ခြေဖဝါးပြားခြင်း (Pes Planus/Flat feet) ဆိုသည်မှာ ခြေဖဝါးတစ်ဖက် သို့မဟုတ် နှစ်ဖက်စလုံးတွင် ခြေဖဝါးခုံး (Arch of Foot) ကောင်းစွာမဖွံ့ဖြိုးခြင်း သို့မဟုတ် ရှိပြီးသား ခြေဖဝါးခုံး နိမ့်ဆင်းပြားသွားခြင်းကို ခေါ်ဆိုသည်။ မတ်တပ်ရပ်၍ ကိုယ်အလေးချိန် ခြေထောက်ပေါ် သက်ရောက်လာသောအခါ ခြေဖဝါး အတွင်းဘက်ရှိ ခြေဖဝါးခုံး နိမ့်ဆင်းပြီး ကြမ်းပြင်နှင့် ပိုမိုထိကပ်လာသည်။ အချို့သူများတွင် ခြေဖနောင့် အပြင်ဘက်သို့ အနည်းငယ်စောင်းခြင်းနှင့် ခြေဖဝါးရှေ့ပိုင်း အပြင်ဘက်သို့ လှည့်ထွက်ခြင်းတို့ကိုပါ တွေ့ရနိုင်သည်။
မွေးကင်းစကလေးများနှင့် ကလေးငယ်များတွင် ခြေဖဝါးပြားသကဲ့သို့ မြင်ရခြင်းသည် ပုံမှန်ဖြစ်သည်။ ယင်းမှာ ခြေဖဝါးခုံး မဖွံ့ဖြိုးသေးခြင်းနှင့် ခြေဖဝါးအောက်ရှိ အဆီအလွှာ ပိုမိုထူထဲနေခြင်းတို့ကြောင့်ဖြစ်သည်။ ကလေး လမ်းလျှောက်တတ်လာပြီး ကြီးပြင်းလာသည်နှင့်အမျှ အရိုး၊ အဆစ်၊ ကြွက်သားနှင့် အရွတ်ကြောများ ဖွံ့ဖြိုးလာကာ ခြေဖဝါးခုံးသည် တဖြည်းဖြည်း ပိုမိုထင်ရှားလာတတ်သည်။ ကလေးအများစုတွင် အသက် ၅ နှစ် မှ ၆ နှစ်ဝန်းကျင်အထိ ခြေဖဝါးပြားသကဲ့သို့ မြင်ရနိုင်ပြီး ခြေဖဝါးခုံး၏ ဖွံ့ဖြိုးမှုသည် ကလေးဘဝနှင့် ဆယ်ကျော်သက်အစောပိုင်းအထိ ဆက်လက်ဖြစ်ပေါ်နိုင်သည်။
ခြေဖဝါးခုံးများသည် မတ်တပ်ရပ်ခြင်း၊ လမ်းလျှောက်ခြင်းနှင့် ပြေးခြင်းတို့တွင် ခြေဖဝါးကို တည်ငြိမ်စေရန်နှင့် ခန္ဓာကိုယ်အလေးချိန်၊ လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာသော ဖိအားများကို မျှတစွာ ဖြန့်ဝေပေးရန် အရေးပါသည်။ ခြေဖဝါးခုံးများကို အရိုးများ၊ အဆစ်များ၊ အရွတ်များ၊ အရွတ်ကြောများနှင့် ကြွက်သားများက ပူးပေါင်းထောက်ပံ့ထားပြီး အောက်ပါလုပ်ဆောင်ချက်များကို ကူညီပေးသည်။
- လမ်းလျှောက်ခြင်းနှင့် ပြေးခြင်းတွင် ရိုက်ခတ်မှုဒဏ်ကို စုပ်ယူလျှော့ချပေးခြင်း
- လှုပ်ရှားရာတွင် စွမ်းအင်ကို ထိန်းသိမ်းပြီး ပြန်လည်အသုံးချနိုင်ရန် ကူညီခြင်း
- မညီညာသော မြေမျက်နှာပြင်များနှင့် ခြေဖဝါးကို လိုက်လျောညီထွေဖြစ်စေခြင်း
- ကိုယ်အလေးချိန်နှင့် ဖိအားကို ခြေဖဝါးတစ်လျှောက် မျှတစွာ ဖြန့်ဝေပေးခြင်း
ခြေဖဝါးပြားခြင်းသည် ကလေးဘဝမှစ၍ ခြေဖဝါးခုံး ကောင်းစွာမဖွံ့ဖြိုးခြင်းကြောင့် ဖြစ်နိုင်သကဲ့သို့ ယခင်က ပုံမှန်ခြေဖဝါးခုံးရှိခဲ့သူများတွင်လည်း နောက်ပိုင်းအသက်အရွယ်၌ ခြေဖဝါးခုံး ပြားဆင်းသွားခြင်း ဖြစ်နိုင်သည်။ ယင်းကို နောက်ပိုင်းမှဖြစ်သော ခြေဖဝါးပြားခြင်း (Acquired Flatfoot/Fallen Arches) ဟု ခေါ်သည်။
အရွယ်ရောက်သူများတွင် နောက်ပိုင်းမှ ခြေဖဝါးပြားလာခြင်းသည် ခြေဖဝါးခုံးကို အဓိကထောက်ပံ့ပေးသည့် ခြေကျင်းဝတ်အတွင်းဘက်အရွတ်ကြော (Posterior Tibialis Tendon) အားနည်းခြင်း သို့မဟုတ် ပျက်စီးခြင်း၊ အရွတ်များ လျော့ရဲလာခြင်း၊ အဆစ်များ ယိုယွင်းပျက်စီးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းနှင့် အခြားအရိုးအဆစ်ဆိုင်ရာ အခြေအနေများကြောင့် ဖြစ်ပေါ်နိုင်သည်။
ခြေဖဝါးပြားခြင်း အမျိုးအစားများ
ခြေဖဝါးပြားခြင်းကို ဖြစ်ပေါ်ပုံ၊ ခြေဖဝါးခုံး ပြန်ပေါ်လာနိုင်မှုနှင့် အရင်းခံအကြောင်းရင်းများပေါ် မူတည်၍ အဓိကအားဖြင့် အောက်ပါအမျိုးအစားများခွဲခြားနိုင်သည်။
- ကွေးဆန့်ရလွယ်ကူသော ခြေဖဝါးပြားခြင်း (Flexible Flatfoot)
- ကလေးများတွင် အများဆုံးတွေ့ရသော အမျိုးအစားဖြစ်သည်
- ထိုင်နေစဉ်၊ ခြေထောက်ပေါ် ကိုယ်အလေးချိန်မတင်ထားစဉ် သို့မဟုတ် ခြေဖျားထောက်၍ ရပ်နေစဉ် ခြေဖဝါးခုံးကို မြင်တွေ့ရသော်လည်း မတ်တပ်ရပ်၍ ကိုယ်အလေးချိန်တင်လိုက်သောအခါ ခြေဖဝါးခုံး ပြားဆင်းသွားတတ်သည်
- နာကျင်မှုမရှိသော Flexible Flatfoot သည် အများအားဖြင့် ကလေးဖွံ့ဖြိုးမှု၏ ပုံမှန်အခြေအနေတစ်ခုဖြစ်ပြီး အသက်ကြီးလာသည်နှင့်အမျှ ခြေဖဝါးခုံး ပိုမိုထင်ရှားလာနိုင်သည်
- လက္ခဏာမရှိပါက အထူးကုသမှုမလိုအပ်ဘဲ စောင့်ကြည့်ရန်သာ လိုအပ်သည်
- တောင့်တင်းသော ခြေဖဝါးပြားခြင်း (Rigid Flatfoot)
- ကိုယ်အလေးချိန်တင်ထားသည်ဖြစ်စေ၊ မတင်ထားသည်ဖြစ်စေ၊ ထိုင်နေစဉ် သို့မဟုတ် ခြေဖျားထောက်၍ ရပ်နေစဉ်တွင်ပင် ခြေဖဝါးခုံး ပြန်မပေါ်လာသော အခြေအနေဖြစ်သည်
- ခြေဖဝါးနှင့် ခြေကျင်းဝတ် လှုပ်ရှားမှုများလည်း ကန့်သတ်နိုင်ပြီး နာကျင်မှု၊ တောင့်တင်းမှု သို့မဟုတ် လမ်းလျှောက်ပုံပြောင်းလဲမှုတို့ ဖြစ်ပေါ်နိုင်သည်
- မွေးရာပါ အရိုးဖွဲ့စည်းပုံ မမှန်ခြင်း၊ ခြေဖဝါးအရိုးနှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသော အရိုးများ ပုံမှန်မဟုတ်ဘဲ ဆက်နေခြင်း (Tarsal Coalition) သို့မဟုတ် အခြားအရိုးအဆစ်ဆိုင်ရာ ပြဿနာများနှင့် ဆက်စပ်နိုင်သဖြင့် ဆက်လက်စစ်ဆေးအကဲဖြတ်ရန် လိုအပ်သည်
- မွေးရာပါ ခြေဖဝါးပြားခြင်း (Congenital Flatfoot)
- မွေးကင်းစကတည်းက ခြေဖဝါး၏ အရိုးနှင့် အဆစ်ဖွဲ့စည်းပုံ ပုံမှန်မဟုတ်ခြင်းကြောင့် ခြေဖဝါးခုံး ပုံမှန်ဖွံ့ဖြိုးမလာသည့် အခြေအနေဖြစ်သည်
- မွေးရာပါ ခြေကျင်းဝတ်အရိုး အနေအထားလွဲခြင်း (Vertical Talus) ကဲ့သို့သော အခြေအနေများတွင် တွေ့နိုင်ပြီး အချို့ကလေးများတွင် ခြေဖဝါးတောင့်တင်းမှုနှင့် ပုံသဏ္ဌာန်ပြောင်းလဲမှုတို့လည်း တွဲဖက်ရှိနိုင်သည်
- နောက်ပိုင်းမှဖြစ်သော ခြေဖဝါးပြားခြင်း (Acquired Flatfoot / Fallen Arches)
- ယခင်က ပုံမှန်ခြေဖဝါးခုံး ရှိခဲ့ပြီးနောက် အသက်ကြီးလာခြင်း၊ အရွတ်ကြောများ အားနည်းခြင်း သို့မဟုတ် စုတ်ပြဲခြင်း၊ အဆစ်များ ယိုယွင်းပျက်စီးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် အခြားကျန်းမာရေးအခြေအနေများကြောင့် ခြေဖဝါးခုံး တဖြည်းဖြည်း သို့မဟုတ် ရုတ်တရက် ပြားဆင်းလာခြင်းဖြစ်သည်
- အရွယ်ရောက်သူများတွင် ခြေဖဝါးခုံးကို အဓိကထောက်ပံ့ပေးသော ခြေကျင်းဝတ်အတွင်းဘက်အရွတ်ကြော (Posterior Tibialis Tendon) ချို့ယွင်းခြင်းသည် အရေးကြီးသော အကြောင်းရင်းတစ်ခုဖြစ်သည်
အထူးသဖြင့် ကလေးများတွင် နာကျင်မှုမရှိသော Flexible Flatfoot နှင့် နာကျင်မှု၊ တောင့်တင်းမှု သို့မဟုတ် ခြေဖဝါးပုံသဏ္ဌာန် မမှန်ခြင်းတို့ တွဲဖက်ရှိနိုင်သော Rigid Flatfoot ကို ခွဲခြားသိရှိရန် အရေးကြီးသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
- မွေးရာပါ အကြောင်းရင်းများ (Congenital causes)
မျိုးဗီဇကြောင့် ခြေဖဝါးခုံးဖြစ်ပေါ်မှုကို ထိခိုက်စေသည့် ရောဂါအခြေအနေများမှာ_- စီပီရောဂါ (Cerebral palsy)
- မွေးရာပါခြေထောက်ခွင်ခြင်း (Clubfoot)
- မွေးရာပါ ခြေကျင်းဝတ်အရိုး အနေအထားလွဲခြင်း (Vertical talus or rocker-bottom foot)
- ဒေါင်းရောဂါစု (Down syndrome)
- မားဖန်းရောဂါလက္ခဏာစု (Marfan Syndrome)
- အာလာဒန်းလော့ ရောဂါလက္ခဏာစု (Ehlers-Danlos Syndrome)
- နောက်ပိုင်းမှဖြစ်သော အကြောင်းရင်းများ (Acquired causes)
- ခြေကျင်းဝတ် အတွင်းဘက်အရွတ်ကြောချို့ယွင်းခြင်း (Posterior tibial tendon dysfunction)
- အများဆုံးဖြစ်ပွားရသော အကြောင်းရင်းဖြစ်သည်
- နာတာရှည် အကြောရောင်ခြင်းကြောင့် ခြေဖဝါးခုံးကို ထောက်ကူပေးထားသည့် အရွတ်ကြော ထိခိုက်သွားခြင်းဖြစ်သည်
- ဆီးချိုရောဂါကြောင့် အာရုံကြော ထိခိုက်ပြီး ခြေဖဝါးအရိုးများနှင့် အဆစ် ပျက်စီးသွားခြင်း(Charcot foot) ကြောင့် ခြေဖဝါးပြားနိုင်သည်
- အဆစ်အမြစ်ရောင် ရောဂါ (Arthritis)
- ခြေဆစ်များ ရောင်ရမ်းပြီး ပုံစံပျက်ယွင်းကာ ခြေဖဝါးခုံးကို ထိခိုက်စေသည်
- ဒဏ်ရာရရှိခြင်း
- ခြေဖဝါးအရိုးကျိုးခြင်း သို့မဟုတ် အကြောဒဏ်ရာရခြင်းများကြောင့်ဖြစ်သည်
- ခြေထောက်ကြွက်သားကြောများ ပြဲထွက်ခြင်းကြောင့် ခြေဖဝါးခုံးများ ရုတ်တရက် လျှော့ကျသွားပြီး ခြေဖဝါးပြားခြင်း ဖြစ်ပွားနိုင်သည်
- ခြေကျင်းဝတ် အတွင်းဘက်အရွတ်ကြောချို့ယွင်းခြင်း (Posterior tibial tendon dysfunction)
ဖြစ်ပွါးနိုင်ခြေများသူများ
ခြေဖဝါးပြားခြင်း ဖြစ်ပွားနိုင်ခြေကို မြင့်မားစေသည့် အချက်များမှာ_
- အဝလွန်ခြင်း
- ခြေထောက် သို့မဟုတ် ခြေကျင်းဝတ် ဒဏ်ရာရရှိခြင်း
- လေးဘက်နာ အဆစ်ရောင်ရောဂါ (Rheumatoid arthritis)
- အသက်အရွယ်ကြီးရင့်လာခြင်း
- ဆီးချိုရောဂါ
- မိသားစုတွင် ခြေပြားသည့် ရာဇဝင်ရှိခြင်း
- မျိုးဗီဇဆိုင်ရာ အခြေအနေများ
ရောဂါလက္ခဏာများ
လူအများစုတွင် ခြေဖဝါးပြားခြင်းကြောင့် နာကျင်မှု သို့မဟုတ် အခြားရောဂါလက္ခဏာများ မရှိတတ်ပါ။ သို့သော် အချို့သူများတွင် ခြေဖဝါး၏ အနေအထားနှင့် လမ်းလျှောက်ပုံ ပြောင်းလဲခြင်းကြောင့် ခြေဖဝါး၊ ခြေကျင်းဝတ်နှင့် ခြေထောက်တစ်လျှောက် ဖိအားသက်ရောက်ပုံ ပြောင်းလဲကာ အောက်ပါလက္ခဏာများ ဖြစ်ပေါ်နိုင်သည်။
- လှုပ်ရှားမှုများ ပြုလုပ်ပြီးနောက် ခြေဖဝါး၊ အထူးသဖြင့် ခြေဖဝါးခုံးနှင့် ခြေကျင်းဝတ်အတွင်းဘက်တစ်လျှောက် နာကျင်ခြင်း သို့မဟုတ် ညောင်းညာခြင်း
- အချိန်ကြာကြာ မတ်တပ်ရပ်ခြင်း၊ လမ်းလျှောက်ခြင်း သို့မဟုတ် ပြေးခြင်းတို့ ပြုလုပ်ပြီးနောက် နာကျင်မှု ပိုမိုဖြစ်ပေါ်ခြင်း
- ခြေဖဝါး သို့မဟုတ် ခြေကျင်းဝတ် တောင့်တင်းခြင်းနှင့် လှုပ်ရှားရခက်ခဲခြင်း
- ခြေဖျားထောက်၍ မတ်တပ်ရပ်ခြင်း သို့မဟုတ် လမ်းလျှောက်စဉ် ခြေထောက်ဖြင့် ကန်ထွက်ခြင်း (Push-off) ပြုလုပ်ရာတွင် အားနည်းသကဲ့သို့ ခံစားရခြင်း
- ဖိနပ်အောက်ခံများ မညီမညာ ပြုန်းတီးခြင်း
- လမ်းလျှောက်ပုံ ပြောင်းလဲခြင်း သို့မဟုတ် လှုပ်ရှားမှုများ ပြုလုပ်ရာတွင် အခက်အခဲရှိခြင်း
နောက်ဆက်တွဲပြဿနာများ
နာကျင်မှုမရှိသော ခြေဖဝါးပြားခြင်းသည် အများအားဖြင့် နောက်ဆက်တွဲပြဿနာများ မဖြစ်စေပါ။ သို့သော် ရောဂါအခံရှိသော သို့မဟုတ် ပိုမိုပြင်းထန်သော ခြေဖဝါးပြားခြင်းတွင် ခြေဖဝါးနှင့် ခြေထောက်ပေါ် ဖိအားသက်ရောက်ပုံ ပြောင်းလဲခြင်းကြောင့် အောက်ပါပြဿနာများ ဖြစ်ပေါ်နိုင်သည်။
- ခြေဖဝါး သို့မဟုတ် ခြေကျင်းဝတ်တွင် နာတာရှည်နာကျင်ခြင်း
- လမ်းလျှောက်ဟန်နှင့် ခြေထောက်အနေအထား ပြောင်းလဲခြင်း
- ခြေမစောင်းခြင်း (Bunions) သို့မဟုတ် ခြေချောင်းပုံစံပျက်ခြင်း (Hammertoes) ကဲ့သို့သော ခြေဖဝါးပုံသဏ္ဌာန် ပြောင်းလဲမှုများ ဖြစ်ပေါ်နိုင်ခြင်း
- ခြေဖဝါးနှင့် ခြေကျင်းဝတ်ရှိ အရွတ်ကြောများနှင့် အခြားတစ်ရှူးများအပေါ် ဖိအားပိုမိုသက်ရောက်ခြင်း
- အချို့သူများတွင် ဒူး၊ တင်ပါး သို့မဟုတ် ခါးအောက်ပိုင်း နာကျင်မှုများ တွဲဖက်ဖြစ်ပေါ်နိုင်ခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်
ခြေဖဝါးပြားခြင်းရှိသူအများစုတွင် နာကျင်မှု သို့မဟုတ် နေ့စဉ်လှုပ်ရှားမှုကို ထိခိုက်စေသော လက္ခဏာများ မရှိပါက ကုသမှုမလိုအပ်ဘဲ စောင့်ကြည့်နိုင်သည်။ သို့သော် အောက်ပါအခြေအနေများရှိပါက ဆရာဝန်နှင့် ပြသစစ်ဆေးသင့်သည်။
- ခြေဖဝါး သို့မဟုတ် ခြေကျင်းဝတ်တွင် နာကျင်မှု ဆက်တိုက်ဖြစ်ပေါ်ခြင်း
- နာကျင်မှုကြောင့် လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ အားကစားပြုလုပ်ခြင်း သို့မဟုတ် နေ့စဉ်လှုပ်ရှားမှုများ ထိခိုက်လာခြင်း
- ခြေဖဝါး သို့မဟုတ် ခြေကျင်းဝတ် တောင့်တင်းပြီး လှုပ်ရှားမှုကန့်သတ်လာခြင်း
- ခြေဖဝါးပုံသဏ္ဌာန် သို့မဟုတ် လမ်းလျှောက်ပုံ သိသိသာသာ ပြောင်းလဲလာခြင်း
- ယခင်က ခြေဖဝါးခုံးရှိခဲ့သော်လည်း နောက်ပိုင်းတွင် ခြေဖဝါးတစ်ဖက် သို့မဟုတ် နှစ်ဖက်စလုံး ရုတ်တရက် သို့မဟုတ် တဖြည်းဖြည်း ပြားလာခြင်း
- ကလေးတွင် ခြေဖဝါးပြားခြင်းနှင့်အတူ နာကျင်မှု၊ တောင့်တင်းမှု၊ လှုပ်ရှားမှုကန့်သတ်မှု သို့မဟုတ် လမ်းလျှောက်ရာတွင် အခက်အခဲရှိခြင်း
လိုအပ်ပါက အရိုးအထူးကုဆရာဝန် (Orthopedic Surgeon) သို့မဟုတ် ခြေထောက်ဆိုင်ရာ အထူးကုဆရာဝန် (Podiatrist) ထံသို့ ဆက်လက်ညွှန်းပို့ စစ်ဆေးနိုင်သည်။
အရေးပေါ်ပြသရန်
ခြေဖဝါးပြားခြင်းကိုယ်တိုင်သည် ပုံမှန်အားဖြင့် အရေးပေါ်အခြေအနေ မဟုတ်ပါ။ သို့သော် ခြေဖဝါးပြားခြင်းရှိသူတွင် အောက်ပါလက္ခဏာများ ရုတ်တရက် ဖြစ်ပေါ်လာပါက ခြေဖဝါးပြားခြင်းကြောင့်သာဟု မယူဆဘဲ အခြားပြင်းထန်သော အကြောင်းရင်းများ ရှိမရှိ အရေးပေါ်စစ်ဆေးရန် လိုအပ်နိုင်သည်။
- ခြေဖဝါး၊ ခြေကျင်းဝတ် သို့မဟုတ် ခြေထောက်တွင် ရုတ်တရက် ပြင်းထန်စွာ နာကျင်ခြင်း သို့မဟုတ် ရောင်ရမ်းခြင်း
- လမ်းမလျှောက်နိုင်ခြင်း သို့မဟုတ် ခြေထောက်ပေါ်၌ မိမိ၏ကိုယ်အလေးချိန် မထမ်းထားနိုင်ခြင်း
- ဖျားခြင်း သို့မဟုတ် နေမကောင်းသည့် လက္ခဏာများနှင့်အတူ ခြေထောက်နာကျင်ခြင်း၊ ရောင်ရမ်းခြင်း သို့မဟုတ် ထော့နဲ့ထော့နဲ့ လမ်းလျှောက်ခြင်းများ ရုတ်တရက်ဖြစ်ပေါ်လာခြင်း
- ခြေဖဝါး သို့မဟုတ် ခြေကျင်းဝတ်တွင် ပြင်းထန်သော ထိခိုက်ဒဏ်ရာ ရရှိထားခြင်းနှင့်အတူ နာကျင်မှု၊ ရောင်ရမ်းမှု သို့မဟုတ် ခြေထောက်ပေါ် အားမပြုနိုင်ခြင်း
ရောဂါရှာဖွေခြင်း
ခြေဖဝါးပြားခြင်းကို အဓိကအားဖြင့် ရောဂါရာဇဝင်မေးမြန်းခြင်းနှင့် ကိုယ်လက်စမ်းသပ်စစ်ဆေးခြင်းတို့ဖြင့် ရောဂါရှာဖွေနိုင်ပြီး လူတိုင်းတွင် ပုံရိပ်ဖော်စစ်ဆေးမှုများ ပြုလုပ်ရန် မလိုအပ်ပါ။
ဆရာဝန်သည် ခြေဖဝါးပြားခြင်း စတင်ဖြစ်ပေါ်သည့်အချိန်၊ နာကျင်မှုနှင့် အခြားလက္ခဏာများ၊ ယခင်ထိခိုက်ဒဏ်ရာရရှိမှုနှင့် အခြားကျန်းမာရေးအခြေအနေများကို မေးမြန်းမည်ဖြစ်သည်။ ထို့နောက် မတ်တပ်ရပ်နေစဉ်နှင့် ထိုင်နေစဉ် ခြေဖဝါးခုံး၏ ပုံသဏ္ဌာန်၊ ခြေဖနောင့်နှင့် ခြေကျင်းဝတ်အနေအထား၊ အဆစ်လှုပ်ရှားနိုင်မှုနှင့် လမ်းလျှောက်ပုံတို့ကို စစ်ဆေးမည်ဖြစ်သည်။ ခြေဖျားထောက်၍ ရပ်စေခြင်းကဲ့သို့သော စမ်းသပ်မှုများဖြင့် ခြေဖဝါးခုံး ပြန်ပေါ်လာခြင်း ရှိမရှိကို စစ်ဆေးကာ ကွေးဆန့်ရလွယ်ကူသော ခြေဖဝါးပြားခြင်း (Flexible Flatfoot) နှင့် တောင့်တင်းသော ခြေဖဝါးပြားခြင်း (Rigid Flatfoot) တို့ကို ခွဲခြားအကဲဖြတ်နိုင်သည်။
နာကျင်မှုရှိခြင်း၊ ခြေဖဝါးတောင့်တင်းခြင်း၊ ပုံသဏ္ဌာန်သိသိသာသာ ပြောင်းလဲခြင်း သို့မဟုတ် အရင်းခံအရိုး၊ အဆစ်နှင့် အရွတ်ကြောဆိုင်ရာ ပြဿနာကို သံသယရှိပါက အောက်ပါပုံရိပ်ဖော်စစ်ဆေးမှုများကို လိုအပ်သလို ပြုလုပ်နိုင်သည်။
- ဓာတ်မှန်ရိုက်ခြင်း (X-ray) – ခြေဖဝါးနှင့် ခြေကျင်းဝတ်ရှိ အရိုးများ၊ အဆစ်များနှင့် ခြေဖဝါးအနေအထားကို စစ်ဆေးနိုင်သည်၊ လိုအပ်ပါက မတ်တပ်ရပ်၍ ကိုယ်အလေးချိန် ထမ်းထားစဉ် ဓာတ်မှန်ရိုက်ခြင်း (Weight-bearing X-ray) ဖြင့် ခြေဖဝါး၏ ဖွဲ့စည်းပုံနှင့် အနေအထားကို ပိုမိုတိကျစွာ အကဲဖြတ်နိုင်သည်
- ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (CT Scan) – အရိုးဖွဲ့စည်းပုံကို ပိုမိုအသေးစိတ်ကြည့်ရှုနိုင်ပြီး တောင့်တင်းသော ခြေဖဝါးပြားခြင်းတွင် ခြေဖဝါးအရိုးများ ပုံမှန်မဟုတ်စွာ ဆက်နေခြင်း (Tarsal Coalition) ကဲ့သို့သော အခြေအနေများကို စစ်ဆေးရန် အသုံးဝင်သည်
- အာထရာဆောင်းရိုက်ခြင်း (Ultrasound) – ခြေဖဝါးနှင့် ခြေကျင်းဝတ်ရှိ အရွတ်ကြောများနှင့် အခြားအပျော့စားတစ်ရှူးများကို စစ်ဆေးနိုင်ပြီး အထူးသဖြင့် ခြေကျင်းဝတ်အတွင်းဘက်အရွတ်ကြော (Posterior Tibialis Tendon) ထိခိုက်မှုကို အကဲဖြတ်ရာတွင် အသုံးဝင်နိုင်သည်
- သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI) – အရွတ်ကြောများ၊ အရွတ်များ၊ အရိုးနုနှင့် အခြားအပျော့စားတစ်ရှူးများကို အသေးစိတ်စစ်ဆေးနိုင်ပြီး အရွတ်ကြောထိခိုက်မှု၊ Tarsal Coalition သို့မဟုတ် အခြားဖွဲ့စည်းပုံဆိုင်ရာ ပြဿနာများကို သံသယရှိသည့်အခါ အသုံးပြုနိုင်သည်
ကုသခြင်း
ခြေဖဝါးပြားခြင်းရှိသူအများစု (အထူးသဖြင့် နာကျင်မှုမရှိသော ကွေးဆန့်ရလွယ်ကူသော ခြေဖဝါးပြားခြင်း – Flexible Flatfoot ရှိသည့် ကလေးများ) တွင် အထူးကုသမှု မလိုအပ်ပါ။ ခြေဖဝါးပြားခြင်းသည် ကလေးဖွံ့ဖြိုးမှုတွင် ပုံမှန်တွေ့ရနိုင်ကြောင်း မိဘများအား ရှင်းပြ၍ နှစ်သိမ့်ဆွေးနွေးခြင်းနှင့် စောင့်ကြည့်ခြင်းသာ လိုအပ်သည်။ သို့သော်နာကျင်မှု၊ လှုပ်ရှားမှုခက်ခဲလာခြင်း သို့မဟုတ် နေ့စဉ်လုပ်ငန်းများ ထိခိုက်မှုရှိပါက ရောဂါလက္ခဏာနှင့် အရင်းခံအကြောင်းရင်းပေါ်မူတည်၍ ကုသမှုခံယူရန် လိုအပ်နိုင်သည်။
ကုသမှု၏ အဓိကရည်ရွယ်ချက်မှာ ခြေဖဝါးခုံးကို ပုံမှန်ပုံသဏ္ဌာန်ဖြစ်အောင် အတင်းအကျပ်ပြုပြင်ရန်မဟုတ်ဘဲ နာကျင်မှုနှင့် မသက်မသာဖြစ်မှုကို လျှော့ချရန်၊ ခြေဖဝါး၏ လုပ်ဆောင်နိုင်စွမ်းကို ကောင်းမွန်စေရန်နှင့် အရင်းခံပြဿနာရှိပါက ကုသရန်ဖြစ်သည်။
ခွဲစိတ်ရန်မလိုသော ကုသမှုနည်းလမ်းများ
နာကျင်မှုလက္ခဏာရှိသော ခြေဖဝါးပြားခြင်းတွင် အောက်ပါကုသမှုများကို လိုအပ်သလို အသုံးပြုနိုင်သည်။
- ခြေခုံးအထောက်အကူပြုပစ္စည်းများ (Arch Supports)
- ဖိနပ်အတွင်း ထည့်သွင်းအသုံးပြုသော ခြေခုံးအထောက်အကူပြုပစ္စည်းများသည် အချို့သူများတွင် ခြေဖဝါးကို ပိုမိုထောက်ပံ့ပေးပြီး နာကျင်မှုနှင့် မသက်မသာဖြစ်မှုကို လျှော့ချပေးနိုင်သည်။ သို့သော် အထူးသဖြင့် ကလေးများတွင် ယင်းပစ္စည်းများသည် ခြေဖဝါးခုံးကို အမြဲတမ်းပြန်လည်ဖွံ့ဖြိုးစေခြင်း သို့မဟုတ် ခြေဖဝါးပြားခြင်းကို ပျောက်ကင်းစေခြင်း မရှိပါ။
- သင့်လျော်သော ဖိနပ်များ စီးခြင်း
- ခြေဖဝါးနှင့် ခြေကျင်းဝတ်ကို ကောင်းစွာထောက်ပံ့ပေးပြီး သက်သောင့်သက်သာရှိသော ဖိနပ်များကို ရွေးချယ်စီးခြင်းသည် လှုပ်ရှားချိန်တွင် ဖြစ်ပေါ်သော နာကျင်မှုကို လျှော့ချနိုင်သည်။
- ကြွက်သားဆန့် လေ့ကျင့်ခန်းများ (Stretching Exercises)
- ခြေဖဝါးပြားသူအချို့တွင် ဖနောင့်ကြော (Achilles Tendon) တင်းကျပ်ခြင်း သို့မဟုတ် တိုခြင်းရှိနိုင်သဖြင့် ဖနောင့်ကြောနှင့် ခြေသလုံးကြွက်သားများကို ဆန့်ပေးသည့် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းသည် အထောက်အကူပြုနိုင်သည်။
- ကာယကုထုံး (Physical Therapy)
- နာကျင်မှု၊ ကြွက်သားအားနည်းမှု သို့မဟုတ် လမ်းလျှောက်ပုံပြောင်းလဲမှုရှိသူများတွင် ခြေဖဝါးနှင့် ခြေကျင်းဝတ်ပတ်ဝန်းကျင်ရှိ ကြွက်သားများကို သန်မာစေရန်၊ အဆစ်လှုပ်ရှားနိုင်မှုကို ကောင်းမွန်စေရန်နှင့် လှုပ်ရှားမှုပုံစံကို ပြုပြင်ရန် ကူညီပေးနိုင်သည်။
- ကျန်းမာရေးသုံး အထိန်းများ တပ်ဆင်ခြင်း (Bracing)
- ပိုမိုပြင်းထန်သော လက္ခဏာများရှိခြင်း သို့မဟုတ် အရွတ်ကြောအားနည်းမှုရှိခြင်းကဲ့သို့သော အချို့အခြေအနေများတွင် ခြေကျင်းဝတ်နှင့် ခြေဖဝါးကို ထောက်ပံ့ပေးသည့် အထိန်းများကို ဆရာဝန်၏ အကြံပြုချက်ဖြင့် အသုံးပြုနိုင်သည်။
နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ (Lifestyle and Home Remedies)
လက္ခဏာအနည်းငယ်ရှိသူများတွင် အောက်ပါနည်းလမ်းများဖြင့် နာကျင်မှုနှင့် မသက်မသာဖြစ်မှုကို လျှော့ချနိုင်သည်။
- လှုပ်ရှားမှုကို လိုအပ်သလို ပြောင်းလဲခြင်း
ပြေးခြင်း၊ ခုန်ခြင်းကဲ့သို့သော လှုပ်ရှားမှုများကြောင့် နာကျင်မှု ပိုမိုဆိုးရွားပါက ယင်းလှုပ်ရှားမှုများကို ယာယီလျှော့ချပြီး ရေကူးခြင်း သို့မဟုတ် စက်ဘီးစီးခြင်းကဲ့သို့ ခြေထောက်ပေါ် ရိုက်ခတ်မှုနည်းသော လှုပ်ရှားမှုများကို ရွေးချယ်နိုင်သည်။ နာကျင်မှုမရှိပါက ခြေဖဝါးပြားခြင်းတစ်ခုတည်းကြောင့် ပုံမှန်ကိုယ်လက်လှုပ်ရှားမှုများကို မလိုအပ်ဘဲ ကန့်သတ်ရန် မလိုပါ။ - အကိုက်အခဲပျောက်ဆေးများ သောက်သုံးခြင်း
လိုအပ်ပါက အိုင်ဗျူပရိုဖဲန် (Ibuprofen) သို့မဟုတ် နာပရိုဇန်ဆိုဒီယမ် (Naproxen Sodium) ကဲ့သို့သော အကိုက်အခဲပျောက်ဆေးများကို အသက်အရွယ်၊ ကျန်းမာရေးအခြေအနေနှင့် သင့်တော်မှုအပေါ်မူတည်၍ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူ၏ အကြံပြုချက်ဖြင့် အသုံးပြုနိုင်သည်။ - သင့်တော်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း
ကိုယ်အလေးချိန်များနေသူများတွင် ကိုယ်အလေးချိန်ကို သင့်တော်စွာ လျှော့ချခြင်းသည် ခြေဖဝါးနှင့် ခြေကျင်းဝတ်ပေါ် သက်ရောက်သော ဖိအားကို လျှော့ချပေးနိုင်သည်။
ခွဲစိတ်ကုသခြင်း
ခြေဖဝါးပြားခြင်းအတွက် ခွဲစိတ်ကုသမှုသည် အများအားဖြင့် မလိုအပ်ပါ။ အထူးသဖြင့် နာကျင်မှုမရှိသော ကလေးများ၏ Flexible Flatfoot ကို ခြေဖဝါးခုံးဖန်တီးရန် ရည်ရွယ်၍ ခွဲစိတ်ကုသလေ့ မရှိပါ။
သို့သော် ခွဲစိတ်ကုထုံးမဟုတ်သော ကုသမှုများကို လုံလောက်စွာ ပြုလုပ်ပြီးသော်လည်း ပြင်းထန်သော နာကျင်မှု ဆက်လက်ရှိနေခြင်း၊ နေ့စဉ်လှုပ်ရှားမှုများ သိသိသာသာ ထိခိုက်ခြင်း၊ ခြေဖဝါးပုံသဏ္ဌာန် ပြင်းထန်စွာ ပြောင်းလဲခြင်း သို့မဟုတ် အရိုး၊ အဆစ်နှင့် အရွတ်ကြောဆိုင်ရာ အရင်းခံပြဿနာရှိခြင်းတို့တွင် ခွဲစိတ်ကုသမှုကို စဉ်းစားနိုင်သည်။ ခွဲစိတ်ကုသမှုနည်းလမ်းသည် ခြေဖဝါးပြားခြင်းကို ဖြစ်စေသော အရင်းခံအကြောင်းရင်းနှင့် ခြေဖဝါးပုံသဏ္ဌာန်ပေါ်မူတည်၍ ကွဲပြားနိုင်သည်။
ကာကွယ်ခြင်း
ခြေဖဝါးပြားခြင်းအားလုံးကို ကြိုတင်ကာကွယ်နိုင်ခြင်း မရှိပါ။ အထူးသဖြင့် မွေးရာပါ ခြေဖဝါးပုံသဏ္ဌာန်နှင့် ကလေးဘဝတွင် ပုံမှန်ဖွံ့ဖြိုးမှု၏ အစိတ်အပိုင်းအဖြစ် တွေ့ရသော ခြေဖဝါးပြားခြင်းကို ကာကွယ်ရန် မလိုအပ်သကဲ့သို့ ကာကွယ်နိုင်သည့် သီးခြားနည်းလမ်းလည်း မရှိပါ။
သို့သော် နောက်ပိုင်းမှဖြစ်သော ခြေဖဝါးပြားခြင်းနှင့် ဆက်စပ်သော လက္ခဏာများ ပိုမိုဆိုးရွားလာနိုင်ခြေကို လျှော့ချရန် သင့်တော်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း၊ ဆီးချိုရောဂါနှင့် အဆစ်ရောင်ရောဂါကဲ့သို့သော အရင်းခံကျန်းမာရေးပြဿနာများကို သေချာစွာ ထိန်းချုပ်ကုသခြင်း၊ ခြေဖဝါးနှင့် ခြေကျင်းဝတ် ထိခိုက်ဒဏ်ရာများကို သင့်တော်စွာ ကုသခြင်းနှင့် လက္ခဏာရှိပါက သင့်လျော်သော ဖိနပ်၊ ခြေခုံးအထောက်အကူပြုပစ္စည်းများနှင့် ကြွက်သားဆန့်လေ့ကျင့်ခန်းများကို အသုံးပြုခြင်းတို့သည် အထောက်အကူပြုနိုင်သည်။.
References:
- Cleveland Clinic. (n.d.). Flat feet (pes planus). Retrieved August 15, 2026, from https://my.clevelandclinic.org/health/diseases/flat-feet-pes-planus
- Hospital for Special Surgery. (n.d.). Flatfoot. Retrieved August 15, 2026, from https://www.hss.edu/health-library/conditions-and-treatments/list/flatfoot
- Mayo Clinic. (n.d.). Flatfeet: Diagnosis and treatment. Retrieved August 15, 2026, from https://www.mayoclinic.org/diseases-conditions/flatfeet/diagnosis-treatment/drc-20372609
- Mayo Clinic. (n.d.). Flatfeet: Symptoms and causes. Retrieved August 15, 2026, from https://www.mayoclinic.org/diseases-conditions/flatfeet/symptoms-causes/syc-20372604
Published: 6 October 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.