Prelabour rupture of membrane – PROM (ကလေးမွေးဖွားရန် ဗိုက်မနာမီ ရေမြွှာရည်ပေါက်ခြင်း)

Prelabour rupture of membrane – PROM (ကလေးမွေးဖွားရန် ဗိုက်မနာမီ ရေမြွှာရည်ပေါက်ခြင်း)

မိခင်သားအိမ်အတွင်း၌ သန္ဓေသားကို ရေမြွှာရည်အိတ်ရှိ ရေမြွှာရည်ဖြင့် ဝန်းရံထားခြင်းကြောင့် ရောဂါပိုးဝင်ခြင်းနှင့် ထိခိုက်မှုမှ ကာကွယ်ပေးခြင်း၊ သန္ဓေသားကြွက်သား၊ အရိုးများကောင်းစွာဖွံ့ဖြိုးနိုင်ခြင်းနှင့် သန္ဓေသားလှုပ်ရှားမှုကို ကူညီခြင်းစသည့် အကျိုးကျေးဇူးများရရှိသည်။ ပုံမှန်အားဖြင့် ကလေးမွေးဖွားရန် ဗိုက်စတင်နာပြီးမှ ရေမြွှာရည်အိတ်အမြှေးပါး အလိုအလျောက်ကွဲပြီး ရေမြွှာရည်ဆင်းလာလေ့ရှိသည်။ ထိုသို့မဟုတ်ဘဲ ကလေးမွေးဖွားရန် ဗိုက်မနာမီ မိန်းမကိုယ်မှ ရေမြွှာရည်ဆင်းလာခြင်းကို PROM ဟုခေါ်ပြီး ကိုယ်ဝန်ဆောင်အားလုံး၏ (၁၀%) ခန့်တွင်တွေ့ရသည်။

ဤသို့ရေမြွှာရည်ပေါက်ခြင်းကို

  1. ကိုယ်ဝန်သက် (၃၇) ပတ်နောက်ပိုင်း ရေမြွှာရည်ပေါက်ခြင်း (Term prelabour rupture of membrane – Term PROM) နှင့်
  2. လမစေ့မီ ရေမြွှာရည် ပေါက်ခြင်း (Preterm prelabour rupture of membrane – PPROM) – ကိုယ်ဝန်သက် (၃၇) ပတ်မတိုင်မီ ရေမြွှာရည်ပေါက်ခြင်း ဟူ၍ ခွဲခြားနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ကိုယ်ဝန်သက် (၃၇) ပတ်နောက်ပိုင်း ရေမြွှာရည်ပေါက်ခြင်းနှင့် ကိုယ်ဝန်သက် (၃၇) ပတ်မတိုင်မီ ရေမြွှာရည်ပေါက်ခြင်း ဖြစ်ပေါ်စေရသော အကြောင်းရင်းများ ကွဲပြားနိုင်သည်။

ကိုယ်ဝန်သက် (၃၇) ပတ်နောက်ပိုင်း ရေမြွှာရည်ပေါက်ခြင်း (Term PROM)
ကိုယ်ဝန်သက် (၃၇) ပတ်နောက်ပိုင်း ရေမြွှာရည်ပေါက်လျှင် (၉၅%) ခန့်သည် (၂၈) နာရီအတွင်း မီးဖွားလေ့ရှိသည်။ ပုံမှန်အားဖြင့် ကလေးမွေးဖွားရန် ဗိုက်စတင်နာပြီးမှ ရေမြွှာရည်အိတ်အမြှေးပါး အလိုအလျောက်ကွဲပြီး ရေမြွှာရည်ဆင်းလာသည်။ သို့သော် တစ်ခါတစ်ရံ သားအိမ်ညှစ်အားကြောင့် ရေမြွှာရည်အိတ်ပေါ်သို့ ဖိအားသက်ရောက်မှု ရှိလာပြီး ဗိုက်မနာခင် ရေမြွှာရည်အိတ်ပေါက်၍ အရည်များ စီးကျလာနိုင်သည်။ သားအိမ်ညှစ်ခြင်းကြောင့် ခန္ဓာကိုယ်မှ ကလေးမွေးဖွားရန် စတင်လုပ်ဆောင်ပေးရာမှ သားအိမ်ခေါင်းပါးလာခြင်း၊ ပွင့်လာခြင်း (effacing and opening) ဖြစ်လာပြီး ရေမြွှာရည်အိတ်ပေါက်ခြင်း ဖြစ်သည်။ ထိုအချိန်တွင် ဗိုက်မနာသေးသောကြောင့် ကိုယ်ဝန်ဆောင်မိခင်တွင် မည်သည့်လက္ခဏာမှ မခံစားရပေ။

လမစေ့မီ ရေမြွှာရည် ပေါက်ခြင်း (Preterm PROM)
လမစေ့ဘဲ ‌‌ရေမြွှာရည်ပေါက်ခြင်း (PPROM) သည် ကိုယ်ဝန်ဆောင်မိခင်များ၏ (၃%) တွင် ဖြစ်ပွါးပြီး အမြွှာကိုယ်ဝန်ဆောင်များတွင် ပိုမိုတွေ့ရှိရသည်။ ကိုယ်ဝန်သက် (၃၇) ပတ်မတိုင်မီ ရေမြွှာရည်ပေါက်ခြင်းကို မိခင်ကျန်းမာရေးအခြေအနေ သို့မဟုတ် ကိုယ်ဝန်နောက်ဆက်တွဲပြဿနာများကြောင့် တွေ့ရှိရပြီး တစ်ခါတစ်ရံ အကြောင်းရင်း ရှာမတွေ့ဘဲလည်း ရှိတတ်သည်။

ရေမြွှာရည်ပေါက်ခြင်းကို ဖြစ်စေနိုင်သော အကြောင်းရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

  1. ရောဂါပိုးဝင်ခြင်းနှင့် ‌ရောင်ရမ်းခြင်း
    • သားအိမ်အတွင်း သို့မဟုတ် ယောနိလမ်းကြောင်းရောဂါပိုးဝင်ခြင်း
    • ကယ်လ်မိုင်းဒီးယားပိုး (Chlamydia) နှင့် ဆီးပူညောင်းကျ (Gonorrhoea) ရောဂါကဲ့သို့သော လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများဖြစ်ခြင်း
    • ယောနိလမ်းကြောင်း၌ ဆိုးသောဘက်တီးရီးယားပိုး (Bacterial vaginosis) များခြင်း
  2. ရုပ်ပိုင်းဆိုင်ရာအကြောင်းရင်းများ
    • အမြွှာကိုယ်ဝန်ဆောင်ဖြစ်ခြင်း (Multiple pregnancies)
    • ရေမြွှာရည်ပုံမှန်ထက်များနေခြင်း (Polyhydramnios)
    • သားအိမ်ခေါင်း တိုခြင်း (Short cervical length)
    • ရေမြွှာရည်နမူနာယူ၍ စစ်ဆေးမှုပြုလုပ်ခြင်း (Amniocentesis)
  3. လူနေမှုပုံစံနှင့် မိခင်ကျန်းမာရေးအကြောင်းရင်းများ
    • လမစေ့ဘဲ ‌ရေမြွှာရည်ပေါက်ဖူးခြင်း သို့မဟုတ် လမစေ့ဘဲ ကလေးမွေးဖွားဖူးခြင်း
    • ကိုယ်ဝန်ဆောင် သွေးဆင်းဖူးခြင်း
    • မိခင်သည် ပုံမှန်ကိုယ်အလေးချိန်အောက်ရှိနေခြင်း
    • ကြေးနီ၊ ဗီတာမင် စီ ကဲ့သို့သော အာဟာရချို့တဲ့ခြင်း
    • ဆေးလိပ်သောက်ခြင်း
    • လူမှုစီးပွါးအခြေအနေ နိမ့်ကျခြင်း
  4. မွေးရာပါနှင့်ဆိုင်သော ရောဂါအကြောင်းရင်းများ
    • တွယ်ဆက်တစ်ရှူးဆိုင်ရာ ရောဂါများ (Connective tissue disorders) (ဥပမာ _ Ehlers-Danlos syndrome)
    • မွေးရာပါ သားအိမ်ပုံမှန်မဖြစ်ခြင်း (Congenital uterine anomalies)
ရောဂါလက္ခဏာများ

အဓိကထင်ရှားသောလက္ခဏာမှာ မွေးလမ်းကြောင်းမှ ရေမြွှာရည်ပေါက်ပြီး ရုတ်တရက် အရည် ပမာဏများစွာ ဆင်းလာခြင်းဖြစ်သည်။ အရည်အပမာဏများစွာ စီးကျလာခြင်းသည် အမြဲမဟုတ်ဘဲ တချို့တွင် အရည်အနည်းငယ်သာ စီးကျလာခြင်းမျိုးလည်း ရှိနိုင်သည်။ ရေမြွှာရည်ပေါက်ခြင်းသည် ဆီးသွားခြင်းကဲ့သို့ ထိန်းချုပ်မရပါ။ တစ်ခါတစ်ရံ မွေးလမ်းကြောင်းမှ ဆင်းလာသောအရည်သည် ရေမြွှာရည်ပေါက်ခြင်း၊ အဖြူဆင်းခြင်း၊ ဆီးထွက်ကျခြင်းဟူ၍ ကွဲပြားစွာမသိရှိနိုင်ဘဲ ခက်ခဲတတ်သည်။ ထိုအခါ အရည်ပေါ်တွင် အဖြူရောင် တစ်ရှူးစ (paper towel) သို့မဟုတ် အဝတ်စကို ချကြည့်ပါ။ တစ်ရှူးစတွင် အဝါရောင်စွန်း၍ အနံ့ရှိလျှင် ဆီးဖြစ်ပြီး အ‌ရောင်မစွန်းဘဲ အနံ့မရှိလျှင် ရေမြွှာရည်ဖြစ်နိုင်သည်။

နောက်ဆက်တွဲပြဿနာများ

ရေမြွှာရည်ပေါက်ပြီးသည့်နောက် သန္ဓေသားနှင့် သားအိမ်သည် ကာကွယ်မှုမရတော့ဘဲ ရောဂါပိုး ဝင်ရောက်နိုင်ပြီး အလွန်ပြင်းထန်သောအန္တရာယ် ရှိလာနိုင်သည်။ ရေမြွှာရည်စော‌စောပေါက်လျှင် သန္ဓေသားသည် လမစေ့ဘဲမွေးဖွားရနိုင်ခြေများပြီး နောက်ဆက်တွဲပြဿနာများလည်း မြင့်တက်လာမည်။

ရေမြွှာရည်ပေါက်ခြင်းကြောင့် အောက်ပါနောက်ဆက်တွဲဆိုးကျိုးများဖြစ်နိုင်သည်။

  • ရေမြွှာရည်ရောဂါပိုးဝင်ခြင်း (Chorioamnionitis)
  • အချင်းကွာခြင်း (Placenta abruption)
  • ချက်ကြိုးပိခြင်း (Cord compression)
  • ချက်ကြိုးထွက်ကျခြင်း (Cord prolapse)
  • သန္ဓေသားအနေအထားပြောင်းလဲခြင်းဖြစ်ပေါ်နိုင်ပြီး မွေးဖွားမှု အခက်တွေ့နိုင်ခြင်း
  • ကိုယ်ဝန်သက် (၃၇) ပတ်မတိုင်မီ ရေမြွှာရည်ပေါက်လျှင် လမစေ့ဘဲ မွေးဖွားရနိုင်ခြေများခြင်း
လမစေ့ဘဲမွေးဖွားခြင်း၏ အန္တရာယ်များ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ
    • အသက်ရှူရခက်ခဲခြင်း (Respiratory distress syndrome)
    • အသက်ရှူနေစဥ် ခေတ္တအသက်ရှူရပ်ခြင်း (Apnoea of prematurity)
  • ခန္ဓာကိုယ်အပူချိန်နည်းပါးခြင်း (Hypothermia)
  • အူနံရံပုပ်သောရောဂါ (Necrotizing enterocolitis – NEC)
  • ဦးနှောက်တွင်းသွေးယိုစိမ့်ပြီး ကလေးဖွံ့ဖြိုးတိုးတက်မှု နောက်ကျခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်

ကိုယ်ဝန်ဆောင်စဥ် မိန်းမကိုယ်မှ အရည်ဆင်းလာလျှင် မိမိ၏ သားဖွားမီးယပ်အထူးကုဆရာဝန်ကို ဆက်သွယ်၍ စမ်းသပ်စစ်ဆေးမှုခံယူရမည်။

ရောဂါရှာဖွေခြင်း
  • ကိုယ်ဝန်ဆောင်စဥ်အတွင် မိန်းမကိုယ်မှ အရည်ဆင်းလာလျှင် သားဖွားနှင့်မီးယပ်အထူးကုဆရာဝန်မှ ပိုးသတ်ထားသော ဘဲနှုတ်သီးကိရိယာ (Sterile Speculum) ကို မွေးလမ်းကြောင်းထဲ ထည့်၍ သားအိမ်ခေါင်းအဝမှ ရေမြွှာရည်ဆင်းခြင်း၊ ရေမြွှာရည်စုနေခြင်းများ သေချာစွာကြည့်ရှုပြီး ရေမြွှာရည်ပေါက်ခြင်းကို အတည်ပြုမည်၊ တစ်ချိန်တည်းမှာပင် အရည်နမူနာယူပြီး ဓာတ်ခွဲခန်းသို့ ပို့ဆောင်ကာ ရောဂါပိုးဝင်ခြင်း ရှိမရှိ စစ်ဆေးမည်
  • အာထရာဆောင်းဖြင့် သန္ဓေသားအနေအထားနှင့် ကျန်းမာရေး၊ ကိုယ်ဝန်သက်နှင့် ရေမြွှာရည်ပမာဏကို တိုင်းတာစစ်ဆေးမည်
  • နိုက်ထရာဇင်းစက္ကူ (Nitrazine paper) ဖြင့် စစ်ဆေးခြင်း
    • ဤစက္ကူသည် ယောနိအရည်၏ အက်စစ်ဓာတ်ပမာဏ (pH) ကို တိုင်းတာပေးသည်
    • ပုံမှန်အားဖြင့် ယောနိအရည် (Vaginal fluid) သည် ရေမြွှာရည် (Amniotic fluid) ထက် အက်စစ်ပမာဏနည်းသည်
    • ယောနိမှ စီးလာသော အရည်တစ်စက်ကို နိုက်ထရာဇင်းစက္ကူပေါ်တွင် တင်ပြီး စက္ကူသည် အပြာရောင်ပြောင်းသွားခြင်း ရှိမရှိ စောင့်ကြည့်ရမည်
    • အပြာရောင်ပြောင်းသွားပါက စက္ကူပေါ်ရှိ အရည်သည် အက်စစ်ဓာတ်ပမာဏ ၆.၀ ထက် များနေခြင်းဖြစ်ပြီး ရေမြွှာရည် ဖြစ်နိုင်သည်
    • အခြားသော အက်စစ်ပမာဏစစ်ဆေးမှုများဖြင့်လည်း စစ်ဆေးခြင်းပြုလုပ်၍ ရေမြွှာရည်ဖြစ်ကြောင်း စမ်းသပ်နိုင်သည်။
  • Fern Test (Ferning)
    • ရေမြွှာရည်ဖြစ်ကြောင်း နောက်ထပ်စစ်ဆေးသောနည်းလမ်းတစ်ခုဖြစ်သည်၊ ယောနိအရည် နမူနာတစ်စက်ကို ဖန်ပြားပေါ်တွင် ပါးလွှာသောအလွှာဖြစ်အောင် သုတ်လိမ်းပြီး (၅) မိနစ်မှ (၁၀) မိနစ်ခန့်ထိ အခြောက်ခံ၍ မိုက်ခရိုစကုတ်အောက်၌ ကြည့်ရှုခြင်းဖြစ်သည်
    • ရေမြွှာရည်ဖြစ်လျှင် ကျောက်ခက်ပင်ကဲ့သို့ ပုံသဏ္ဌာန် (ferning) များကို တွေ့မြင်ရမည်။
ကုသခြင်း

ကုသမှုသည် ကိုယ်ဝန်သက်၊ သန္ဓေသား၏ကျန်းမာရေးနှင့် မိခင်ကျန်းမာရေး အခြေအနေ ပြင်းထန်မှုပေါ်တွင် မူတည်သည်။ ယေဘုယျအားဖြင့် ကုသမှု ရွေးချယ်စရာနည်းလမ်း နှစ်မျိုးရှိသည်။

  1. မွေးဖွားခြင်း (Delivery)
  2. စောင့်ကြည့်၍ကုသခြင်း (Expectant management)
    • စောင့်ကြည့်၍ကုသခြင်းသည် သဘာဝအတိုင်းမွေးဖွားရန် ဗိုက်နာလာသည်အထိ စောင့်ကြည့်ခြင်းဖြစ်သည်
    • အိပ်ရာပေါ်တွင် အနားယူခြင်း (Bed rest)၊ ဆေးဝါးများဖြင့် ကာကွယ်ခြင်း၊ ရောဂါပိုးဝင်သောလက္ခဏာများကို စောင့်ကြပ်ကြည့်ရှုခြင်းနှင့် သန္ဓေသားကျန်းမာရေးကို အနီးကပ်စောင့်ကြည့်ခြင်းတို့ဖြင့် ကုသခြင်းဖြစ်သည်

ကိုယ်ဝန်သက် (၃၇) ပတ်နောက်ပိုင်း ဗိုက်မနာမီ ရေမြွှာရည်ပေါက်ခြင်းအတွက် ကုသခြင်း

  • ကိုယ်ဝန်သက် (၃၇) ပတ်နောက်ပိုင်း ရေမြွှာရည်ပေါက်လျှင် ပေါက်သည့်အချိန်မှ (၂၄) နာရီအတွင်း ကလေးမွေးဖွားခြင်းသည် အကောင်းဆုံးနှင့် စိတ်အချရဆုံးဖြစ်သည်၊ မိခင်အများစုသည်လည်း (၂၄) နာရီအတွင်း၌ ဗိုက်နာလာပြီး သဘာဝအတိုင်း မွေးဖွားလေ့ရှိသည်ကို တွေ့ရသည်
  • သို့ဖြစ်၍ ရေမြွှာရည်ပေါက်ပြီးနောက် ‌ရွေးချယ်ရန် နည်းလမ်း (၂)ခု ရှိသည်၊ ကလေးမွေးဖွားရန် သဘာဝအတိုင်း ဗိုက်နာသည့်အထိမစောင့်ဘဲ သားအိမ်ပွင့်အောင်လှုံ့ဆော်၍ မွေးဖွားမှုကို စတင်စေခြင်းနှင့် သဘာဝအတိုင်းမွေးဖွားရန် ဗိုက်စနာခြင်းကို စောင့်ကြည့်ခြင်းဖြစ်သည်

ကိုယ်ဝန်သက် (၃၄) ပတ်နှင့် (၃၇) ပတ်ကြား ဗိုက်မနာမီ‌ ရေမြွှာရည်ပေါက်ခြင်းအတွက် ကုသခြင်း
ကိုယ်ဝန်သက် (၃၄) ပတ်နှင့် (၃၇) ပတ်ကြားတွင် ရေမြွှာရည်ပေါက်လျှင်

  • သားဖွားမီးယပ်အထူးကုဆရာဝန်မှ စောစီးစွာမွေးဖွားခြင်း၏ အန္တရာယ်များနှင့် ကိုယ်ဝန်ကို ဆက်လက်ထားရှိခြင်းနှင့် ဆက်စပ်နေသည့် ရောဂါပိုးဝင်ရောက်နိုင်မှုနှင့် အခြားသော နောက်ဆက်တွဲပြဿနာများရှင်းပြပြီး မွေးဖွားရန် ချိန်ဆရသည်
  • အကယ်၍ အကြောင်းရင်းတစ်ခုခုကြောင့် သားဖွားမီးယပ်အထူးကုဆရာဝန်မှ ကလေးမွေးဖွားရန် ဆုံးဖြတ်ပါက၊ မွေးကင်းစကလေးအတွက် အထူးပြုစောင့်ရှောက်မှုများ (NICU) နှင့် လိုအပ်သော ကုသမှုများပေးနိုင်ရန် စီစဥ်ရမည်

ကိုယ်ဝန်သက် (၃၄) ပတ်မတိုင်မီ ရေမြွှာရည်ပေါက်ခြင်းအတွက် ကုသခြင်း
ကိုယ်ဝန်သက် (၃၄) ပတ်အောက်ဖြစ်လျှင် စောစီးစွာမွေးဖွားခြင်းနှင့် ဆက်စပ်သော နောက်ဆက်တွဲပြဿနာ များပြားသည်။ ထို့ကြောင့် သားဖွားမီးယပ်အထူးကုဆရာဝန်သည် ကိုယ်ဝန်ကို တတ်နိုင်သမျှ ဆက်လက်ထားရှိရန် ကြိုးစားမည်ဖြစ်ပြီး၊ လိုအပ်ပါက မိခင်အား ဆေးရုံတင်၍ စောင့်ကြည့်ပေးရန်လိုသည်။

  • အိပ်ရာပေါ်တွင် အနားယူစေ၍ စောင့်ကြည့်ခြင်း
  • သန္ဓေသားအဆုတ်ဖွံ့ဖြိုးမှု ကောင်းစေရန် စတီးရွိုက်ဆေးထိုးဆေးများဖြင့် ကုသခြင်း
  • ရောဂါပိုးဝင်ရောက်မှုမှ ကာကွယ်ရန် ပဋိဇီဝပိုးသတ်ဆေးများပေးခြင်း
  • လိုအပ်လျှင် သားအိမ်ညှစ်ခြင်းမဖြစ်ရန် Tocolytics ဆေးများ ပေးခြင်း
  • သန္ဓေသား၏ ဦးနှောက်အတွက် အထောက်အကူဖြစ်စေရန် မဂ္ဂနီဆီယမ်ဆာလဖိတ်ဆေးသွင်းခြင်း အစရှိသည့် ကုသမှုများပေးမည်။

ကိုယ်ဝန်သက် (၃၄) ပတ်ပြည့်သည်အထိ ကုသမှုများပေး၍

  • ရောဂါပိုးဝင်သည့်လက္ခဏာများကို စောင့်ကြည့်ခြင်းနှင့်
  • သ‌န္ဓေသားကျန်းမာခြင်းကို သန္ဓေသားနှလုံးခုန်နှုန်းနှင့် လှုပ်ရှားမှုများ ကောင်းမွန်ခြင်း ရှိမရှိ စောင့်ကြည့်ခြင်းတို့ကို လုပ်ဆောင်မည်

အရေးကြီးသည့်အချက်မှာ ရေမြွှာရည်ပေါက်ခြင်းသည် ရောဂါပိုးဝင်ရောက်၍ ပေါက်ခြင်းဖြစ်လျှင်သော်လည်းကောင်း၊ ရေမြွှာရည်ပေါက်ပြီးမှ ရောဂါပိုးဝင်ရောက်သည့် လက္ခဏာများရှိလာလျှင်သော်လည်းကောင်း ကိုယ်ဝန်သက်ကို ထည့်မတွက်ဘဲ ချက်ချင်းမွေးဖွားရန် လိုအပ်သည်။

ကာကွယ်ခြင်း

ကလေးမွေးဖွားရန် ဗိုက်မနာမီ‌ရေမြွှာရည်ပေါက်ခြင်းကို ကာကွယ်ရန် နည်းလမ်းမရှိပါ။ သို့သော် ကိုယ်ဝန်ဆောင်စဥ် ဆင်ခြင်လိုက်နာသင့်သည့် အကောင်းဆုံးအချက်များမှာ_

  • ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ
  • ကျန်းမာသော ကိုယ်ဝန်ဖြစ်‌စေရန် ထိန်းသိမ်းစောင့်ရှောက်ပါ
  • ကိုယ်ဝန်ဆောင်ကာလ ဆေးစစ်ဆေးမှုအားလုံးကို မပျက်မကွက် လုပ်ဆောင်ပါ

References:

  1. Cleveland Clinic. (n.d.). Premature rupture of membranes (PROM). Retrieved from https://my.clevelandclinic.org/health/diseases/24561-premature-rupture-of-membranes
  2. Thomson, A. J. (2019). Care of women presenting with suspected preterm prelabour rupture of membranes from 24 + 0 weeks of gestation: Green‑top Guideline No. 73. BJOG: An International Journal of Obstetrics and Gynaecology, 126(e152–e166). https://doi.org/10.1111/1471-0528.15803
  3. Dayal, S., Jenkins, S. M., & Hong, P. L. (2024). Preterm and term prelabor rupture of membranes (PPROM and PROM). In StatPearls. StatPearls Publishing. Retrieved from https://www.ncbi.nlm.nih.gov/books/NBK532888

Published: 2 December 2025

Share

2 December 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
Rhesus (Rh) Disease (Rh သွေးအုပ်စု မကိုက်ညီခြင်း)
Mar 30, 2026
Diseases and Conditions

Rhesus (Rh) Disease (Rh သွေးအုပ်စု မကိုက်ညီခြင်း)

Rh-negative (အနှုတ်သွေး) ရှိသော မိခင်နှင့် Rh-positive (အပေါင်းသွေး)...

Liver Tumours in Children (က‌လေးငယ်များတွင်ဖြစ်သော အသည်းအကျိတ်များ)
Mar 29, 2026
Diseases and Conditions

Liver Tumours in Children (က‌လေးငယ်များတွင်ဖြစ်သော အသည်းအကျိတ်များ)

ကလေးငယ်များတွင်ဖြစ်ပွါးသော အသည်းအကျိတ်များသည် အန္တရာယ်မရှိသော အကျိတ်များ...

Cystic hygroma (မွေးရာပါ ပြန်ရည်ကြော အရည်အိတ်)
Mar 29, 2026
Diseases and Conditions

Cystic hygroma (မွေးရာပါ ပြန်ရည်ကြော အရည်အိတ်)

ပြန်ရည်ကြောစနစ် ပိတ်ဆို့မှုကြောင့် ဖြစ်ပေါ်လာသော ကင်ဆာကျိတ်မဟုတ်သည့်...