ပိုးဆိပ်ပျံ့နှံ့ သွေးလန့်သောရောဂါစု (Toxic Shock Syndrome – TSS) ဆိုသည်မှာ ခန္ဓာကိုယ်အတွင်း အဆိပ်သင့်ခြင်းကြောင့် ဖြစ်ပေါ်သော ပိုးဆိပ်ပျံ့နှံ့ခြင်းတစ်မျိုးဖြစ်ပြီး၊ ဖြစ်ပွါးမှုရှားပါးသော်လည်း အလွန်ပြင်းထန်သော အခြေအနေတစ်ခုဖြစ်သည်။ အဆိုပါရောဂါစုသည် ဘက်တီးရီးယားများမှ ထုတ်လွှတ်လိုက်သော အဆိပ်အတောက်များ (Toxins) သွေးကြောထဲသို့ ရောက်ရှိခြင်းကြောင့် ဖြစ်ပွါးခြင်းဖြစ်သည်။
ပိုးဆိပ်ပျံ့နှံ့ သွေးလန့်သောရောဂါစု (TSS) သည် မည်သူ့တွင်မဆို ဖြစ်ပွါးနိုင်သည်။ အရေပြားပေါ်ရှိ ဒဏ်ရာများ၊ ခွဲစိတ်ထားသော နေရာများ၊ နှာခေါင်းသွေးယိုခြင်းကြောင့် သွေးတိတ်စေရန် ဂွမ်းထည့်ထားသော နေရာများနှင့် ထိခိုက်ဒဏ်ရာ ရထားသော အရေပြားနေရာများမှတစ်ဆင့်လည်း TSS ဖြစ်ပွါးနိုင်သည်။ ၎င်း TSS ဖြစ်ပွါးမှုသည် ရာသီလာစဥ် ဂွမ်းတောင့် (Tampons) အသုံးပြုခြင်းနှင့် အဓိကဆက်စပ်မှုရှိကြောင်း တွေ့ရသည်။
ဘက်တီးရီးယားများသည် ပူနွေးစိုစွတ်သော ပတ်ဝန်းကျင် (ဥပမာ – မိန်းမကိုယ်အတွင်းပိုင်း) နေရာမျိုးတွင် ပွါးများနိုင်သကဲ့သို့ စုတ်ပြဲနေသော အရေပြားနေရာများမှတစ်ဆင့်လည်း ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်နိုင်သည်။ ထိုဘက်တီးရီးယားများမှ ထုတ်လွှတ်လိုက်သော အဆိပ်အတောက်များသည် နောက်ဆုံးတွင် သွေးထဲသို့ ရောက်ရှိသွားကာ နှလုံး၊ အသည်း သို့မဟုတ် ကျောက်ကပ်ကဲ့သို့သော ကိုယ်တွင်းအင်္ဂါများကို ပျက်စီးစေနိုင်သည်။ ထို့ကြောင့် TSS ၏ လက္ခဏာများသည် ရုတ်တရက် ပေါ်ပေါက်လာတတ်ပြီး အခြေအနေမှာ လျင်မြန်စွာ ဆိုးရွားသွားတတ်သောကြောင့် လက္ခဏာများကို အချိန်မီ သိရှိပြီး မှန်ကန်စွာ ကုသမှုခံယူပါက ပြန်လည်ကောင်းမွန်နိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ပိုးဆိပ်ပျံ့နှံ့ သွေးလန့်သောရောဂါစု ဖြစ်ပေါ်ရသော အဓိကအကြောင်းရင်းများမှာ Staphylococcus aureus နှင့် Streptococcus pyogenes ဟုခေါ်သော ဘက်တီးရီးယားများကြောင့်ဖြစ်ပြီး၊ ပိုးတိုက်ရိုက်ဝင်ရောက်၍ ရောဂါဖြစ်စေခြင်းထက် ၎င်းတို့မှ ထုတ်သော အဆိပ်အတောက်များကြောင့် လက္ခဏာများ ဖြစ်ပွါးခြင်းဖြစ်သည်။ ထို့ပြင် Clostridium sordellii ဘက်တီးရီးယားကြောင့်လည်း ဖြစ်နိုင်ပြီး ဖြစ်ပွါးမှုမှာ ရှားပါးသည်။ ထိုဘက်တီးရီးယားများသည် ပုံမှန်အားဖြင့် အရေပြား၊ လည်ချောင်း သို့မဟုတ် ပါးစပ်တို့တွင် ရောဂါတစ်စုံတစ်ရာမဖြစ်စေဘဲ တည်ရှိနေကြသည်။ သို့သော် တစ်နေရာတည်းတွင် ဘက်တီးရီးယားများ အချိန်အတော်ကြာ ပိတ်မိနေသောအခါ ၎င်းတို့သည် လျင်မြန်စွာ ပွါးများလာပြီး အဆိပ်အတောက်များကို ထုတ်လွှတ်၍ သွေးကြောထဲသို့ ပျံ့နှံ့ရောက်ရှိသွားခြင်းကြောင့် ရောဂါလက္ခဏာများ ဖြစ်ပေါ်လာသည်။
အောက်ပါအချက်များသည် ရောဂါဖြစ်ပွါးနိုင်ခြေကို မြင့်တက်စေနိုင်သည်။
- ဂွမ်းတောင့် (Tampons) အသုံးပြုခြင်း
ရာသီလာစဥ် ဂွမ်းတောင့်အသုံးပြုခြင်းနှင့် ရာသီသွေး စုပ်ယူမှုကောင်းသော ဂွမ်းတောင့်များ သုံးစွဲခြင်းသည် ဘက်တီးရီးယားများ ပွါးများရန် ပတ်ဝန်းကျင် အခြေအနေတစ်ခုကို ဖန်တီးပေးသည်။ အထူးသဖြင့် အဆိုပါဂွမ်းထောင့်များကို ခန္ဓာကိုယ်အတွင်း အချိန်ကြာမြင့်စွာ ထားရှိပါက ဘက်တီးရီးယားများမှ အဆိပ်အတောက်များကို ထုတ်လွှတ်ပြီး သွေးကြောထဲသို့ ရောက်ရှိသွားစေနိုင်သည်။ - မိန်းမကိုယ်အတွင်း ပစ္စည်းများ ထည့်ထားခြင်း
ဂွမ်းတောင့်ကို အချိန်ကြာမြင့်စွာ ထားရှိခြင်းတစ်ခုတည်းကြောင့် TSS ဖြစ်ပွါးခြင်း မဟုတ်ပါ။ မိန်းမကိုယ်အတွင်း ပစ္စည်းများ အချိန်ကြာမြင့်စွာ ထည့်ထားခြင်းသည် ရောဂါဖြစ်ပွါးနိုင်ခြေကို မြင့်တက်စေသည်။ [ဥပမာ – သားအိမ်ခေါင်းအဖုံးများ (Cervical caps) ၊ သားအိမ်အကာပစ္စည်းများ (Diaphragms) သို့မဟုတ် ရာသီသွေးခံခွက် (Menstrual cups) များ အချိန်ကြာမြင့်စွာ ထားရှိခြင်း] - အရေပြားဒဏ်ရာများ
ခန္ဓာကိုယ်ပေါ်ရှိ ပွင့်ထွက်နေသော ဒဏ်ရာများ၊ ပြတ်ရှဒဏ်ရာများ သို့မဟုတ် အနာများ၊ မီးလောင်ဒဏ်ရာများ၊ ပိုးမွှားကိုက်ခြင်းကြောင့် ဖြစ်သောအနာများအတွင်းသို့ ဘက်တီးရီးယားများ ဝင်ရောက်သွားသောအခါတွင်လည်း TSS ဖြစ်ပွါးနိုင်သည်။ ထို့ပြင် TSS သည် အရေပြားပိုးဝင်ခြင်း၊ ခွဲစိတ်မှု ပြုလုပ်ခြင်း၊ နှာခေါင်းသွေးယိုခြင်းကို တားဆီးရန် ဂွမ်းများ (Gauze) ထည့်သွင်းခြင်းနှင့် ကလေးမွေးဖွားခြင်းတို့ကြောင့်လည်း ဖြစ်နိုင်သည်။
ရောဂါလက္ခဏာများ
ပိုးဆိပ်ပျံ့နှံ့ သွေးလန့်သောရောဂါစု၏ ရောဂါလက္ခဏာများသည် ထုတ်လွှတ်လိုက်သော အဆိပ်အတောက်များ သွေးကြောထဲသို့ ရောက်ရှိပြီး ရက်ပိုင်းအတွင်း စတင်ဖြစ်ပွါးနိုင်သည်။ ၎င်းတို့မှာ_
- ရုတ်တရက် အဖျားကြီးခြင်း၊ ချမ်းတုန်ခြင်း၊ ကိုယ်လက် နာကျင်ကိုက်ခဲခြင်းနှင့် တုပ်ကွေးဖြစ်ကဲ့သို့သော လက္ခဏာများ ခံစားရခြင်း
- ပျို့အန်ခြင်း
- ဝမ်းလျှောခြင်း
- နေလောင်ဒဏ်ရာနှင့်တူသော အနီကွက်များ သို့မဟုတ် အနီစက်များ အရေပြားပေါ်တွင် ထွက်လာခြင်း
- မူးဝေခြင်း သို့မဟုတ် ခေါင်းကိုက်ခြင်း
- တက်ခြင်း
- သတိလစ်ခြင်း
- သွေးပေါင်ချိန် ကျဆင်းခြင်း
- မျက်လုံး၊ ပါးစပ်နှင့် လည်ချောင်းတို့ နီမြန်းခြင်း
- ခြေဖဝါး သို့မဟုတ် လက်ဖဝါးရှိ အရေပြားများ ကွာကျခြင်း စသည်တို့ ပါဝင်သည်။
နောက်ဆက်တွဲပြဿနာများ
ပိုးဆိပ်ပျံ့နှံ့ သွေးလန့်သောရောဂါစုသည် အလွန်ပြင်းထန်ပြီး အသက်အန္တရာယ်ရှိသော ရောဂါတစ်ခုဖြစ်ပြီး ရောဂါလက္ခဏာများ လျင်မြန်စွာ ဆိုးရွားလာနိုင်သည့်အတွက် အရေးပေါ်ကုသမှု ခံယူရန် အလွန်လိုအပ်သည်။ ထို့ကြောင့် အချိန်မီ ကုသမှုမခံယူဘဲ ထားပါက အောက်ဖော်ပြပါဆိုးကျိုးများ ဖြစ်ပွါးနိုင်သည်။
- ရှော့ခ်ဖြစ်ခြင်း
- ကျောက်ကပ်လုပ်ငန်း ပျက်စီးခြင်း (Kidney failure)
- ကိုယ်တွင်းအင်္ဂါများ ပျက်စီးခြင်း (Organ failure)
- ခြေလက်အင်္ဂါများကို ဖြတ်ထုတ်ရခြင်း (Amputation of limbs)
- အသက်သေဆုံးခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်တွင်ဖော်ပြထားသော ပိုးဆိပ်ပျံ့နှံ့ သွေးလန့်သောရောဂါစု၏ ရောဂါလက္ခဏာများကို သတိထားမိပါက အရေးပေါ်အခြေအနေဖြစ်သဖြင့် ဆေးရုံ အရေးပေါ်ဆေးကုဌာနသို့ အမြန်ဆုံးသွားရောက်၍ ကုသမှုခံယူရန် လိုအပ်သည်။ ထို့ပြင် ဂွမ်းတောင့် သို့မဟုတ် မိန်းမကိုယ်တွင်းပစ္စည်းများ အသုံးပြုနေစဉ်အတွင်း ရုတ်တရက် အဖျားကြီးခြင်း၊ ခေါင်းမူးခြင်း သို့မဟုတ် နေလောင်သကဲ့သို့ အနီကွက်များ ထွက်လာခြင်းတို့ ခံစားရပါက ၎င်းတို့ကို ချက်ချင်းဖယ်ရှားပြီး အရေးပေါ်ဆေးကုသမှုကို အမြန်ဆုံးခံယူရန် လိုအပ်သည်။
ရောဂါရှာဖွေခြင်း
သက်ဆိုင်ရာဆရာဝန်များမှ ရောဂါရာဇဝင်မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်ခြင်းအပြင် ဘက်တီးရီးယားပိုး ရှိမရှိ စစ်ဆေးရန် စစ်ဆေးမှုအမျိုးမျိုးကို ပေါင်းစပ်လုပ်ဆောင်နိုင်၍ ရောဂါရှာဖွေနိုင်သည်။
- သွေး သို့မဟုတ် ဆီး စစ်ဆေးခြင်း
- မိန်းမကိုယ်၊ သားအိမ်ခေါင်း သို့မဟုတ် လည်ချောင်းတို့မှ တို့ဖတ် (Swabs) ယူ၍ စစ်ဆေးခြင်း
- ဒဏ်ရာ သို့မဟုတ် ပိုးဝင်နေသော နေရာမှ တစ်ရှူးနမူနာများယူ၍ စစ်ဆေးခြင်း
ပြင်းထန်ဆိုးရွားသော ရောဂါလက္ခဏာများ တွေ့ရှိပါက အခြားသော ကိုယ်တွင်းအင်္ဂါများ၏ ကျန်းမာရေးအခြေအနေကို သိရှိနိုင်ရန် အောက်ပါစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်ရန် လိုအပ်သည်။
- ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်း
- ရင်ဘတ် ဓာတ်မှန် (Chest X-ray) ရိုက်ခြင်း
- ခါးဆစ်ကြားမှ အရည်ထုတ်စစ်ဆေးခြင်း (Lumbar puncture)
ကုသခြင်း
ပိုးဆိပ်ပျံ့နှံ့ သွေးလန့်သောရောဂါစု (TSS) သည် အလွန်ပြင်းထန်ပြီး အသက်အန္တရာယ်စိုးရိမ်ရသည့် အရေးပေါ်အခြေအနေ ဖြစ်သောကြောင့် ဆေးရုံတင်၍ စနစ်တကျ ကုသမှုခံယူရန် လိုအပ်သည်။ ကုသရာတွင် အောက်ပါ ကုသမှုနည်းလမ်းများကို အသုံးပြုနိုင်သည်။
- ရောဂါဖြစ်စေသည့် အရင်းအမြစ်ကို ဖယ်ရှားခြင်း
ရောဂါဖြစ်ပွါးရခြင်း အကြောင်းအရင်းမှာ မိန်းမကိုယ်အတွင်း ထည့်သွင်းထားသော ပစ္စည်းများကြောင့် ဖြစ်ပါက အဆိုပါပစ္စည်းများကို ပထမဦးဆုံး အမြန်ဆုံး ဖယ်ရှားပစ်ရန် လိုအပ်သည်။ - ပဋိဇီဝပိုးသတ်ဆေးဖြင့် ကုသခြင်း
ရောဂါဖြစ်စေသည့် ဘက်တီးရီးယားပိုးများကို တိုက်ဖျက်ရန်အတွက် ပဋိဇီဝပိုးသတ်ဆေးများကို သွေးကြောထဲသို့ တိုက်ရိုက်ထိုးနှံ၍ ကုသရမည်။ - အခြားသောကုသမှုများ
- အောက်ဆီဂျင်ပေးခြင်း – အသက်ရှူရလွယ်ကူစေရန်နှင့် သွေးထဲတွင် အောက်ဆီဂျင် လုံလောက်မှု ရရှိစေရန်
- ဓာတ်ဆားရည်သွင်းခြင်း – ရေဓာတ်ခန်းခြောက်ခြင်းကို ကာကွယ်ရန်နှင့် ကိုယ်တွင်းအင်္ဂါများ ပျက်စီးမှုကို တားဆီးရန် သွေးကြောထဲသို့ ဓာတ်ဆားရည်သွင်း၍ ကုသပေးခြင်း
- သွေးပေါင်ချိန် ထိန်းညှိခြင်း – သွေးပေါင်ချိန် အလွန်အမင်း ကျဆင်းနေပါက ပုံမှန်ပြန်ဖြစ်လာစေရန် ဆေးဝါးများဖြင့် ကုသခြင်း
- ကျောက်ကပ်ဆေးခြင်း (Dialysis) – ရောဂါပြင်းထန်၍ ကျောက်ကပ်လုပ်ငန်းပျက်စီးသွားပါက ကျောက်ကပ်ဆေးခြင်းစသည်တို့ လိုအပ်နိုင်သည်။
- ခွဲစိတ်ကုသခြင်း
ပိုးဝင်နေသော နေရာတွင် တစ်ရှူးဆဲလ်အသေများ ရှိနေပါက ၎င်းတို့ကို ဖယ်ရှားရန် သို့မဟုတ် ပြည်တည်နေသည်များကို ဖောက်ထုတ် သန့်စင်ရန်အတွက် လိုအပ်ပါက ခွဲစိတ်ကုသမှု ပြုလုပ်ရနိုင်သည်။
ကာကွယ်ခြင်း
ပိုးဆိပ်ပျံ့နှံ့ သွေးလန့်သောရောဂါစု (TSS) သည် အသက်အန္တရာယ်ရှိနိုင်သော်လည်း မှန်ကန်သန့်ရှင်းစွာ နေထိုင်ခြင်းဖြင့် ကာကွယ်နိုင်သည်။ ထို့ကြောင့် ရောဂါဖြစ်ပွားမှု လျော့နည်းစေရန် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ရန် လိုအပ်သည်။
- TSS ဖြစ်ဖူးသူဖြစ်ပါက ရောဂါပြန်လည်ဖြစ်ပွါးနိုင်ခြေ မြင့်မားသောကြောင့် ဂွမ်းတောင့် (Tampons) အသုံးပြုခြင်းကို လုံးဝရှောင်ကြဉ်ရန်လိုသည်
- ခန္ဓာကိုယ်တွင် ပြတ်ရှဒဏ်ရာ၊ မီးလောင်နာ သို့မဟုတ် အနာများရှိပါက ပိုးမဝင်စေရန်အတွက် ချက်ချင်းဆေးကြောသန့်စင်ပြီး စနစ်တကျ ပြုစုကုသရန် လိုအပ်သည်
- မိန်းမကိုယ်အတွင်း ထည့်သွင်းရသော ပစ္စည်းများဖြစ်သည့် သားအိမ်အကာများ၊ ဂွမ်းတောင့်များနှင့် ရာသီသွေးခံခွက်များကို အချိန်ကြာမြင့်စွာ ထည့်ထားခြင်းမှ ရှောင်ကြဉ်ပါ
- ဂွမ်းတောင့်ကို မထည့်သွင်းမီနှင့် ပြန်မထုတ်မီ လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောရမည့်အပြင် အရေပြားကို ဒဏ်ရာမရစေရန် လက်သည်းများကိုလည်း အမြဲညှပ်ထားရန် လိုသည်
- ဂွမ်းတောင့်အသုံးပြုပါက အနည်းဆုံး (၄)နာရီ မှ (၆)နာရီခြား တစ်ကြိမ် မပျက်မကွက် လဲလှယ်ပေးရမည်ဖြစ်ပြီး လိုအပ်ပါက ထိုထက်စော၍လည်း လဲလှယ်နိုင်သည်
- ရာသီသွေးအဆင်းများသည့်အချိန်မှလွဲ၍ စုပ်ယူမှုအား အလွန်ကောင်းသော (Super-absorbent) အမျိုးအစားများကို မသုံးဘဲ မိမိနှင့်သင့်တော်မည့် အရွယ်အစား၊ အမျိုးအစားများကိုသာ ရွေးချယ်အသုံးပြုရန် လိုအပ်သည်
- ဂွမ်းတောင့်တစ်မျိုးတည်းကိုပဲ အမြဲတစေ အသုံးမပြုဘဲ အမျိုးသမီးသုံး ဂွမ်းထုပ် (Pad) နှင့် ဂွမ်းတောင့်ကို တစ်လှည့်စီ အသုံးပြုခြင်းသည် ပိုမိုဘေးကင်းနိုင်သည်
- ရာသီသွေးဆင်းခြင်းကို စုပ်ယူရန်အတွက်သာ ဂွမ်းတောင့်ကို အသုံးပြုရမည်ဖြစ်ပြီး အခြားအရည်အမျိုးအစားများကို စုပ်ယူရန်အတွက် အသုံးမပြုသင့်ပါ
References:
- Boston Children’s Hospital. (n.d.). Toxic shock syndrome. Retrieved May 14, 2026, from https://www.childrenshospital.org/conditions-treatments/toxic-shock-syndrome
- Centers for Disease Control and Prevention. (n.d.). Streptococcal toxic shock syndrome. Retrieved May 14, 2026, from https://www.cdc.gov/group-a-strep/about/streptococcal-toxic-shock-syndrome.html
- Cleveland Clinic. (n.d.). Toxic shock syndrome. Retrieved May 14, 2026, from https://my.clevelandclinic.org/health/diseases/15437-toxic-shock-syndrome
- Johns Hopkins Medicine. (n.d.). Toxic shock syndrome (TSS). Retrieved May 14, 2026, from https://www.hopkinsmedicine.org/health/conditions-and-diseases/toxic-shock-syndrome-tss
- Mayo Clinic. (n.d.). Toxic shock syndrome: Symptoms and causes. Retrieved May 14, 2026, from https://www.mayoclinic.org/diseases-conditions/toxic-shock-syndrome/symptoms-causes/syc-20355384
Published: 28 May 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.