင်း
- Sarcoidosis – မျိုးပွါးအင်္ဂါများတွင်သာမက ကိုယ်အင်္ဂါအစိတ်အပိုင်းအသီးသီးတွင် ရောင်ရမ်းမှုဖြစ်စေသော ရောဂါတစ်မျိုး
- အရက်အလွန်အကျွံသောက်ခြင်း (Alcohol use disorder) – အရက်သည် ကျားဟော်မုန်းထုတ်လုပ်ပေးသော Leydig cells များကို တိုက်ရိုက်ပျက်စီးစေသည်
- အသက်အရွယ်ကြီးလာခြင်း (Aging)
- မွေးရာပါအခြေအနေများ (Congenital cause)
- ဦးနှောက်ရှိဂလင်းများကြောင့် ဖြစ်သည့် ကျားဟော်မုန်းချို့တဲ့ခြင်း (Secondary Male Hypogonadism) ကိုဖြစ်စေသော အကြောင်းရင်းများ
ဦးနှောက်ရှိ Hypothalamus သို့မဟုတ် Pituitary gland တို့၏ လုပ်ဆောင်ချက်ကို ထိခိုက်စေသော ရောဂါအခြေအနေများကြောင့်ဖြစ်ပြီး ဟော်မုန်းထုတ်လုပ်ရန် ညွှန်ကြားချက်များကို ကောင်းစွာ မပို့ပေးနိုင်သောကြောင့်ဖြစ်သည်။- မွေးရာပါအခြေအနေများ (Congenital cause)
- Isolated hypogonadotropic hypogonadism – ပီကျူတရီဂလင်းမှ ဟော်မုန်းအချို့ ထွက်ရှိမှု (အထူးသဖြင့် FSH, LH) အလွန်နည်းပါးသော မွေးရာပါရောဂါ
- Kallmann syndrome – ဦးနှောက်ရှိ Hypothalamus ကို ထိခိုက်စေသော ရှားပါးမျိုးဗီဇရောဂါ
- Prader-Willi syndrome – ခန္ဓာကိုယ်အတွက် လုံလောက်သော ဟော်မုန်းများ မထုတ်ပေးနိုင်သည့် ရှားပါးမျိုးဗီဇချို့ယွင်းမှုရောဂါ
- မွေးပြီးနောက်ပိုင်းမှဖြစ်သော အကြောင်းရင်းများ (Acquired cause)
- ပီကျူတရီဂလင်းကို ထိခိုက်စေသော ရောဂါအမျိုးမျိုး – အကျိတ်ဖြစ်ခြင်း၊ သွေးယိုခြင်း၊ သွေးပေါင်ကျခြင်းကြောင့် ပျက်စီးခြင်း (Necrosis)၊ ခွဲစိတ်မှုပြုလုပ်ခြင်း၊ ဦးခေါင်းဒဏ်ရာရခြင်း၊ ပိုးဝင်ခြင်း၊ ရောင်ရမ်းခြင်း
- ပရိုလက်တင်ဟော်မုန်း လွန်ကဲခြင်း (Hyperprolactinemia) – ပီကျူတရီဂလင်းမှ ပရိုလက်တင် ဟော်မုန်းကို ပုံမှန်ထက် လွန်ကဲစွာထုတ်ခြင်းကြောင့် Hypothalamus မှ GnRH ဟော်မုန်းထွက်ခြင်းကို တားဆီးပြီး နောက်ဆက်တွဲအနေဖြင့် FSH, LH ဟော်မုန်းကို နည်းစေခြင်း
- သံဓာတ်လွန်ကဲခြင်း (Iron overload) – ပီကျူတရီဂလင်းတွင် သံဓာတ်များ စုပုံလာပြီး ဂလင်း၏ လုပ်ဆောင်ချက်ကို ထိခိုက်စေခြင်း
- ကူးရှင်းရောဂါစု (Cushing syndrome) – ကိုယ်ခန္ဓာတွင် ကော်တီဇော (Cortisol) ဟော်မုန်းများ လွန်ကဲနေခြင်းကြောင့် Hypothalamus မှ GnRH ထွက်ရှိမှုကို တိုက်ရိုက်တားဆီးခြင်း
- အသည်းခြောက်ရောဂါ (Cirrhosis of the liver) – ကျားဟော်မုန်းကို သယ်ဆောင်ပေးသည့် SHBG ပရိုတင်းဓာတ် နည်းပါးသွားခြင်း
- ကျောက်ကပ်ပျက်စီးခြင်း (Kidney failure) – ခန္ဓာကိုယ်တွင် အဆိပ်အတောက်များ စုပုံလာပြီး ပီကျူတရီဂလင်းမှ LH ဟော်မုန်းထုတ်လုပ်မှုကို ထိခိုက်စေခြင်း
- HIV/AIDS – ကိုယ်အလေးချိန် အလွန်အမင်းကျခြင်း၊ ပိုးဝင်ခြင်းများနှင့် ကုသဆေးများကြောင့် ဟော်မုန်းထုတ်လုပ်မှုစနစ်များကို ချို့ယွင်းစေခြင်း
- အရက်အလွန်အကျွံသောက်ခြင်း – ဝှေးစေ့ကို တိုက်ရိုက်ထိခိုက်စေရုံသာမက ဦးနှောက်ဂလင်းများ၏ လုပ်ဆောင်ချက်များကို ချို့ယွင်းစေခြင်း
- Anabolic steroid အသုံးပြုခြင်း – ပြုပြင်ထုတ်လုပ်ထားသော ကျားဟော်မုန်းများ (Synthetic steroid) ကို သောက်သုံးခြင်း၊ ဆေးထိုးခြင်းတို့ကြောင့် ဦးနှောက်မှ ခန္ဓာကိုယ်တွင် ဟော်မုန်း လုံလောက်သည်ဟု ယူဆကာ ကိုယ်ခန္ဓာမှ ပုံမှန်ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ခြင်း
- အိပ်နေစဉ် အသက်ရှူလမ်းကြောင်းပိတ်ဆို့ အသက်ရှူရပ်သောရောဂါ (Obstructive sleep apnea) – ကျားဟော်မုန်းသည် နှစ်ခြိုက်စွာအိပ်ပျော်ချိန် (REM sleep) တွင် အများဆုံးထွက်လေ့ရှိပြီး အသက်ရှူရပ်ခြင်းကြောင့် နှစ်ခြိုက်စွာအိပ်ပျော်မှုကို ထိခိုက်ကာ ကျားဟော်မုန်းထွက်ရှိမှုကို အနှောင့်အယှက်ဖြစ်စေခြင်း
- အချို့သောဆေးဝါးများ – ဆီးကျိတ်ကင်ဆာဆေးများ၊ အစာခြေစနစ်ဆိုင်ရာဆေးများနှင့် အကိုက်အခဲပျောက်ဆေးအချို့
- ဘိန်းပါသောဆေးများနှင့် ဆေးစွဲမှုကုသဆေးများ – ဘိန်းနှင့် ဆက်စပ်ဆေးဝါးများသည် GnRH ဟော်မုန်းထုတ်လွှတ်မှုကို နှောင့်ယှက်တားဆီးသည်
- မွေးရာပါအခြေအနေများ (Congenital cause)
ဖြစ်နိုင်ခြေပိုများစေသော အချက်များ
ကျားဟော်မုန်းချို့တဲ့ခြင်းသည် မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်ပွါးနိုင်သည်။ သို့သော် အောက်ပါအချက်များရှိသူများတွင် ကျားဟော်မုန်းနည်းပါးရန် အခွင့်အလမ်း ပိုများသည်။
- အသက် (၄၅) နှစ်ထက် ကျော်လွန်သူများ
- အဝလွန်သူများ
- အာဟာရ ပြည့်ဝအောင် မစားသုံးသူများ (Malnutrition)
- အမျိုးအစား (၂) ဆီးချိုရောဂါကို ကောင်းမွန်စွာ မထိန်းသိမ်းနိုင်သူများ
- အိပ်ပျော်နေစဥ် အသက်ရှူလမ်းကြောင်း ပိတ်ဆို့သောရောဂါ (Obstructive sleep apnea) ရှိသူများ
- ကျောက်ကပ်ပျက်စီးခြင်း သို့မဟုတ် အသည်းခြောက်ခြင်းကဲ့သို့သော နာတာရှည်ရောဂါရှိသူများ
- HIV/AIDS ပိုးရှိသူများ
- မိသားစုမျိုးရိုးအတွင်း ကျားဟော်မုန်းချို့တဲ့သည့် ရာဇဝင်ရှိသူများ (Inherited)
ရောဂါလက္ခဏာများ
ကျားဟော်မုန်းချို့တဲ့ခြင်းသည် မိခင်ဝမ်းဗိုက်အတွင်းရှိစဉ်ကသော်လည်းကောင်း၊ လူပျိုဖော်ဝင်ချိန်မတိုင်မီသော်လည်းကောင်း သို့မဟုတ် အရွယ်ရောက်ပြီးချိန်တွင်သော်လည်းကောင်း စတင်ဖြစ်ပွါးနိုင်သည်။ လက္ခဏာများသည် ရောဂါစတင်ဖြစ်ပေါ်သည့် အချိန်ပေါ်တွင် မူတည်သည်။
- မိခင်ဝမ်းဗိုက်အတွင်းရှိစဉ် (In the womb)
သန္ဓေသားဘဝတွင် ခန္ဓာကိုယ်မှ ကျားဟော်မုန်း လုံလောက်စွာ မထုတ်နိုင်ပါက ပြင်ပလိင်အင်္ဂါများ ဖွံ့ဖြိုးမှုကို ထိခိုက်စေသည်။ ရောဂါစတင်သည့်အချိန်နှင့် ဟော်မုန်းပမာဏအပေါ် မူတည်၍ အမျိုးသားဗီဇပါသော ကလေးငယ်သည် အောက်ပါအတိုင်း မွေးဖွားလာနိုင်သည်။- အမျိုးသမီး လိင်အင်္ဂါပုံစံဖြင့် မွေးဖွားလာခြင်း
- အမျိုးသား သို့မဟုတ် အမျိုးသမီးဟု အတိအကျ ခွဲခြား၍မရသော လိင်အင်္ဂါဖြင့် မွေးဖွားလာခြင်း (Ambiguous genitals)
- အမျိုးသား လိင်အင်္ဂါပါသော်လည်း အပြည့်အဝ ဖွံ့ဖြိုးမှုမရှိခြင်း
- လူပျိုဖော်ဝင်ချိန် (Puberty)
အသက် (၁၀) နှစ်မတိုင်မီ ကျားဟော်မုန်းချို့တဲ့ပါက လူပျိုဖော်ဝင်ချိန် နောက်ကျခြင်း သို့မဟုတ် ပုံမှန်ဖွံ့ဖြိုးမှုများ မဖြစ်ပေါ်ခြင်းတို့ ဖြစ်တတ်သည်။ ၎င်းတို့မှာ_- ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှု နှေးကွေးခြင်း (အရပ်ထွက် နှေးခြင်း)
- မျက်နှာနှင့် ဆီးခုံတစ်ဝိုက် အမွေးအမှင် ထွက်ရှိမှု နည်းပါးခြင်း
- လိင်တံနှင့် ဝှေးစေ့များ ဖွံ့ဖြိုးကြီးထွားမှု လျော့နည်းခြင်း
- အသံဩခြင်း ပြောင်းလဲမှု နည်းပါးခြင်း
- ခန္ဓာကိုယ် ကြံ့ခိုင်မှုနှင့် ခံနိုင်ရည် ပုံမှန်ထက် လျော့နည်းခြင်း
- ရင်သားကြီးထွားလာခြင်း (Gynecomastia)
- အရွယ်ရောက်ပြီးချိန် (Adulthood)
အရွယ်ရောက်ပြီးသူများတွင် အချို့သော ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများနှင့် သားသမီးရနိုင်စွမ်းကို ထိခိုက်စေသည်။ အစောပိုင်းလက္ခဏာများမှာ_- လိင်စိတ်ဆန္ဒ လျော့နည်းခြင်း
- ပန်းသေပန်းညှိုးရောဂါဖြစ်ခြင်း
- အင်အားကုန်ခမ်းခြင်း
- စိတ်ဓာတ်ကျခြင်း
စိတ်ပိုင်းဆိုင်ရာနှင့် အခြားပြောင်းလဲမှုများ
ကျားဟော်မုန်း အလွန်အမင်း နည်းပါးသွားသောအခါ အချို့သော အမျိုးသားများတွင် အမျိုးသမီးများ သွေးဆုံးချိန်ကဲ့သို့ လက္ခဏာများ ခံစားရတတ်သည်။
- အာရုံစူးစိုက်ရန် ခက်ခဲခြင်း
- အသား ပူရှိန်းရှိန်း ခံစားရခြင်း (Hot flashes)
- ညဘက်တွင် ချွေးအလွန်ထွက်ခြင်း
နောက်ဆက်တွဲပြဿနာများ
- ပန်းသေပန်းညှိုးရောဂါ
- သားသမီးရရန် ခက်ခဲခြင်း
- ကြွက်သားထုထည် လျော့နည်းခြင်းနှင့် ခန္ဓာကိုယ် ကြံ့ခိုင်မှု/ခံနိုင်ရည် ကျဆင်းခြင်း
- ရင်သားတစ်ရှူးများ ကြီးထွားလာခြင်း
- အရိုးသိပ်သည်းဆ လျော့နည်းလာ၍ အရိုးပွရောဂါဖြစ်ခြင်း (Osteoporosis)
- ခန္ဓာကိုယ်တွင် အဆီဓာတ် ပိုမိုများပြားလာခြင်း
- ဝှေးစေ့များ သေးသိမ်သွားခြင်း
- သုက်ပိုးအရေအတွက် နည်းပါးခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ရှိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်သင့်သည်။ အရေးပေါ် ကျန်းမာရေးပြဿနာများ မရှိနိုင်သော်လည်း ဟော်မုန်းကျဆင်းမှုကြောင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ (ဥပမာ_ ပန်းသေပန်းညှိုးရောဂါ၊ ရင်သားများ ကြီးထွားလာခြင်းနှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှု ကျဆင်းခြင်း) သာမက စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကိုပါ ခံစားရနိုင်သဖြင့် အကြောင်းရင်းခံရောဂါများကို ရှာဖွေ၍ ကုသမှုခံယူရန် အရေးကြီးသည်။ မိသားစုဆရာဝန်မှ လိုအပ်ပါက ဟော်မုန်းအထူးကုဆရာဝန်များ၊ ဆီးလမ်းကြောင်းခွဲစိတ် အထူးကုဆရာဝန်များထံ လွှဲပြောင်းကုသပေးမည်ဖြစ်သည်။
ရောဂါရှာဖွေခြင်း
ကျားဟော်မုန်းချို့တဲ့သည့် လက္ခဏာများရှိနေပါက ရောဂါရှာဖွေရန်အတွက် ဆရာဝန်သည် ကိုယ်ခန္ဓာစစ်ဆေးမှု (Physical exam) ပြုလုပ်ပြီး လူနာ၏ အသက်အရွယ်နှင့်အညီ လိင်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု ရှိမရှိကို စစ်ဆေးမည်ဖြစ်သည်။ ထိုသို့စစ်ဆေးရာတွင် ဆီးခုံမွေးထွက်ရှိမှု၊ ကြွက်သားထုထည်နှင့် ဝှေးစေ့အရွယ်အစားတို့သည် ပုံမှန်ဟုတ်မဟုတ်ကို ကြည့်ရှုစစ်ဆေးခြင်းများ ပါဝင်သည်။ ထို့အပြင် ကျန်းမာရေးရာဇဝင်၊ သောက်သုံးနေသော ဆေးဝါးများ၊ မူးယစ်ဆေးသုံးစွဲမှု ရှိမရှိနှင့် ခံစားနေရသော ရောဂါလက္ခဏာများကိုလည်း မေးမြန်းမည်ဖြစ်သည်။ လက္ခဏာများကို သုံးသပ်ပြီးနောက် ရောဂါအတည်ပြုရန်အတွက် လိုအပ်ပါက အောက်ပါ သွေးစစ်ဆေးမှု (Blood tests) များ ပြုလုပ်ရန် ညွှန်ကြားမည်ဖြစ်သည်။
- တက်စတိုစတီရုန်း ပမာဏကို သွေးစစ်ခြင်း (Total testosterone level blood test)
ပုံမှန်အားဖြင့် နံနက် ၈ နာရီ မှ ၁၀ နာရီအတွင်းသည် ခန္ဓာကိုယ်၌ ဟော်မုန်းပမာဏ အမြင့်မားဆုံးရှိသော အချိန်ဖြစ်သောကြောင့် သွေးစစ်ဆေးရန်အတွက် ထိုအချိန်အတွင်း၌ သွေးနမူနာကို (၂) ကြိမ် (ရက်ခြား၍) ယူရန် လိုအပ်သည်။ စစ်ဆေးမှုအရ ဟော်မုန်းပမာဏ နည်းနေပါက ဖြစ်ပွါးရသည့် အကြောင်းရင်းကို သိရှိနိုင်ရန် အောက်ပါစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်နိုင်သည်။ - LH ဟော်မုန်း စစ်ဆေးခြင်း (Luteinizing hormone blood test)
တက်စတိုစတီရုန်း ဟော်မုန်းနည်းခြင်းသည် ဦးနှောက်ရှိ ပီကျူတရီဂလင်း ပြဿနာကြောင့် ဖြစ်သည်ကို သိရှိနိုင်ရန် စစ်ဆေးရာတွင် ကူညီပေးသည်။ - ပရိုလက်တင် ဟော်မုန်း စစ်ဆေးခြင်း (Prolactin blood test)
ဦးနှောက်မှ GnRH ဟော်မုန်းထုတ်လုပ်မှုကို ဖိနှိပ်တားဆီးနိုင်သည့် ပရိုလက်တင်ဟော်မုန်း မြင့်တက်နေခြင်း ရှိမရှိကို စစ်ဆေးခြင်းဖြစ်သည်။
သွေးစစ်ဆေးမှုများအပြင် အကြောင်းရင်းခံရောဂါများနှင့် နောက်ဆက်တွဲပြဿနာများကို ရှာဖွေရန် အောက်ပါစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်နိုင်သည်။
- သုက်ပိုးစစ်ဆေးခြင်း (Semen analysis) – သုက်ပိုးကောင်ရေနှင့် အရည်အသွေးကို စစ်ဆေးခြင်း
- ဦးနှောက်ကို ပုံရိပ်ဖော်စစ်ဆေးခြင်း (Brain imaging) – ကွန်ပျူတာဓာတ်မှန် (CT scan) သို့မဟုတ် သံလိုက်ဓာတ်မှန် (MRI) ရိုက်၍ ဦးနှောက်တွင်းရှိ ဂလင်းဆိုင်ရာ ရောဂါများကို ရှာဖွေနိုင်ခြင်း
- မျိုးဗီဇဆိုင်ရာ စစ်ဆေးမှုများ (Gene studies) – မျိုးဗီဇချို့ယွင်းမှုများကို စစ်ဆေးခြင်း
ကုသခြင်း
အရွယ်ရောက်ပြီးသူ အမျိုးသားများအတွက် ကုသခြင်း
ဟော်မုန်းချို့တဲ့သည့်လက္ခဏာ အနည်းငယ်သာရှိပါက (ဥပမာ_ ပင်ပန်းနွမ်းနယ်ခြင်း၊ အာရုံစူးစိုက်မှုကျဆင်းခြင်း) ပုံမှန်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းနှင့် အာဟာရပြည့်ဝသော အစားအစာများကို စားသုံးခြင်းသည် အထိုက်အလျောက် ကူညီပေးနိုင်သည်။ သို့သော် လက္ခဏာများ ပြင်းထန်ပါက သို့မဟုတ် ဟော်မုန်းပမာဏ အလွန်နည်းနေပါက တက်စတိုစတီရုန်း ဖြည့်စွက်ကုသမှု (Testosterone Replacement Therapy – TRT) လိုအပ်နိုင်သည်။ ထိုကုသမှုသည် လိင်စိတ်လျော့နည်းခြင်း၊ အင်အားကုန်ခမ်းခြင်း၊ ကိုယ်ခန္ဓာအမွေးအမှင်နည်းခြင်း၊ ကြွက်သားနှင့် အရိုးသိပ်သည်းဆ လျော့နည်းခြင်း စသည့်လက္ခဏာများကို သက်သာစေနိုင်သည်။
ကျားဟော်မုန်း အစားထိုးကုသနည်း အမျိုးမျိုး
- ဂျယ်လ် (Gels)
- လက်မောင်းအထက်ပိုင်း၊ ပခုံး သို့မဟုတ် ပေါင်ပေါ်ရှိ အရေပြားတွင် ပွတ်လိမ်းရသော အမျိုးအစားဖြစ်သည်၊ အရေပြားမှတစ်ဆင့် ဟော်မုန်းကို စုပ်ယူစေခြင်းဖြစ်သည်
- သတိပြုရန်အချက်မှာ လိမ်းပြီး နာရီအနည်းငယ်အတွင်း ရေမချိုးပါနှင့်၊ အခြားသူများနှင့် အရေပြားချင်း မထိတွေ့မိစေရန် ဂရုစိုက်ပါ သို့မဟုတ် လိမ်းထားသောနေရာကို အဝတ်ဖြင့် ဖုံးအုပ်ထားပါ
- ဆေးထိုးခြင်း (Shot/Injection)
- ကြွက်သားထဲသို့ သို့မဟုတ် အရေပြားအောက်သို့ ထိုးရသော အမျိုးအစားဖြစ်သည်
- အချို့ဆေးများကို အိမ်တွင် ကိုယ်တိုင်ထိုးနိုင်သော်လည်း ထိုးဆေးအချို့ကိုမူ ဆေးခန်းများတွင် ထိုးနှံရန်လိုအပ်သည်
- ကပ်ခွာ (Patch)
- ညစဉ် လက်မောင်း သို့မဟုတ် ခန္ဓာကိုယ်တွင် ကပ်ပေးရသော အမျိုးအစားဖြစ်သည်
- ဘေးထွက်ဆိုးကျိုးအနေဖြင့် အရေပြားယားယံခြင်း ဖြစ်နိုင်သည်
- သွားဖုံးနှင့် ပါးစပ်အတွင်းကပ်ခြင်း (Buccal cavity)
- အပေါ်သွားဖုံးနှင့် နှုတ်ခမ်းဆုံသည့်နေရာတွင် ကပ်ထားရသော အမျိုးအစားဖြစ်ပြီး သွေးကြောထဲသို့ ဟော်မုန်း တိုက်ရိုက်ရောက်ရှိစေသည်
- တစ်နေ့လျှင် (၂)ကြိမ် မှ (၃)ကြိမ်အထိ အသုံးပြုရတတ်သည်
- နှာခေါင်းတွင်းညှစ်ထည့်ရသော ဂျယ်လ်ဆေး (Nasal gel)
- နှာခေါင်းပေါက်ထဲသို့ ညှစ်ထည့်ရသော ဂျယ်လ်အမျိုးအစားဖြစ်သည်
- အခြားသူများကို ဟော်မုန်းကူးစက်မှုနည်းစေသော်လည်း တစ်နေ့ (၃) ကြိမ် အသုံးပြုရသဖြင့် အနည်းငယ် ကယိကထများသည်
- အရေပြားအောက် မြှုပ်နှံခြင်း (Pellets/Implants)
- ဟော်မုန်းပါဝင်သော ကိရိယာငယ်ကို (၃)လ မှ (၆)လတစ်ကြိမ် အရေပြားအောက်တွင် ထည့်ထားခြင်းဖြစ်သည်
ကုသမှု၏ ဘေးထွက်ဆိုးကျိုးများ
အသုံးပြုသောပမာဏအပေါ် မူတည်ပြီး အောက်ပါဘေးထွက်ဆိုးကျိုးတို့ ဖြစ်နိုင်သည်။
- သွေးနီဥများ လွန်ကဲစွာ ထွက်ခြင်းကြောင့် သွေးပျစ်ခြင်း
- ဝက်ခြံထွက်ခြင်း
- အမျိုးသမီးများကဲ့သို့ ရင်သားကြီးလာခြင်း
- ကောင်းစွာ မအိပ်စက်နိုင်ခြင်း
- ဆီးကျိတ်ကြီးခြင်းနှင့် ဆီးလမ်းကြောင်း ပြဿနာများ
- သုက်ပိုးထုတ်လုပ်မှု နည်းသွားခြင်း (မြုံခြင်း)
လက္ခဏာအများစုသည် ဆေးပမာဏများခြင်းကြောင့် ဖြစ်တတ်သောကြောင့် ဆေးပမာဏကို ပြန်လည်ညှိနှိုင်းလိုက်ရုံဖြင့် သက်သာသွားလေ့ရှိသဖြင့် ဆရာဝန်နှင့် ပုံမှန်ပြသ၍ ကုသမှုခံယူရန် အလွန်အရေးကြီးသည်။
ကုသမှု မခံယူသင့်သူများ
အောက်ပါအခြေအနေများရှိပါက ဟော်မုန်းကုသမှုကို ခံယူရန် မသင့်တော်ပါ။
- ဆီးကျိတ်ကင်ဆာ သို့မဟုတ် ရင်သားကင်ဆာ ရှိသူများ
- သွေးတိုးရောဂါကို ကောင်းမွန်စွာ မထိန်းနိုင်သူများ
- မကြာသေးမီက နှလုံးရောဂါ သို့မဟုတ် လေဖြတ်ထားသူများ
- ဆီးကျိတ် အလွန်အမင်းကြီးနေသူများ
- နှလုံးအားနည်းခြင်းရှိသူများ
- အိပ်နေစဉ် အသက်ရှူရပ်သောရောဂါကို ကုသမှုမခံယူရသေးသူများ
- ဆေးနှင့် ဓာတ်မတည့်သူများ
- သားသမီး ရယူလိုသူများ (အကြောင်းမှာ ပြင်ပမှ ကျားဟော်မုန်းသွင်းခြင်းသည် ခန္ဓာကိုယ်၏ သဘာဝဟော်မုန်းစနစ်ကို ပိတ်ပင်ပြီး သုက်ပိုးထုတ်လုပ်မှုကို ရပ်တန့်စေနိုင်သောကြောင့်ဖြစ်သည်)
လူပျိုဖော်မဝင်သေးသော ယောက်ျားလေးများအတွက် ကုသခြင်း
လူပျိုဖော်ဝင်ချိန်နောက်ကျသော ယောက်ျားလေးများအတွက် ကုသမှုသည် ဖြစ်စေသည့် အကြောင်းရင်းပေါ်တွင် မူတည်သည်။ လူပျိုဖော်ဝင်နောက်ကျခြင်းသည် ဖွံ့ဖြိုးမှုခေတ္တနှေးကွေးနေခြင်း (Late bloomer) သို့မဟုတ် တိကျသော ရောဂါအခံကြောင့်ဖြစ်ခြင်း (Permanent pathology) ကို ဦးစွာ ခွဲခြားရန် လိုအပ်သည်။
- ဖွံ့ဖြိုးမှု နှေးကွေးသူများအတွက် (For Late Boomers)
အချို့ကလေးများသည် ရွယ်တူအခြားကလေးများထက် ဖွံ့ဖြိုးမှု နောက်ကျတတ်သော်လည်း နောက်ပိုင်းတွင် သဘာဝအတိုင်း ပြန်လည်ဖွံ့ဖြိုးလာနိုင်ကြသည်။- ကုသပုံ
- (၃)လ မှ (၆)လအထိ ကျားဟော်မုန်းဆေး ထိုးပေးခြင်းဖြင့် လူပျိုဖော်ဝင်မှုကို စတင် လှုံ့ဆော်ပေးနိုင်သည်
- ကုသရန်လိုအပ်သည့် အခြေအနေ
- ကုသမှုကို လူပျိုဖော်ဝင် နောက်ကျခြင်းကြောင့် ကလေးတွင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ပြင်းထန်နေလျှင်သော်လည်းကောင်း၊ အရပ်အမောင်းသည် သူငယ်ချင်းများနှင့်ယှဉ်ပါက သိသိသာသာ ပုနေလျှင်သော်လည်းကောင်း ပြုလုပ်ပေးနိုင်သည်
- ရလဒ်
- ပုံမှန်အားဖြင့် လူပျိုဖော်ဝင်ပြီးနောက် နောက်ထပ် ကုသမှုများ ထပ်မံပြုလုပ်ရန် မလိုအပ်ပါ
- ကုသပုံ
- ရောဂါအခံကြောင့် ဖြစ်ခြင်း (Permanent Hypogonadism)
အကယ်၍ ကလေးတွင် ကုသ၍မရနိုင်သော ရောဂါအခံတစ်ခုခု (ဥပမာ – Kallmann Syndrome သို့မဟုတ် Klinefelter Syndrome) ရှိနေပါက ထိုကဲ့သို့ ကလေးများတွင် ကုသမှု ရည်ရွယ်ချက်မှာ တစ်သက်တာ ဟော်မုန်းအစားထိုးကုသမှု ပေးရန်ဖြစ်သည်။- ဝှေးစေ့ဆိုင်ရာ ရောဂါများကြောင့်ဖြစ်သော ဟော်မုန်းချို့တဲ့မှု (Primary failure) – ကျားဟော်မုန်း (Testosterone) ကိုသာ အစားထိုး ကုသပေးသည်
- ဦးနှောက်ဂလင်းဆိုင်ရာ ရောဂါများကြောင့်ဖြစ်သော ဟော်မုန်းချို့တဲ့မှု (Secondary failure) – ဦးနှောက်မှထုတ်လုပ်မှု မလုံလောက်သည့် ချို့တဲ့နေသော ဟော်မုန်းများ (ဥပမာ_Gonadotropin, FSH, LH) တို့ကို ဖြည့်တင်းကုသပေးရန် လိုအပ်သည်
ကာကွယ်ခြင်း
မွေးရာပါရောဂါများကို ကာကွယ်၍ မရသော်လည်း အချို့ ကျန်းမာရေးအခြေအနေများကြောင့် ဖြစ်ပွါးသော ဟော်မုန်းလျော့နည်းခြင်းကို ကာကွယ်ရန်အတွက် ကျန်းမာသော လူမှုနေထိုင်မှုပုံစံများကို လိုက်နာသင့်သည်။
- ကျန်းမာသည့် ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ၊ အဝမလွန်အောင် ဂရုစိုက်ပါ
- ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို စားသုံးပါ
- ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပါ
- ညဘက်တွင် အနည်းဆုံး (၇) နာရီခန့် အိပ်စက်ပါ၊ အကယ်၍ အိပ်နေစဉ် အသက်ရှူလမ်းကြောင်း ပိတ်ဆို့သောရောဂါရှိပါက စနစ်တကျ ကုသမှုခံယူပါ
- အရက် အလွန်အကျွံသောက်ခြင်းကို ရှောင်ကြဉ်ပါ
- ကျားဟော်မုန်းချို့တဲ့မှုကို ဖြစ်စေနိုင်သော ဆေးဝါးများ (ဥပမာ – ဆီးကျိတ်ကင်ဆာဆေး၊ အစာခြေစနစ် ဆိုင်ရာ ဆေးဝါးများနှင့် အကိုက်အခဲပျောက်ဆေးအချို့) သုံးစွဲခြင်းကို ရှောင်ကြဉ်ပါ သို့မဟုတ် ဆရာဝန်ညွှန်ကြားချက်အတိုင်း ဂရုတစိုက် အသုံးပြုပါ
References:
- Mayo Clinic. (2025). Male hypogonadism: Symptoms and causes. Retrieved March 23, 2026, from https://www.mayoclinic.org/diseases-conditions/male-hypogonadism/symptoms-causes/syc-20354881
- Mayo Clinic . (2024). Male hypogonadism: Diagnosis and treatment. Retrieved March 23, 2026, from https://www.mayoclinic.org/diseases-conditions/male-hypogonadism/diagnosis-treatment/drc-20354886
- MedlinePlus. (2025). Male hypogonadism. Retrieved March 23, 2026, from https://medlineplus.gov/ency/article/000395.htm
- Basaria, S. (2010). Male hypogonadism: Symptoms and treatment. Indian Journal of Endocrinology and Metabolism. Retrieved March 23, 2026, from https://pmc.ncbi.nlm.nih.gov/articles/PMC2948422/
- PubMed. (2024). Male hypogonadism (Article ID: 41448986). Retrieved March 23, 2026, from https://pubmed.ncbi.nlm.nih.gov/41448986/
- Cleveland Clinic. (2026). Low testosterone (male hypogonadism). Retrieved March 23, 2026, from https://my.clevelandclinic.org/health/diseases/15603-low-testosterone-male-hypogonadism
Published: 22 April 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.