Paederus Dermatitis (မီးပိုးကောင်အဆိပ်သင့်ခြင်း)

Paederus Dermatitis (မီးပိုးကောင်အဆိပ်သင့်ခြင်း)

Paederus dermatitis ဆိုသည်မှာ မီးပိုးကောင်ဟု လူသိများသော ကျိုင်းကောင်တစ်မျိုးနှင့် ထိတွေ့မှုကြောင့် ဖြစ်ပွါးသော အရေပြားရောင်ရမ်းခြင်းဖြစ်သည်။ ဤကျိုင်းကောင်သည် ပီဒါရင် (pederin) ဟုခေါ်သော အဆိပ်အတောက်ဖြစ်စေသည့် ဓာတ်ပစ္စည်းတစ်မျိုးကို ထုတ်လွှတ်သည်။ ၎င်းဓာတုပစ္စည်းသည် အရေပြားနှင့်ထိတွေ့ပါက အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်းနှင့် အဖုအပိမ့်ထွက်ခြင်းများ ဖြစ်ပေါ်စေသည်။ ဤအခြေအနေသည် မီးပိုးကောင်အား အရေပြားပေါ်တွင် မတော်တဆ ဖိချေမိခြင်း သို့မဟုတ် မတော်တဆထိတွေ့မိခြင်းကြောင့် ဖြစ်ပွါးလေ့ရှိသည်။

Paederus dermatitis သည် ဤကျိုင်းကောင်ပေါများရာ ဒေသများဖြစ်သော စိုက်ပျိုးခင်းများ သို့မဟုတ် မြက်ပင်ရှည်များရှိသော နေရာများတွင် အများဆုံးတွေ့ရှိရသည်။ ဤအခြေအနေ ဖြစ်ပွါးခြင်းမှ ကာကွယ်ရန် ကျိုင်းကောင်များနှင့် ထိတွေ့ခြင်းကို ရှောင်ရှားရန် အရေးကြီးသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

မီးပိုးကောင်ဟု လူသိများသော ပီဒါရပ်စ် (Paederus) ဟုခေါ်သည့် (Staphylinidae မျိုးရင်းဝင်) ကျိုင်းကောင်တစ်မျိုးနှင့် ထိတွေ့မှုကြောင့် ဖြစ်ပွါးသော အရေပြားရောင်ရမ်းခြင်းတစ်မျိုး ဖြစ်သည်။ ဤပိုးကောင်သည် ကိုက်ခြင်း သို့မဟုတ် တုပ်ခြင်း မရှိပါ။ အရေပြားယားယံခြင်းသည် မီးပိုးကောင်ကို ခြေမွမိခြင်း သို့မဟုတ် အရေပြားပေါ်၌ ပွတ်မိခြင်းတို့ကြောင့်သာဖြစ်သည်။

ထိုသို့ ခြေမွလိုက်ခြင်းသည် ပီဒါရင် (paederin) ခေါ် အဆိပ်အတောက်ပါဝင်သောကိုယ်တွင်းအရည် (toxic hemolymph) ကို ထုတ်လွှတ်စေပြီး ဓာတုယားယံမှု (Irritant Contact Dermatitis) ကို ဖြစ်ပေါ်စေသည်။ ထိတွေ့ပြီးနောက် လက်ကို မဆေးဘဲ အခြားနေရာများ (ဥပမာ _ မျက်လုံး၊ လိင်အင်္ဂါ) ကို ကိုင်တွယ်မိပါက အဆိပ်ပျံ့နှံ့နိုင်သည်။ မီးပိုးကောင်သည် အသက်ရှင်သည်ဖြစ်စေ၊ သေဆုံးသည်ဖြစ်စေ အဆိပ်ဓာတ်ကို ထုတ်လွှတ်နိုင်သောကြောင့် သေနေသော အကောင်ကိုပင် တိုက်ရိုက်ကိုင်တွယ်ခြင်းကို ရှောင်သင့်သည်။

ရောဂါလက္ခဏာများ

ရောဂါလက္ခဏာများသည် ကျိုင်းကောင်နှင့် ထိတွေ့မှုကြာချိန်၊ အဆိပ်ပမာဏ အနည်းအများပေါ် မူတည်၍ ပြင်းထန်မှု ကွာခြားနိုင်သည်။ အဆိပ်ထိတွေ့ပြီး (၁၂)နာရီ မှ (၄၈)နာရီအတွင်း ရောဂါလက္ခဏာများ စတင်ပေါ်ပေါက်လာတတ်သည်။

အဓိကတွေ့ရသော လက္ခဏာများမှာ အရေပြား မီးပူလောင်သကဲ့သို့ ခံစားရခြင်း၊ ယားယံခြင်း၊ နီရဲခြင်း၊ နာကျင်ခြင်းတို့ဖြစ်သည်။ အများအားဖြင့် အရေပြားပေါ်တွင် အနီရောင်အမြှောင်းပုံသဏ္ဌာန် တွေ့ရတတ်ပြီး ရက်အနည်းငယ်အတွင်း အဖုအပိန့်များ၊ အရည်ကြည်ဖုများ ပေါ်လာကာ နောက်ပိုင်းတွင် အရေပြားလန်ခြင်းအထိ ဖြစ်နိုင်သော်လည်း အမာရွတ်ဖြစ်နိုင်ခြေ နည်းသည်။ တစ်ခါတစ်ရံ အနီကွက်အလယ်တွင် အညို‌ရောင်အကွက်များပေါ်ခြင်း၊ မီးလောင်ကွက်ပုံသဏ္ဌာန်ဖြစ်ခြင်း၊ အဆိပ်ဓာတ် ထိတွေ့ပြီးသော အရေပြားနှစ်ခု (ဥပမာ _ တံတောင်ဆစ်ကွေး၊ ပေါင်ခြံ) ထိမိရာမှ တစ်ဖက်နှင့်တစ်ဖက် ကူးစက်သည့် ပုံစံမျိုးဖြစ်ခြင်းများလည်း တွေ့ရတတ်သည်။ ရောဂါလက္ခဏာပြင်းထန်ပါက အ‌ရည်ကြည်ဖုများ ပိုမိုများပြားပြီး ဖျားနာခြင်း၊ အာရုံကြော နာကျင်ခြင်း၊ အဆစ်နာကျင်ခြင်းနှင့် ပျို့အန်ခြင်းများအထိ ဖြစ်နိုင်သည်။

မျက်လုံးနားတစ်ဝိုက်ထိမိပါက မျက်ခွံအရေပြား ရောင်ရမ်းခြင်း (Periorbital Dermatitis) နှင့် မျက်စိနာခြင်း (Conjunctivitis)၊ မျက်ကြည်လွှာရောင်ခြင်း (Keratoconjunctivitis) တို့ ဖြစ်ပေါ်နိုင်သည်။ ၎င်းကို အာဖရိကဒေသတွင် “Nairobi Eye” ဟု ခေါ်ဆိုကြသည်။

အရေပြားအဖုအပိန့်များ ပေါ်ပေါက်သည့်အချိန်မှ ပြန်လည်ကောင်းမွန်သည့်အထိ ပျမ်းမျှကြာချိန်သည် (၁၂)ရက် မှ (၁၅)ရက်ခန့်အထိ ကြာမြင့်နိုင်သည်။

နောက်ဆက်တွဲပြဿနာများ

မီးပိုးကောင် အဆိပ်သင့်ခြင်းသည် များသောအားဖြင့် ရက်သတ္တပတ်အနည်းငယ်အတွင်း သူ့အလိုလို သက်သာပျောက်ကင်းသွားတတ်သော်လည်း အချို့အခြေအနေများတွင် အောက်ပါ နောက်ဆက်တွဲပြဿနာများ ကျန်ရှိနိုင်သည်။

  • အနာကျက်ပြီးနောက် အရေပြားတွင် အညိုရောင်၊ အမည်းရောင်ပြောင်းပြီး ကျန်နိုင်ခြင်း (Post-inflammatory Hyperpigmentation)
  • ဘက်တီးရီးယားပိုးဝင်ခြင်း (Secondary Bacterial Infection)
  • ပြင်းထန်စွာ အရေပြားကွာကျပြီး အနာကြီးများဖြစ်ခြင်း (Severe Ulcerating Dermatitis)
  • မျက်လုံးအတွင်းပိုင်းအထိ ပျံ့နှံ့ပါက ပြင်းထန်သော မျက်ကြည်လွှာ ရောင်ရမ်းခြင်း သို့မဟုတ် ယာယီအမြင်အာရုံထိခိုက်ခြင်းများ ဖြစ်ပေါ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အဆိပ်ထိတွေ့မိသည့်နေရာသည် မျက်နှာ၊ မျက်လုံး သို့မဟုတ် လိင်အင်္ဂါကဲ့သို့သော နူးညံ့သည့်နေရာများဖြစ်လျှင် ဆရာဝန်နှင့် ချက်ချင်းပြသပါ။ အဖုအပိမ့်၊ အနာဖုများ အလွန်ကြီးမားလျှင် သို့မဟုတ် ခန္ဓာကိုယ်အနှံအပြား နေရာများစွာကို ထိမိလျှင်၊ အနာမှပြည်များထွက်ခြင်း၊ ဖျားနာခြင်းစသော ပိုးဝင်သည့်လက္ခဏာများရှိလျှင်၊ ပြင်းထန်စွာ နာကျင်ခြင်း သို့မဟုတ် အလွန်အမင်း ယားယံခြင်းကို အိမ်တွင်ကုသ၍ မသက်သာလျှင် မိသားစုဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ရန် လိုအပ်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

မိသားစုဆရာဝန် သို့မဟုတ် သက်ဆိုင်ရာ အထူးကုဆရာဝန်မှ ‌ရောဂါရာဇဝင် မေးမြန်းခြင်း၊ မီးပိုးကောင်နှင့် ထိတွေ့မှု ရှိမရှိ မေးမြန်းခြင်း၊ အရေပြားအနာပုံစံကို စစ်ဆေးခြင်းတို့ဖြင့် ရောဂါအခြေနေကို သိရှိနိုင်သည်။

ကုသခြင်း

မီးပိုးကောင်အဆိပ်သင့်ခြင်းသည် များသောအားဖြင့် သူ့အလိုလိုသက်သာသည့် အခြေအနေတစ်ခုဖြစ်ပြီး၊ လိုအပ်သောကုသမှုများသည် ရောဂါလက္ခဏာများ သက်သာစေရန်အတွက်သာ အဓိကဖြစ်သည်။

ချက်ချင်းလုပ်ဆောင်ရမည့် ရှေးဦးသူနာပြုစုနည်း

မီးပိုးကောင် ထိတွေ့သည်ဟု သံသယရှိသည်နှင့် ချက်ချင်း ဆပ်ပြာနှင့်ရေ သုံး၍ အရေပြားကို သေချာစွာ ဆေးကြောပါ။ ထိုသို့ပြုလုပ်ခြင်းသည် ပီဒါရင် (Pederin) အဆိပ်ဓာတ်ကို အမြန်ဆုံးဖယ်ရှားရန် အရေးကြီးဆုံးဖြစ်သည်။

ဆေးဖြင့်ကုသခြင်း

ရော‌ဂါလက္ခဏာများ သက်သာစေရန်နှင့် နောက်ဆက်တွဲပြဿနာများ ကုသရန် အောက်ပါဆေးများဖြင့် ကုသနိုင်သည်။

  • ရောင်ရမ်းခြင်း၊ နာကျင်ခြင်းနှင့် ယားယံခြင်းတို့ကို သက်သာစေရန် စတီးရွိုက်လိမ်းဆေးများ (Topical Steroids) ဖြင့်ကုသခြင်း
  • ယားယံခြင်းကို လျှော့ချရန် ဓါတ်မတည့်မှု သက်သာစေသော သောက်ဆေးများ (Oral Antihistamines) သောက်ခြင်း
  • ယားယံမှုကိုသက်သာစေသည့် လိမ်းဆေးများ (Soothing Creams) များ လိမ်းခြင်း
  • အရည်ကြည်ဖုများ ပေါက်ပြဲပြီး ဘက်တီးရီးယားပိုး ထပ်မံဝင်ရောက်ပါက ပိုးသတ်လိမ်းဆေး (သို့မဟုတ်) သောက်ဆေးများ (Antibiotics) ဖြင့် ကုသခြင်း
ကာကွယ်ခြင်း

မီးပိုးကောင်အဆိပ်သင့်ခြင်းကို ကာကွယ်ရန် အဓိကနည်းလမ်းမှာ မီးပိုးကောင်နှင့် ထိတွေ့ခြင်းမှ ရှောင်ရှားရန်ဖြစ်သည်။

  • မီးပိုးကောင်များသည် အလင်းရောင်ကို နှစ်သက်သောကြောင့် ညဖက်တွင် မလိုအပ်သောမီးများကို ပိတ်ထားသင့်သည်
  • ညဘက် မီးမဖွင့်မီ တံခါးနှင့် ပြတင်းပေါက်များကို ပိတ်ထားသင့်သည်
  • အိပ်သည့်အခါ ပိုးလုံခြုံသည့် ခြင်ထောင် အသုံးပြု၍ အိပ်စက်ပါ
  • ပြတင်းပေါက်နှင့် တံခါးများတွင် ပိုးလုံဇကာ (Screens) များ တပ်ဆင်ပါ
  • ပိုးသတ်ဆေးဖြန်းခြင်း၊ အိမ်နီးနားတစ်ဝိုက်ရှိ အပင်ငယ်များ သို့မဟုတ် ချုံနွယ်ပိတ်ပေါင်းများကို ရှင်းလင်းခြင်းဖြင့် ပိုးကောင်အရေအတွက်ကို လျှော့ချနိုင်သည်
  • အရေပြားပေါ်သို့ ကျရောက်လာသော မီးပိုးကောင်ကို လက်ဖြင့်ဖိချေခြင်းမပြုဘဲ မှုတ်ထုတ်ခြင်း သို့မဟုတ် စက္ကူဖြင့် ညင်သာစွာ ခါချခြင်း ပြုလုပ်ပါ
  • မီးပိုးကောင်ဟု သံသယရှိသည့် အကောင်ကို ကိုင်တွယ်မိပါက လက်နှင့်အရေပြားကို ဆပ်ပြာနှင့်ရေ အသုံးပြု၍ ချက်ချင်း ဆေးကြောပါ။

References:

  1. Choden, P., et al. (2023). Clinical description and treatment outcomes of Paederus dermatitis in Phuentsholing, Bhutan in 2021: A cross-sectional study. Retrieved September 6, 2025, from https://pmc.ncbi.nlm.nih.gov/articles/PMC10395627/pdf/SKI2-3-e223.pdf
  2. Sutikno, T., et al. (n.d.). Clinical manifestations of Paederus dermatitis: A retrospective cohort study in a tropical country. Retrieved September 6, 2025, from http://www.jmatonline.com/PDF/639-642-PB-13349.pdf#:~:text=Paederus%20dermatitis%20(PD)%2C%20or,2%2C3%2C13
  3. Gürbüz, O., et al. (2016). Clinical and epidemiological features of Paederus dermatitis among nut farm workers in Turkey. Retrieved September 6, 2025, from https://pubmed.ncbi.nlm.nih.gov/27879459/
  4. Jain, R., & Sharma, S. (2021). Paederus dermatitis: A severe reaction to Charlie’s kiss. Retrieved September 6, 2025, from https://www.researchgate.net/publication/348943291_Paederus_Dermatitis_A_severe_reaction_to_Charlie’s_kiss
  5. Karthikeyan, K., & Kumar, A. (2017). Paederus dermatitis. Indian Journal of Dermatology, Venereology and Leprology, 83(4), 424–426. Retrieved September 6, 2025, from https://ijdvl.com/content/126/2017/83/4/Images/ijdvl_2017_83_4_424_198441.pdf
  6. Ngoy, P. M., et al. (n.d.). Paederus dermatitis among Monusco peacekeepers: About 52 cases and review of the literature. Retrieved September 6, 2025, from https://clinmedjournals.org/articles/ijdrt/journal-of-dermatology-research-and-therapy-ijdrt-7-101.php?jid=ijdrt
  7. Siripoom, S., et al. (2015). Case report on ophthalmic manifestations of Paederus dermatitis. Retrieved September 6, 2025, from https://www.tm.mahidol.ac.th/seameo/2015-46-1/03-MS32-20144.pdf
  8. Medicover Hospitals. (n.d.). Paederus dermatitis. Retrieved September 6, 2025, from https://www.medicoverhospitals.in/diseases/paederus-dermatitis/
  9. HiDocDr. (n.d.). Paederus dermatitis. Retrieved September 6, 2025, from https://hidocdr.com/articles-details.php?artId=3522d5c5-ab2a-4145-8c7f-61f91d71135b

Published: 10 October 2025

.indent-top{padding-top: 30px;} .indent-bottom{padding-bottom: 30px;}

Share

10 October 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
Addiction (စွဲလမ်းမှု)
Oct 21, 2025
Diseases and Conditions

Addiction (စွဲလမ်းမှု)

စွဲလမ်းမှု (Addiction) ဆိုသည်မှာ ကာယကံရှင်၏ ဘဝအပေါ် ဆိုးကျိုးများ...

Trigger finger (လက်ချောင်း အကြောညပ်ခြင်း)
Oct 21, 2025
Diseases and Conditions

Trigger finger (လက်ချောင်း အကြောညပ်ခြင်း)

လက်ချောင်းအကြောညပ်ခြင်းသည် အသက်အရွယ်ကြီးသူများနှင့် လက်ကို...

Halitosis (Bad breath) (ခံတွင်းနံ့ဆိုးခြင်း)
Oct 17, 2025
Diseases and Conditions

Halitosis (Bad breath) (ခံတွင်းနံ့ဆိုးခြင်း)

ခံတွင်းနံ့ဆိုးခြင်း (Halitosis) သည် ယေဘုယျအားဖြင့် ခံတွင်းသန့်ရှင်းမှု...