Respiratory failure (အသက်ရှူခြင်းလုပ်ငန်းစွမ်းရည် ထိခိုက်ပျက်စီးခြင်း)

Respiratory failure (အသက်ရှူခြင်းလုပ်ငန်းစွမ်းရည် ထိခိုက်ပျက်စီးခြင်း)

အသက်ရှူခြင်းလုပ်ငန်းစွမ်းရည် ပျက်စီးခြင်း (Respiratory failure) ဆိုသည်မှာ ခန္ဓာကိုယ်ရှိ တစ်ရှူးများနှင့် အင်္ဂါအစိတ်အပိုင်းများ ပုံမှန်အလုပ်လုပ်နိုင်ရန် လိုအပ်သော သွေးတွင်းအောက်ဆီဂျင်ပမာဏ (Oxygen) အလွန်နည်းသွားခြင်း သို့မဟုတ် စွန့်ထုတ်ရမည့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ် (Carbon Dioxide) များ သွေးထဲတွင် အလွန်အမင်း များပြားလာခြင်းကို ဆိုလိုသည်။ တစ်ခါတစ်ရံတွင် အောက်ဆီဂျင်နည်းခြင်းနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်များခြင်း နှစ်မျိုးလုံး တစ်ပြိုင်နက်လည်း ဖြစ်ပေါ်တတ်သည်။

အဆုတ်လုပ်ဆောင်ချက်များကို ထိခိုက်စေသော အကြောင်းရင်းများကြောင့် အသက်ရှူစနစ် ချို့ယွင်းသွားသောအခါ ခန္ဓာကိုယ်အတွက် လိုအပ်သော အောက်ဆီဂျင်ကို လုံလောက်စွာ မရရှိတော့ဘဲ နှလုံး၊ ဦးနှောက်နှင့် ကျောက်ကပ်ကဲ့သို့သော အရေးကြီးအင်္ဂါအစိတ်အပိုင်းများပါ နောက်ဆက်တွဲ ပျက်စီးလာနိုင်သည်။ ထိုသို့ပျက်စီးခြင်းသည် ရုတ်တရက်ဖြစ်နိုင်သကဲ့သို့ တဖြည်းဖြည်းလည်း ဖြစ်‌ပေါ်နိုင်သည်။ မည်သည့်အကြောင်းကြောင့်ဖြစ်စေ အသက်ရှူခြင်းလုပ်ငန်းစွမ်းရည် ပျက်စီးခြင်းသည် အသက်အန္တရာယ် ရှိသောကြောင့် အမြန်ဆုံး ကုသရန် လိုအပ်သည်။

ပုံမှန်အသက်ရှူခြင်းလုပ်ငန်းစဥ်
အသက်ရှူခြင်းသည် လေထဲရှိ အောက်ဆီဂျင်ကို ခန္ဓာကိုယ်တွင်း ပို့ဆောင်ပေးပြီး၊ စွန့်ပစ်ပစ္စည်းဖြစ်သော ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ပြင်ပသို့ စွန့်ထုတ်ပေးသည့် အလွန်အရေးကြီးသော ဖြစ်စဉ်တစ်ခုဖြစ်သည်။ ၎င်းကို အဆင့် (၂) ဆင့်ဖြင့် ဖော်ပြနိုင်သည်။

  1. အောက်ဆီဂျင် လက်ခံခြင်းနှင့် ပို့ဆောင်ခြင်း
    • အသက်ရှူသွင်းလိုက်သည့်အခါ အောက်ဆီဂျင်သည် အဆုတ်၏ အဆုံးရှိ လေအိတ်ငယ်များ (Alveoli) ထံသို့ ရောက်ရှိသည်
    • ထိုမှတစ်ဆင့် အောက်ဆီဂျင်သည် သွေးနီဥအတွင်းရှိ ဟီမိုဂလိုဘင် (Hemoglobin) နှင့် ပေါင်းစပ်ကာ သွေးထဲသို့ ပျော်ဝင်သွားသည်
    • နှလုံး၏ သွေးလှည့်ပတ်မှုစနစ်မှတစ်ဆင့် အောက်ဆီဂျင်ကြွယ်ဝသော သွေးများကို ကိုယ်တွင်းအင်္ဂါများနှင့် ကြွက်သားများထံ အရောက်ပို့ဆောင်ပေးသည်
  2. ကာဗွန်ဒိုင်အောက်ဆိုဒ် စွန့်ထုတ်ခြင်း
    • သွေးနီဥများသည် တစ်ရှူးများထံသို့ အောက်ဆီဂျင်ပေးပြီးနောက် ဆဲလ်များမှထွက်လာသော စွန့်ပစ်ဓာတ်ငွေ့ဖြစ်သည့် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ပြန်လည်သယ်ဆောင်လာသည်
    • ကာဗွန်ဒိုင်အောက်ဆိုဒ်သည် အဆုတ်သို့ပြန်ရောက်သောအခါ လေအိတ်ငယ်များအတွင်းသို့ ပြောင်းရွှေ့သွားပြီး အသက်ရှူထုတ်လိုက်သည့်အခါ ပြင်ပလေထုထဲသို့ စွန့်ထုတ်ပစ်သည်

အသက်ရှူခြင်းတွင် ပါဝင်သော အရေးကြီးအစိတ်အပိုင်းများ
ပုံမှန်အသက်ရှူနိုင်ရန် အောက်ပါ ကိုယ်တွင်းအင်္ဂါများ အပြန်အလှန် ချိတ်ဆက်အလုပ်လုပ်ရန် လိုအပ်သည်။

  • အဆုတ် – အောက်ဆီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် လဲလှယ်မှု ပြုလုပ်ရန်
  • နှလုံး – သွေးလှည့်ပတ်မှု ကောင်းမွန်ရန်
  • ဦးနှောက် – အသက်ရှူခြင်းကို အလိုအလျောက် ထိန်းချုပ်ရန်
  • ကြွက်သားနှင့် အာရုံကြောများ – နံရိုးကြားကြွက်သားများနှင့် ရင်-ဝမ်းခြားကြွက်သား (Diaphragm) တို့မှ ရင်ဘတ်ကို လှုပ်ရှားစေပြီး ရှူသွင်းရှူထုတ်ပြုလုပ်ပေးရန်

အကယ်၍ ဤအစိတ်အပိုင်းများထဲမှ တစ်ခုခု ထိခိုက်ပျက်စီးသွားပါက ပုံမှန်အသက်ရှူခြင်းလုပ်ငန်းစွမ်းရည် ချို့ယွင်းသွားမည်ဖြစ်သည်။

အမျိုးအစားများ
အသက်ရှူခြင်းလုပ်ငန်းစွမ်းရည် ပျက်စီးခြင်းကို သွေးတွင်းရှိ ဓာတ်ငွေ့များ အပြောင်းအလဲပေါ် မူတည်၍ အဓိကအားဖြင့် အမျိုးအစား (၄) မျိုး ခွဲခြားနိုင်သည်။

  1. အောက်ဆီဂျင်ကျဆင်းသော အမျိုးအစား (Type 1 – Hypoxemic Respiratory Failure)
    နှလုံးနှင့် အဆုတ်ရောဂါများကြောင့် အဓိကဖြစ်ပွါးလေ့ရှိပြီး၊ သွေးတွင်း၌ အောက်ဆီဂျင်ဓာတ် အလွန်အမင်း နည်းပါးသွားခြင်းကြောင့် အသက်ရှူခြင်းလုပ်ငန်းစွမ်းရည် ပျက်စီးခြင်းဖြစ်သည်။ ခန္ဓာကိုယ်တစ်ရှူးများအတွက် အောက်ဆီဂျင် မလုံလောက်သောကြောင့် Hypoxic Respiratory Failure ဟုလည်း ခေါ်ဆိုကြသည်။
  2. ကာဗွန်ဒိုင်အောက်ဆိုဒ်များသော အမျိုးအစား (Type 2 – Hypercapnic Respiratory Failure)
    အဆုတ်၊ နှလုံးရောဂါများအပြင် ကြွက်သားနှင့် ဦးနှောက်အာရုံကြော ရောဂါများ သို့မဟုတ် အချို့သော ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးကြောင့်လည်း ဖြစ်ပွားနိုင်သည်။ ခန္ဓာကိုယ်မှ ထွက်လာသော ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ထိရောက်စွာ မစွန့်ထုတ်နိုင်သဖြင့် သွေးတွင်း၌ ကာဗွန်ဒိုင်အောက်ဆိုဒ် စုပုံလာခြင်းကြောင့်ဖြစ်သော အသက်ရှူခြင်းလုပ်ငန်းစွမ်းရည် ပျက်စီးခြင်းဖြစ်သည်။
  3. ခွဲစိတ်ကုသမှုနှင့် ဆက်စပ်သော အမျိုးအစား (Type 3 – Perioperative Respiratory Failure)
    မေ့ဆေးဖြင့် ခွဲစိတ်ကုသမှု ခံယူပြီးနောက်တွင် ဖြစ်ပေါ်တတ်သည်။ ခွဲစိတ်ပြီးနောက် အဆုတ်ရှိ လေအိတ်ငယ်အချို့ လေမဝင်ဘဲ ပြားသွားခြင်းကြောင့် သွေးထဲသို့ အောက်ဆီဂျင် လုံလောက်စွာ မပို့ပေးနိုင်တော့သည့် အခြေအနေဖြစ်သည်။
  4. သွေးလန့်ခြင်းဖြစ်ခြင်းကြောင့် ဖြစ်သော အမျိုးအစား (Type 4 – Due to Shock)
    သွေးပေါင်ချိန် အလွန်အမင်း ကျဆင်းခြင်း၊ ပိုးဆိပ်ပျံ့နှံ့ခြင်း (Sepsis)၊ နှလုံးအမောဖောက်ခြင်း သို့မဟုတ် သွေးအလွန်အကျွံ ဆုံးရှုံးခြင်းတို့ကြောင့် အသက်ရှူစနစ် ထိခိုက်ပျက်စီးသွားခြင်းဖြစ်သည်။
    အထက်ပါ အမျိုးအစားများအပြင် ရောဂါဖြစ်ပေါ်ရန် ကြာမြင့်ချိန် (Duration) အပေါ် မူတည်၍လည်း အောက်ပါအတိုင်း (၂) မျိုး ထပ်မံခွဲခြားနိုင်သည်။
    • ရုတ်တရက် ဖြစ်ပေါ်သော အမျိုးအစား (Acute) – မိနစ်ပိုင်း၊ နာရီပိုင်းအတွင်း အမြန်ဆိုးရွားသွားပြီး အရေးပေါ်ကုသမှု လိုအပ်သည်
    • နာတာရှည် ဖြစ်ပေါ်သော အမျိုးအစား (Chronic) – တဖြည်းဖြည်း ချို့ယွင်းလာခြင်းဖြစ်ပြီး၊ ခန္ဓာကိုယ်မှ အချိန်အတိုင်းအတာတစ်ခုထိ လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ထိန်းညှိပေးသော်လည်း ရေရှည်ကုသမှု ခံယူရန် လိုအပ်သည်
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အသက်ရှူခြင်းလုပ်ငန်းစွမ်းရည် ပျက်စီးခြင်းသည် ခန္ဓာကိုယ်၏ ဓာတ်ငွေ့ဖလှယ်မှုစနစ် (Gas Exchange) ချို့ယွင်းသွားခြင်းကြောင့်ဖြစ်ပြီး အဓိကအားဖြင့် အောက်ပါအခြေအနေများကြောင့် ဖြစ်နိုင်သည်။

  • လေဝင်လေထွက်နှင့် သွေးစီးဆင်းမှု မမျှတခြင်း – အဆုတ်တွင်းသို့ လေအဝင်နည်းခြင်း သို့မဟုတ် အဆုတ်သွေးကြောများအတွင်း သွေးစီးဆင်းမှု နည်းပါးခြင်း
  • လမ်းကြောင်းပိတ်ဆို့ခြင်းနှင့် တစ်ရှူးပျက်စီးခြင်း – အသက်ရှူလမ်းကြောင်း ပိတ်ခြင်း၊ အဆုတ်တွင် အမာရွတ်များ ဖြစ်ခြင်း သို့မဟုတ် အဆုတ်တွင်း ရေစုခြင်း
  • အသက်ရှူအားနည်းခြင်း – အဆုတ်ပြဿနာ၊ အာရုံကြောနှင့် ကြွက်သားဆိုင်ရာ ရောဂါများကြောင့် အသက်ကို ပုံမှန်အတိုင်း လုံလောက်ပြည့်ဝစွာ မရှူနိုင်ခြင်း
  • သွေးကြောဆိုင်ရာ မူမမှန်ခြင်း – အဆုတ်နှင့် နှလုံးကို ဆက်သွယ်ထားသော သွေးကြောများ ပုံမှန်မဟုတ်ခြင်း
ဖြစ်နိုင်ခြေများစေသော ရောဂါများနှင့်အခြေအနေများ

အောက်ပါရောဂါအခံရှိသူများနှင့် ပတ်ဝန်းကျင်ဆိုင်ရာအခြေအနေများတွင် အသက်ရှူလုပ်ငန်း ပျက်စီးခြင်း ဖြစ်နိုင်ခြေ ပိုမိုမြင့်မားသည်။

အဆုတ်ရောဂါများ

  • အဆုတ်ရောင်ခြင်းနှင့် ပိုးဝင်ခြင်း – အဆုတ်ရောင်ရောဂါ (Pneumonia)၊ ကိုဗစ်-၁၉ (COVID-19) နှင့် အဆုတ်လေအိတ်ငယ်များ ပြင်းထန်စွာ ပျက်စီးခြင်း (ARDS)
  • နာတာရှည်ရောဂါများ – လေပြွန်ကျဉ်း အဆုတ်ပွရောဂါ (COPD)၊ ပန်းနာရင်ကျပ် (Asthma)၊ အဆုတ်အမာရွတ်ဖြစ်ခြင်း (Pulmonary Fibrosis) နှင့် မွေးရာပါ အဆုတ်ရောဂါ (Cystic Fibrosis)
  • အဆုတ်သွေးကြော သွေးခဲပိတ်ခြင်း (Pulmonary Embolism)
  • အဆုတ်တွင်း ရေဝင်ခြင်း (Pulmonary Edema)
  • အဆုတ်ကင်ဆာ

နှလုံးနှင့် သွေးလှည့်ပတ်မှုဆိုင်ရာ ရောဂါများ

  • နှလုံးအမောဖောက်ခြင်း (Heart Attack) နှင့် နှလုံးလုပ်ငန်း ပျက်စီးခြင်း (Heart Failure)
  • မွေးရာပါ နှလုံးရောဂါများ ရှိခြင်း
  • သွေးလန့်ခြင်း (Shock) ကြောင့် သွေးပေါင်ချိန် အလွန်အမင်း ကျဆင်းခြင်း

ဦးနှောက်အာရုံကြောနှင့် ကြွက်သားဆိုင်ရာ ရောဂါများ
အသက်ရှူခြင်းကို ထောက်ပံ့ပေးသော ကြွက်သားများ အားနည်းခြင်းသည် အသက်ရှူလုပ်ငန်းကို ရပ်တန့်စေနိုင်သည်။

  • ကြွက်သားရောဂါများ
  • ကိုယ်ခံအား မူမမှန်မှုကြောင့် အာရုံကြောအားနည်းခြင်း (Guillain-Barré Syndrome)
  • ဆိုးရွားပြင်းထန်သော ကျောရိုးစောင်းခြင်း (Severe Scoliosis)
  • ရင်ဘတ်၊ ကျောရိုးမကြီးနှင့် ဦးနှောက် ထိခိုက်ဒဏ်ရာရခြင်း (လေဖြတ်ခြင်း အပါအဝင်)

နေထိုင်မှုပုံစံနှင့် အခြားအချက်များ
အလေ့အကျင့် – ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်းနှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်း
လုပ်ငန်းခွင် – ဓာတုအမှုန်များ၊ ဖုန်မှုန့်များနှင့် မီးခံပြားအမှုန့် (Asbestos) တို့ကို ရေရှည်ရှူရှိုက်ရခြင်း
ဆေးဝါး – အိပ်ဆေး သို့မဟုတ် မေ့ဆေးအသုံးပြု၍ ခွဲစိတ်ကုသမှု ခံယူခြင်း
အသက်အရွယ် – လမစေ့ ပေါင်မပြည့်သော မွေးကင်းစကလေးငယ်များနှင့် အသက် (၆၅) နှစ်ထက်ကြီးသော သက်ကြီးရွယ်အိုများ

ရောဂါလက္ခဏာများ

အသက်ရှူလုပ်ငန်း ပျက်စီးခြင်း၏ လက္ခဏာများသည် ဖြစ်ပွားရသည့် အကြောင်းရင်းနှင့် သွေးတွင်းဓာတ်ငွေ့ အခြေအနေပေါ် မူတည်၍ ကွဲပြားနိုင်သော်လည်း အများအားဖြင့် အောက်ပါလက္ခဏာများ ကိုတွေ့ရှိရသည်။

  • အသက်ရှူစနစ်ဆိုင်ရာ – အသက်ရှူရခက်ခဲခြင်း၊ မောပန်းခြင်း၊ အသက်ရှူမဝခြင်းနှင့် အသက်ရှူနှုန်း အလွန်မြန်နေခြင်း
  • နှလုံးနှင့် သွေးလှည့်ပတ်မှု – နှလုံးခုန်မြန်ခြင်း၊ ရင်တုန်ခြင်းနှင့် ချွေးစေးများ ထွက်ခြင်း
  • အသားအရေ ပြောင်းလဲမှု – အသားအရောင် ဖြူဖျော့ခြင်း သို့မဟုတ် အောက်ဆီဂျင် နည်းပါးခြင်းကြောင့် နှုတ်ခမ်း၊ လက်သည်းနှင့် အရေပြားများ ပြာနှမ်းခြင်း (Cyanosis)
  • ဦးနှောက်နှင့် အာရုံခံစားမှု – ပြင်းထန်သော ခေါင်းကိုက်ခြင်း၊ အမြင်မှုန်ဝါးခြင်း၊ စိတ်လှုပ်ရှားမှု လွန်ကဲခြင်း၊ စိတ်အာရုံ ထွေပြားခြင်းနှင့် ပုံမှန်မဟုတ်သော အမူအကျင့်များ ပြောင်းလဲလာခြင်း
  • အခြားလက္ခဏာများ – အလွန်အမင်း နုံးချည့်ခြင်း၊ ချောင်းဆိုးသွေးပါခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း သို့မဟုတ် သတိလစ်မတတ် မှိန်းလွန်းခြင်း
နောက်ဆက်တွဲပြဿနာများ

အသက်ရှူစနစ် ပျက်စီးခြင်းကြောင့် ကိုယ်တွင်းအင်္ဂါများအတွက် လုံလောက်သော အောက်ဆီဂျင် မရရှိသောအခါ ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်စေသည်။

အသက်ရှူစနစ်ဆိုင်ရာ အန္တရာယ်ရှိသော အခြေအနေများ
  • အသက်ရှူနှုန်း အလွန်နှေးသွားခြင်း (Respiratory Depression/Slowed Breathing)
    အထူးသဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ် အလွန်အမင်း စုပုံလာပါက ဦးနှောက်၏ အသက်ရှူခြင်းကို ထိန်းချုပ်သည့်အပိုင်းကို ထိခိုက်စေပြီး အသက်ရှူနှုန်း တဖြည်းဖြည်း နှေးကွေးသွားတတ်သည်။
  • အသက်ရှူရပ်သွားခြင်း (Respiratory Arrest)
    အသက်ရှူရန် အသုံးပြုရသော ကြွက်သားများ ပင်ပန်းနွမ်းနယ်သွားခြင်း သို့မဟုတ် အာရုံကြောစနစ် ပျက်စီးသွားခြင်းကြောင့် ကိုယ်တိုင် အသက်မရှူနိုင်တော့ဘဲ အသက်ရှူ လုံးဝရပ်သွားနိုင်သည်။
  • အဆုတ်နှင့် အဆုတ်အမြှေးပါးဆိုင်ရာ ပြဿနာများ
    အဆုတ်နှင့် အဆုတ်အမြှေးပါးကြားတွင် ပုံမမှန်လမ်းကြောင်းများ ဖြစ်ပေါ်ခြင်း (Bronchopleural fistula)၊ ဆေးရုံတက်နေစဉ်အတွင်း ရောဂါပိုးထပ်ဝင်ခြင်း (Nosocomial pneumonia) နှင့် အဆုတ်အမြှေးပါး ပေါက်ခြင်းတို့ ဖြစ်နိုင်သည်။
အခြားကိုယ်တွင်းအင်္ဂါများ ပျက်စီးခြင်းနှင့် အသက်အန္တရာယ်
  • ကိုယ်တွင်းအင်္ဂါများ တစ်ပြိုင်နက် ပျက်စီးခြင်း (Multi-organ Failure)
    အောက်ဆီဂျင် ပြတ်လပ်မှုကြောင့် နှလုံးညှစ်အားကျခြင်း၊ အသည်းနှင့် ကျောက်ကပ်များ အလုပ်မလုပ်တော့ခြင်းတို့ ဖြစ်လာနိုင်သည်။
  • ဦးနှောက်ပျက်စီးခြင်း (Brain Damage)
    ဦးနှောက်သို့ အောက်ဆီဂျင် မရောက်ရှိခြင်းကြောင့် ဦးနှောက်ဖိအားတက်ခြင်းနှင့် ပြန်လည်ကောင်းမွန်ရန် ခက်ခဲသော ဦးနှောက်ထိခိုက်မှုများ ဖြစ်ပေါ်နိုင်သည်။
  • အသက်ဆုံးရှုံးခြင်း (Death/Expired)
    အသက်ရှူလုပ်ငန်း ပျက်စီးခြင်းကို အချိန်မီ မကုသနိုင်ပါက သို့မဟုတ် ကုသမှုအပေါ် တုံ့ပြန်မှု မရှိပါက နှလုံးရပ်သွားခြင်းနှင့် အသက်ဆုံးရှုံးခြင်းတို့အထိ ဖြစ်နိုင်သည်။
အခြားနောက်ဆက်တွဲဆိုးကျိုးများ
  • အစာအိမ်သွေးထွက်ခြင်းနှင့် အူလမ်းကြောင်း လှုပ်ရှားမှု ကျဆင်းခြင်း
  • သွေးဥမွှားကျဆင်းခြင်းနှင့် ရောဂါပိုးဝင်လွယ်ခြင်း
  • ရေရှည်အသက်ရှူစက် တပ်ထားရသူများတွင် အာဟာရချို့တဲ့ခြင်းနှင့် ကြွက်သားများ အားနည်းသွားခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်

အသက်ရှူလုပ်ငန်း ပျက်စီးနိုင်ခြေရှိသော ရောဂါအခံရှိသူများတွင် အောက်ပါလက္ခဏာများ သတိပြုမိပါက ချက်ချင်းဆေးကုသမှု ခံယူရမည်။

  • သာမန်လက္ခဏာများ _ မောပန်းခြင်း၊ ရင်တုန်ခြင်းနှင့် နုံးချည့်ခြင်းတို့ ခံစားရပါက မိသားစုဆရာဝန် သို့မဟုတ် နီးစပ်ရာ ဆေးခန်းသို့ အမြန်သွားရောက်ပါ
  • အရေးပေါ် အန္တရာယ်လက္ခဏာများ _ အောက်ပါတို့ ဖြစ်ပေါ်လာပါက ဆေးရုံအရေးပေါ်ဌာနသို့ အမြန်ဆုံး သွားရောက်ပါ
    • အသက်ရှူရခက်ခဲခြင်း
    • အလွန်အမင်း မှိန်းလွန်းခြင်း သို့မဟုတ် သတိလစ်ခြင်း
    • အမြင်မှုန်ဝါးခြင်းနှင့် ပြင်းထန်စွာ ခေါင်းကိုက်ခြင်း
    • စိတ်အာရုံထွေပြားခြင်း (Confusion)
    • နှုတ်ခမ်းနှင့် လက်သည်းများ ပြာနှမ်းလာခြင်း
ရောဂါရှာဖွေခြင်း

ရောဂါရှာဖွေရန် ဆရာဝန်မှ လူနာနှင့် လူနာမိသားစုများကို ရောဂါလက္ခဏာများ၊ ကျန်းမာရေး မူလအခြေအနေ၊ အဆုတ်နှင့် အသက်ရှူလုပ်ငန်းကို ထိခိုက်စေသော ရောဂါအခံများ ရှိမရှိ စသည့်အချက်များကို မေးမြန်းမည်ဖြစ်သည်။ ထို့နောက် အဖျားတိုင်းခြင်း၊ သွေးပေါင်၊ သွေးခုန်နှုန်း တိုင်းတာခြင်း၊ လက်ချောင်းထိပ် အောက်ဆီဂျင်တိုင်းခြင်း (Pulse oximetry)၊ နှလုံးနှင့် အဆုတ်ကို စစ်ဆေးခြင်း၊ နှုတ်ခမ်းများ ပြာနှမ်းမှုကို စစ်ဆေးခြင်း၊ ဦးနှောက်နှင့် အာရုံကြောစစ်ဆေးခြင်း၊ ထိခိုက်ဒဏ်ရာများ ရှိမရှိစသည့် ကိုယ်ခန္ဓာစစ်ဆေးမှုများကို ပြုလုပ်မည်ဖြစ်သည်။ မေးမြန်းစစ်ဆေးမှုများပြီးနောက် အသက်ရှူလုပ်ငန်း ပျက်စီးခြင်းနှင့် အကြောင်းရင်းခံ ရောဂါများကို ရှာဖွေရန်အတွက် အောက်ပါစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်နိုင်သည်။

  • သွေးလွှတ်ကြောတွင်းမှသွေးနမူနာစစ်ဆေးခြင်း (Arterial Blood Gas – ABG Test)
    သွေးလွှတ်ကြောမှ သွေးနမူနာယူ၍ သွေးတွင်း အောက်ဆီဂျင်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် အက်ဆစ်ဓာတ် (pH Level) များကို စစ်ဆေးခြင်းဖြစ်သည်၊ ၎င်းသည် ရောဂါအမျိုးအစားနှင့် ပြင်းထန်မှုကို သိရှိရန် အတိကျဆုံး နည်းလမ်းဖြစ်သည်။
  • ပုံရိပ်ဖော် စစ်ဆေးခြင်း – ရင်ဘတ်ဓာတ်မှန် (Chest X-ray) သို့မဟုတ် ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်းဖြင့် အဆုတ်ရောင်ခြင်း၊ အမာရွတ်ဖြစ်ခြင်းနှင့် ရေစုခြင်းတို့ကို စစ်ဆေးခြင်း
  • အဆုတ်လုပ်ငန်း စစ်ဆေးခြင်း (Lung Function Tests) – ပန်းနာရင်ကျပ် သို့မဟုတ် COPD ကဲ့သို့သော ရောဂါများအတွက် အဆုတ်၏ ရှူထုတ်ရှူသွင်း ပြုလုပ်နိုင်စွမ်းကို တိုင်းတာခြင်း
  • နှလုံးစစ်ဆေးခြင်း – အီးစီဂျီ (ECG) ဆွဲခြင်းနှင့် နှလုံးပုံရိပ်ဖော်စက် (Echocardiogram) ဖြင့် စစ်ဆေးခြင်း
  • ပိုးမွေးခြင်း (Culture Test) – သွေး၊ ဆီးနှင့် သလိပ်တို့မှတစ်ဆင့် ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးစသည်တို့ကို ရှာဖွေခြင်း
  • မှန်ပြောင်းကြည့်ခြင်း (Bronchoscopy) – လေပြွန်အတွင်း ပိတ်ဆို့နေသည့် အကျိတ် သို့မဟုတ် ပြင်ပပစ္စည်းများကို စစ်ဆေးခြင်း
  • အသားစယူခြင်း (Biopsy) – လိုအပ်ပါက အဆုတ်တစ်ရှူးကို ယူ၍ စစ်ဆေးခြင်း
ကုသခြင်း

ကုသမှု၏ အဓိကရည်ရွယ်ချက်မှာ သွေးတွင်းအောက်ဆီဂျင်ပမာဏ မြှင့်တင်ရန်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စွန့်ထုတ်ရန်နှင့် ကိုယ်တွင်းအင်္ဂါများ ပျက်စီးခြင်းမှ ကာကွယ်ရန်ဖြစ်သည်။ ရုတ်တရက်ဖြစ်ပေါ်သော အခြေအနေများအတွက် ဆေးရုံတွင် အရေးပေါ်ကုသရန် လိုအပ်ပြီး၊ နာတာရှည်အခြေအနေများအတွက် နေအိမ်၌ပင် ရေရှည်ထိန်းချုပ် ကုသနိုင်သည်။

  • အသက်ရှူခြင်းကို ပံ့ပိုးကုသပေးခြင်း
    ပြင်းထန်မှုအလိုက် အောက်ပါနည်းလမ်းများကို အသုံးပြုသည်။
    • အောက်ဆီဂျင်ပေးခြင်း – နှာခေါင်းပိုက် (Nasal cannula) သို့မဟုတ် မျက်နှာဖုံး (Mask) ဖြင့် အောက်ဆီဂျင်ပေးခြင်း
    • ဖိအားပေး အသက်ရှူအားကူခြင်း (NPPV/CPAP) – အသက်ရှူပိုက်မတပ်ဘဲ စက်မှတစ်ဆင့် လေဖိအားသုံး၍ အသက်ရှူလမ်းကြောင်းအတွင်းသို့ အောက်ဆီဂျင်ပေးခြင်း
    • အသက်ရှူစက်တပ်ခြင်း (Mechanical Ventilation) – လူနာကိုယ်တိုင် အသက်မရှူနိုင်ပါက အသက်ရှူပိုက်ထည့်၍ စက်ဖြင့် အဆုတ်အတွင်း လေဝင်လေထွက်ကို ထိန်းညှိပေးခြင်း
    • အဆင့်မြင့် အထောက်အကူပြုစက် (ECMO) – အလွန်ပြင်းထန်သော လူနာများတွင် သွေးတွင်းအောက်ဆီဂျင်ကို ပြင်ပမှ တိုက်ရိုက်ဖြည့်တင်းပေးသည့်စက် အသုံးပြုခြင်း
    • လေပြွန်ဖောက်ခြင်း (Tracheostomy) – အသက်ရှူလမ်းကြောင်း ပိတ်ဆို့နေပါက လည်ပင်းရှေ့ လေပြွန်တွင် အပေါက်ဖောက်၍ အသက်ရှူပြွန်ထည့်ခြင်း
  • အကြောင်းရင်းခံရောဂါများကို ကုသခြင်း
    • အဆုတ်ရောင်ခြင်းအတွက် ပိုးသတ်ဆေးများ ပေးခြင်း
    • လေပြွန်ကျဉ်းခြင်းအတွက် လေပြွန်ကျယ်ဆေးများ နှင့် ရောင်ရမ်းမှု လျှော့ချရန် စတီးရွိုက်ဆေးများ ပေးခြင်း
  • အခြားလိုအပ်သော စောင့်ရှောက်မှုများ
    • သွေးကျဲဆေးပေးခြင်း – အိပ်ရာထဲ ကြာရှည်လဲနေရသူများတွင် သွေးခဲပိတ်ခြင်းမှ ကာကွယ်ခြင်း
    • အာဟာရနှင့် အရည်ဓာတ် – အစာပိုက်ဖြင့် အာဟာရဖြည့်ခြင်းနှင့် သွေးလှည့်ပတ်မှုကောင်းစေရန် အရည်ဓာတ် (Drip) ပေးခြင်း
    • အစာအိမ်အနာမဖြစ်အောင် အစာအိမ်အက်စစ်ဓာတ် လျော့နည်းစေသောဆေးများပေးခြင်း
    • နာကျင်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်းတို့အတွက် လိုအပ်သော ဆေးဝါးများပေးခြင်း
    • ကိုယ်ခန္ဓာအနေအထား ပြောင်းလဲပေးခြင်း – လူနာကို မှောက်လျက် (Prone position) ထားခြင်းဖြင့် အဆုတ်တွင်း အောက်ဆီဂျင် ပိုမိုဝင်ရောက်စေခြင်း
    • ပြန်လည်သန်စွမ်းရေး – အသက်ရှူလေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးပေးခြင်း
ရောဂါရလဒ် ခန့်မှန်းချက်

အသက်ရှူလုပ်ငန်း ပျက်စီးခြင်းသည် ပြင်းထန်သောအခြေအနေဖြစ်သော်လည်း အမျိုးအစား၊ ဖြစ်စေသော အကြောင်းရင်းနှင့် ထိရောက်သော ကုသမှုများ ရရှိနိုင်ခြင်းတို့ပေါ် မူတည်၍ ရလဒ်ကွာခြားနိုင်သည်။

  • ရုတ်တရက်ဖြစ်ခြင်း – အမြန်ဆုံး ကုသမှုရရှိပါက ပြန်လည်ကောင်းမွန်နိုင်ခြေ မြင့်မားသည်၊ သို့သော် အချိန်မီ မကုသပါက သေဆုံးနိုင်ခြေ ၃၀% ခန့်ရှိသည်
  • နာတာရှည်ဖြစ်ခြင်း – ရောဂါကို လုံးဝပျောက်ကင်းအောင် ကုသရန် ခက်ခဲသော်လည်း ပိုမဆိုးသွားအောင် ထိန်းချုပ်ကာကွယ်နိုင်သည်
ကာကွယ်ခြင်း

အသက်ရှူလုပ်ငန်း ပျက်စီးခြင်းကို လုံးဝမဖြစ်အောင် ကာကွယ်ရန် နည်းလမ်းမရှိသော်လည်း အောက်ပါတို့ဖြင့် အန္တရာယ်ကို လျှော့ချနိုင်သည်။

  • ဆေးလိပ်လုံးဝဖြတ်ခြင်း – အဆုတ်ပျက်စီးမှုကို ကာကွယ်ရန် အရေးကြီးဆုံးအချက်ဖြစ်သည်
  • ကာကွယ်ဆေးထိုးခြင်း – တုပ်ကွေးနှင့် အဆုတ်ရောင်ရောဂါ ကာကွယ်ဆေးများ ပုံမှန်ထိုးနှံပါ
  • ရောဂါအခံများကို ထိန်းချုပ်ပါ – ပန်းနာရင်ကျပ် သို့မဟုတ် နှလုံးရောဂါအခံရှိပါက စနစ်တကျ ကုသမှုခံယူပါ
  • လုပ်ငန်းခွင် အကာအကွယ် – ဓာတုငွေ့နှင့် အမှုန်အမွှားများရှိသော နေရာများတွင် အကာအကွယ် (Mask) ကို စနစ်တကျ ဝတ်ဆင်ပါ

References:

  1. Cleveland Clinic. (n.d.). Respiratory failure. Retrieved January 7, 2026, from https://my.clevelandclinic.org/health/diseases/24835-respiratory-failure
  2. MedlinePlus. (n.d.). Respiratory failure. Retrieved January 7, 2026, from https://medlineplus.gov/respiratoryfailure.html
  3. Mayo Clinic. (n.d.). Hypoxemia — Symptoms & causes: Basics & definition. Retrieved January 7, 2026, from https://www.mayoclinic.org/symptoms/hypoxemia/basics/definition/sym-20050930
  4. National Heart, Lung, and Blood Institute. (n.d.). Respiratory failure. Retrieved January 7, 2026, from https://www.nhlbi.nih.gov/health/respiratory-failure
  5. National Center for Biotechnology Information. (n.d.). Respiratory failure. In StatPearls. Retrieved January 7, 2026, from https://www.ncbi.nlm.nih.gov/books/NBK526127/

Published: 25 February 2026

Share

25 February 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.