Halitosis (Bad breath) (ခံတွင်းနံ့ဆိုးခြင်း)

Halitosis (Bad breath) (ခံတွင်းနံ့ဆိုးခြင်း)

လူတိုင်းသည် တစ်ခါတစ်ရံ ခံတွင်းအနံ့ဆိုးသော အခြေအနေမျိုးနှင့် ကြုံတွေ့ရနိုင်သည်။ ဆေးပညာအရ ခံတွင်းနံ့ဆိုးသော အခြေအနေကို Halitosis ဟုခေါ်ကြပြီး ခံတွင်းကျန်းမာရေး ပြဿနာတစ်ခုခု၏ လက္ခဏာများကို ညွှန်ပြခြင်းဖြစ်သည်။ ထိုသို့ခံတွင်းနံ့ဆိုးခြင်းသည် ရှက်စရာကောင်းသော အခြေအနေတစ်ခုဖြစ်စေပြီး စိတ်ပူပန်မှုကိုပါ ဖြစ်စေသည်။ ခံတွင်းနံ့ဆိုးခြင်းသည် ကာလရှည်ကြာစွာ ဖြစ်နေပါက သွားနှင့်ခံတွင်းဆိုင်ရာ ပြဿနာ သို့မဟုတ် ခန္ဓာကိုယ်တစ်နေရာတွင် ပြဿနာဖြစ်ကြောင်း ဖော်ပြသောလက္ခဏာ ဖြစ်သောကြောင့် သွားဘက်ဆိုင်ရာဆရာဝန်များနှင့် ပြသ၍ ဖြစ်စေသောအကြောင်းရင်းကို ရှာဖွေရန်လိုသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

လူတို့၏ ခံတွင်းထဲတွင် ဘက်တီးရီးယား ပေါက်ဖွားနိုင်သော နေရာများစွာ ရှိသောကြောင့် ခံတွင်းနံ့ဆိုးခြင်းကို ဖြစ်စေသော အကြောင်းရင်းများစွာရှိသည်။ ခံတွင်းနံ့ဆိုးခြင်းသည် အောက်ပါအချက်များကြောင့် ဖြစ်စေနိုင်သည်။

  1. ခံတွင်းနံ့ဆိုးစေသော အစားအသောက်များ
    အနံ့ပြင်းသော အစားအစာများဖြစ်သည့် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဒိန်ခဲနှင့် အချို့သော ဟင်းခတ်အမွှေးအကြိုင်များပါသည့် အစားအစာများ စားသုံးခြင်းသည် ခံတွင်းအနံ့ကို ထိခိုက်စေနိုင်သည်။ အဆိုပါ အစားအစာများကို ချေဖျက်ခြင်းမှ ထွက်လာသော ဒြပ်ပေါင်းများသည် သွေးကြောထဲသို့ ဝင်ရောက်ပြီး အဆုတ်မှတစ်ဆင့် အသက်ရှူထုတ်လိုက်သောကြောင့် ခံတွင်းအနံ့ဆိုး ထွက်စေသည်။
  2. ခံတွင်းသန့်ရှင်းမှုအားနည်းခြင်း
    နေ့စဉ် ပုံမှန်သွားတိုက်ခြင်း၊ သွားပွတ်ကြိုးသုံးခြင်း စသည်တို့ကို မပြုလုပ်ပါက အစာအကြွင်းအကျန်၊ အမှုန်အမွှားများနှင့် သွားချိုးများသည် သွားကြားနှင့် ပါးစပ်ထဲတွင် ကျန်ရှိနေတတ်သည်။ ထို့ကြောင့် ဘက်တီးရီးယား ပေါက်ပွါးမှုကို အားပေးပြီး အနံ့ဆိုးများ ဖြစ်ပေါ်စေသည်။ သွားပြည်တည်နာဖြစ်ခြင်း၊ သွားပိုးစားခြင်းနှင့် သွားနှုတ်ပြီးနောက် အံကပ်ခြောက်ခြင်းဖြစ်ပါကလည်း ပိုးဝင်၍ ပြည်များဖြစ်ပေါ်ပြီး ပြင်းထန်သော အနံ့ဆိုးများကို ဖြစ်နိုင်သည်။ သွားချိုးများနှင့် သွားကျောက်များစုပုံခြင်းမှ ကာကွယ်ရန် ပုံမှန်သွားသန့်ရှင်းရေး ပြုလုပ်ခြင်းသည် မရှိမဖြစ် လိုအပ်သည့်အပြင် သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်များနှင့် ပုံမှန်စစ်ဆေးမှု ပြုလုပ်ရန်လည်း လိုအပ်သည်။
  3. အံကပ်နှင့် သွားတုများ သန့်ရှင်းရေး အားနည်းခြင်း
    စနစ်တကျ သန့်ရှင်းရေး မလုပ်သော သွားတုများနှင့် အံကပ်များသည် ဘက်တီးရီးယား၊ မှိုနှင့် စားကြွင်းစားကျန်နှင့် အစာအမှုန်အမွှားများ စုပုံလာပြီး ခံတွင်းနံ့ဆိုးခြင်းကို ဖြစ်စေသည်။
  4. လျှာပေါ် ရှိ ဘက်တီးရီးယားများ
    လျှာအနောက်တွင်ရှိသော ဘက်တီးရီးယားအချို့သည် အစားအစာများထဲမှ အမိုင်နိုအက်ဆစ်များနှင့် ဓာတ်ပြုပြီး ဆာလဖာဒြပ်ပေါင်းများ ဖြစ်ပေါ်ပြီး အနံ့ဆိုးများ ထွက်စေသည်။
  5. သွားဖုံးရောဂါများ (Periodontal disease)
    အနံ့ဆိုးထွက်ခြင်းသည် သွားဖုံးရောဂါများ၏ အဓိကလက္ခဏာတစ်ခုဖြစ်ပြီး ပါးစပ်ထဲတွင် မနှစ်မြို့ဖွယ် အရသာများကိုပါ ခံစားရနိုင်သည်။ သွားဖုံးရောဂါများသည် သွားဘက်ဆိုင်ရာဆရာဝန်များနှင့် ချက်ချင်းပြသရန် လိုအပ်သောအခြေအနေများဖြစ်သည်။
  6. ခံတွင်းခြောက်ခြင်း (Xerostomia)
    ခံတွင်းနံ့ဆိုးခြင်းကို ဖြစ်စေသော အဓိကကြောင်းရင်းတစ်ခုထဲတွင် ခံတွင်းခြောက်ခြင်းလည်း အပါအဝင်ဖြစ်သည်။ ခံတွင်းထဲတွင် တံတွေးကို အလုံအလောက် မထုတ်လုပ်နိုင်သောအခါ ခံတွင်းသည် အလိုအလျောက် သန့်ရှင်းရေး မလုပ်နိုင်ဘဲ စားကြွင်းစားကျန်များကို ဖယ်ရှားရန် ခက်ခဲလာသည်။ ခံတွင်းခြောက်ခြင်းသည် အချို့သော ဆေးဝါးများကြောင့်လည်း ဖြစ်နိုင်သည်။ ဆေးဝါးများမှာ_
    • သွေးတိုးကျဆေးအချို့ (ဥပမာ – Beta-blockers နှင့် ဆီးဆေးများ)
    • စိတ်ကျရောဂါ ကုသဆေးအချို့ (ဥပမာ – Tricyclic antidepressants များ)
    • ဟစ်စ်တမင်းဆန့်ကျင်ဆေးများ (Antihistamines)
    • နှာခေါင်းပိတ်သက်သာစေသော ဆေးများ (Decongestants) စသည်တို့ ပါဝင်သည်။
  7. အာသီး၌ ကျောက်တည်ခြင်း (Tonsil Stones, Tonsilloliths)
    အစားအစာ၊ အချွဲနှင့် ဘက်တီးရီးယားများသည် အာသီးအတွင်း ပိတ်မိပြီး ကယ်လ်ဆီယမ်ဓာတ်များ စုပုံမာကျောလာသောအခါ အာသီးကျောက်များဖြစ်ပေါ် လာသည်။ အာသီးကျောက်၏ အဓိကလက္ခဏာမှာ ခံတွင်းနံ့ဆိုးထွက်ခြင်းဖြစ်သည်။
  8. ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲခြင်း
    ဆေးလိပ်သောက်ခြင်းသည် ခံတွင်းခြောက်ခြင်းကို ဖြစ်စေပြီး အနံ့ဆိုးထွက်စေသော ဓာတုပစ္စည်းများကို ထွက်စေနိုင်သည်။ ဆေးလိပ်နှင့် အလားတူဖြစ်သော စီးကရက်နှင့် ဆေးပြင်းလိပ်သောက်ခြင်း၊ ဆေးရွက်ကြီးသုံးစွဲခြင်းနှင့် ရှူဆေးစသည်တို့သည်လည်း သွားများကို အရောင်စွန်းစေပြီး ခံတွင်းနံ့ဆိုးခြင်းကို ဖြစ်စေသည်။ ထို့ကြောင့် ဆေးရွက်ကြီး သုံးစွဲသူများတွင် အောက်ပါ‌ရောဂါများ ဖြစ်နိုင်ခြေ မြင့်တက်စေနိုင်သည်။
    • သွားဖုံးရောဂါ
    • အရသာခံနိုင်စွမ်း ဆုံးရှုံးခြင်း
    • သွားဖုံးရောင်ရမ်းခြင်း
    • ခံတွင်းကင်ဆာ
  9. ကျန်းမာရေးအခြေအနေများ
    ခံတွင်းနံ့ဆိုးခြင်းသည် အောက်ပါအခြေအနေများ၏ လက္ခဏာတစ်ခု ဖြစ်နိုင်သောကြောင့် ရောဂါများကို ဆက်လက်ရှာဖွေ၍ ကုသရန် လိုအပ်သည်။
    • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ [ဥပမာ _ အဆုတ်ရောင်ရောဂါ (Pneumonia)]
    • နှာခေါင်း၊ လေပြွန် သို့မဟုတ် အဆုတ် ပိုးဝင်ခြင်း
    • နာတာရှည် လေပြွန်ရောင်ခြင်း
    • နှာခေါင်းနောက်သို့ နှာရည်ပြန်ကျခြင်း (Postnasal drip)
    • နာတာရှည်ထိပ်ကပ်နာ (Sinusitis)
    • ဆီးချိုရောဂါ
    • စားချဥ်ပြန်ရောဂါ
    • အသည်းရောဂါ
    • ကျောက်ကပ်ရောဂါ
ရောဂါလက္ခဏာများ

ခံတွင်းမှ အနံ့ဆိုးများ အမြဲတစေထွက်နေခြင်းသည် ခံတွင်းနံ့ဆိုးခြင်းတွင် တွေ့ရသောအဖြစ်များသည့် လက္ခဏာတစ်ခု ဖြစ်သည်။ ထို့ပြင် လျှာ၏အနောက်ဘက်တွင် အဖြူရောင်အဖတ်များ ကပ်နေခြင်း၊ ခံတွင်းခြောက်ခြင်းနှင့် အချဉ်၊ အခါး သို့မဟုတ် သတ္တုစသောအရသာများကို တောက်လျှောက်ခံစားနေရခြင်း တို့နှင့်တွဲ၍ ဖြစ်နိုင်သည်။ အချို့တွင် တံတွေးပျစ်ခဲခြင်းနှင့် လည်ချောင်းရှင်းရန် မကြာခဏ လိုအပ်ခြင်း စသည့်လက္ခဏာများကို တွေ့ရသည်။ အထူးသဖြင့် မနက်ခင်း သို့မဟုတ် ဆေးလိပ်သောက်ပြီးချိန်၊ ကော်ဖီသောက်ပြီးချိန် သို့မဟုတ် ကြက်သွန်ဖြူကဲ့သို့သော အချို့အစားအစာများ စားပြီးချိန်များတွင် ပို၍ ဆိုးရွားနိုင်သည်။

နောက်ဆက်တွဲပြဿနာများ

ခံတွင်းနံ့ဆိုးခြင်းသည် တောက်လျှောက်ဖြစ်နေပါက နေ့စဥ်ဘဝတွင် စိတ်ရှုပ်ထွေးရခြင်း၊ စိုးရိမ်ပူပန်မှုများခြင်းနှင့် မိမိကိုယ့်ကိုယ် ယုံကြည်မှုနည်းခြင်းတို့ကြောင့် လူမှုပေါင်းသင်းဆက်ဆံရေးတွင် အဆင်မပြေမှုများကို ဖြစ်စေသည်။ ထို့ပြင် အချို့သောအခြေအနေများတွင် ခံတွင်းနံ့ဆိုးခြင်းကို ဖြစ်ပေါ်စေသော နောက်ခံရောဂါများ၏ လက္ခဏာများနှင့် နောက်ဆက်တွဲပြဿနာများကိုလည်း တွေ့ရနိုင်သည်။ ခံတွင်းသန့်ရှင်းရေးကို ကောင်းစွာ လုပ်ဆောင်သော်လည်း မသက်သာပါက သွားဘက်ဆိုင်ရာဆရာဝန်နှင့် ဆွေးနွေး၍ ကုသမှုခံယူရန်လိုသည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

ကာလရှည်ကြာစွာ ခံတွင်းနံ့ဆိုးခြင်း ခံစားရပါက သွားဘက်ဆိုင်ရာဆရာဝန်နှင့် ဦးစွာပြသတိုင်ပင်ရန် လိုအပ်သည်။ သွားဘက်ဆိုင်ရာဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်းနှင့် ဓာတ်မှန် (X-ray) ရိုက်ခြင်းစသည်တို့ဖြင့် ရောဂါရှာ‌ဖွေကုသပေးနိုင်သည်။ လိုအပ်ပါက သွားဘက်ဆိုင်ရာဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးမည်။

ရောဂါရှာဖွေခြင်း

သွားဘက်ဆိုင်ရာ ဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်း၊ ခံတွင်းနံ့နှင့် သွားများကို စစ်ဆေးခြင်းဖြင့် ခံတွင်းအနံ့ဆိုးထွက်ခြင်းကို စမ်းသပ်သိရှိနိုင်သည်။ ထို့နောက် ခံတွင်းနံ့ဆိုးခြင်း ဖြစ်စေသော အကြောင်းရင်းများကို ရှာဖွေရန် လိုအပ်သော စမ်းသပ်စစ်ဆေးမှုများ ဆက်လက်ပြုလုပ်မည်ဖြစ်သည်။

ကုသခြင်း

ခံတွင်းနံ့ဆိုးခြင်းကို ကုသရာတွင် ဖြစ်စေသောအကြောင်းရင်းပေါ် အဓိကမူတည်သည်။

  1. အိမ်တွင် လုပ်ဆောင်နိုင်သော နည်းလမ်းများ
    ခံတွင်းနံ့ဆိုးခြင်းသည် သွားချိုးများ စုပုံခြင်း၊ လျှာတွင် ဘက်တီးရီးယားပိုးများနှင့် စားကြွင်းစားကျန်များ ကပ်နေခြင်း စသည့် သွားနှင့် ခံတွင်းဆိုင်ရာ ပြဿနာများကြောင့် ဖြစ်ပါက အိမ်တွင် သွားနှင့် ခံတွင်းကို သန့်ရှင်းရေး သေချာပြုလုပ်ခြင်း၊ လျှာခြစ်တံဖြင့် သေချာစွာ ခြစ်၍ သန့်ရှင်းရေး ပြုလုပ်ခြင်းဖြင့် သက်သာ ပျောက်ကင်းနိုင်သည်။
    • သွားဘက်ဆိုင်ရာ ဆရာဝန်မှ ညွှန်ကြားပေးသည့် ဘက်တီးရီးယားများ တိုက်ဖျက်ပေးသော (ဥပမာ – Chlorhexidine, Zinc, Cetylpyridinium Chloride ပါဝင်သော) အထူး ခံတွင်းသန့်စင်ဆေးရည်များကို အသုံးပြုနိုင်သည်
    • နောက်ဆုံးပြုလုပ်ထားသည့် သုတေသနများအရ ခံတွင်း၏ ဘက်တီးရီးယားပိုးမျှခြေ (Microbiome) ကို ညီမျှစေရန် ရည်ရွယ်သည့် Probiotics (အကျိုးပြု ဘက်တီးရီးယား) ဖြည့်စွက်စာများ သုံးစွဲခြင်းဖြင့်လည်း ကုသရာတွင် အထောက်အကူ ပြုနိုင်သည်
  2. ဖြစ်စေသောအကြောင်းရင်းကို ကုသခြင်း
    • သွားချိုးများ၊ သွားကျောက်များ စုပုံနေပါက ဖယ်ရှား၍ သွား၏မျက်နှာပြင်များကို ချောမွေ့စေရန် သွားကျောက်ခြစ်ခြင်း
    • သွားပိုးစားခြင်းများ (Dental caries) အတွက် သွားဖာခြင်း၊ သွားစွပ်တပ်ခြင်း၊ သွားနှုတ်ခြင်း
    • သွားဖုံးပြည်တည်နာများ (Dental abscess) ကို ခွဲစိတ်၍ ပြည်ဖောက်ထုတ်ပေးခြင်း၊ သွားအမြစ်နှုတ်ပေးခြင်း စသည့်ကုသမှုများကို သွားဘက်ဆိုင်ရာဆရာဝန်မှ ပြုလုပ်ပေးနိုင်သည်
    • ဆီးချိုရောဂါ၊ စားချဥ်ပြန်ရောဂါစသည့် အကြောင်းရင်းခံ အခြေအနေတစ်ခုခုကြောင့်ဖြစ်သည်ဟု တွေ့ရှိပါက မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး၍ အကြောင်းရင်းကို ကုသမှု ခံယူရမည်ဖြစ်သည်
ကာကွယ်ခြင်း

ခံတွင်းနံ့ဆိုးခြင်းကို ဖြစ်စေသောအကြောင်းရင်း အားလုံးကိုကာကွယ်ရန် မဖြစ်နိုင်သော်လည်း အောက်ဖော်ပြထားသော နည်းလမ်းများကို ပြုလုပ်ခြင်းဖြင့် အချို့သောအ‌ကြောင်းရင်းများကို ကာကွယ်၍ ရနိုင်သည်။

  • သွားကို တစ်နေ့ နှစ်ကြိမ် ပုံမှန်တိုက်ပါ
  • တစ်နေ့ တစ်ကြိမ် သွားပွတ်ကြိုးဖြင့် သွားသန့်ရှင်းပါ
  • လျှာခြစ်တံကို အသုံးပြု၍ လျှာကိုသန့်ရှင်းရေး ပြုလုပ်ပါ
  • သွားတုများနှင့် သွားထိန်းကိရိယာများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း သန့်ရှင်းရေးလုပ်ပါ
  • အယ်လ်ကိုဟော မပါသော ခံတွင်းသန့်စင်ဆေးရည်ဖြင့် ပလုတ်ကျင်းပါ
  • ခံတွင်းခြောက်ခြင်းမှ ကာကွယ်ရန် ရေများများသောက်ပါ၊ သကြားမပါသော ပီကေ သို့မဟုတ် ငုံဆေးများ သုံးခြင်းဖြင့် တံတွေးထုတ်လုပ်မှုကို များစေနိုင်သည်
  • အရက်သောက်ခြင်း၊ ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲခြင်းများကို ရှောင်ကြဥ်ပါ
  • အနံ့ပြင်းသော အစားအစာများကို တတ်နိုင်သမျှ ရှောင်ပါ
  • သွားနှင့်ခံတွင်းကျန်းမာရေးအတွက် သွားဘက်ဆိုင်ရာဆရာဝန်နှင့် ပုံမှန်ပြသ၍ စစ်ဆေးမှု ခံယူပါ

References:

  1. Mayo Clinic. (n.d.). Bad breath: Symptoms and causes. Retrieved October 10, 2025, from https://www.mayoclinic.org/diseases-conditions/bad-breath/symptoms-causes/syc-20350922
  2. Cleveland Clinic. (n.d.). Bad breath (halitosis). Retrieved October 10, 2025, from https://my.clevelandclinic.org/health/diseases/17771-bad-breath-halitosis
  3. NHS. (n.d.). Bad breath. Retrieved October 10, 2025, from https://www.nhs.uk/symptoms/bad-breath/
  4. Johns Hopkins Medicine. (n.d.). Halitosis (bad breath). Retrieved October 10, 2025, from https://www.hopkinsmedicine.org/health/conditions-and-diseases/halitosis-bad-breath
  5. WebMD. (n.d.). Bad breath. Retrieved October 10, 2025, from https://www.webmd.com/oral-health/bad-breath
  6. Better Health Channel. (n.d.). Halitosis or bad breath. Retrieved October 10, 2025, from https://www.betterhealth.vic.gov.au/health/conditionsandtreatments/halitosis-or-bad-breath
  7. Huang, N., Li, J., Qiao, X., Wu, Y., Liu, Y., Wu, C., & Li, L. (2022). Efficacy of probiotics in the management of halitosis: A systematic review and meta-analysis. BMJ Open, 12(12), e060753. https://doi.org/10.1136/bmjopen-2022-060753
  8. Passadakis, G., Neophytou, C., Davidopoulou, S., & Papadimitriou, K. (2025). Effectiveness of probiotics in managing oral halitosis: A systematic review of randomized controlled trials. Journal of the International Society of Preventive & Community Dentistry, 15(4), 301–312. https://doi.org/10.4103/jispcd.jispcd_19_25

Published: 17 October 2025

.indent-top{padding-top: 30px;} .indent-bottom{padding-bottom: 30px;}

Share

17 October 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
Lumbar Disc Herniation (Prolapsed Intervertebral Disc) (ခါးရိုးဆစ်အရိုးနုပြား ကျွံထွက်ခြင်း)
Dec 3, 2025
Diseases and Conditions

Lumbar Disc Herniation (Prolapsed Intervertebral Disc) (ခါးရိုးဆစ်အရိုးနုပြား ကျွံထွက်ခြင်း)

ခါးရိုးဆစ်အရိုးနုပြား ကျွံထွက်ခြင်းကြောင့် ကပ်လျက်ရှိသော အာရုံကြောများကို...

Scoliosis (ကျောရိုးစောင်းခြင်း)
Dec 3, 2025
Diseases and Conditions

Scoliosis (ကျောရိုးစောင်းခြင်း)

ကျောရိုးစောင်းခြင်းသည် သာမန်မျှသာဖြစ်ပါက ကုသမှု မလိုအပ်သော်လည်း...

Prelabour rupture of membrane – PROM (ကလေးမွေးဖွားရန် ဗိုက်မနာမီ ရေမြွှာရည်ပေါက်ခြင်း)
Dec 2, 2025
Diseases and Conditions

Prelabour rupture of membrane – PROM (ကလေးမွေးဖွားရန် ဗိုက်မနာမီ ရေမြွှာရည်ပေါက်ခြင်း)

ကလေးမွေးဖွားရန် ဗိုက်မနာမီ မိန်းမကိုယ်မှ ရေမြွှာရည်ဆင်းလာခြင်းသည်...