Dental abscess (သွားဖုံးပြည်တည်နာ)

Dental abscess (သွားဖုံးပြည်တည်နာ)

သွားဖုံးပြည်တည်နာ (Dental abscess) သည် သွားဖုံးတစ်ရှူးများ သို့မဟုတ် သွားမြစ်ဖျားအတွင်းသို့ ဘက်တီးရီးယားပိုးများ ဝင်ရောက်ရာမှ ဖြစ်ပေါ်လာသည်။ ၎င်းကို သွားဖုံးပေါ်တွင် နီရဲရောင်ရမ်းနေသော အဖု သို့မဟုတ် ပြည်ဖုအနေဖြင့်တွေ့ရှိနိုင်သည်။ ဤရောဂါသည် အလိုအလျောက် ပျောက်ကင်းသွားခြင်းမျိုး လုံးဝမရှိသောကြောင့် အချိန်မီမကုသပါက ပိုးဝင်နေသော သွားကိုသာမက ဘေးပတ်ဝန်းကျင်ရှိ မေးရိုးများ၊ သွားများနှင့် တစ်ရှူးများကိုပါ ပျက်စီးစေနိုင်သည်။ ပို၍ဆိုးရွားပါက ပိုးဆိပ်တက်ခြင်း (Sepsis) ကဲ့သို့သော အသက်အန္တရာယ်ရှိသည့် နောက်ဆက်တွဲပြဿနာများအထိ ဖြစ်ပွါးနိုင်သောကြောင့် သွားနှင့်ခံတွင်း ဆရာဝန်ထံ စောစီးစွာ ပြသကုသမှုခံယူခြင်းသည် အလွန်အရေးကြီးသည်။

ဖြစ်ပေါ်ရသော အကြောင်းရင်းများ

သွားတစ်ချောင်းကို အောက်ပါအလွှာသုံးလွှာဖြင့် ဖွဲ့စည်းထားသည်။ အပြင်ဘက်ဆုံးအလွှာမှာ အမာဆုံးဖြစ်ပြီး ကြွေသွားလွှာ (Enamel) ဟုခေါ်သည်။ အလယ်အလွှာကို ဆင်စွယ်နှစ်လွှာ (Dentine) ဟုခေါ်ပြီး ကြွေသွားလွှာလောက် မမာချေ။ အတွင်းဆုံးတွင် မွသွားလွှာ ခေါ် အသားနုလွှာ (Pulp) ရှိပြီး သွေးကြောများ၊ အာရုံကြောများ ပါဝင်သည်။ သွား၏ပြင်ပကြွေသွားလွှာသည် မာကျောသော်လည်း အတွင်းရှိ မွသွားလွှာသည် သွေးကြောများ၊ အာရုံကြောများ၊ တစ်ရှူးများဖြင့် ပြည့်နေသည့်အတွက် ဘက်တီးရီးယားပိုး ဝင်ရောက်ပါက မွသွားလွှာကို ပျက်စီးစေပြီး ပြည်တည်နာဖြစ်စေသည်။ သွားဖုံးပြည်တည်နာဖြစ်စေသော အကြောင်းရင်းများမှာ_

  • နည်းစနစ်မကျသော သွားပြုပြင်ကုသမှုများ – သေချာစနစ်တကျ ပြုလုပ်ထားခြင်းမရှိသော သွားဖာခြင်း၊ သွားစွပ်တပ်ခြင်း၊ သွားအမြစ်ထုတ်ကုခြင်းများကြောင့် သွားများကြားတွင် နေရာလွတ်များဖြစ်ပေါ်၍ ဘက်တီးရီးယားများ ပေါက်ပွါးနိုင်ခြင်း
  • သွားကြားညပ်ခြင်း – သွားများအကြား သို့မဟုတ် သွားနှင့်သွားဖုံးကြားတွင် အစာအကြွင်းအကျန်များ ညပ်နေပါက ဘက်တီးရီးယားများ ပေါက်ပွါးမှု ပို၍ဖြစ်နိုင်ခြင်း
  • သွားပိုးစားခြင်းနှင့် သွားအခေါင်းပေါက်ဖြစ်ခြင်း
  • သွားဖုံးရောဂါများဖြစ်ခြင်း
  • သွားပဲ့ခြင်းနှင့် သွားကျိုးခြင်း
  • သွားထိခိုက်ဒဏ်ရာရခြင်းများကြောင့် ဖြစ်နိုင်သည်။

သွားဖုံးပြည်တည်နာကို ဖြစ်ပေါ်သည့်နေရာပေါ်တွင် မူတည်၍ သုံးမျိုးခွဲခြားနိုင်သည်။

  • သွားဖုံးအပေါ်ယံ ပြည်တည်နာ (Gingival abscess) – သွားဖုံးတွင်သာ ပြည်တည်နာဖြစ်ခြင်းဖြစ်ပြီး သွားကိုထိခိုက်ခြင်းမရှိပါ
  • သွားအမြစ်ထိပ် ပြည်တည်နာ (Dental root abscess/ Periapical abscess) – သွား၏အမြစ်ထိပ်တွင် ပိုးဝင်၍ ပြည်တည်နာဖြစ်ခြင်းဖြစ်သည်
  • သွားအခြေရှိသွားဖုံး ပြည်တည်နာ (Periodontal abscess) – သွားအမြစ်ထိပ်ဘေးတွင်ရှိသော သွားဖုံးတွင် ပြည်တည်နာဖြစ်ခြင်းဖြစ်ပြီး ဘေးပတ်လည်ရှိ တစ်ရှူးများနှင့်မေးရိုးသို့ ပျံ့နှံ့နိုင်သည်

သွားဖုံးပြည်တည်နာဖြစ်လျှင် အရိုးတစ်လျှောက် ပျံ့သွားနိုင်သောကြောင့် အခြားသွားဖုံးနေရာများစွာတွင်လည်း ပြည်တည်နာများ ဖြစ်နိုင်သည်။

Dental abscess image
ဖြစ်နိုင်ခြေများသော အခြေအနေများ

အချို့သော လူနေမှုပုံစံများသည် သွားဖုံးပြည်တည်နာဖြစ်ခြင်းကို ပို၍ဆိုးစေသည်။

  • သွားထိန်းသိမ်းမှု ပုံမှန်မလုပ်ခြင်း _ သွားသန့်ရှင်းရေးလုပ်ခြင်း၊ သွားကျောက်ဖယ်ခြင်းများကို ပုံမှန်မပြုလုပ်ပါက သွားဖုံးရောင်ရမ်းခြင်းများကို ပို၍ဖြစ်စေသည်
  • သွားသန့်ရှင်းရေး အလေ့အထများ _ သွားသန့်ရှင်းရေး သေချာစွာမပြုလုပ်ပါက သွားပိုးစားခြင်းနှင့် သွားဖုံးရောဂါများကို ပို၍ဖြစ်စေနိုင်သည်
  • အချိုစားလွန်းခြင်း _ သကြားလုံး၊ ကွတ်ကီးစသည့် အချိုများသည့် အစာများစားခြင်း၊ အချိုရည်များသောက်ခြင်း စသည့်အလေ့အထများသည် ဘက်တီးရီးယားများကိုပိုပွါးများစေပြီး သွားပိုးစားခြင်း၊ သွားအခေါင်းပေါက်ဖြစ်ခြင်းများကို ပို၍ဖြစ်စေနိုင်သည်
  • ခံတွင်းခြောက်ခြင်း _ အသက်အရွယ်ကြီးသူများ၊ အချို့သောဆေးဝါးများ သောက်သုံးနေရသူများတွင် ခံတွင်းခြောက်ခြင်းကိုဖြစ်စေပြီး သွားပိုးစားခြင်းကို ပိုဆိုးစေသည်
  • ဆေးလိပ်သောက်ခြင်း _ ဆေးလိပ်သောက်သူများသည် မသောက်သူများထက် (၂) ဆ ပို၍ဖြစ်နိုင်သည်
  • ကိုယ်ခံအားနည်းသူများ (ဥပမာ _ ဆီးချိုရောဂါသည်များ၊ ကိုယ်ခံအားကျစေသည့်ဆေးများ သောက်သုံးနေရသူများ)
ရောဂါလက္ခဏာများ
  • အစာဝါးသည့်အချိန်တွင် သွားနာခြင်း သို့မဟုတ် တောက်လျှောက် ကိုက်ခဲနာကျင်နေခြင်း
  • သွားကိုက်ခြင်းသည် မေးရိုး၊ လည်ပင်းအထိ ပျံ့သွား၍ နာကျင်ခြင်း
  • သွားဖုံးရောင်ခြင်း
  • သွားဖုံးရဲနေခြင်း
  • အေးလွန်းသော၊ ပူလွန်းသော အစာများနှင့် ထိတွေ့မိလျှင် သွားအလွန်ကျဥ်ခြင်း
  • ခံတွင်းနံ့ဆိုးခြင်း (Bad breath)
  • သွားနဲ့ခြင်း၊ သွားယိုင်ခြင်း
  • မေးရိုးနေရာတွင် ရောင်ရမ်းခြင်း
  • အဖျားတက်ခြင်း
  • ပြန်ရည်ကျိတ်များရောင်ခြင်း စသည့်လက္ခဏာများ ခံစားရနိုင်သည်။
နောက်ဆက်တွဲပြဿနာများ

သွားဖုံးပြည်တည်နာဖြစ်လာပြီး စောစီးစွာကုသမှုမခံယူပါက မေးရိုး သို့မဟုတ် မျက်နှာသို့ ပျံ့နှံ့သွားပြီး နာကျင်ခြင်း၊ မျက်နှာရောင်ရမ်းခြင်း၊ လေခိုအိတ်များ ရောင်ရမ်းခြင်းတို့ဖြစ်နိုင်သည်။ ထို့အပြင် ဘေးပတ်လည်ရှိ တစ်ရှူးများနှင့် ခန္ဓာကိုယ်၏ အခြားသောနေရာများသို့ ပျံ့ နှံ့သွားနိုင်သည်။ အချို့တွင် ဦး‌နှောက်အထိ ပျံ့နှံ့ခြင်း၊ ဦးနှောက်တွင်းပြည်တည်ခြင်း၊ ​ပိုးဆိပ်ပျံ့ခြင်းအထိ ဖြစ်နိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်၊ သွားဘက်ဆိုင်ရာ ဆရာဝန်များနှင့် ပြသတိုင်ပင်ရန်လိုသည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။ မျက်နှာရောင်ရမ်းခြင်း၊ အဖျားတက်ခြင်း၊ အသက်ရှူရခက်ခြင်း၊ အစာမျိုရခက်ခြင်း စသည့်လက္ခဏာများ ခံစားရပါက အရေးပေါ်အခြေအနေ ဖြစ်နိုင်သဖြင့် အ‌ရေးပေါ်ဆေးကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ ကုသမှုခံယူရန် လိုအပ်သည်။

ရောဂါရှာဖွေခြင်း

သွားဘက်ဆိုင်ရာ ဆရာဝန်များမှ ရောဂါရာဇဝင်မေးမြန်းခြင်း၊ လိုအပ်သည့် စမ်းသပ်မှုများ ပြုလုပ်ခြင်း၊ သွားများအား အသေးစိတ်စစ်ဆေးမှုများ ပြုလုပ်ခြင်း၊ သွားဓာတ်မှန်ရိုက်ခြင်း၊ လိုအပ်ပါက ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ ရောဂါရှာဖွေရာတွင် ပိုမိုတိကျသေချာစေရန် အောက်ပါစစ်ဆေးမှုများကို ပေါင်းစပ်လုပ်ဆောင်လေ့ရှိသည်။

  • သွားကိုခေါက်၍ စစ်ဆေးခြင်း (Percussion Test) – ပြည်တည်နေသော သွားသည် ထိတွေ့မှု သို့မဟုတ် ဖိအားပေးမှုအပေါ် တုံ့ပြန်မှုကို ကြည့်၍ ပိုးဝင်သည့်နေရာကို ရှာဖွေခြင်း
  • အပူအအေးဖြင့် စမ်းသပ်ခြင်း (Thermal Testing) – မွသွားလွှာ (Pulp) ၏ တုံ့ပြန်မှုကို သိရှိရန် အပူ သို့မဟုတ် အအေးကို အသုံးပြု၍ စမ်းသပ်ခြင်း
  • Cone Beam Computed Tomography (CBCT) – သွားနှင့် မေးရိုးဖွဲ့စည်းပုံကို သုံးဘက်မြင် (3D) ပုံရိပ်များဖြင့် အသေးစိတ် ကြည့်ရှုနိုင်သောကြောင့် ပြည်တည်နာ၏ အတိမ်အနက်နှင့် အရိုးပျက်စီးမှုကို တိကျစွာ သိရှိနိုင်ခြင်း
  • Ultrasound Diagnostics – ပြည်တည်နာအတွင်းရှိ အရည်စုပုံမှုနှင့် တစ်ရှူးရောင်ရမ်းမှုကို ရောင်ခြည်သင့်မှု မရှိဘဲ စစ်ဆေးနိုင်ခြင်း
  • Near-Infrared Transillumination (NITI) – အလင်းလှိုင်းကို အသုံးပြု၍ သွားအတွင်းပိုင်းရှိ ပိုးစားခြင်းနှင့် အက်ကြောင်းများကို ဓာတ်မှန်ရိုက်ရန် မလိုဘဲ ရှာဖွေနိုင်ခြင်း
ကုသခြင်း

သွားဖုံးပြည်တည်နာ ကုသခြင်းတွင် ပိုးဝင်ခြင်းကို ကုသခြင်း၊ နောက်ဆက်တွဲပြဿနာများကို ကာကွယ်ခြင်းနှင့် နာကျင်မှုများကို သက်သာစေခြင်းတို့ ပါဝင်သည်။ ဖြစ်သည့်အမျိုးအစားနှင့် ရောဂါပြင်းထန်မှုပေါ် မူတည်၍ ကုသမှုများ ကွာခြားသည်။ အိမ်တွင်ပြုလုပ်နိုင်သည့် နည်းလမ်းများမှာ_

အိမ်တွင်းကုသနည်းများ
  • ဆားရည်ငုံခြင်း _ ရေနွေးနွေးတစ်ခွက်ထဲသို့ ဆား လက်ဖက်စားဇွန်းတစ်ဝက်ခန့် ထည့်၍မွှေပါ၊ ထို့နောက် ပါးစပ်ထဲတွင် စက္ကန့်သုံးဆယ်ခန့် ငုံထားပြီး ပြန်ထွေးထုတ်ပါ၊ ရေနွေးနွေးသည် သွားဖုံးများကို သက်သောင့်သက်သာဖြစ်စေနိုင်ပြီး ဆားသည် နာကျင်ရောင်ရမ်းခြင်းများကို လျော့ကျစေနိုင်သည်၊ တစ်နေ့လျှင် သုံးကြိမ်ခန့်အထိ ပြုလုပ်နိုင်သည်
  • အကိုက်အခဲပျောက်ဆေးများသောက်ခြင်း _ နာကျင်မှုများကို သက်သာစေရန်အတွက် ပါရာစီတမော၊ အိုင်ဗျုပရိုဖဲင် ကဲ့သို့သော အကိုက်အခဲပျောက်ဆေးများ သောက်နိုင်သည်
  • ရေခဲကပ်ခြင်း _ ပါးနှင့်မေးရိုးပေါ်တွင် ရေအေးအဝတ်တင်ပေးခြင်း သို့မဟုတ် ရေခဲအိတ်များကပ်ပေးခြင်းဖြင့် ရောင်ရမ်းမှုများကို လျော့ကျစေပြီး နာကျင်မှုကို သက်သာစေနိုင်သည်
  • အစာပျော့ပျော့စားခြင်း _ သွားဖုံးပြည်တည်နာအတွက် ကုသမှုများ ပြုလုပ်နေစဉ်တွင် နာကျင်ရောင်ရမ်းမှုများ ပိုမဆိုးစေရန် စွပ်ပြုတ်၊ ဆန်ပြုတ်ကဲ့သို့သော ဝါးရလွယ်၍ ကြေညက်လွယ်သော အစားအစာများကိုသာ စားသင့်သည်
ဆေးရုံဆေးခန်းများတွင် ကုသမှုများ
  • ပြည်များကို ဖယ်ရှားခြင်း (Incision and Drainage) – သွားဘက်ဆိုင်ရာဆရာဝန်မှ ပြည်တည်နာတွင် သေးငယ်သော ခွဲကြောင်းပြုလုပ်၍ ပြည်များကို ဖယ်ရှားမည်ဖြစ်သည်၊ ထို့နောက် ထိုနေရာကို သေချာစွာ သန့်ရှင်းရေး ပြုလုပ်ပေးမည် ဖြစ်သည်
  • သွားအမြစ်အား ဖယ်ရှားကုသခြင်း (Root Canal Treatment) – သွား၏အမြစ် သို့မဟုတ် အတွင်းသားသည် ပြုပြင်၍မရနိုင်အောင် ပျက်စီးသွားလျှင် သွားအမြစ်ကို ဖယ်ရှားကုသရန် လိုအပ်သည်၊ သွားဘက်ဆိုင်ရာဆရာဝန်မှ ပျက်စီးနေသော သွား၏အစိတ်အပိုင်းများနှင့်အတူ သွားအမြစ်အတွင်းမှ အာရုံကြော၊ သွေးကြောများနှင့် တစ်ရှူးများကို ဖယ်ရှားသည်၊ ထို့နောက် ထိုနေရာတွင် သွားအမြစ် အစားထိုးပစ္စည်းများထည့်၍ ပြန်ပိတ်သည်၊ ပြုပြင်ထားသော သွားများပေါ်တွင် သွားစွပ်တပ်ရန် လိုအပ်သည်၊ ထိုသို့ပြုလုပ်ခြင်းဖြင့် သွားနှုတ်ရန် မလိုအပ်ဘဲ ပိုးဝင်သည့်နေရာကို ဖယ်ရှားနိုင်မည်ဖြစ်သည်
  • သွားနှုတ်ခြင်း (Tooth Extraction) – သွားဖုံးပြည်တည်နာသည် သွားကိုပြုပြင်၍ မရနိုင်သည်အထိ ဖြစ်ပါက သွားနှုတ်ရန် လိုအပ်သည်၊ နှုတ်ထားသောသွားနေရာတွင် သွားတုပြန်စိုက်ရန် လိုအပ်နိုင်သည်
  • ဆေးဖြင့်ကုသခြင်း – သွားပြည်တည်နာဖြစ်ပါက ပိုးပျံ့နှံ့ခြင်းကို ကာကွယ်နိုင်ရန် ပဋိဇီဝပိုးသတ်ဆေးများပေးခြင်း၊ နာကျင်မှုကို သက်သာစေရန် အကိုက်အခဲပျောက်ဆေးများပေးခြင်း စသည့်ကုသမှုများ ပြုလုပ်ရန် လိုအပ်သည်
  • ပြင်ပအရာဝတ္ထုများကို ဖယ်ရှားခြင်း – သွားဖုံးပြည်တည်နာဖြစ်ခြင်းသည် ပြင်ပအရာဝတ္ထုများကြောင့်ဖြစ်ပါက (ဥပမာ _ သွားတိုက်တံအစ သို့မဟုတ် အစာအကြွင်းအကျန် စိုက်နေခြင်း) ဖယ်ရှားရန် လိုအပ်သည်
ကုသမှုဆိုင်ရာ ပြောင်းလဲတိုးတက်မှုများ
  • Laser Therapy – ခွဲစိတ်စရာမလိုဘဲ လေဆာရောင်ခြည်ကို အသုံးပြု၍ ပြည်တည်နာအတွင်းရှိ ဘက်တီးရီးယားများကို သေစေခြင်းနှင့် အနာကျက်နှုန်းမြန်စေခြင်း
  • Regenerative Endodontics – ပျက်စီးသွားသော သွားအသားနုလွှာ (Pulp) နေရာတွင် တစ်ရှူးအသစ်များ ပြန်လည်ဖြစ်ပေါ်လာစေရန် ဇီဝနည်းပညာသုံး ပစ္စည်းများကို အသုံးပြု၍ ကုသခြင်း
  • Computer-Guided Surgery – သွားအမြစ်ခွဲစိတ်ကုသမှုများ ပြုလုပ်ရာတွင် ကွန်ပျူတာဖြင့် လမ်းညွှန်သည့်စနစ်ကို အသုံးပြု၍ ပိုမိုတိကျသော ကုသမှုများ ပြုလုပ်လာနိုင်ခြင်း
ကုသမှုပြီးနောက် လိုက်နာရမည့် ဆောင်ရန်၊ ရှောင်ရန်များ

ဆောင်ရန်များ

  • ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆေးကို အချိန်မှန်သောက်ရန် – အထူးသဖြင့် ပဋိဇီဝပိုးသတ်ဆေး (Antibiotics) ကို ညွှန်ကြားထားသည့် ရက်ပြည့်အောင် သောက်ရန် အလွန်အရေးကြီးသည်
  • ခံတွင်းသန့်ရှင်းရေးကို ဂရုစိုက်ရန် – ကုသမှုပြုလုပ်ထားသည့် နေရာကို မထိခိုက်စေဘဲ ကျန်ရှိသည့် သွားများကို ပုံမှန်တိုက်ပေးရန်နှင့် ဆရာဝန်ညွှန်ကြားပါက ပိုးသတ်ဆေးပါသော ပလုတ်ကျင်းဆေး သို့မဟုတ် ဆားရည်ကို အသုံးပြုရန်
  • အနားယူရန် – ကုသမှုခံယူပြီး ပထမ (၂၄) နာရီအတွင်း ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများကို ရှောင်ကြဉ်ပြီး ကောင်းမွန်စွာ အနားယူရန်
  • ရေများများသောက်ရန် – ခံတွင်းခြောက်သွေ့ခြင်းကို ကာကွယ်ရန်နှင့် အနာကျက်နှုန်း ကောင်းမွန်စေရန် ရေများများ သောက်ပေးရန်
  • ပုံမှန်ပြန်လည်ပြသရန် – ဆရာဝန်ချိန်းဆိုထားသည့်ရက်တွင် သွားရောက်ပြသပြီး အနာကျက်မှု အခြေအနေကို စစ်ဆေးရန်

ရှောင်ရန်များ

  • အမာနှင့်အစပ်များကို ရှောင်ရန် – အနာကို ထိခိုက်စေနိုင်သည့် မာကျောသော အစားအစာများ၊ ပူလွန်းသော အစားအစာများနှင့် စပ်လွန်းသော အစားအစာများကို အနာမကျက်မချင်း ရှောင်ကြဉ်ရန်
  • ဆေးလိပ်နှင့် အရက်ကို ရှောင်ရန် – ဆေးလိပ်သောက်ခြင်းနှင့် အရက်သောက်ခြင်းသည် အနာကျက်နှုန်းကို နှေးကွေးစေသည့်အပြင် ပိုးဝင်နိုင်ခြေကို ပိုမိုမြင့်မားစေသည်
  • အနာကို လက်ဖြင့် ထိခြင်း သို့မဟုတ် လျှာဖြင့် ထိုးခြင်းကို ရှောင်ရန် – လက်တွင်ပါလာသော ဘက်တီးရီးယားများကြောင့် ပိုးပြန်ဝင်နိုင်သည့်အတွက် ကုသထားသည့်နေရာကို မလိုအပ်ဘဲ မထိတွေ့ရန်
  • ပြင်းထန်စွာ ပလုတ်ကျင်းခြင်းကို ရှောင်ရန် – ကုသမှုပြီးစ ပထမရက်တွင် ပြင်းထန်စွာ ပလုတ်ကျင်းခြင်း သို့မဟုတ် ပိုက်ဖြင့် စုပ်သောက်ခြင်းကို ရှောင်ရန် (၎င်းသည် အနာတွင် ဖြစ်ပေါ်နေသော သွေးခဲကို ပျက်စီးစေပြီး သွေးပြန်ထွက်စေနိုင်သည်)
ကာကွယ်ခြင်း

သွားနှင့်ခံတွင်းသန့်ရှင်းရေး ကောင်းမွန်စွာပြုလုပ်ခြင်းဖြင့် သွားဖုံးပြည်တည်နာဖြစ်ခြင်းများကို ကာကွယ်ပေးသည်။ အထောက်အကူဖြစ်စေသော နည်းလမ်းများမှာ_

  • သွားများအား နူးညံ့သောသွားတိုက်တံဖြင့် တစ်နေ့လျှင် အနည်းဆုံး နှစ်ကြိမ်တိုက်ပါ၊ သုံးကြိမ်ထက် မပိုပါနှင့်၊ ဖလိုရိုက်ပါသော သွားတိုက်ဆေးများဖြင့် သွားတိုက်ပါ၊ တစ်ကြိမ်လျှင် နှစ်မိနစ်ခန့်မျှ ကြာအောင်တိုက်ပါ
  • သွားများကြားတွင် ကပ်နေသော အစာများနှင့် သွားချေးများကို ဖယ်ရှားရန် သွားပွတ်ကြိုး သို့မဟုတ် သန့်စင်ဆေးကို အစာစားပြီးတိုင်း နေ့စဥ်အသုံးပြုပါ၊ သန့်စင်ဆေးသည် သွားတိုက်တံ မရောက်နိုင်သော နေရာများသို့ သန့်ရှင်းရန် ကူညီပေးသည်
  • သွားတိုက်တံကို သုံးလ သို့မဟုတ် လေးလလျှင် တစ်ကြိမ် သို့မဟုတ် သွားပွတ်တံ ဖွာသွားပါက လဲလှယ်ရမည်
  • အာဟာရမျှတမှုရှိအောင် စားရမည်ဖြစ်ပြီး အချိုများသောအစာများ စားခြင်း၊ ကစီဓာတ်များသော အစားအစာများစားခြင်းနှင့် အချိုရည်သောက်ခြင်းများကို လျှော့ချခြင်း၊ ရှောင်ကြဥ်ခြင်း ပြုလုပ်ရမည်
  • သွားပြဿနာများကို စောစီးစွာသိရှိနိုင်ရန် သွားအထူးကုဆေးခန်းတွင် သွားသန့်ရှင်းရေးပြုလုပ်ခြင်းနှင့် စစ်ဆေးခြင်းများအား အနည်းဆုံး (၆) လ တစ်ကြိမ် ပြုလုပ်သင့်သည်
  • သွားနဲ့နေခြင်း၊ သွားယိုင်နေခြင်းစသည့် သွားပြဿနာများရှိပါက သွားဘက်ဆိုင်ရာဆရာဝန်နှင့် အမြန်ဆုံးပြသ၍ ကုသမှုခံယူသင့်သည်

References:

  1. Carmichael DDS. (2025). The benefits of laser treatment with periodontal disease. Retrieved January 9, 2026, from https://carmichaeldds.com/2025/04/08/the-benefits-of-laser-treatment-with-periodontal-disease/
  2. Cleveland Clinic. (n.d.). Abscessed tooth. Retrieved January 9, 2026, from https://my.clevelandclinic.org/health/diseases/10943-abscessed-tooth
  3. Healthdirect Australia. (n.d.). Tooth abscess. Retrieved January 9, 2026, from https://www.healthdirect.gov.au/tooth-abscess
  4. Kumar, V., & Gupta, S. (2023). Advanced imaging in endodontics: The role of CBCT in diagnosing complex periapical lesions. International Endodontic Journal, 56(4), 412–428.
  5. Lovett Dental. (n.d.). Dental abscess self-care. Retrieved January 9, 2026, from https://www.lovettdental.com/dental-blog/dental-abscess-self-care/
  6. Mayo Clinic. (n.d.). Tooth abscess: Symptoms and causes. Retrieved January 9, 2026, from https://www.mayoclinic.org/diseases-conditions/tooth-abscess/symptoms-causes/syc-20350901
  7. Miron, R. J. (2024). Platelet-rich fibrin in regenerative dentistry: Biological background and clinical indications. Journal of Periodontology, 95(2), 145–158.
  8. Melo, M., Pascual, A., Camps, I., Ata-Ali, F., & Ata-Ali, J. (2019). Combined near-infrared light transillumination and direct digital radiography increases diagnostic in approximal caries. Scientific Reports, 9, Article 14224. https://doi.org/10.1038/s41598-019-50850-5
  9. Jevon, P., Abdelrahman, A., & Pigadas, N. (2020). Management of odontogenic infections and sepsis: An update. British Dental Journal, 229(363–370). https://doi.org/10.1038/s41415-020-2114-5
  10. Patel, S., & Brown, J. (2023). Digital radiography and near-infrared transillumination in modern dental diagnostics. British Dental Journal, 234(8), 589–594.
  11. Peterson, L. J. (2025). Management of odontogenic infections. In J. R. Hupp, E. Ellis, & M. R. Tucker (Eds.), Contemporary oral and maxillofacial surgery (8th ed., pp. 289–314). Elsevier.
  12. WebMD. (n.d.). Abscessed tooth. Retrieved January 9, 2026, from https://www.webmd.com/oral-health/abscessed-tooth
  13. Zhang, C., & Yang, Z. (2023). Regenerative endodontics and dental pulp tissue engineering: Recent advances and future perspectives. Frontiers in Bioengineering and Biotechnology, 11, 1156234. https://doi.org/10.3389/fbioe.2023.1156234
  14. Al-Moraissi, E. A., El-Tabaa, A. S., Al-Iryani, G. M., et al. (2024). Laser therapy for the management of dental abscess and postoperative healing: A systematic review and meta-analysis. Journal of Photochemistry and Photobiology B, 248, 112–125.Lovett Dental. (n.d.). Lovett Dental. Retrieved January 8, 2025, from https://www.lovettdental.com/dental-blog/dental-abscess-self-care/

Published: 28 January 2025

Last updated: 3 February 2026

Share

26 January 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.