CA oesophagus (အစာရေမျိုပြွန်ကင်ဆာ)

CA oesophagus (အစာရေမျိုပြွန်ကင်ဆာ)

အစာရေမျိုပြွန်ဆိုသည်မှာ လည်ချောင်းမှ အစာအိမ်သို့ အစားအစာများကို ပို့ဆောင်ပေးသည့် ရှည်လျားပြီး ကြွက်သားဖြင့် ဖွဲ့စည်းထားသော ပြွန်တစ်ခုဖြစ်သည်။ အစာရေမျိုပြွန်ကင်ဆာ (CA oesophagus) သည် များသောအားဖြင့် အစာရေမျိုပြွန်၏ အတွင်းဘက် နံရံဆဲလ်များ ပြောင်းလဲရာမှ စတင်လေ့ရှိပြီး ပြွန်တစ်ခုလုံး၏ မည်သည့်နေရာတွင်မဆို ဖြစ်ပွါးနိုင်သည်။

အစာရေမျိုပြွန်ကင်ဆာ အမျိုးအစားများ
  • Adenocarcinoma
    အစာရေမျိုပြွန်၏ အောက်ပိုင်း အတွင်းဆုံးအလွှာ (mucosa) ရှိ ဂလင်းဆဲလ်များမှ ဖြစ်ပွါးခြင်းဖြစ်သည်။
  • Squamous cell carcinoma
    အစာရေမျိုပြွန်၏ အလယ်နှင့် အပေါ်ပိုင်း အတွင်းမျက်နှာပြင်ရှိ ဆဲလ်များတွင်ပြောင်းလဲရာမှ ဖြစ်ပွါးပြီး အဖြစ်အများဆုံး အမျိုးအစားဖြစ်သည်။
  • အခြားရှားပါးအမျိုးအစားများ
    Small cell carcinoma, Sarcoma, Lymphoma, Melanoma နှင့် Choriocarcinoma တို့ ပါဝင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အစာရေမျိုပြွန်ကင်ဆာသည် ဆဲလ်များ၏ မျိုးဗီဇပြောင်းလဲမှု (Mutation) ဖြစ်ပေါ်ရာမှ စတင်သည်။ အဓိကဖြစ်နိုင်ခြေကို မြင့်တက်စေသော အချက်များမှာ_

  • စားချဉ်ပြန်ရောဂါ (GERD) – အစာအိမ်မှ ထုတ်ပေးသော အစာခြေရည်အက်ဆစ်များ အစာရေမျိုပြွန်ထဲသို့ ပြန်တက်ခြင်း
  • အပူချိန်အလွန်မြင့်သော အရည်များကို ပုံမှန်သောက်သုံးခြင်း
  • သည်းခြေရည် ပြန်တက်ခြင်း (Bile reflux)
  • အစာရေမျိုပြွန်အောက်ပိုင်း အတွင်းနံရံရှိ တစ်ရှူးများသည် အူလမ်းကြောင်းဆဲလ်များကဲ့သို့ ပြောင်းလဲသွားခြင်း (Barrett’s esophagus)
  • ဆေးလိပ် သို့မဟုတ် ဆေးရွက်ကြီး ထုတ်ကုန်များ သုံးစွဲခြင်း
  • အဝလွန်ခြင်း
  • အရက် အလွန်အကျွံ သောက်သုံးခြင်း
  • သစ်သီးနှင့် ဟင်းသီးဟင်းရွက် လုံလောက်စွာ မစားခြင်း
ရောဂါလက္ခဏာများ

အစာရေမျိုပြွန်သည် ကျုံ့နိုင်ဆန့်နိုင်စွမ်းရှိသောကြောင့် အစောပိုင်းအဆင့်တွင် လက္ခဏာမပြတတ်ဘဲ အကျိတ်ကြီးလာပြီး အစာလမ်းကြောင်းကို ပိတ်ဆို့မှသာ လက္ခဏာများကို သိသာစွာ ခံစားရတတ်သည်။ ရောဂါလက္ခဏာများမှာ_

  • အစာမျိုရခက်ခဲခြင်း (Dysphagia) – အစပိုင်းတွင် အစာမာများ မျိုရခက်ပြီး နောက်ပိုင်းတွင် အရည်ကိုပင် မျိုရခက်လာခြင်း
  • ရင်ဘတ်အောင့်ခြင်း၊ ရင်ဘတ်ထဲတွင် တစ်ခုခု ဖိထားသလို ခံစားရခြင်း သို့မဟုတ် ပူစပ်ပူလောင်ဖြစ်ခြင်း
  • ချောင်းဆိုးခြင်း သို့မဟုတ် အသံဝင်ခြင်း
  • အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန် ကျဆင်းခြင်း
  • အစာမကြေခြင်း သို့မဟုတ် ရင်ပူခြင်း ဝေဒနာများ ပိုမိုဆိုးရွားလာခြင်း
နောက်ဆက်တွဲပြဿနာများ

အစာရေမျိုပြွန်ကင်ဆာ၏ နောက်ဆက်တွဲပြဿနာများတွင် အောက်ပါတို့ ပါဝင်နိုင်သည်။

  • အစာရေမျိုလမ်းကြောင်း ပိတ်ဆို့ခြင်း _ ကင်ဆာကျိတ်ကြောင့် အစာနှင့်အရည်များ မျိုချရန် ခက်ခဲလာခြင်း
  • နာကျင်ခြင်း _ ကင်ဆာသည် အဆင့်မြင့်လာပါက ပြင်းထန်စွာ နာကျင်မှုကို ခံစားရနိုင်ခြင်း
  • သွေးယိုစီးခြင်း _ အစာရေမျိုပြွန်အတွင်း သွေးယိုခြင်းဖြစ်ပြီး တဖြည်းဖြည်း သို့မဟုတ် ရုတ်တရက် သွေးအန်ခြင်းအထိ ဖြစ်နိုင်ခြင်း (ကင်ဆာအကျိတ်မှ သွေးဆက်တိုက်ယိုစီးမှုကြောင့် သွေးအားနည်းခြင်း ဖြစ်နိုင်သည်)
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ဖော်ပြပါ လက္ခဏာများထဲမှ တစ်ခုခုရှိပါက သို့မဟုတ် အစာမျိုရခက်ခဲခြင်းကဲ့သို့သော လက္ခဏာများ အမြဲတမ်းဖြစ်ပေါ်နေပါက မိသားစုဆရာဝန်နှင့် ချက်ချင်း ဆွေးနွေးတိုင်ပင်သင့်သည်။ အထူးသဖြင့် GERD (စားချဉ်ပြန်တက်ခြင်း) ဝေဒနာ ခံစားနေရသူများအနေဖြင့် ကင်ဆာဖြစ်နိုင်ခြေ ရှိမရှိကို ပုံမှန်စစ်ဆေးသင့်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

ရောဂါရှာဖွေရန် ရောဂါရာဇဝင် သေချာစွာ မေးမြန်းခြင်း၊ လူနာကို စမ်းသပ်ခြင်းများ ပြုလုပ်ပြီး လိုအပ်သည့် စစ်ဆေးမှုများကို ပြုလုပ်ခြင်းဖြင့် ရှာဖွေနိုင်သည်။ ထို့နောက် အောက်ဖော်ပြပါ စစ်ဆေးမှုများကို လိုအပ်သလို ဆက်လက်ပြုလုပ်မည်ဖြစ်သည်။

  • Barium X ray _ ဘေရီယမ်ဆေးရည် (Barium solution) ကို သောက်၍ ဓာတ်မှန်ဖြင့် အစာရေမျိုပြွန်ကို ပုံရိပ်ဖော်ခြင်း
  • Endoscopy (မှန်ပြောင်းကြည့်ခြင်း) _ ကင်မရာပါသော ပျော့ပျောင်းသည့် ပြွန်ကို ပါးစပ်မှတစ်ဆင့် ထည့်သွင်း၍ အစာရေမျိုပြွန်အတွင်းပိုင်း အခြေအနေကို ကြည့်ရှုစစ်ဆေးခြင်း
  • Biopsy (အသားစယူ စစ်ဆေးခြင်း) _ မှန်ပြောင်းကြည့်နေစဉ် သံသယရှိသော နေရာများမှ ဆဲလ်အနည်းငယ်ကို ဖယ်ထုတ်ယူ၍ ကင်ဆာ ဟုတ်မဟုတ် ဓာတ်ခွဲခန်းတွင် စစ်ဆေးခြင်း
  • သွေးစစ်ဆေးမှုများ (Blood tests) _ သွေးစစ်ဆေးမှုများသည် အစာရေမျိုပြွန်ကင်ဆာကို တိုက်ရိုက်ရှာဖွေရန် အသုံးမပြုသော်လည်း အစာရေမျိုပြွန်ကင်ဆာ၏ လက္ခဏာများနှင့် ကျောက်ကပ်၊ အသည်းကဲ့သို့သော ကိုယ်တွင်းအင်္ဂါများ၏ လုပ်ဆောင်နိုင်စွမ်းကို သိရှိရန် အထောက်အကူပြုသည်

ကင်ဆာအဆင့်သတ်မှတ်ခြင်း (Staging)
အစာရေမျိုပြွန်ကင်ဆာဟု ရောဂါရှာဖွေတွေ့ရှိပြီးနောက် ကင်ဆာသည် အခြားနေရာများသို့ ပျံ့နှံ့ခြင်း ရှိမရှိ သိနိုင်ရန် အခြားစစ်ဆေးမှုများဖြင့် ဆက်လက်ရှာဖွေရသည်။ ကင်ဆာအဆင့်သတ်မှတ်ခြင်း (Staging) တွင် ပုံရိပ်ဖော်စစ်ဆေးမှုများကို အသုံးပြုကြပြီး ကင်ဆာရောဂါကုထုံးများ ရွေးချယ်ရာတွင်လည်းကောင်း၊ ခွဲစိတ်ကုသရာတွင်လည်းကောင်း လွန်စွာအထောက်အကူပြုသည်။

ပုံရိပ်ဖော်စစ်ဆေးခြင်း (Imaging scan)
ကင်ဆာအဆင့် သို့မဟုတ် ပျံ့နှံ့မှုကို သိရှိရန်အတွက်

  • ကွန်ပျူတာဓာတ်မှန် (CT scan)
  • သံလိုက်ဓာတ်မှန် (MRI)
  • ပီအီးတီစကင်န် (PET scan)
  • အသက်ရှူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်း (Bronchoscopy) စသည်တို့ကို အလျဥ်းသင့်သလို အသုံးပြု၍ ကင်ဆာအကျိတ်၏ အရွယ်အစား၊ တည်နေရာနှင့် ပျံ့နှံ့မှုများကို ရှာဖွေစစ်ဆေးသည်။
ကုသခြင်း

အစာရေမျိုပြွန်ကင်ဆာ ကုသမှုသည် အများအားဖြင့် ကင်ဆာ၏ တည်နေရာ၊ အဆင့်၊ လူနာ၏ ကျန်းမာရေးအခြေအနေနှင့် ရွေးချယ်မှုအပေါ် မူတည်၍ လူနာအတွက် အသင့်တော်ဆုံး ကုထုံးများကို ရွေးချယ်သည်။ အစာရေမျိုပြွန်ကင်ဆာ သေးငယ်ပါက များသောအားဖြင့် ကင်ဆာကိုဖယ်ရှားရန် ခွဲစိတ်မှုဖြင့် စတင်ကုသလေ့ရှိသည်။ မခွဲစိတ်မီ သို့မဟုတ် ခွဲစိတ်ပြီးချိန်တွင် ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiation Therapy) နှင့် ကင်ဆာဆေးသွင်းကုသခြင်း (Chemotherapy) ကဲ့သို့သော အခြားကုသမှုများကို ညွှန်ကြားနိုင်သည်။

အဓိကကုသမှုနည်းလမ်းများမှာ_

  • ခွဲစိတ်ကုသခြင်း (Surgery)
    ခွဲစိတ်မှုတစ်ခုတည်းကိုသော်လည်းကောင်း၊ အခြားကုသမှုများနှင့် ပေါင်းစပ်၍သော်လည်းကောင်း အသုံးပြုနိုင်သည်။
    • ကင်ဆာကို မှန်ပြောင်းအသုံးပြု၍ ဖယ်ရှားခြင်း (Endoscopic resection)
      ကင်ဆာသည် အလွန်သေးငယ်ပြီး မပျံ့နှံ့သေးပါက မှန်ပြောင်း (Endoscope) အသုံးပြု၍ ဖယ်ရှားခြင်းဖြစ်သည်။
    • အစာရေမျိုပြွန် တစ်စိတ်တစ်ပိုင်းကို ဖယ်ရှားခြင်း (Esophagectomy)
      ကင်ဆာရှိသောအပိုင်းနှင့် အနီးနားရှိ ပြန်ရည်ကျိတ်များကို ဖယ်ရှားခြင်းဖြစ်ပြီး တစ်ခါတစ်ရံ အစာအိမ်အပေါ်ပိုင်းကိုပါ ဖယ်ရှားခြင်း (Esophagogastrectomy) ကို ပြုလုပ်၍ ကျန်ရှိသော အစာရေမျိုပြွန်ကို အစာအိမ်နှင့် ပြန်လည်ဆက်ပေးခြင်းဖြစ်သည်၊ ခွဲစိတ်ရာတွင် ရင်ဘတ်နှင့် ဝမ်းဗိုက်ကို ခွဲကြောင်းပေးခွဲစိတ်ခြင်း (Open surgery) သို့မဟုတ် အပေါက်ဖောက်၍ခွဲစိတ်ခြင်း (Thoracoscopic or Laparoscopic surgery) စသည့်နည်းများဖြင့် ပြုလုပ်နိုင်သည်။
  • ကင်ဆာ‌ဆေးဝါးများဖြင့် ကုသခြင်း (Chemotherapy)
    • ခွဲစိတ်မှုမတိုင်မီ သို့မဟုတ် ခွဲစိတ်ပြီးနောက်တွင် ကင်ဆာဆဲလ်များကို ဖျက်ဆီးရန် ကင်ဆာဆေးဝါးများဖြင့် ကုသခြင်းဖြစ်သည်
    • တစ်ခါတစ်ရံတွင် ဓာတ်ရောင်ခြည်ကုထုံးနှင့် တွဲဖက်ကုသသည်
  • ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiation therapy)
    • ခွဲစိတ်မှုမပြုလုပ်နိုင်ပါက ကင်ဆာအကျိတ်ကြောင့် ဖြစ်ပေါ်သော အစာမျိုရခက်ခြင်းနှင့် ပြင်းထန်သည့် နာကျင်မှုစသည့် နောက်ဆက်တွဲပြဿနာများအတွက် အသုံးပြုသည်
    • ခွဲစိတ်မှုမတိုင်မီတွင် ကင်ဆာအရွယ်အစားကို သေးငယ်စေရန်လည်း အသုံးပြုနိုင်သည်
  • ကင်ဆာဆဲလ်သီးသန့် ပစ်မှတ်ထားကုသခြင်း (Targeted Therapy)
    • အစာရေမျိုပြွန်ကင်ဆာ အဆင့်မြင့်မားသူများနှင့် ပြန်ဖြစ်သောသူများတွင် ကင်ဆာဆေးဝါးများနှင့် ပေါင်းစပ်၍ အသုံးပြုသည်
  • ကိုယ်ခံအားကို ပြုပြင်ထိန်းညှိခြင်းဖြင့် ကုသခြင်း (Immunotherapy)
    • အစာရေမျိုပြွန်ကင်ဆာ အဆင့်မြင့်မားသူများတွင် အသုံးပြုသည်
    • ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို လှုံ့ဆော်ပေးသော ဆေးဝါးများကို အသုံးပြု၍ ကင်ဆာဆဲလ်များကို တိုက်ခိုက်သည်
  • ခံစားနေရသောဝေဒနာများ ညင်သာစေရန် ပြုစုကုသမှုပေးခြင်း (Palliative care)
    • ပြင်းထန်သော ကင်ဆာနာကျင်မှုနှင့် အခြားခံစားရသော ဝေဒနာများ သက်သာစေရန် ပြုစုကုသပေးခြင်းဖြင့် ကင်ဆာဝေဒနာရှင်များ၏ ဘဝနေထိုင်မှု အရည်အသွေး ပိုမိုကောင်းမွန်စေသည်
  • နောက်ဆက်တွဲပြဿနာများကို ကုသခြင်း
    ကင်ဆာကြောင့် အစာရေမျိုပြွန် ကျဉ်းသွားပြီး အစာမျိုချရခက်လာပါက အောက်ပါတို့ကို ပြုလုပ်၍ ကုသနိုင်သည်။
    • အစာပြွန်ပိုက်ထည့်ခြင်း (Oesophageal stent) – အစာပြွန်ပွင့်နေစေရန် သတ္တုပိုက်ငယ် (Stent) ထည့်ပေးခြင်း
    • အာဟာရပိုက်ထည့်ခြင်း (Feeding tube) – အစာမျိုရခက်ပါက အစာအိမ် သို့မဟုတ် အူသိမ်ထဲသို့ တိုက်ရိုက်အာဟာရပေးနိုင်ရန် ပိုက်ထည့်ခြင်း
    • သွေးပြန်ကြောမှတစ်ဆင့် အာဟာရပေးခြင်း (Total Parenteral Nutrition – TPN) – အစာလမ်းကြောင်းမှတစ်ဆင့် အာဟာရ လုံးဝမရရှိနိုင်တော့သည့် အခြေအနေမျိုးတွင် လိုအပ်သော အာဟာရဓာတ်များကို သွေးပြန်ကြောအတွင်းသို့ တိုက်ရိုက် ထည့်သွင်းပေးခြင်းဖြစ်သည်
ကာကွယ်ခြင်း

အစာရေမျိုပြွန်ကင်ဆာ ဖြစ်ပွါးမှုအားလုံးကို မကာကွယ်နိုင်သော်လည်း နေထိုင်မှုပုံစံအချို့ကို ပြောင်းလဲခြင်းဖြင့် ဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချနိုင်သည်။

  • စားချဉ်ပြန်ရောဂါ (GERD) ကို ကုသခြင်း
    • နာတာရှည် စားချဉ်ပြန်ခြင်း သို့မဟုတ် ရင်ပူခြင်း ဝေဒနာများကို စနစ်တကျ ကုသသင့်သည်
  • အရက်သောက်သုံးမှု လျှော့ချခြင်း
    • အရက်ကို ဆင်ခြင်သောက်သုံးခြင်း သို့မဟုတ် ရှောင်ကြဉ်သင့်သည်
  • ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း
    • ကိုယ်အလေးချိန် မတက်အောင် ဂရုစိုက်သင့်သည်
  • ဆေးလိပ်ဖြတ်ခြင်း
    • ဆေးလိပ်သောက်ခြင်းကို‌ ရှောင်ရှားသင့်သည်
  • သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် ပိုမိုစားသုံးခြင်း
    • သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် အမျိုးမျိုးပါဝင်သော ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများကို ရွေးချယ်စားသုံးသင့်သည်
    • ဗီတာမင်နှင့် အာဟာရဓာတ်များကို သဘာဝအစားအစာများမှ ရယူခြင်းက အကောင်းဆုံးဖြစ်သည်
  • လေ့ကျင့်ခန်းလုပ်ခြင်း
    • တစ်ပတ်လျှင် အနည်းဆုံး ငါးရက်ခန့်၊ တစ်ခါလုပ်လျှင် မိနစ် (၃၀) ကြာ လေ့ကျင့်ခန်းလုပ်ပါ။

အစာရေမျိုပြွန်ကင်ဆာ အကြိုစစ်ဆေးခြင်း (Oesophageal cancer screening)
အောက်ပါ အစာရေမျိုပြွန်ကင်ဆာ ဖြစ်ပွါးနိုင်ခြေ မြင့်မားသူများတွင် အစာရေမျိုပြွန်ကင်ဆာ အကြိုစစ်ဆေးမှု (Oesophageal cancer screening) ပြုလုပ်ရသည်။

  • Barrett’s esophagus (အစာရေမျိုပြွန်အောက်ပိုင်း အတွင်းနံရံရှိ တစ်ရှူးများသည် အူလမ်းကြောင်းဆဲလ်များကဲ့သို့ ပြောင်းလဲသွားခြင်း) ရှိနေကြောင်း တွေ့ရှိထားသူများ
  • စားချဉ်ပြန်တက်သည့်ရောဂါ (GERD) ဝေဒနာကို အနည်းဆုံး (၅)နှစ် မှ (၁၀) နှစ်အထိ ကာလရှည် ခံစားနေရသူများ
  • အသက် (၅၀) ကျော်သူများ၊ အမျိုးသားများနှင့် အဝလွန်သူများ
  • ဆေးလိပ်သောက်သူ သို့မဟုတ် ဆေးလိပ်ဖြတ်ထားသူများ
  • မိသားစုမျိုးရိုးထဲတွင် အစာရေမျိုပြွန်ကင်ဆာ (Adenocarcinoma) ဖြစ်ဖူးသူရှိထားသူများ

မိမိကျန်းမာရေးအခြေအနေနှင့် မိသားစုရာဇဝင်ပေါ် မူတည်၍ သင့်တော်သော စစ်ဆေးမှုကို ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးကာ ရွေးချယ်ရသည်။ အစာရေမျိုပြွန်ကင်ဆာ အကြိုစစ်ဆေးမှုအတွက် အသုံးပြုသော စစ်ဆေးနည်းများမှာ_

  • အစာအိမ်နှင့် အစာရေမျိုပြွန် မှန်ပြောင်းကြည့်ခြင်း (Upper GI Endoscopy)
  • အသားစယူ စစ်ဆေးခြင်း (Biopsy)
  • အစာရေမျိုပြွန် ကင်ဆာရှာဖွေသည့် ဆေးတောင့်ဖြင့် စစ်ဆေးခြင်း (Cytosponge)
  • မှန်ပြောင်းကြည့်ရန် မလိုသော နည်းလမ်းသစ်တစ်ခုဖြစ်သည်။ ကြိုးတပ်ထားသော ဆေးတောင့်လေးအား မျိုချပြီး အစာရေမျိုပြွန်အတွင်းရှိ ဆဲလ်များကို စုစည်းယူ၍ စစ်ဆေးခြင်းဖြစ်သည်။

References:

  1. Basavatarakam Indo American Cancer Hospital & Research Institute. (n.d.). Esophageal cancer: Signs and symptoms, causes, risk factors, and prevention tips. Retrieved December 19, 2025, from https://basavatarakam.org/esophageal-cancer-signs-and-symptoms-causes-risk-factors-and-prevention-tips/
  2. Cleveland Clinic. (n.d.). Esophageal cancer. Retrieved December 19, 2025, from https://my.clevelandclinic.org/health/diseases/6137-esophageal-cancer
  3. Mayo Clinic. (n.d.). Esophageal cancer: Symptoms & causes. Retrieved December 19, 2025, from https://www.mayoclinic.org/diseases-conditions/esophageal-cancer/symptoms-causes/syc-20356084
  4. Mayo Clinic. (n.d.). Esophageal cancer: Diagnosis & treatment. Retrieved December 19, 2025, from https://www.mayoclinic.org/diseases-conditions/esophageal-cancer/diagnosis-treatment/drc-20356090
  5. Vantanasiri, K., Kamboj, A. K., Kisiel, J. B., & Iyer, P. G. (2024). Advances in screening for Barrett esophagus and esophageal adenocarcinoma. Mayo Clinic Proceedings. Advance online publication. https://doi.org/10.1016/j.mayocp.2023.07.014

Published: 29 December 2025

.indent-top{padding-top: 30px;} .indent-bottom{padding-bottom: 30px;}

Share

29 December 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
Ganglion Cyst (ဂန်ဂလီယံအရည်အိတ်)
Dec 31, 2025
Diseases and Conditions

Ganglion Cyst (ဂန်ဂလီယံအရည်အိတ်)

ဂန်ဂလီယံအရည်အိတ်သည် အဆစ်နှင့် အရွတ်များတွင် ဖြစ်ပေါ်တတ်သော ကင်ဆာမဟုတ်သည့်...

Tennis Elbow (Lateral Epicondylitis) (တင်းနစ်တံတောင်ဆစ် သို့မဟုတ် တံတောင်ဆစ် အပြင်ဘက်အရွတ်ကြော ရောင်ရမ်းခြင်း)
Dec 31, 2025
Diseases and Conditions

Tennis Elbow (Lateral Epicondylitis) (တင်းနစ်တံတောင်ဆစ် သို့မဟုတ် တံတောင်ဆစ် အပြင်ဘက်အရွတ်ကြော ရောင်ရမ်းခြင်း)

တံတောင်ဆစ်နာကျင်မှုများတွင် တံတောင်ဆစ် အပြင်ဘက်အရွတ်ကြော...

Chorioamnionitis (ရေမြွှာရည်နှင့် အချင်းအမြှေးပါး ပိုးဝင်ခြင်း)
Dec 30, 2025
Diseases and Conditions

Chorioamnionitis (ရေမြွှာရည်နှင့် အချင်းအမြှေးပါး ပိုးဝင်ခြင်း)

ရေမြွှာရည်နှင့် အချင်းအမြှေးပါး ပိုးဝင်ခြင်းသည် မိခင်ရောကလေးပါ...