Intellectual Disability – ID (ဉာဏ်ရည်မသန်စွမ်းမှု)

Intellectual Disability – ID (ဉာဏ်ရည်မသန်စွမ်းမှု)

ဉာဏ်ရည်မသန်စွမ်းမှု (Intellectual Disability – ID) ဆိုသည်မှာ လူတစ်ဦး၏ သင်ယူနိုင်စွမ်းနှင့် နေ့စဉ်ဘဝ လုပ်ငန်းဆောင်တာများ လုပ်ကိုင်နိုင်စွမ်းတို့တွင် သိသိသာသာ ဖွံ့ဖြိုးမှုနောက်ကျနေသော၊ အကန့်အသတ်များရှိနေသော အခြေအနေကို ဆိုလိုသည်။ ဤအခြေအနေသည် ဦးနှောက်အာရုံကြောဆိုင်ရာ ဖွံ့ဖြိုးမှုပြဿနာတစ်ရပ်ဖြစ်ပြီး ကလေးဘဝမှစတင်၍ ဉာဏ်ရည်ဉာဏ်သွေးနှင့် အံဝင်ခွင်ကျ နေထိုင်မှုဆိုင်ရာ စွမ်းရည်များ (Adaptive skills) ကျဆင်းခြင်းကို ဖြစ်ပေါ်စေကာ ပြင်းထန်မှုအဆင့်မှာ အမျိုးမျိုးကွဲပြားနိုင်သည်။ ဉာဏ်ရည်မသန်စွမ်းသော ကလေးတစ်ဦးသည် အရွယ်တူကလေးများထက် သင်ယူမှုနှင့် ဖွံ့ဖြိုးမှု နှေးကွေးသည်။ စကားပြောခြင်း၊ အဝတ်အစားဝတ်ခြင်း (သို့မဟုတ်) မိမိဘာသာ စားသောက်ခြင်းစသော အခြေခံကျွမ်းကျင်မှုများ ရရှိရန် ပိုမိုကြာမြင့်နိုင်သကဲ့သို့ ကျောင်းစာသင်ယူရာတွင်လည်း အခက်အခဲများ ကြုံတွေ့နိုင်သည်။ ထို့အပြင် မိမိ၏ လိုအပ်ချက်နှင့် ဆန္ဒများကို သူတစ်ပါးအား ထင်ဟပ်စွာ ဖော်ပြနိုင်ခြင်း (သို့မဟုတ်) မိမိကိုယ်ကို ဂရုစိုက်နိုင်ခြင်းတို့လည်း သိသိသာသာ အားနည်းနေနိုင်သည်။

ပုံမှန်ဥာဏ်ရည်ဖွံ့ဖြိုးခြင်း
ဉာဏ်ရည်ဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ငန်းဆောင်တာများဖြစ်သည့် တွေးခေါ်ခြင်း၊ သင်ယူခြင်းနှင့် မှတ်ဉာဏ်တို့သည် ဦးနှောက်ဖွဲ့စည်းပုံနှင့် လုပ်ငန်းဆောင်တာများ ဖွံ့ဖြိုးပြောင်းလဲခြင်းမှတစ်ဆင့် ဖွံ့ဖြိုးလာသည်။ ဤလုပ်ငန်းစဉ်သည် မွေးဖွားခြင်းမပြုမီကပင် စတင်ပြီး တစ်သက်တာလုံး ဆက်လက်တည်ရှိနေသည်။

ကိုယ်ဝန်ဆောင်ကာလ – ဖွံ့ဖြိုးမှု၏ အခြေခံအုတ်မြစ်
ဉာဏ်ရည်ဆိုင်ရာ ဖွံ့ဖြိုးမှုသည် သန္ဓေသားဘဝကပင် စတင်သည်။ ဤအချိန်တွင် ဦးနှောက်အာရုံကြောဆဲလ် (neurons) များ လျင်မြန်စွာ ပွါးများလာပြီး ဦးနှောက်၏ သက်ဆိုင်ရာအစိတ်အပိုင်းများဆီသို့ ရွေ့လျားကြသည်။ ထိုဆဲလ်များသည် ဦးနှောက်၏ အဓိကအခြေခံဆဲလ်များဖြစ်ပြီး ဦးနှောက်ဖွဲ့စည်းပုံ အခြေခံအုတ်မြစ်လည်း ဖြစ်သည်။

ကလေးဘဝ အစောပိုင်း – ဦးနှောက်အာရုံကြောဆက်သွယ်မှုကွန်ယက်များ လျင်မြန်စွာ ကြီးထွားခြင်း
မွေးဖွားပြီးနောက် ဦးနှောက်တွင် ဦးနှောက်အာရုံကြောဆဲလ်များကြား ဆက်သွယ်မှုများ လျင်မြန်စွာ ကြီးထွားလာသည်။ ဤဆက်သွယ်မှုများကို Synapses ဟုခေါ်ပြီး မွေးကင်းစကလေးတစ်ဦး၏ ဦးနှောက်တွင် Synapses အလွန်နည်းသော်လည်း ပထမနှစ်အနည်းငယ်အတွင်း ဦးနှောက်သည် Synapses များကို ပိုလျှံစွာ ထုတ်လုပ်လာသည်။

ကလေးဘဝနှင့် ဆယ်ကျော်သက်ဘဝ – ဖွံ့ဖြိုးမှုများ အချောသပ်ခြင်း
ဦးနှောက်အာရုံကြောဆက်သွယ်မှုကွန်ယက်များ လျင်မြန်စွာ ကြီးထွားလာပြီးနောက် ဦးနှောက်သည် Synaptic pruning ဟုခေါ်သော လုပ်ငန်းစဉ်ကို စတင်သည်။ ၎င်းသည် အသုံးမပြုသော (သို့မဟုတ်) အားနည်းသော ကွန်ယက်များကို ဖယ်ရှားခြင်းဖြင့် ဦးနှောက်လုပ်ငန်းဆောင်တာများကို ပိုမိုထိရောက်စေသည်။

တစ်ချိန်တည်းမှာပင် Myelination ဟုခေါ်သော လုပ်ငန်းစဉ်လည်း ဖြစ်ပေါ်သည်။ မိုင်လင်ဓာတ် (Myelin) သည် အာရုံကြောမျှင်များကို လျှပ်စစ်ဝါယာကြိုးအကာကဲ့သို့ ကာကွယ်ပေးသည့် အဆီဓာတ်ဖြစ်သည်။ ဤ Myelination လုပ်ငန်းစဉ်သည် ဆက်သွယ်မှုများကို ပိုမိုမြန်ဆန်စွာ သွားလာစေပြီး ဦးနှောက်၏ သတင်းအချက်အလက်လုပ်ဆောင်မှုကို အရှိန်မြှင့်ပေးသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ဉာဏ်ရည်မသန်စွမ်းမှု (ID) ဖြစ်ပွါးရသည့် အကြောင်းရင်းများစွာရှိပြီး ၎င်းတို့သည် အထက်ပါဦးနှောက်၏ အဆင့်ဆင့်ဖွံ့ဖြိုးမှုများကို အချိန်ကာလအလိုက် ထိခိုက်စေနိုင်သည့် အခြေအနေများဖြစ်သည်။ ၎င်းတို့ကို အဓိကအားဖြင့် အုပ်စုသုံးစု ခွဲခြားနိုင်သည်။

  1. ကိုယ်ဝန်ဆောင်ကာလအတွင်း ဖြစ်ပေါ်သော အကြောင်းရင်းများ (Prenatal Causes)
    ဤအမျိုးအစားသည် မွေးဖွားခြင်းမပြုမီကတည်းက ဖြစ်ပွါးသော အကြောင်းရင်းများဖြစ်ပြီး ဉာဏ်ရည်မသန်စွမ်းမှု ဖြစ်ပွါးရသည့် အတွေ့ရအများဆုံး အကြောင်းရင်းများလည်း ဖြစ်သည်။
    • မျိုးဗီဇဆိုင်ရာ ပြဿနာများ
      ဒေါင်းစင်ဒရုန်း (Down syndrome) ကဲ့သို့သော ခရိုမိုဆုန်းဆိုင်ရာ ချို့ယွင်းချက်များ (သို့မဟုတ်) Fragile X syndrome ကဲ့သို့သော ဗီဇချို့ယွင်းချက်များ ပါဝင်သည်။
    • မိခင်မှတစ်ဆင့် ကူးစက်သောရောဂါများ
      ကိုယ်ဝန်ဆောင်မိခင်တွင် ဖြစ်ပွါးသော ဂျိုက်သိုး (Rubella)၊ ဆစ်ဖလစ် (Syphilis) နှင့် အချို့သောဗိုင်းရပ်စ်ရောဂါပိုးများသည် သန္ဓေသား၏ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်သည်။
    • မိခင်၏ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ထိတွေ့မှုများ
      ကိုယ်ဝန်ဆောင်ချိန်တွင် အရက်သောက်သုံးခြင်းကြောင့် သန္ဓေသားအရက်သင့်ရောဂါလက္ခဏာစု (Fetal Alcohol Spectrum Disorders) ဖြစ်ပွါးနိုင်သည်၊ ထို့အပြင် မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများ သို့မဟုတ် အာဟာရချို့တဲ့မှုတို့သည်လည်း အကြောင်းရင်းများ ဖြစ်နိုင်သည်။
  2. မွေးဖွားစဉ်ကာလအတွင်း ဖြစ်ပေါ်သော အကြောင်းရင်းများ (Perinatal Causes)
    • မွေးဖွားစဉ် အောက်ဆီဂျင်ပြတ်တောက်ခြင်း
      ကလေးမွေးဖွားစဉ် ခက်ခဲခြင်း၊ မွေးချိန်ကြာခြင်း၊ ချက်ကြိုးပတ်ခြင်းကဲ့သို့သော အခြေအနေများကြောင့် ဦးနှောက်သို့ သွေးနှင့် အောက်ဆီဂျင်ရောက်ရှိမှု မလုံလောက်ခြင်းဖြစ်သည်
    • လမစေ့ ပေါင်မပြည့်ဘဲ မွေးဖွားခြင်း
      အလွန်အမင်း စောစီးစွာ မွေးဖွားသော ကလေးများတွင် ဦးနှောက်အတွင်း သွေးယိုစိမ့်မှုများ ဖြစ်ပွါးနိုင်ပြီး ဉာဏ်ရည်မသန်စွမ်းမှုကို ဖြစ်စေနိုင်သည်။
  3. မွေးဖွားပြီးနောက် ကာလအတွင်း ဖြစ်ပေါ်သော အကြောင်းရင်းများ (Postnatal Causes)
    ဤအချက်များသည် ကလေးမွေးပြီးနောက်ပိုင်း၊ အထူးသဖြင့် ကလေးဘဝအစောပိုင်းတွင် ဖြစ်ပွါးသော ပြဿနာများ ဖြစ်သည်။
    • ကူးစက်ရောဂါများ
      ဦးနှောက်အမြှေးရောင်ရောဂါ (meningitis) သို့မဟုတ် ဦးနှောက်ရောင်ရောဂါ (encephalitis) ကဲ့သို့သော ပြင်းထန်သော ရောဂါများသည် ဦးနှောက်ကို ပြင်းထန်စွာ ထိခိုက်စေနိုင်သည်။
    • ဦးခေါင်းထိခိုက်ဒဏ်ရာများ
      ပြင်းထန်သော ဦးခေါင်းဒဏ်ရာရခြင်းသည် ဦးနှောက်ပျက်စီးမှုကို ဖြစ်စေပြီး ဉာဏ်ရည်မသန်စွမ်းမှုကို ဖြစ်ပွါးစေသည်။
    • အဆိပ်အတောက်များ ထိတွေ့ခြင်း
      ခဲဆိပ်သင့်ခြင်းကဲ့သို့သော အဆိပ်အတောက်များနှင့် ထိတွေ့ခြင်းသည် ဦးနှောက်ဖွံ့ဖြိုးမှုကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည်။
    • အာဟာရချို့တဲ့ခြင်း
      ကလေးဘဝတွင် အာဟာရ ပြင်းထန်စွာ ချို့တဲ့ခြင်း၊ အိုင်အိုဒင်းဓာတ်ချို့တဲ့ခြင်း၊ သွေးအားနည်းခြင်းစသည်တို့သည်လည်း ဦးနှောက်ဖွံ့ဖြိုးမှုနှင့် ဉာဏ်ရည်ပိုင်းကို ထိခိုက်စေသည်။
ရောဂါလက္ခဏာများ

ဉာဏ်ရည်မသန်စွမ်းသူတစ်ဦး၏ လက္ခဏာများသည် ရောဂါပြင်းထန်မှုအပေါ် မူတည်၍ သိသိသာသာ ကွဲပြားနိုင်ပြီး များသောအားဖြင့် ကလေးငယ်စဉ်ဖွံ့ဖြိုးမှုအဆင့်တွင် စတင်ပေါ်ပေါက်လာသည်။

အသက်ငယ်စဉ်တွင် သိသာသောလက္ခဏာများ
  • ဘာသာစကားနှင့် စကားပြောစွမ်းရည်များ နောက်ကျခြင်း
    အသက်အရွယ်နှင့်အညီ စကားပြောနိုင်ခြင်း၊ စကားလုံးအသစ်များ သင်ယူနိုင်ခြင်းနှင့် မိမိလိုအပ်ချက်ကို ဖော်ပြနိုင်ခြင်းတို့တွင် သိသိသာသာ နောက်ကျနေသည်။
  • ကိုယ်လက်လှုပ်ရှားမှုဆိုင်ရာ ဖွံ့ဖြိုးမှု နောက်ကျခြင်း
    ထိုင်ခြင်း၊ လမ်းလျှောက်ခြင်းစသည့် ဖွံ့ဖြိုးမှုအဆင့်များတွင် သက်တူရွယ်တူ ကလေးများထက် ပိုမိုနောက်ကျသည်။
  • လူမှုရေးဆိုင်ရာ တုံ့ပြန်မှုများ အားနည်းခြင်း
    မိဘများနှင့် မျက်လုံးချင်းဆုံခြင်း သို့မဟုတ် အပြုံးဖြင့် ပြန်လည်တုံ့ပြန်ခြင်းမျိုး မရှိခြင်း၊ ပတ်ဝန်းကျင်အသစ်နှင့် လူအသစ်များကို စိတ်ဝင်စားမှုနည်းပါးခြင်းတို့ ဖြစ်တတ်သည်။
  • မိမိကိုယ်တိုင် ပြုစုစောင့်ရှောက်နိုင်မှုများ နောက်ကျခြင်း
    အဝတ်အစားဝတ်ခြင်း၊ အစာစားခြင်း၊ မိမိကိုယ်တိုင် ပန်းကန်ခွက်ယောက်ကိုင်တွယ်ခြင်း၊ ဆီးဝမ်းသွားခြင်းစသည့် အခြေခံလှုပ်ရှားမှုများအတွက် သင်ယူမှုနှေးကွေးသည်။
ကျောင်းနေအရွယ်နှင့် လူမှုရေးဆက်ဆံပိုင်းတွင် သိသာသော လက္ခဏာများ
  • ပညာရေးဆိုင်ရာ သင်ယူမှုတွင် အခက်အခဲများရှိခြင်း
    စာဖတ်ခြင်း၊ စာရေးသားခြင်း၊ သင်္ချာတွက်ချက်ခြင်း စသည်တို့တွင် ခက်ခဲသောကြောင့် ပညာရေးဆိုင်ရာ ဆောင်ရွက်ချက်များတွင် ကျရှုံးတတ်သည်။
  • မှတ်မိနိုင်စွမ်းနှင့် ပြဿနာဖြေရှင်းနိုင်စွမ်း အားနည်းခြင်း
    အချက်အလက်အသစ်များကို မှတ်မိရန် ခက်ခဲခြင်း၊ နေ့စဉ်ဘဝတွင် ကြုံတွေ့ရသော ရိုးရှင်းသည့် ပြဿနာများကိုပင် မဖြေရှင်းနိုင်ခြင်းတို့ ဖြစ်တတ်သည်။
  • လူမှုရေးနှင့် ဆက်ဆံရေးတွင် အခက်အခဲရှိခြင်း
    ကလေးဖေါ်များနှင့် ဆက်ဆံရာတွင် ခက်ခဲခြင်း၊ စိတ်ခံစားမှုများကို နားမလည်ခြင်းနှင့် လူမှုရေးအခြေအနေများကို သင့်လျော်စွာ တုံ့ပြန်နိုင်ခြင်း မရှိခြင်းတို့ ဖြစ်တတ်သည်
  • အသေးစိတ်အကြောင်းအရာများကို မစဥ်းစားနိုင်ခြင်း
    ဆုံးဖြတ်ချက်များချရာတွင် အသေးစိတ် အချက်အလက်များကို ထည့်သွင်းမစဥ်းစားနိုင်ခြင်း သို့မဟုတ် ရိုးရှင်းသော အကြောင်းပြချက်များကိုပင် နားလည်ရန် ခက်ခဲခြင်းတို့လည်း ဖြစ်နိုင်သည်။
နောက်ဆက်တွဲပြဿနာများ

ဉာဏ်ရည်မသန်စွမ်းမှုရှိသူများသည် ဉာဏ်ရည်ပိုင်းဆိုင်ရာ ကျဆင်းမှုအပြင် အခြားသော ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများကိုပါ တွဲ၍ ကြုံတွေ့ရနိုင်သည်။

ကျန်းမာရေးနှင့် အပြုအမူဆိုင်ရာ ပြဿနာများ
  • ဦးနှောက်အာရုံကြောဆိုင်ရာ ရောဂါများ
    အတက်ရောဂါ (Epilepsy) သည် ဉာဏ်ရည်မသန်စွမ်းသူများတွင် ပုံမှန်လူများထက် ပိုမိုအဖြစ်များသည်။ ထို့အပြင် အော်တစ်ဇင် (Autism Spectrum Disorder) နှင့် အာရုံစူးစိုက်မှုအားနည်းသည့်ရောဂါ (ADHD) တို့လည်း တွဲ၍ ဖြစ်ပွါးလေ့ရှိသည်။
  • အကြားအာရုံ သို့မဟုတ် အမြင်အာရုံချို့ယွင်းမှုများ
    အမြင်အာရုံနှင့် အကြားအာရုံဆိုင်ရာ ပြဿနာများသည်လည်း မကြာခဏ တွဲ၍ ဖြစ်ပွါးတတ်သည်။
  • အဝလွန်ခြင်းနှင့် အာဟာရဆိုင်ရာ ပြဿနာများ
    စားသောက်မှုပုံစံကို ကောင်းစွာ မထိန်းချုပ်နိုင်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်းတို့ကြောင့် အဝလွန်ခြင်း ပြဿနာများ ဖြစ်နိုင်သည်။
  • အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများ
    အိပ်မပျော်ခြင်း သို့မဟုတ် အိပ်ချိန်မမှန်ခြင်း စသည့် ပြဿနာများလည်း တွေ့ရတတ်သည်။
  • ဝမ်းချုပ်ခြင်း
    ဉာဏ်ရည်မသန်စွမ်းသူကလေးများနှင့် မိဘများကို အဓိကဒုက္ခပေးသော ပြဿနာတစ်ခုဖြစ်သည်။
စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ ပြဿနာများ
  • စိတ်ပိုင်းဆိုင်ရာ ပြဿနာများ
    ဉာဏ်ရည်မသန်စွမ်းသူများသည် မိမိခံစားချက်များကို ကောင်းစွာမဖော်ပြနိုင်ခြင်းကြောင့် စိုးရိမ်ပူပန်မှုများခြင်း (Anxiety) နှင့် စိတ်ဓာတ်ကျခြင်း (Depression) တို့ ဖြစ်ပွါးနိုင်ခြေ ပိုများသည်။
  • လူမှုရေးဆိုင်ရာ ပြဿနာများ
    အခြားသူများနှင့် ဆက်ဆံရေးတည်ဆောက်ရာတွင် အခက်အခဲရှိခြင်း၊ အထီးကျန်ခြင်းနှင့် လူမှုအသိုင်းအဝိုင်းတွင် ခွဲခြားဆက်ဆံခြင်း၊ လျစ်လျူရှုခြင်းနှင့် အနိုင်ကျင့်ခံရခြင်းများလည်း ကြုံတွေ့ရနိုင်သည်။ ဤအခြေအနေများသည် ၎င်းတို့၏ စိတ်ကျန်းမာရေးကို ပိုမိုထိခိုက်စေနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

မိဘများအနေဖြင့် သားသမီးများတွင် အောက်ပါလက္ခဏာများ တွေ့ရှိပါက သို့မဟုတ် သံသယရှိပါက မိသားစုဆရာဝန်၊ ကလေးအထူးကုဆရာဝန်များနှင့် လျင်စွာ တိုင်ပင်ဆွေးနွေးသင့်သည်။

  • ဘာသာစကားနှင့် စကားပြောစွမ်းရည်များ သို့မဟုတ် လှုပ်ရှားမှုစွမ်းရည်များနောက်ကျနေခြင်း
  • ကျောင်းတွင် သင်ယူမှု အခက်အခဲများရှိနေခြင်း
  • အခြားကလေးများကဲ့သို့ အလွယ်တကူ သင်ယူနိုင်ခြင်းမရှိဘဲ ဖွံ့ဖြိုးမှုနှုန်း သိသိသာသာ နောက်ကျနေခြင်း
ရောဂါရှာဖွေခြင်း

ဉာဏ်ရည်မသန်စွမ်းမှု (ID) ကို ရောဂါရှာဖွေရာတွင် ကလေး၏ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ ဉာဏ်ရည်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်နှင့် နေ့စဉ်ဘဝတွင် ရင်ဆိုင်ဖြေရှင်းနိုင်သည့် စွမ်းရည်များကို ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးအကဲဖြတ်ရန် လိုအပ်သည်။ ဤလုပ်ငန်းစဉ်သည် ရှုပ်ထွေးပြီး ဘက်ပေါင်းစုံမှ စစ်ဆေးမှုများ ပါဝင်သည်။

  1. ဉာဏ်ရည်ပိုင်းဆိုင်ရာ စမ်းသပ်မှုများ (Intelligence and Adaptive Functioning Tests)
    • ဉာဏ်ရည်ဉာဏ်သွေးစမ်းသပ်မှုများ (Intelligence Quotient – IQ Tests)
      ၎င်းသည် ကလေး၏ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ အကြောင်းပြချက် ရှာဖွေနိုင်စွမ်းနှင့် ပြဿနာဖြေရှင်းနိုင်စွမ်းတို့ကို တိုင်းတာသည့် စံသတ်မှတ်ထားသော စမ်းသပ်မှုများဖြစ်သည်။ အသုံးများသော စမ်းသပ်မှုများတွင် Wechsler Intelligence Scale for Children (WISC) သို့မဟုတ် Stanford-Binet Intelligence Scales တို့ ပါဝင်သည်။ ဤစမ်းသပ်မှုရလဒ်များသည် ဉာဏ်ရည်မသန်စွမ်းမှုရှိမရှိကို ဆုံးဖြတ်ရာတွင် အဓိကကျသော အထောက်အထားကို ပေးစွမ်းနိုင်သည်။
    • လိုက်လျောညီထွေမှုဆိုင်ရာ စမ်းသပ်မှုများ (Adaptive Skills Assessments)
      ဤစစ်ဆေးမှုများမှ ကလေးတစ်ဦးသည် ၎င်း၏အသက်အရွယ်နှင့်အညီ နေ့စဉ်ဘဝတွင် မည်မျှ အောင်မြင်စွာ နေထိုင်နိုင်ကြောင်းကို အကဲဖြတ်ပေးသည်။ ၎င်းတို့သည် conceptual skills (ဥပမာ _ ဘာသာစကား၊ စာအရေးအဖတ်၊ ငွေကြေးစီမံခန့်ခွဲမှု)၊ social skills (ဥပမာ _ အခြားသူများနှင့် ဆက်ဆံရေး၊ လူမှုရေးဆိုင်ရာ ပြဿနာဖြေရှင်းမှု) နှင့် practical skills(ဥပမာ _ မိမိကိုယ်ကို ပြုစုစောင့်ရှောက်မှု၊ အလုပ်လုပ်ကိုင်နိုင်မှု) စသည့် နယ်ပယ်သုံးခုလုံးကို တိုင်းတာသည်။
  2. ဦးနှောက်ဖွံ့ဖြိုးမှုနှင့် စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများ (Neurodevelopmental and Psychiatric Assessments)
    ဉာဏ်ရည်မသန်စွမ်းမှုသည် အခြားသော ဦးနှောက်ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာများနှင့် တွဲလျက် ဖြစ်ပွါးလေ့ရှိသောကြောင့် အောက်ပါစစ်ဆေးမှုများလည်း လိုအပ်နိုင်သည်။
    • အော်တစ်ဇင်စစ်ဆေးခြင်း (Autism Spectrum Disorder – ASD)
      ဉာဏ်ရည်မသန်စွမ်းမှုနှင့် ASD သည် မကြာခဏဆိုသလို တွဲ၍ ဖြစ်ပွါးတတ်သည်။ ထို့ကြောင့် ASD ၏ လက္ခဏာရပ်များဖြစ်သည့် လူမှုဆက်ဆံရေးနှင့် ဆက်သွယ်ပြောဆိုမှုဆိုင်ရာ ချို့ယွင်းချက်များ၊ ထပ်ခါထပ်ခါ ပြုလုပ်သော အပြုအမူများနှင့် စိတ်ဝင်စားမှု ကန့်သတ်ချက်များ ရှိနေပါက Autism Diagnostic Observation Schedule (ADOS) ကဲ့သို့သော စမ်းသပ်မှုများ ပြုလုပ်နိုင်သည်။
    • အာရုံစူးစိုက်မှုအားနည်းခြင်း (Attention-Deficit/Hyperactivity Disorder – ADHD)
      ကလေး၏ အာရုံစူးစိုက်မှု၊ အာရုံမတည်ငြိမ်မှုနှင့် စိတ်လိုက်မာန်ပါ ပြုမူတတ်သည့် အပြုအမူများကို အကဲဖြတ်ရန် ADHD စစ်ဆေးမှုများ ပြုလုပ်နိုင်သည်။
  3. အကြောင်းရင်းနှင့် နောက်ဆက်တွဲ ရောဂါများ ရှာဖွေခြင်း (Assessing for Causes and Comorbidities)
    ဉာဏ်ရည်မသန်စွမ်းမှု၏ အကြောင်းရင်းရင်းမြစ်နှင့် နောက်ဆက်တွဲ ပြဿနာများကို ရှာဖွေဖော်ထုတ်ခြင်းသည် ကုသမှုအစီအစဉ်အတွက် အရေးကြီးသည်။
    • မျိုးဗီဇစစ်ဆေးမှုများ
      မျိုးဗီဇဆိုင်ရာ အကြောင်းရင်းကို သံသယရှိပါက သွေးစစ်ခြင်းဖြင့် ခရိုမိုဆုန်းဆိုင်ရာ ချို့ယွင်းချက်များ (ဥပမာ – Down syndrome) သို့မဟုတ် ဗီဇပြောင်းလဲမှုများ (ဥပမာ- Fragile X syndrome) ကို ရှာဖွေနိုင်သည်။
    • ဦးနှောက်ပုံရိပ်ဖော် စစ်ဆေးမှုများ (Neuroimaging)
      သံလိုက်ဓာတ်မှန် (MRI) သို့မဟုတ် ကွန်ပျူတာဓာတ်မှန် (CT scan) ကဲ့သို့သော ဦးနှောက်ပုံရိပ်ဖော် စစ်ဆေးမှုများကို ပြုလုပ်ခြင်းဖြင့် ဦးနှောက်၏ ဖွဲ့စည်းပုံဆိုင်ရာ ချို့ယွင်းချက်များ၊ ထိခိုက်မှုများ သို့မဟုတ် မူမမှန်မှုများကို သိရှိနိုင်သည်။
    • အခြား ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုများ
      ကလေး၏ အလုံးစုံကျန်းမာရေးကို အကဲဖြတ်ရန်အတွက် သိုင်းရွိုက်ဟော်မုန်းအပါအဝင် သွေးစစ်ခြင်း၊ ဆီးစစ်ခြင်း၊ သို့မဟုတ် အကြားအာရုံနှင့် အမြင်အာရုံ စစ်ဆေးမှုများ ပြုလုပ်နိုင်သည်။

ဤစစ်ဆေးမှုများအားလုံး၏ ရလဒ်များကို ကျွမ်းကျင်ပညာရှင်များအဖွဲ့ (ဥပမာ _ ကလေးအထူးကု၊ ကလေးဦးနှောက်အာရုံကြောအထူးကု၊ စိတ်ရောဂါအထူးကု၊ စိတ်ပညာရှင်၊ ကလေးဖွံ့ဖြိုးမှု ကျွမ်းကျင်ပညာရှင် စသည်တို့ပါဝင်သော) မှ ပေါင်းစပ်သုံးသပ်ပြီး ဉာဏ်ရည်မသန်စွမ်းမှု ရှိမရှိကို အတည်ပြုကာ လိုအပ်သော ထောက်ပံ့ကူညီမှုများကို စီစဉ်ပေးသည်။

ကုသခြင်း

ဉာဏ်ရည်မသန်စွမ်းမှု (ID) အတွက် သီးသန့်ပျောက်ကင်းအောင် ကုသနိုင်သည့် ဆေးမရှိသော်လည်း၊ ဆောလျင်စွာ စတင်ကုသခြင်းနှင့် ပံ့ပိုးမှုပေးခြင်းဖြင့် ကလေး၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဘဝအရည်အသွေးကို အကောင်းဆုံးမြှင့်တင်ပေးနိုင်သည်။ ကုသမှုအစီအစဉ်သည် ဘက်စုံပါဝင်ပြီး ကလေးတစ်ဦးချင်းစီ၏ လိုအပ်ချက်များအပေါ် မူတည်သည်။

ဤကုသမှုအစီအစဉ်များကို သင်ကြားလေ့ကျင့်ပေးသူပညာရှင်များ (Therapists) အပါအဝင် အထက်ပါကျွမ်းကျင်ပညာရှင်အဖွဲ့ (Multidisciplinary team) မှ ပူးပေါင်းညှိုနှိုင်းပြီး ကလေးအတွက် အသင့်တော်ဆုံးကို စီစဉ်ပေးရမည်။

  1. အခြေခံအကြောင်းရင်းကို ကုသခြင်း (Treating the Underlying Cause)
    ဉာဏ်ရည်မသန်စွမ်းမှု၏ အကြောင်းရင်းကို သိရှိပါက ၎င်းကို ကုသပေးခြင်းဖြင့် ရောဂါ၏ နောက်ဆက်တွဲပြဿနာများကို လျှော့ချနိုင်သည်။ ဥပမာ_
    • ဇီဝဖြစ်စဉ်ဆိုင်ရာ ရောဂါများ
      Phenylketonuria (PKU) ကဲ့သို့သော မွေးရာပါ ဇီဝဖြစ်စဉ်ဆိုင်ရာ ချို့ယွင်းချက်ရှိပါက အထူးပြုလုပ်ထားသော အစားအစာနှင့်ကုသပေးခြင်းဖြင့် ဦးနှောက်ပျက်စီးမှုကို ကာကွယ်နိုင်သည်။
    • ဟော်မုန်းဆိုင်ရာ ပြဿနာများ
      မွေးရာပါ သိုင်းရွိုက်ဟော်မုန်းချို့ယွင်းမှု (Congenital hypothyroidism) ရှိပါက ဟော်မုန်းဆေးဖြင့် အချိန်မီ ကုသပေးခြင်းသည် ဉာဏ်ရည်မသန်စွမ်းမှုကို လုံးဝကာကွယ်နိုင်သည်။
  2. ဖွံ့ဖြိုးမှုဆိုင်ရာ ကုထုံးများဖြင့်ကုသခြင်း (Developmental Therapies)
    • အထူးပညာရေး (Special Education) နှင့် ထောက်ပံ့ရေးအစီအစဉ်များ
      ကလေး၏ လိုအပ်ချက်များအပေါ် အခြေခံ၍ ကျောင်းများတွင် အထူးသင်ကြားရေးအစီအစဉ်များ (Individualized Education Programs – IEPs) ကို စီစဉ်ပေးခြင်းဖြင့် သင်ယူမှုနှင့် ကျွမ်းကျင်မှုများကို မြှင့်တင်ပေးသည်။
    • ကုထုံးများ
      ကလေး၏ စွမ်းရည်များကို မြှင့်တင်ရန်အတွက်_
      • စကားပြောကုထုံး (Speech Therapy)
        စကားပြောနိုင်စွမ်းနှင့် ဆက်သွယ်နိုင်စွမ်းကို တိုးတက်စေသည်။
      • ရုပ်ပိုင်းဆိုင်ရာ ကုထုံး (Physical Therapy – PT)
        လှုပ်ရှားသွားလာမှု၊ ကိုယ်ဟန်အနေအထားနှင့် ကြွက်သားများ၏ လုပ်ဆောင်ချက်ကို ပိုမိုကောင်းမွန်စေသည်။
      • နေ့စဉ်လှုပ်ရှားမှု စွမ်းရည်ကုထုံး (Occupational Therapy – OT)
        အဝတ်အစားဝတ်ခြင်း၊ စားသောက်ခြင်းနှင့် ကိုယ်လက်သန့်ရှင်းရေး ပြုလုပ်ခြင်းကဲ့သို့သော နေ့စဉ်လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နိုင်ရန် ကူညီပေးသည်။
  3. နောက်ဆက်တွဲပြဿနာများကို ကုသခြင်း (Treating Complications)
    ဉာဏ်ရည်မသန်စွမ်းမှုနှင့်အတူ တွဲလျက်ဖြစ်ပွါးနိုင်သော ကျန်းမာရေးနှင့် အပြုအမူဆိုင်ရာ ပြဿနာများကိုလည်း ကုသပေးရန် အရေးကြီးသည်။
    • ရောဂါလက္ခဏာများအတွက် ဆေးဝါးများ
      အတက်ရောဂါရှိပါက အတက်ကျဆေးများ ပေးခြင်း၊ ADHD အတွက် သင့်လျော်သော ဆေးဝါးများ ပေးခြင်း သို့မဟုတ် စိတ်ဓာတ်ကျခြင်းနှင့် စိုးရိမ်စိတ်များ အတွက် ဆေးဝါးနှင့် စိတ်ပိုင်းဆိုင်ရာ ကုထုံးများ ပေးခြင်းတို့ကို လုပ်ဆောင်နိုင်သည်။
    • အပြုအမူဆိုင်ရာ ကုထုံးများ
      မိမိကိုယ်ကို အန္တရာယ်ပြုခြင်း သို့မဟုတ် အခြားသူများကို ထိခိုက်စေနိုင်သည့် အပြုအမူများအတွက် အပြုအမူပိုင်းဆိုင်ရာ ကုထုံး (behavioral therapy) များ လိုအပ်နိုင်သည်။
  4. မိသားစုပံ့ပိုးမှု (Family Support)
    မိဘများနှင့် မိသားစုဝင်များအတွက် အကြံပေးခြင်းနှင့် အထောက်အပံ့အဖွဲ့များ (support groups) မှတစ်ဆင့် ပံ့ပိုးပေးခြင်းသည် မိသားစုတစ်ခုလုံးအတွက် အရေးပါသော အထောက်အကူဖြစ်သည်။
ကာကွယ်ခြင်း

အချို့သော ဉာဏ်ရည်မသန်စွမ်းမှုအမျိုးအစားများကို ကာကွယ်ခြင်းဖြင့် ကလေးများ၏ အကောင်းဆုံးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်သည်။

  1. ကိုယ်ဝန်ဆောင်ကာလတွင် ကြိုတင်ကာကွယ်ခြင်း
    • ကိုယ်ဝန်ဆောင်ချိန်တွင် ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝခံယူပြီး Folic Acid ကဲ့သို့သော လိုအပ်သည့် ဗီတာမင်များနှင့် အာဟာရဓာတ်များကို ပြည့်ဝစွာ စားသုံးပါ
    • ကိုယ်ဝန်ဆောင်စဉ် အရက်၊ ဆေးလိပ်နှင့် မူးယစ်ဆေးဝါးများကဲ့သို့ အန္တရာယ်ရှိသော အရာများကို ရှောင်ရှားခြင်းဖြင့် သန္ဓေသား၏ ဦးနှောက်ဖွံ့ဖြိုးမှုကို ကာကွယ်ပေးနိုင်သည်
  2. ကလေးဘဝ အစောပိုင်းတွင် ကြိုတင်ကာကွယ်ခြင်း
    • ကလေးငယ်များကို သင့်လျော်သည့်အချိန်တွင် ကာကွယ်ဆေးများ အပြည့်အဝ ထိုးနှံပေးပါ
    • ကလေးငယ်များ ခဲဆိပ်သင့်ခြင်းကဲ့သို့သော အဆိပ်အတောက်များ ထိတွေ့ခြင်းမှ ရှောင်ရှားနိုင်ရန် ဂရုစိုက်ပါ
    • မွေးကင်းစကလေးများတွင် ဉာဏ်ရည်မသန်စွမ်းမှုကို ဖြစ်စေနိုင်သည့် ဇီဝဖြစ်စဉ်ဆိုင်ရာ ရောဂါများကို စောစီးစွာ ရှာဖွေနိုင်ရန် မွေးရာပါရောဂါရှာဖွေစမ်းသပ်ခြင်း (Newborn screening) ကို ပြုလုပ်ပါ
  3. စောစီးစွာ စစ်ဆေးခြင်းနှင့် ကုသပေးခြင်း
    • ကလေး၏ ဖွံ့ဖြိုးမှုကို ပုံမှန်စစ်ဆေးခြင်း (regular developmental screening) သည် အရေးကြီးသည်။ ကလေးအထူးကုဆရာဝန်များက ကလေး၏ ဖွံ့ဖြိုးမှုအဆင့်ကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ပေးခြင်းဖြင့် ဖွံ့ဖြိုးမှုနောက်ကျခြင်းကို စောစီးစွာ သိရှိနိုင်သည်
    • ဖွံ့ဖြိုးမှုနောက်ကျနေသည်ဟု တွေ့ရှိပါက စောစီးစွာ လေ့ကျင့်သင်ကြားပေးမှု (early intervention) အစီအစဉ်များအမြန်ဆုံး စတင်ပေးခြင်းသည် ကလေး၏ ဖွံ့ဖြိုးတိုးတက်မှုကို အကောင်းဆုံး မြှင့်တင်ပေးနိုင်သည်
    • မိဘများနှင့် ပြုစုစောင့်ရှောက်သူများအနေဖြင့် ဉာဏ်ရည်မသန်စွမ်းမှု၏ အန္တရာယ်ရှိသော လက္ခဏာရပ်များနှင့်ပတ်သက်၍ သတိပြုမိခြင်း (awareness) သည် ရောဂါကို စောစီးစွာသိရှိစေပြီး အချိန်မီ ကုသမှုခံယူနိုင်စေရန် အထောက်အကူပြုသည်

References:

  1. Centers for Disease Control and Prevention. (2024). Intellectual disability factsheet. U.S. Department of Health & Human Services. Retrieved October 1, 2025, from https://www.cdc.gov/disability-and-health/media/pdfs/2024/12/IntellectualDisability.pdf
  2. The Sydney Children’s Hospitals Network. (n.d.). Intellectual disability factsheet. Retrieved October 1, 2025, from https://www.schn.health.nsw.gov.au/fact-sheets/intellectual-disability
  3. National Institute of Child Health and Human Development. (n.d.). Intellectual disability. Eunice Kennedy Shriver National Institute of Child Health and Human Development. Retrieved October 1, 2025, from https://www.nichd.nih.gov/health/topics/intellectual-disability
  4. UpToDate. (n.d.). Intellectual disability (ID) in children: Clinical features, evaluation, and diagnosis. Retrieved October 1, 2025, from https://www.uptodate.com/contents/intellectual-disability-id-in-children-clinical-features-evaluation-and-diagnosis

Published: 16 October 2025

Share

16 October 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
Marfan Syndrome (မားဖန်းရောဂါလက္ခဏာစု)
Oct 16, 2025
Diseases and Conditions

Marfan Syndrome (မားဖန်းရောဂါလက္ခဏာစု)

မားဖန်းရောဂါလက္ခဏာစုသည် တွယ်ဆက်တစ်ရှူးများ၏ မျိုးဗီဇပြောင်းလဲမှုကြောင့်...

Kidney Stones (ကျောက်ကပ်ကျောက်တည်ခြင်း)
Oct 16, 2025
Diseases and Conditions

Kidney Stones (ကျောက်ကပ်ကျောက်တည်ခြင်း)

ကျောက်ကပ်ကျောက်တည်ခြင်း၏ အဓိကလက္ခဏာမှာ ခါးအောက်ပိုင်းမှ ပေါင်ခြံသို့ ...

Premature baby (လမစေ့ဘဲမွေးသော မွေးကင်းစကလေး)
Oct 11, 2025
Diseases and Conditions

Premature baby (လမစေ့ဘဲမွေးသော မွေးကင်းစကလေး)

ကိုယ်ဝန်သက် (၃၇) ပတ်မတိုင်ခင် မွေးဖွားလာသော ကလေးကို လမစေ့ဘဲမွေးသော...