Tetralogy of Fallot ဆိုသည်မှာ နှလုံးတွင် ချို့ယွင်းချက်လေးမျိုးပါရှိနေသော မွေးရာပါ နှလုံးရောဂါတစ်မျိုးဖြစ်သည်။ ထိုရောဂါသည် နှုတ်ခမ်း၊ လျှာ၊ လက်သည်း ပြာတတ်သော မွေးရာပါ နှလုံးရောဂါ အုပ်စုတွင် အဖြစ်အများဆုံးဖြစ်ပြီး၊ ကလေး၏ နှလုံးမှ ခန္ဓာကိုယ်အနှံ့သို့ အောက်ဆီဂျင်လုံလောက်စွာ ပို့ဆောင်နိုင်ခြင်းမရှိသောကြောင့် သွေးတွင်းအောက်ဆီဂျင်ပမာဏကို များစွာထိခိုက်စေနိုင်သည်။ ထို့ကြောင့် ပြုပြင်ခွဲစိတ်မှု မပြုလုပ်ပါက အသက်အန္တရာယ်ရှိနိုင်သော မွေးရာပါ နှလုံးရောဂါတစ်မျိုးဖြစ်သည်။
ပုံမှန်နှလုံး၏ ဖွဲ့စည်းတည်ဆောက်ပုံ
နှလုံးတွင် ဘယ် ညာ နှစ်ခြမ်းရှိပြီး အလယ်တွင် Septum ဟုခေါ်သော ကြွက်သားနံရံဖြင့် ပိုင်းခြားထားသည်။ ဘယ် ညာ တစ်ခြမ်းစီတွင် အပေါ်ခန်း (သွေးဝင်ခန်း) နှင့် အောက်ခန်း (သွေးလွှတ်ခန်း) ဟူ၍ အခန်း (၂) ခန်းစီရှိပြီး စုစုပေါင်းအခန်း (၄) ခန်းပါရှိသည်။ နှလုံးသည် ပုံမှန်အားဖြင့် သွေးများကို လုံလောက်စွာ လက်ခံရရှိရန်နှင့် ညှစ်ထုတ်ပေးနိုင်ရန် တာဝန်ယူသည်။ နှလုံးမှ ညှစ်ထုတ်လိုက်သော သွေးသည် ခန္ဓာကိုယ်ရှိ တစ်ရှူးများအတွက် လိုအပ်သော အာဟာရဓာတ်များ (အောက်ဆီဂျင်နှင့် ဂလူးကို့စ်) ကို သယ်ယူပို့ဆောင်ပေးပြီး စွန့်ပစ်ပစ္စည်းများ (ကာဗွန်ဒိုင်အောက်ဆိုဒ်) ကို ပြန်လည်သယ်ယူပြီး အဆုတ်သို့ ပို့ဆောင်ဖယ်ရှားသောကြောင့် ခန္ဓာကိုယ်အတွင်း မှန်ကန်သော သွေးလှည့်ပတ်မှုရှိရန်မှာ ကျန်းမာရေးအတွက် အလွန်အရေးကြီးသည်။
ပုံမှန်အခြေအနေတွင် နှလုံးနှင့် သွေးကြောအဖွဲ့အစည်းတွင် သွေးပြန်ကြောစနစ် (ညာဘက်) နှင့် သွေးလွှတ်ကြောစနစ် (ဘယ်ဘက်) ဟူ၍ နှစ်ပိုင်းရှိသည်။ သွေးပြန်ကြောစနစ်သည် ခန္ဓာကိုယ်အနှံ့အပြားမှ သွေးညစ်များကို သယ်ဆောင်၍ နှလုံး၏ ညာဘက်အခြမ်းသို့ ပြန်လည်ဝင်ရောက်လာသည်။ ညာဘက် သွေးဝင်ခန်းမှတစ်ဆင့် သွေးလွှတ်ခန်းသို့ရောက်ရှိပြီး ထိုမှတစ်ဆင့် သွေးညစ်များသည် အဆုတ်သွေးလွှတ်ကြောမကြီး (Pulmonary Artery) တစ်လျှောက်စီးဆင်းကာ အဆုတ်တွင်းသို့ ရောက်ရှိသည်။ အဆုတ်တွင်း၌ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် အောက်ဆီဂျင် လဲလှယ်မှု (Gaseous exchange) ဖြစ်ပေါ်ပြီး အောက်ဆီဂျင်ပြည့်ဝသော သွေးသန့်များသည် နှလုံး၏ ဘယ်ဘက်ခြမ်းသို့ ပြန်လည်ဝင်ရောက်လာသည်။ သွေးသန့်များသည် ဘယ်ဘက်သွေးဝင်ခန်း၊ သွေးလွှတ်ခန်းတို့ကို ဖြတ်သန်းကာ နှလုံးသွေးလွှတ်ကြောမကြီး (Aorta) တစ်လျှောက် စီးဆင်းကာ ခန္ဓာကိုယ်တစ်ခုလုံးသို့ အောက်ဆီဂျင်နှင့် အာဟာရဓာတ်များ ပြန်လည်ပို့ဆောင်ပေးသည်။
Tetralogy of Fallot (TOF) ဖြစ်ပေါ်ပုံ
ကိုယ်ဝန်ဆောင်ကာလ ပထမ ၄ပတ် မှ ၈ပတ်အတွင်း သန္ဓေသား၏နှလုံးသည် စတင်ဖွံ့ဖြိုးလာပြီး နှလုံးကြွက်သားနံရံများ ဖြစ်ပေါ်ခြင်းနှင့် နှလုံးသို့ အဝင်အထွက် ပြုလုပ်နေသော အဓိကသွေးလွှတ်ကြောကြီးများဖြစ်သည့် နှလုံးသွေးလွှတ်ကြောမကြီး (Aorta) နှင့် အဆုတ်သွေးလွှတ်ကြောမကြီး (Pulmonary Artery) တို့လည်း စတင်ဖွံ့ဖြိုးလာသည်။ TOF ရောဂါတွင် နှလုံးကြွက်သားနံရံ၏ အရှေ့ပိုင်းနှင့် အပေါ်ပိုင်းတွင် လမ်းကြောင်းလွှဲသွားခြင်းကြောင့် အဓိကဖြစ်ပေါ်သည်။ ထိုသန္ဓေသားချို့ယွင်းမှုတစ်ခုသည် TOF တွင်ပါဝင်သော ချို့ယွင်းချက်လေးမျိုးလုံးကို ဖြစ်ပေါ်စေသည်။
TOF တွင်ပါဝင်သော ချို့ယွင်းချက် (၄) မျိုး
- နှလုံးသွေးလွှတ်ခန်းနံရံတွင် အပေါက်ပါခြင်း (Ventricular Septal Defect)
- နှလုံး၏ အောက်ခန်းများ (သွေးလွှတ်ခန်းနှစ်ခု) ၏ ကြားနံရံတွင် အပေါက်ဖြစ်ပေါ်နေခြင်းဖြစ်သည်၊ ထိုသို့ဖြစ်နေခြင်းကြောင့် နှလုံးနှင့် အဆုတ်သွေးစီးဆင်းမှုတွင် ပြောင်းလဲမှုများဖြစ်ပေါ်သည်
- အောက်ဆီဂျင်နည်းသော ညာဘက် သွေးလွှတ်ခန်းမှ သွေးနှင့် အောက်ဆီဂျင်ကြွယ်ဝသော ဘယ်ဘက် သွေးလွှတ်ခန်းမှသွေးတို့သည် ရောနှောသွားသည်
- ထို့ကြောင့် နှလုံးသည် ခန္ဓာကိုယ်အနှံ့သို့ သွေးညှစ်ထုတ်ရန် ပိုမိုအလုပ်လုပ်ရသည်၊ ထို့အတွက်ကြောင့် အချိန်ကြာလာသည်နှင့်အမျှ နှလုံးကို အားနည်းလာစေနိုင်သည်
- အဆုတ်သွေးလွှတ်ကြောနှင့် အဆို့ရှင်ကျဥ်းမြောင်းခြင်း (Pulmonary Stenosis)
- ဤအခြေအနေသည် နှလုံးမှ အဆုတ်သို့ သွေးစီးဆင်းမှုကို လျော့နည်းစေသည်
- ကျဉ်းမြောင်းခြင်းသည် အဆို့ရှင်တစ်နေရာတည်းတွင်သာ ဖြစ်ပွါးနိုင်သကဲ့သို့ နှလုံးနှင့် အဆုတ်ကြားရှိ သွေးကြောလမ်းကြောင်း၏ နေရာတစ်ခုထက်မကတွင်လည်း ဖြစ်ပွါးနိုင်သည်
- အချို့သောအခြေအနေများတွင် အဆို့ရှင်သည် လုံးဝဖြစ်ပေါ်မလာဘဲ ၎င်း၏နေရာတွင် တစ်ရှူးအလွှာတစ်ခုက နှလုံးညာဘက်ခြမ်းမှ သွေးစီးဆင်းမှုကို ပိတ်ဆို့ထားတတ်သည်၊ ၎င်းကို Pulmonary atresia ဟုခေါ်သည်
- သွေးလွှတ်ကြောမကြီး နေရာလွှဲမှားနေခြင်း (Overriding Aorta)
- သွေးလွှတ်ကြောမကြီးနှင့် အဆို့ရှင်သည် နှလုံးဘယ်ဘက်အောက်ခန်းတစ်ခုတည်းတွင် ပွင့်ရမည့်အစား နှလုံးအောက်ခန်းနှစ်ခုလုံး၏ အပေါ်တည့်တည့်တွင် ရောက်ရှိနေပြီး အခန်းနှစ်ခုလုံးနှင့် ချိတ်ဆက်နေခြင်းဖြစ်သည်
- ထိုသို့ဖြစ်ခြင်းကြောင့် နှလုံးညာဘက်အောက်ခန်းမှ အောက်ဆီဂျင်နည်းသော သွေးများသည် အောက်ဆီဂျင်ပြန်လည်ရရှိရန် အဆုတ်နှင့် အဆုတ်သွေးလွှတ်ကြောများဆီသို့ ပြန်လည်မရောက်ရှိတော့ဘဲ သွေးလွှတ်ကြောမကြီးမှတစ်ဆင့် ခန္ဓာကိုယ်အနှံ့သို့ တိုက်ရိုက်စီးဆင်းသွားသည်
- ညာဘက်သွေးလွှတ်ခန်း ကြွက်သားထူလာခြင်း (Right ventricular hypertrophy)
- နှလုံးသည် ပုံမှန်ထက် ပိုအလုပ်လုပ်ရခြင်းကြောင့် နှလုံးညာဘက်သွေးလွှတ်ခန်း၏ နံရံသည် ထူလာသည်
- အချိန်ကြာလာသည်နှင့်အမျှ နှလုံးအားနည်းလာစေပြီး နှလုံးလုပ်ငန်းပျက်စီးခြင်းကို ဖြစ်စေသည်
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
Tetralogy of Fallot ဖြစ်ပေါ်ရသော အကြောင်းရင်းကို သေချာမသိနိုင်ပါ။ သို့သော် အခြားသော မွေးရာပါ နှလုံးရောဂါများကဲ့သို့ပင် မျိုးဗီဇပြောင်းလဲမှု သို့မဟုတ် ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များနှင့် ဆက်စပ်သည်ဟု ယူဆသည်။ ထို့ပြင် ဒေါင်းဆင်ဒရုန်း (Down syndrome)၊ အက်ဒ်ဝပ်စ်ဆင်ဒရုန်း (Edwards syndrome)၊ DiGeorge syndrome စသည့် မွေးရာပါရောဂါလက္ခဏာစုပါရှိသည့် ကလေးငယ်များတွင်လည်း တွေ့ရှိနိုင်သည်။ အောက်ပါအခြေအနေများ ကိုယ်ဝန်ဆောင်စဉ်အတွင်း ဖြစ်ပွါးခဲ့ပါက TOF ရောဂါဖြစ်နိုင်ခြေ ပိုများသည်။ ၎င်းတို့မှာ_
- မိသားစုအတွင်း မွေးရာပါနှလုံးရောဂါ ဖြစ်သူရှိခြင်း
- ကလေးတွင် မျိုးဗီဇဆိုင်ရာ ပုံမမှန်သည့် ရောဂါအခြေအနေများရှိခြင်း [ဥပမာ_ဒေါင်းဆင်ဒရုန်း (Down syndrome)]
- ကိုယ်ဝန်ဆောင်မိခင် အသက်ကြီးခြင်း (၃၅ နှစ်အထက်)
- ကိုယ်ဝန်ဆောင်စဉ်အတွင်း မိခင်တွင် ဂျိုက်သိုးရောဂါ (Rubella) ဖြစ်ခဲ့ခြင်း
- ကိုယ်ဝန်ဆောင်မိခင်တွင် ဆီးချိုရောဂါအခံရှိပြီး ကိုယ်ဝန်မဆောင်မီနှင့် ကိုယ်ဝန်ဆောင်စဉ် ကာလများအတွင်း သွေးတွင်းသကြားဓာတ်ပမာဏ ပုံမှန်ဖြစ်အောင် မထိန်းနိုင်ခြင်း
- သန္ဓေသားကို ထိခိုက်စေသော ဆေးဝါးများ သောက်သုံးမိခြင်း (ဥပမာ _ ဝက်ခြံပျောက်ဆေးများနှင့် အချို့သောအတက်ကျဆေး၊ စိတ်ရောဂါကုဆေးများ)
- ကိုယ်ဝန်ဆောင်စဉ်အတွင်း ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း သို့မဟုတ် မူးယစ်ဆေးဝါးများသုံးစွဲခြင်း
- ကိုယ်ဝန်ဆောင်စဉ်အတွင်း အချို့ဓာတုဗေဒပစ္စည်းများ၊ အိမ်သုတ်ဆေးများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေးများနှင့် ထိတွေ့ခြင်းစသည်တို့ဖြစ်သည်။
ရောဂါလက္ခဏာများ
Tetralogy of Fallot (TOF) ၏ ရောဂါလက္ခဏာများသည် နှလုံးမှ အဆုတ်သို့ သွေးစီးဆင်းမှု မည်မျှအထိ ပိတ်ဆို့နေသည့်အချက်ပေါ်မူတည်၍ ကလေးမွေးဖွားပြီးနောက် ပထမနာရီအနည်းငယ် သို့မဟုတ် ရက်အနည်းငယ်အတွင်းမှာပင် ဖြစ်ပေါ်လာတတ်သည်။ ကလေးငယ်များတွင် အောက်ပါလက္ခဏာများ ပြသနိုင်သည်။ ၎င်းတို့မှာ_
- အသားအရောင် ပြာနှမ်းခြင်း (Cyanosis)
- အောက်ဆီဂျင်ကြွယ်ဝသောသွေးကို လုံလောက်စွာ မရရှိသည့်အတွက် အသားအရေ၊ နှုတ်ခမ်းနှင့် လက်သည်းများ ပြာနှမ်းလာခြင်း
- အသက်ရှူ မြန်ခြင်း သို့မဟုတ် အသက်ရှူရ ခက်ခဲခြင်း
- အစာစားချင်စိတ် နည်းပါးခြင်း
- နို့စို့ရခက်ခဲခြင်း၊ အစာကျွေးရခက်ခဲခြင်း
- နှလုံးခုန်နှုန်း အလွန်မြန်ခြင်း
- ကိုယ်အလေးချိန် တက်သင့်သလောက် မတက်ခြင်း
- အလွယ်တကူ မောပန်းလွယ်ခြင်း
- သတိလစ်ခြင်း စသည်တို့ဖြစ်သည်။
Tet spells
TOF ရှိသော ကလေးငယ်များတွင် အရေးပေါ်အခြေအနေတစ်ရပ်ရှိတတ်သည်။ အသားအရောင် ပြာနေသော ကလေးတွင် ရုတ်တရက် အရေပြား၊ လက်သည်းခြေသည်းများနှင့် နှုတ်ခမ်းများ၌ ပို၍ ပြင်းထန်သော အပြာရင့်ရောင် သို့မဟုတ် မွဲခြောက်ခြောက်အရောင်သို့ ရုတ်တရက်ပြောင်းလဲသွားတတ်သည်။ အထူးသဖြင့် ကလေးငိုသည့်အချိန်၊ နို့စို့သည့်အချိန်၊ အစာစားသည့်အချိန် သို့မဟုတ် စိတ်ဆိုးဒေါသထွက်သည့်အခါမျိုးတွင် ဖြစ်ပွါးလေ့ရှိပြီး ဤအခြေအနေကို “Tet spells” ဟု ခေါ်သည်။ ထိုအခြေအနေသည် မိနစ်ပိုင်းမှသည် နာရီအနည်းငယ်အထိ ဖြစ်နိုင်ပြီး အဓိကဖြစ်ပေါ်ရသည့်အကြောင်းရင်းမှာ သွေးထဲရှိ အောက်ဆီဂျင်ပမာဏ ရုတ်တရက်ထိုးကျသွားခြင်းကြောင့်ဖြစ်သည်။ အထူးသဖြင့် အသက် ၂လ မှ ၄လကြားကလေးများတွင် အဖြစ်များပြီး အောက်ဆီဂျင် ကျဆင်းချိန် အလွန်ကြာမြင့်သွားပါက သတိလစ်ခြင်း၊ တက်ခြင်း၊ နှလုံးရပ်ခြင်းစသည်တို့အထိ ဖြစ်နိုင်ပြီး အသက်အန္တရာယ် ဆုံးရှုံးနိုင်ခြေရှိသည်။
ထိုသို့ Tet spells ဖြစ်သည့်အချိန်တွင် မိဘများမှ ကလေး၏အနေအထားကို ပြုပြင်ပေးခြင်း (ဒူးကိုကွေး၍ ရင်ဘတ်သို့ ဆွဲကပ်ထားခြင်း)၊ ဆေးရုံ၊ ဆေးခန်းများသို့ ချက်ချင်းသွား၍ အောက်ဆီဂျင်ပေးခြင်း၊ သွေးကြောအတွင်းတို့ ဆေးရည်သွင်းပေးခြင်း၊ အိပ်ဆေးပေးခြင်း၊ လိုအပ်သည့် နှလုံးဆေးများပေးခြင်းဖြင့် လက္ခဏာများကို သက်သာစေသည်။
နောက်ဆက်တွဲပြဿနာများ
အချိန်မီကုသမှုမပြုပါက အသက်ဆုံးရှုံးမှုဖြစ်စေသည်အထိ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သည်။ ထို့ပြင်အောက်ပါနောက်ဆက်တွဲပြဿနာများကိုလည်း ဖြစ်စေနိုင်သည်။
- နှလုံးအတွင်း ပိုးဝင်ရောင်ရမ်းခြင်း (Infective endocarditis)
- သွေးပျစ်ခြင်း
- ထိပ်ကပ်နာဖြစ်ခြင်း
- သွေးခဲပိတ်ခြင်း
- ဦးနှောက်ပြည်တည်နာဖြစ်ခြင်း အပြင်
- Tet spell ကြောင့် အသက်ဆုံးရှုံးနိုင်ခြင်းစသည့် နောက်ဆက်တွဲပြဿနာ များစွာရှိသည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်၊ ကလေးအထူးကုဆရာဝန်များနှင့် ပြသတိုင်ပင်ရန်လိုသည်။ ထိုမှတစ်ဆင့် သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
အကယ်၍ ပြင်းထန်မွေးရာပါနှလုံးရောဂါ ရောဂါလက္ခဏာများ တွေ့ရှိရပါက အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှု သို့မဟုတ် ခွဲစိတ်ကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသကုသမှု ခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း
Tetralogy of Fallot (TOF) ရှိသည်ဟု သံသယရှိပါက အောက်ပါနည်းလမ်းများဖြင့် ရောဂါရှာဖွေနိုင်သည်။
- သွေးတွင်းအောက်ဆီဂျင်တိုင်းစက်ဖြင့် တိုင်းတာခြင်း
- အီးစီဂျီ (ECG) ဆွဲခြင်း – နှလုံးစီးချက်အခြေအနေကို သိရှိနိုင်သည်
- ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း – နှလုံးနှင့်သွေးကြောပုံရိပ်များကို ကြည့်၍ ရောဂါခန့်မှန်းခြင်း၊ နှလုံးနှင့် အဆုတ်အခြေအနေများကို ကြည့်ရှူခြင်း
- အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက်ဖြင့် စမ်းသပ်ခြင်း (Echocardiogram) – ရောဂါရှာဖွေရာတွင် အသုံးပြုသည့် အဓိကစစ်ဆေးမှုတစ်ခုဖြစ်သည်၊ အသံလှိုင်းများကို အသုံးပြု၍ နှလုံးပုံရိပ်များကိုဖမ်းယူပြီး နှလုံးအခန်းများနှင့် နှလုံးအဆို့ရှင်အခြေအနေများ၊ နှလုံးအတွင်း သွေးစီးဆင်းမှုများကိုလည်း ကြည့်ရှုနိုင်သည်
- သံလိုက်ဓာတ်မှန်ဖြင့် နှလုံးစမ်းသပ်ခြင်း (Cardiac MRI) – သံလိုက်စက်ကွင်းနှင့် ရေဒီယိုလှိုင်းများကို အသုံးပြု၍ နှလုံးပုံရိပ်များကို အသေးစိတ် ပုံဖော်ကြည့်ရှုနိုင်သည်
- နှလုံးနှင့်သွေးကြော ပိုက်သွင်းစမ်းသပ်ခြင်း (Cardiac catheterization)
- မိခင်၏ဝမ်းတွင်း သန္ဓေသားလောင်းဘဝ (၁၈)ပတ် မှ (၂၂)ပတ်အတွင်း သန္ဓေသားလောင်း ကိုယ်လက်အင်္ဂါ ပြည့်စုံခြင်း ရှိမရှိ သိရှိရန် ရိုက်ကူးနိုင်သော သန္ဓေသားအာထရာဆောင်း (Fetal Anomalies Scan) ဖြင့်လည်း သန္ဓေသားလောင်း၏ နှလုံးဖွဲ့စည်းပုံ၊ သွေးလှည့်ပတ်မှုစသည်တို့ကို ကြည့်ရှုစစ်ဆေးပြီးအချို့သော မွေးရာပါ နှလုံးရောဂါများကို ကြိုတင်သိရှိနိုင်သည်။
ကုသခြင်း
Tetralogy of Fallot (TOF) ရှိသူ ကလေးများအားလုံးသည် နှလုံးချို့ယွင်းချက်များကို ပြုပြင်ရန်နှင့် သွေးစီးဆင်းမှု ကောင်းမွန်စေရန်အတွက် ခွဲစိတ်ကုသမှုပြုလုပ်ရန် လိုအပ်သည်။ ခွဲစိတ်မှုကို ယေဘုယျအားဖြင့် ကလေးဘဝတွင် ပြုလုပ်လေ့ရှိပြီး နှလုံးချို့ယွင်းချက်များကို ပြုပြင်နိုင်ရန် တစ်ကြိမ်ထက်ပို၍ ခွဲစိတ်ရန် လိုအပ်နိုင်သည်။ ခွဲစိတ်မှုပြုလုပ်မည့်အချိန်သည် ကလေး၏ကျန်းမာရေးအခြေအနေနှင့် နှလုံးပြဿနာများပေါ် မူတည်သည်။ အချို့သောကလေးများတွင် ခွဲစိတ်ရန်စောင့်ဆိုင်းနေစဥ်အတွင်း နှလုံးမှအဆုတ်သို့ သွေးစီးဆင်းမှုကောင်းမွန်စေရန် beta-blockers ကဲ့သို့သော နှလုံးဆေးများကို ပေးထားနိုင်သည်။
ခွဲစိတ်ပြုပြင်ခြင်း
TOF ကိုကုသရာတွင် အဓိကခွဲစိတ်မှု (၂) မျိုးရှိသည်။
- ယာယီပြွန်ထည့်၍ ကုသခြင်း (Shunt Operation)
- အချို့သောကလေးငယ်များတွင် အဆုတ်ဆီသို့ သွေးစီးဆင်းမှုလုံလောက်စွာရှိစေရန်အတွက် ပြွန်ထည့်၍ကုသခြင်းကို ဦးစွာပြုလုပ်ရသည်
- နှလုံးဖွင့်၍ ခွဲစိတ်ခြင်းပြုလုပ်ရန် မသင့်တော်သေးမီ ကြားကာလများတွင် ယာယီပြုလုပ်ပေးနိုင်သည်
- ယေဘုယျအားဖြင့် ပင်မသွေးလွှတ်ကြောမကြီး (Aorta) နှင့် အဆုတ်သွေးလွှတ်ကြော (Pulmonary artery) ကြားတွင် သေးငယ်သော သတ္တုပြွန်တစ်ခုကို ထည့်သွင်းပေးခြင်းဖြစ်သည်၊ ထိုသို့ပြုလုပ်ပေးခြင်းအားဖြင့် အဆုတ်သို့သွေးသွားသည့် လမ်းကြောင်းအသစ်တစ်ခု ရရှိမည်ဖြစ်သည်
- ထိုပြွန်ကို နှလုံးဖွင့်၍ ခွဲစိတ်မှုပြုလုပ်သည့်အချိန်တွင် ပြန်လည်ဖယ်ရှားပေးမည်
- ယေဘုယျအားဖြင့် ကလေးအသက် ၄လ မှ ၆လအတွင်း ပြုလုပ်လေ့ရှိသည်
- နှလုံးဖွင့်၍ ခွဲစိတ်ပြုပြင်ခြင်း (Complete Repair)
TOF ကို လုံးဝသက်သာစေရန် နှလုံးဖွင့်၍ ခွဲစိတ်ပြုပြင်ခြင်း (Open-heart surgery) ဖြင့် ကုသရမည်ဖြစ်သည်။ ၎င်းခွဲစိတ်မှုကို အများအားဖြင့် ကလေးဘဝ အစောပိုင်းကာလ (အသက် တစ်နှစ်ဝန်းကျင်) တွင် ပြုလုပ်လေ့ရှိပြီး အောက်ပါအဆင့်များ ပါရှိသည်။- နှလုံးသွေးလွှတ်ခန်းကြားရှိ အပေါက်ကိုပိတ်ခြင်း
- နှလုံးသွေးလွှတ်ခန်းကြားရှိ အပေါက်ကို တိရစ္ဆာန် သို့မဟုတ် လူမှရသော နှလုံးအမြှေးပါးကို ပြုပြင်ထုတ်လုပ်ထားသည့် စကာ သို့မဟုတ် ဓာတ်ခွဲခန်းတွင် တီထွင်ထုတ်လုပ်ထားသော စကာထည့်၍ အပေါက်ပိတ်သည်
- ကျဥ်းမြောင်းနေသော အဆုတ်သွေးကြောကို ချဲ့ခြင်း
- ပိတ်နေသောတစ်ရှူးများကို ဖယ်ရှားပေးခြင်း သို့မဟုတ် သွေးစီးဆင်းရာလမ်းကြောင်းကို ချဲ့ထွင်ပေးခြင်းအားဖြင့် ညာဘက်သွေးလွှတ်ခန်းမှ အဆုတ်သို့ သွေးစီးဆင်းမှုကို ကောင်းမွန်စေရန် ပြုလုပ်သည်
- ညာဘက်နှလုံးအောက်ခန်းမှ သွေးထွက်လမ်းကြောင်းကို ပြန်လည်တည်ဆောက်ခြင်း (Reconstruction of the Right Ventricular Outflow Tract)
- အဆုတ်သွေးလွှတ်ကြော အဆို့ရှင်၏ အောက်ဘက်မှ ထူထဲနေသော ညာဘက်နှလုံးအောက်ခန်း ကြွက်သားအစိတ်အပိုင်းအချို့ကို ဖယ်ရှားခြင်းတို့ ပါဝင်သည်
- နှလုံးသွေးလွှတ်ခန်းကြားရှိ အပေါက်ကိုပိတ်ခြင်း
ဤခွဲစိတ်မှုများ ပြုလုပ်ပြီးပါက သွေးထဲတွင် အောက်ဆီဂျင် ပိုမိုရရှိလာပြီး ကလေး၏ ကျန်းမာရေးအခြေအနေ သိသိသာသာ ကောင်းမွန်လာနိုင်သည့်အပြင် နှလုံးညာဘက်အခြမ်းတွင်လည်း ဝန်ပိခြင်း သက်သာလာပြီး၊ ညာဘက်အခန်းများ၏ ကြွက်သားအရွယ်အစားများလည်း ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်သည်။
ခွဲစိတ်ပြီးနောက် ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲပြဿနာများ
- နှလုံးလျှပ်စစ်လှိုင်းဆိုင်ရာ ချို့ယွင်းမှုများ (Electrical disturbances)
- နှလုံးသွေးလွှတ်ခန်းများကြားရှိ အပေါက်ကို စကာ (patch) ဖြင့် ပိတ်လိုက်ခြင်းဖြင့် သွေးဝင်ခန်းမှ လျှပ်စစ်အချက်ပြမှုများ သွေးလွှတ်ခန်းသို့ ရောက်ရှိခြင်းကို ပိတ်ဆို့သွားစေသည်
- ထို့ကြောင့် ခွဲစိတ်ပြုပြင်ပြီးသူများတွင် နှလုံးခုန်နှုန်းမမှန်ခြင်း (Arrhythmias) ဖြစ်ပွါးနိုင်ခြေရှိသည်
- ထိုပြဿနာကို ဖြေရှင်းရန် နှလုံးခုန်နှုန်းထိန်းစက်ထည့်ခြင်း (Pacemaker) ပြုလုပ်နိုင်သည်
- သို့ဖြစ်၍ ခွဲစိတ်ပြီးနောက် လူနာတွင် ခေတ္တခဏ သတိလစ်ခြင်း (Syncopal episode) ဖြစ်ပွါးလာပါက စစ်ဆေးမှု အမြန်ခံယူသင့်သည်
- နှလုံးသွေးလွှတ်ခန်း အကန့်တွင် အပေါက်ကျန်ရှိနေခြင်း (Residual ventricular septal defect)
- တစ်ခါတစ်ရံတွင် နှလုံးသွေးလွှတ်ခန်းကြားမှ အပေါက်သည် လုံးဝအလုံပိတ်မသွားဘဲ အပေါက်ကို ဖာထေးထားသည့် အကာပြားဘေးပတ်လည်မှ သွေးယိုစိမ့်မှုများ ဖြစ်နိုင်သည်
- သွေးကြောနံရံများ ဖောင်းခြင်း (Aneurysm)
- နှလုံးသွေးလွှတ်ခန်းကိုပြုပြင်ရန် အသုံးပြုထားသော စကာပြားများကြောင့် နှလုံးသွေးလွှတ်ခန်း၏ အားနည်းသော အစိတ်အပိုင်းများသည် ဖောင်းကြွလာပြီး သွေးကြောဖောင်းခြင်း ဖြစ်လာနိုင်သည်
- ထို့အပြင် နှလုံးမှထွက်သော ပင်မသွေးလွှတ်ကြောကြီး (Ascending aorta) တွင်လည်း သွေးကြောဖောင်းခြင်း ဖြစ်နိုင်ခြေများသည်
- သွေးကြောများအကြား ထည့်ထားသော ပြွန်ကြောင့် ဖြစ်နိုင်သည့် ပြဿနာများ (Shunt issues)
- သွေးကြောများအကြား ယာယီပြွန်ထည့်၍ ကုသခြင်း (Shunt Operation) ကြောင့် သွေးကြောကျဉ်းခြင်း (Stenosis)၊ အဆုတ်သွေးလွှတ်ကြောတွင် သွေးတိုးခြင်း သို့မဟုတ် နှလုံးဘယ်ဘက်ခြမ်းတွင် သွေးပမာဏဝန်ပိခြင်း စသည့်ပြဿနာများ ဖြစ်ပွါးနိုင်သည်
- နှလုံးအဆို့ရှင်များ မလုံဘဲ ယိုစိမ့်ခြင်း (Leaky valves)
- ခွဲစိတ်မှု၏ နောက်ဆက်တွဲပြဿနာအနေဖြင့် အဆုတ်သွေးလွှတ်ကြော အဆို့ရှင် (Pulmonary valve)၊ ပင်မသွေးလွှတ်ကြော အဆို့ရှင် (Aortic valve) သို့မဟုတ် နှလုံးညာဘက်အခန်းနှစ်ခုကြားရှိ Tricuspid valve များမှ သွေးပြန်ယိုစိမ့်နိုင်သည်
- ထို့ကြောင့် တစ်ခါတစ်ရံ အဆုတ်သွေးလွှတ်ကြောအဆို့ရှင်ကို ပြန်လည်လဲလှယ်ပေးရန် လိုအပ်နိုင်သည်
ကာကွယ်ခြင်း
မွေးရာပါနှလုံးရောဂါ ဖြစ်ပွါးစေသည့် အဓိကအကြောင်းရင်းများကို သေချာစွာ မသိရှိသေးသောကြောင့် ကာကွယ်နိုင်သည့် နည်းလမ်းအတိအကျ မရှိပါ။ သို့သော် အောက်ပါအချက်များကို လိုက်နာခြင်းဖြင့် နောက်ဆက်တွဲပြဿနာများကို လျော့နည်းစေနိုင်သည်။
- ကိုယ်ဝန်ရှိသည်ဟု သိရှိရသည့်အချိန်မှစ၍ ဆရာဝန် သို့မဟုတ် သားဖွားဆရာမများထံ၌ ကိုယ်ဝန်အပ်နှံ၍ ပုံမှန်စစ်ဆေးမှု ခံယူခြင်း
- သင့်တော်သော ကိုယ်ဝန်ဆောင်အားဆေးများနှင့် ဖောလစ်အက်ဆစ် နေ့စဉ်ပုံမှန်သောက်သုံးခြင်း (ထိုသို့သောက်သုံးခြင်းသည် ကလေးငယ်၏ ဦးနှောက်နှင့် အာရုံကြောမကြီးဆိုင်ရာ ပြဿနာများကို လျော့နည်းစေရုံသာမက နှလုံးရောဂါဖြစ်ပွါးနိုင်ခြေကိုလည်း လျှော့ချပေးနိုင်ကြောင်း တွေ့ရှိရသည်)
- အရက်၊ မူးယစ်ဆေးများနှင့် ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်ခြင်း (ဆေးလိပ်ရှောင်ကြဉ်ရာတွင် အိမ်ရှိ အတူနေမိသားစုဝင်များပါ ရှောင်ကြဉ်ရန် လိုအပ်သည်)
- မိခင်လောင်းတွင် ဂျိုက်သိုးရောဂါဖြစ်ပွါးခဲ့ဖူးခြင်း သို့မဟုတ် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး ထိုးနှံခဲ့ဖူးခြင်းမရှိပါက ကိုယ်ဝန်မဆောင်မီ တစ်လအလို၌ ကာကွယ်ဆေးထိုးနှံခြင်း (ငယ်စဉ်မှစ၍ ကာကွယ်ဆေးများအားလုံး ထိုးနှံသင့်သည်)
- ဆီးချိုရောဂါအခံရှိပါက ကိုယ်ဝန်ဆောင်ကာလ မတိုင်မီကပင် သေချာစွာ ကုသမှုခံယူခြင်း
- လုပ်ငန်းခွင် သို့မဟုတ် ပတ်ဝန်းကျင်မှ ကိုယ်ဝန်ကို ထိခိုက်စေသော ပစ္စည်းများ (ဓာတ်ရောင်ခြည်များ၊ အချို့ဓာတုဗေဒပစ္စည်းများ၊ အိမ်သုတ်ဆေးများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေးများ) နှင့် ထိတွေ့မှု မရှိအောင် ရှောင်ကြဉ်ခြင်း
- ဆရာဝန်ညွှန်ကြားချက်မရှိပဲ ဆေးဝါးများသောက်သုံးခြင်းမှ ရှောင်ကြဉ်ခြင်း
- မိသားစုဝင်ထဲတွင် မွေးရာပါ နှလုံးရောဂါရာဇဝင် ရှိဖူးပါက ကိုယ်ဝန်မယူမီ ကြိုတင်၍ မျိုးဗီဇဆိုင်ရာ အကြံပေးပညာရှင် (Genetic counselor) နှင့် မွေးရာပါ နှလုံးချို့ယွင်းချက်များအကြောင်း တိုင်ပင်ဆွေနွေးခြင်းတို့ဖြစ်သည်။
References:
- British Heart Foundation. (n.d.). Tetralogy of Fallot. Retrieved May 20, 2026, from https://www.bhf.org.uk/informationsupport/conditions/tetralogy-of-fallot
- Children’s Hospital of Philadelphia. (n.d.). Tetralogy of Fallot. Retrieved May 20, 2026, from https://www.chop.edu/conditions-diseases/tetralogy-fallot
- Centers for Disease Control and Prevention. (n.d.). Tetralogy of Fallot. Retrieved May 20, 2026, from https://www.cdc.gov/heart-defects/about/tetralogy-of-fallot.html
- Cleveland Clinic. (n.d.). Tetralogy of Fallot. Retrieved May 20, 2026, from https://my.clevelandclinic.org/health/diseases/22343-tetralogy-of-fallot
- Mayo Clinic. (n.d.). Tetralogy of Fallot: Diagnosis and treatment. Retrieved May 20, 2026, from https://www.mayoclinic.org/diseases-conditions/tetralogy-of-fallot/diagnosis-treatment/drc-20353482
- DrOracle.ai. (n.d.). What is the embryological development of tetralogy of Fallot? Retrieved May 20, 2026, from https://www.droracle.ai/articles/321835/what-is-the-embryological-development-of-tetralogy-of-fallot
- American Heart Association. (n.d.). Tetralogy of Fallot. Retrieved May 20, 2026, from https://www.heart.org/en/health-topics/congenital-heart-defects/about-congenital-heart-defects/tetralogy-of-fallot
Published: 28 May 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.