မြင်လွှာ (Retina) သည် မျက်လုံးအတွင်းပိုင်း အနောက်ဘက်တွင်ရှိသော ပါးလွှာ၍ အလင်းကို အာရုံခံနိုင်သည့် တစ်ရှူးအလွှာဖြစ်ပြီး အမြင်အာရုံခံဆဲလ်များ (Photoreceptors) ပါဝင်သည်။ ထိုဆဲလ်များသည် မျက်လုံးထဲသို့ ဝင်ရောက်လာသော အလင်းကို လျှပ်စစ်အချက်ပြမှုများ (Electrical signals) အဖြစ် ပြောင်းလဲပေးပြီး အမြင်အာရုံကြောမကြီး (Optic nerve) မှတစ်ဆင့် ဦးနှောက်သို့ ပေးပို့ကာ ပုံရိပ်များကို မြင်တွေ့နိုင်စေသည်။
မြင်လွှာစုတ်ပြဲခြင်း (Retinal tear) ဆိုသည်မှာ မျက်လုံးအတွင်းပိုင်း အနောက်ဘက်ရှိ မြင်လွှာ (Retina) တွင် စုတ်ပြဲသည့်နေရာ သို့မဟုတ် အပေါက်တစ်ခု ဖြစ်ပေါ်လာသည့် အခြေအနေဖြစ်သည်။ မြင်လွှာစုတ်ပြဲခြင်းကြောင့် အချို့သူများတွင် မည်သည့်လက္ခဏာမှ မပြသဘဲ ဖြစ်နိုင်သကဲ့သို့ မျက်လုံးနာကျင်မှုကိုလည်း မဖြစ်စေပါ။ သို့သော် တစ်ခါတစ်ရံ လက္ခဏာများအနေဖြင့် မျက်စိမြင်ကွင်းတွင် အစက်အပျောက်များ ရုတ်တရက်ပေါ်လာခြင်း သို့မဟုတ် ပိုများလာခြင်း (Eye floaters)၊ လျှပ်စီးလက်သကဲ့သို့ အလင်းတန်းများ မြင်ရခြင်း (Light flashes) နှင့် တစ်ခါတစ်ရံ အမြင်အာရုံ ဝေဝါးခြင်းတို့ကို ခံစားရနိုင်သည်။
မြင်လွှာစုတ်ပြဲသည့်နေရာမှတစ်ဆင့် မျက်လုံးအတွင်းရှိ Vitreous Humor အရည်ကြည်များ မြင်လွှာအောက်သို့ ဝင်ရောက်လာပါက မြင်လွှာသည် အောက်ခံတစ်ရှူးမှ ကွာထွက်သွားပြီး မြင်လွှာကွာကျခြင်း (Retinal detachment) ဖြစ်ပေါ်နိုင်သည်။ မြင်လွှာကွာကျခြင်းသည် အမြင်အာရုံကို လုံးဝထိခိုက်ဆုံးရှုံးစေနိုင်သော အရေးကြီးသည့် အခြေအနေဖြစ်သဖြင့် မျက်စိမြင်ကွင်းတွင် Eye floaters သို့မဟုတ် Light flashes များ အသစ်ရုတ်တရက် ပေါ်လာပါက မျက်စိအထူးကုဆရာဝန်ထံ အမြန်ဆုံး သွားရောက်စစ်ဆေးရန် လိုအပ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
မြင်လွှာစုတ်ပြဲခြင်းသည် အများအားဖြင့် မျက်လုံးအတွင်းရှိ Vitreous Humor အရည်ကြည်၏ အသက်အရွယ်နှင့်ဆိုင်သော ပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်သည်။
- Vitreous Humor အရည်ကြည် ကျုံ့၍ ကွာထွက်ခြင်း (Posterior Vitreous Detachment – PVD) ကြောင့် မြင်လွှာစုတ်ပြဲခြင်း
- အဖြစ်အများဆုံး အကြောင်းရင်းဖြစ်သည်
- အသက်ကြီးလာသည်နှင့်အမျှ မျက်လုံးအတွင်းရှိ ဂျယ်လီကဲ့သို့သော Vitreous Humor သည် တဖြည်းဖြည်း အရည်ပိုကျဲလာပြီး ကျုံ့လာကာ မြင်လွှာမျက်နှာပြင်မှ ခွာထွက်လာသည်၊ ယင်းဖြစ်စဉ်ကို Posterior Vitreous Detachment (PVD) ဟုခေါ်ပြီး အများအားဖြင့် မြင်လွှာကို မထိခိုက်ဘဲ ဖြစ်ပေါ်နိုင်သည်
- သို့သော် Vitreous နှင့် မြင်လွှာ ခိုင်မြဲစွာ တွယ်ကပ်နေသော နေရာများတွင် ခွာထွက်လာသော Vitreous က မြင်လွှာကို ဆွဲအားသက်ရောက်စေပါက မြင်လွှာစုတ်ပြဲခြင်း ဖြစ်ပေါ်နိုင်သည်
- မျက်စိထိခိုက်ဒဏ်ရာရခြင်း (Eye injuries) – မျက်လုံးကို ပြင်းထန်စွာ ထိခိုက်မိခြင်းကြောင့် မြင်လွှာ စုတ်ပြဲနိုင်သည်
- မျက်စိခွဲစိတ်မှု ပြုလုပ်ဖူးခြင်း (Previous eye surgery) – အထူးသဖြင့် အတွင်းတိမ်ခွဲစိတ်ကုသမှု (Cataract surgery) ပြုလုပ်ဖူးသူများတွင် မြင်လွှာစုတ်ပြဲခြင်းနှင့် မြင်လွှာကွာကျခြင်း ဖြစ်နိုင်ခြေ မြင့်တက်နိုင်သည်
ပို၍ဖြစ်နိုင်ခြေများသော အခြေအနေများ
မြင်လွှာစုတ်ပြဲခြင်း ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်သော အချက်များမှာ_
- အသက်အရွယ်ကြီးလာခြင်း
- မျက်စိအဝေးမှုန်ခြင်း (အထူးသဖြင့် ပြင်းထန်သော အဝေးမှုန်ခြင်း – High myopia)
- မြင်လွှာ၏ အစွန်ပိုင်းတွင် ပါးလွှာအားနည်းသော နေရာများရှိခြင်း – Lattice degeneration
- မျက်စိထိခိုက်ဒဏ်ရာရဖူးခြင်း
- မျက်စိခွဲစိတ်မှု၊ အထူးသဖြင့် အတွင်းတိမ်ခွဲစိတ်မှု ပြုလုပ်ဖူးခြင်း
- မျက်လုံးတစ်ဖက်တွင် မြင်လွှာစုတ်ပြဲခြင်း သို့မဟုတ် မြင်လွှာကွာကျခြင်း ယခင်က ဖြစ်ဖူးခြင်း
- မိသားစုဝင်များတွင် မြင်လွှာစုတ်ပြဲခြင်း သို့မဟုတ် မြင်လွှာကွာကျခြင်း ရာဇဝင်ရှိခြင်း
- Pilocarpine ကဲ့သို့သော မျက်စိသူငယ်အိမ်ကို ကျဉ်းစေသည့်ဆေးများ အသုံးပြုခြင်း တို့ဖြစ်သည်။
ရောဂါလက္ခဏာများ
မြင်လွှာစုတ်ပြဲခြင်း (Retinal tear) ရှိနေသော်လည်း အချို့သူများတွင် မည်သည့်လက္ခဏာမျှ မပြဘဲ ဖြစ်နေနိုင်သည်။ လက္ခဏာများ ဖြစ်ပေါ်ပါက အများအားဖြင့် ရုတ်တရက် စတင်လာတတ်ပြီး အောက်ပါတို့ကို တွေ့ရနိုင်သည်။
- မျက်စိထဲတွင် လျှပ်စီးလက်သကဲ့သို့ အလင်းတန်းများ ဖျတ်ခနဲ မြင်ရခြင်း (Photopsia/Light flashes)
- မျက်စိမြင်ကွင်းတွင် အစက်အပျောက် တွေ့ရခြင်း သို့မဟုတ် အသစ်ပေါ်လာခြင်း သို့မဟုတ် ရုတ်တရက် များပြားလာခြင်း (Eye floaters)
- အမြင်အာရုံ ဝေဝါးလာခြင်း (Blurred vision) အထူးသဖြင့် မြင်လွှာစုတ်ပြဲခြင်းနှင့်အတူ မျက်လုံးအတွင်း သွေးယိုခြင်း (Vitreous hemorrhage) ရှိပါက ဖြစ်ပေါ်နိုင်ခြင်း
- မြင်ကွင်း၏ အစိတ်အပိုင်းတစ်ခုတွင် အရိပ်ကျလာခြင်း၊ ကန့်လန့်ကာ သို့မဟုတ် အမည်းရောင်အရိပ်တစ်ခု ဖုံးအုပ်လာသကဲ့သို့ မြင်ရခြင်း တို့ဖြစ်သည်။
ယင်းလက္ခဏာသည် မြင်လွှာကွာကျခြင်း (Retinal detachment) ဖြစ်လာနိုင်ကြောင်း အထူးသတိပေးသည့် လက္ခဏာဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ
မြင်လွှာစုတ်ပြဲခြင်း၏ အရေးအကြီးဆုံး နောက်ဆက်တွဲပြဿနာမှာ မြင်လွှာကွာကျခြင်း (Retinal detachment) ဖြစ်သည်။ သို့သော် retinal tear အားလုံးသည် retinal detachment ဖြစ်လာမည်ဟု မဆိုလိုပါ။
မြင်လွှာစုတ်ပြဲသည့်နေရာမှတစ်ဆင့် မျက်လုံးအတွင်းရှိ အရည်ကျဲလာသော Vitreous Humor သည် မြင်လွှာအောက်သို့ ဝင်ရောက်ပြီး စုပုံလာနိုင်သည်။ ထိုသို့ဖြစ်ခြင်းကြောင့် မြင်လွှာသည် ၎င်း၏အောက်ခံတစ်ရှူးများမှ ကွာထွက်လာကာ မြင်လွှာကွာကျခြင်း ဖြစ်ပေါ်နိုင်သည်။ မြင်လွှာကွာကျသွားပါက အောက်ခံတစ်ရှူးများမှ ရရှိသည့် အောက်ဆီဂျင်နှင့် အာဟာရထောက်ပံ့မှုကို ထိခိုက်စေပြီး မြင်လွှာ၏ လုပ်ဆောင်မှု ပျက်စီးလာနိုင်သည်။ အထူးသဖြင့် အလယ်ဗဟိုအမြင်အာရုံအတွက် အရေးကြီးသော Macula ပါ ကွာကျလာပါက အမြင်အာရုံ ပြင်းထန်စွာ သို့မဟုတ် လုံးဝထိခိုက်ဆုံးရှုံးနိုင်သည်။
ထို့အပြင် မြင်လွှာစုတ်ပြဲချိန်တွင် သွေးကြောများပါ စုတ်ပြဲသွားပါက မျက်လုံးအတွင်း သွေးယိုခြင်း (Vitreous hemorrhage) ဖြစ်ပေါ်နိုင်ပြီး Eye floaters များ ရုတ်တရက် များပြားလာခြင်းနှင့် အမြင်အာရုံ ဝေဝါးခြင်းတို့ ဖြစ်စေနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
မြင်လွှာစုတ်ပြဲခြင်းကို သံသယဖြစ်စေသော Eye floaters များ အသစ်ရုတ်တရက် ပေါ်လာခြင်း သို့မဟုတ် များပြားလာခြင်း၊ Light flashes များ အသစ်ပေါ်လာခြင်း ရှိပါက မျက်စိအထူးကုဆရာဝန်ထံ အရေးပေါ် စစ်ဆေးမှုခံယူရန် လိုအပ်သည်။
အထူးသဖြင့် မြင်ကွင်းတစ်စိတ်တစ်ပိုင်း ကွယ်လာခြင်း၊ ကန့်လန့်ကာ သို့မဟုတ် အရိပ်တစ်ခု ဖုံးလာသကဲ့သို့ မြင်ရခြင်း၊ အမြင်အာရုံ ရုတ်တရက် ကျဆင်းလာခြင်းတို့ ဖြစ်ပေါ်ပါက မြင်လွှာကွာကျခြင်း (Retinal detachment) ဖြစ်နိုင်သဖြင့် မျက်စိအထူးကု အရေးပေါ်ဝန်ဆောင်မှု သို့မဟုတ် ဆေးရုံအရေးပေါ်ဌာနသို့ ချက်ချင်း သွားရောက်စစ်ဆေးရန် လိုအပ်သည်။
ရောဂါရှာဖွေခြင်း
မြင်လွှာစုတ်ပြဲခြင်းကို ရောဂါရှာဖွေရန် အဓိကနှင့် အရေးအကြီးဆုံး စစ်ဆေးမှုမှာ မျက်စိသူငယ်အိမ်ချဲ့၍ မြင်လွှာကို အသေးစိတ်စစ်ဆေးခြင်း (Dilated retinal examination) ဖြစ်သည်။ မျက်စိအထူးကုဆရာဝန်သည် မျက်စိသူငယ်အိမ်ချဲ့ပေးသော မျက်စဉ်းဆေးကို အသုံးပြုပြီးနောက် မျက်လုံးအတွင်းရှိ မြင်လွှာ၊ အထူးသဖြင့် မြင်လွှာ၏ အစွန်ပိုင်းအထိ အသေးစိတ် ကြည့်ရှုစစ်ဆေးမည်ဖြစ်သည်။ လိုအပ်ပါက မြင်လွှာ၏ အစွန်ပိုင်းကို ပိုမိုပြည့်စုံစွာ စစ်ဆေးနိုင်ရန် Scleral depression ဟုခေါ်သော စစ်ဆေးနည်းကိုလည်း အသုံးပြုနိုင်သည်။
အခြေအနေပေါ်မူတည်၍ အောက်ပါစစ်ဆေးမှုများကို ထပ်မံပြုလုပ်နိုင်သည်။
- မြင်လွှာဖြတ်ပိုင်းပုံရိပ်ဖမ်းခြင်း (Optical Coherence Tomography – OCT)
OCT သည် မြင်လွှာ၏ အလွှာများကို အသေးစိတ် ဖြတ်ပိုင်းပုံရိပ်အဖြစ် ဖော်ပြပေးနိုင်သည်။ အထူးသဖြင့် Macula နှင့် ဆက်စပ်သော ပြဿနာများကို စစ်ဆေးရာတွင် အသုံးဝင်သည်။ - မျက်လုံးအတွင်းပိုင်း ပုံရိပ်ဖမ်းခြင်း (Fundus photography/Ultra-widefield imaging)
မြင်လွှာ၏ ပုံရိပ်များကို မှတ်တမ်းတင်ထားနိုင်ပြီး အထူးသဖြင့် Ultra-widefield imaging ဖြင့် မြင်လွှာ၏ ကျယ်ပြန့်သော အစိတ်အပိုင်းများကို ပုံဖော်နိုင်သည်။ သို့သော် ပုံရိပ်ဖမ်းစစ်ဆေးမှုတစ်ခုတည်းဖြင့် မြင်လွှာအစွန်ပိုင်းရှိ စုတ်ပြဲမှုအားလုံးကို မဖော်ထုတ်နိုင်သဖြင့် Dilated retinal examination ကို အစားမထိုးနိုင်ပါ။ - မျက်စိအာထရာဆောင်းရိုက်ခြင်း (Ocular ultrasound/B-scan ultrasonography)
မျက်လုံးအတွင်း သွေးယိုခြင်း (Vitreous hemorrhage)၊ အတွင်းတိမ်အလွန်ပြင်းထန်ခြင်း သို့မဟုတ် အခြားအကြောင်းရင်းများကြောင့် မြင်လွှာကို တိုက်ရိုက်ကြည့်ရှုရန် မဖြစ်နိုင်သောအခါ Ocular ultrasound ကို အသုံးပြုနိုင်သည်။ - ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (CT scan)
CT scan သည် Retinal tear ကို ရောဂါရှာဖွေရန် ပုံမှန်အသုံးပြုသည့် စစ်ဆေးမှု မဟုတ်ပါ။ သို့သော်မျက်လုံး သို့မဟုတ် မျက်လုံးပတ်ဝန်းကျင်တွင် ပြင်းထန်သော ထိခိုက်ဒဏ်ရာရရှိခြင်း၊ အရိုးကျိုးခြင်း သို့မဟုတ် မျက်လုံးအတွင်း ပြင်ပပစ္စည်း ဝင်ရောက်နေခြင်းကို သံသယရှိသည့်အခါတွင်သာ အခြေအနေပေါ်မူတည်၍ CT scan ပြုလုပ်နိုင်သည်။
ကုသခြင်း
မြင်လွှာစုတ်ပြဲခြင်း (Retinal tear) ကို ကုသမှု လိုအပ်ချက်များသည် စုတ်ပြဲသည့်နေရာ၊ အရွယ်အစား၊ ပုံသဏ္ဌာန်နှင့် မြင်လွှာကွာကျခြင်း (Retinal detachment) ဖြစ်နိုင်ခြေတို့အပေါ် တွင် မူတည်သည်။ မြင်လွှာစုတ်ပြဲမှုအချို့သည် ဖြစ်နိုင်ခြေနည်းသဖြင့် မျက်စိအထူးကုဆရာဝန်မှ အနီးကပ်စောင့်ကြည့်ရန်သာ အကြံပြုနိုင်သော်လည်း မြင်လွှာကွာကျနိုင်ခြေရှိသော စုတ်ပြဲမှုများကို အများအားဖြင့် လေဆာဖြင့် ကုသခြင်း (Laser photocoagulation) သို့မဟုတ် အအေးပေး၍ ကုသခြင်း (Cryopexy) ဖြင့် ကုသနိုင်သည်။
- လေဆာဖြင့် ကုသခြင်း (Laser Photocoagulation)
ဤကုသမှုတွင် မြင်လွှာစုတ်ပြဲနေသော နေရာ၏ ပတ်ပတ်လည်ကို လေဆာရောင်ခြည်ဖြင့် ကုသပေးသည်။ လေဆာကြောင့် ကုသထားသည့်နေရာတွင် အမာရွတ်တစ်ရှူး (Scar tissue) ဖြစ်ပေါ်လာပြီး မြင်လွှာနှင့် ၎င်း၏အောက်ခံတစ်ရှူးတို့ကို ပိုမိုခိုင်မြဲစွာ တွယ်ကပ်စေသည်။ ထိုသို့ဖြင့် စုတ်ပြဲသည့်နေရာမှတစ်ဆင့် မျက်လုံးအတွင်းရှိ အရည်များ မြင်လွှာအောက်သို့ ဝင်ရောက်ခြင်းကို တားဆီးကာ မြင်လွှာကွာကျခြင်း (Retinal detachment) ဖြစ်နိုင်ခြေကို လျှော့ချပေးသည်။ ကုသမှုကို အများအားဖြင့် ပြင်ပလူနာအဖြစ် ပြုလုပ်နိုင်ပြီး မျက်စိထုံဆေးနှင့် မျက်စိသူငယ်အိမ်ချဲ့ဆေးများ အသုံးပြုနိုင်သည်။ ကုသချိန်သည် စုတ်ပြဲသည့်နေရာနှင့် ကုသရန်လိုအပ်သည့် အတိုင်းအတာပေါ် မူတည်၍ ကွာခြားနိုင်သည်။ - အအေးပေး၍ ကုသခြင်း (Cryopexy)
Cryopexy သည် မြင်လွှာစုတ်ပြဲသည့်နေရာနှင့် ကိုက်ညီသော မျက်လုံး၏အပြင်ဘက်နံရံကို အလွန်အေးသော Cryoprobe ဖြင့် ကုသပေးခြင်းဖြစ်သည်။ အအေးပေးကုသမှုကြောင့် စုတ်ပြဲသည့်နေရာပတ်ဝန်းကျင်တွင် အမာရွတ်တစ်ရှူးများ ဖြစ်ပေါ်လာပြီး မြင်လွှာကို အောက်ခံတစ်ရှူးနှင့် ခိုင်မြဲစွာ တွယ်ကပ်စေသည်။ ထိုသို့ဖြင့် စုတ်ပြဲသည့်နေရာမှတစ်ဆင့် အရည်များ မြင်လွှာအောက်သို့ ဝင်ရောက်ခြင်းကို တားဆီးကာ မြင်လွှာကွာကျခြင်း ဖြစ်နိုင်ခြေကို လျှော့ချပေးသည်။ Cryopexy ကို လေဆာဖြင့် ကုသရန် ခက်ခဲသော မြင်လွှာ၏ အစွန်ပိုင်းနေရာများ သို့မဟုတ် အခြားသင့်လျော်သော အခြေအနေများတွင် အသုံးပြုနိုင်သည်။
ကုသခြင်း၏ နောက်ဆက်တွဲပြဿနာများ
Laser photocoagulation နှင့် Cryopexy တို့သည် ယေဘုယျအားဖြင့် ထိရောက်ပြီး အန္တရာယ်နည်းသော ကုသနည်းများဖြစ်သော်လည်း ရှားရှားပါးပါး နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သည်။ ယင်းတို့တွင်
- မျက်လုံးအတွင်း သွေးယိုခြင်း
- ကုသထားသည့်နေရာတွင် ရောင်ရမ်းခြင်း
- မြင်လွှာတွင် စုတ်ပြဲမှုအသစ် ထပ်မံဖြစ်ပေါ်ခြင်း
- ကုသထားသော်လည်း မြင်လွှာကွာကျခြင်း ဆက်လက်ဖြစ်ပေါ်လာခြင်း
- ထပ်မံကုသမှု သို့မဟုတ် ခွဲစိတ်ကုသမှု လိုအပ်လာခြင်းတို့ ပါဝင်သည်။
ကုသပြီးနောက် လိုက်နာရန်အချက်များ
Laser photocoagulation သို့မဟုတ် Cryopexy ပြုလုပ်ပြီးနောက် အမာရွတ်တစ်ရှူးများ ခိုင်မာစွာဖြစ်ပေါ်လာရန် အချိန်အနည်းငယ် လိုအပ်သည်။ ထို့ကြောင့် မျက်စိအထူးကုဆရာဝန်၏ ညွှန်ကြားချက်များကို သေချာစွာ လိုက်နာရန် အရေးကြီးသည်။
- ကုသပြီးနောက် မျက်စိတွင် အနည်းငယ် မသက်မသာဖြစ်ခြင်း သို့မဟုတ် နာကျင်ခြင်း ခံစားရနိုင်ပြီး လိုအပ်ပါက ဆရာဝန်ညွှန်ကြားသည့် အကိုက်အခဲပျောက်ဆေးများကို အသုံးပြုနိုင်သည်
- ကုသမှုခံယူပြီးနောက် Eye floaters နှင့် Light flashes များ ချက်ချင်းပျောက်ကွယ်သွားမည် မဟုတ်ဘဲ အချိန်အနည်းငယ် ဆက်လက်ရှိနေနိုင်သည်
- ကုသမှုအမျိုးအစားနှင့် လူနာ၏အခြေအနေပေါ်မူတည်၍ မျက်စိအကာ (Eye shield) အသုံးပြုရန် လိုအပ်နိုင်သည်
- ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှု၊ အလေးအပင်မခြင်း၊ အားကစားပြုလုပ်ခြင်းနှင့် ကားမောင်းခြင်းတို့ကို မည်သည့်အချိန်တွင် ပြန်လည်ပြုလုပ်နိုင်မည်ကို မျက်စိအထူးကုဆရာဝန်၏ အကြံပြုချက်အတိုင်း လိုက်နာသင့်သည်
- မျက်စိအထူးကုဆရာဝန်မှ သတ်မှတ်ထားသော ရက်ချိန်းအတိုင်း ပြန်လည်စစ်ဆေးမှုခံယူရန် အရေးကြီးသည်
- ကုသပြီးနောက် Eye floaters များ ရုတ်တရက် ပိုများလာခြင်း၊ Light flashes များ အသစ်ဖြစ်ပေါ်ခြင်း သို့မဟုတ် ပိုဆိုးလာခြင်း၊ မြင်ကွင်းတွင် အရိပ် သို့မဟုတ် ကန့်လန့်ကာ ဖုံးလာသကဲ့သို့ ဖြစ်ခြင်း၊ အမြင်အာရုံ ရုတ်တရက်ကျဆင်းခြင်းတို့ ဖြစ်ပေါ်ပါက မျက်စိအထူးကုဆရာဝန်ထံ ချက်ချင်းပြသရန် လိုအပ်သည်။
ကာကွယ်ခြင်း
အသက်အရွယ်နှင့်ဆိုင်သော Vitreous ပြောင်းလဲမှုများကဲ့သို့သော အကြောင်းရင်းများကြောင့် ဖြစ်ပေါ်သည့် မြင်လွှာစုတ်ပြဲခြင်းကို အပြည့်အဝ ကြိုတင်ကာကွယ်နိုင်သည့် နည်းလမ်းမရှိပါ။ သို့သော် ဖြစ်နိုင်ခြေရှိသူများတွင် စောစီးစွာသိရှိနိုင်ရန်နှင့် မြင်လွှာကွာကျခြင်းကဲ့သို့သော နောက်ဆက်တွဲပြဿနာများကို လျှော့ချနိုင်ရန် အောက်ပါအချက်များကို လိုက်နာနိုင်သည်။
- မျက်စိပုံမှန်စစ်ဆေးခြင်း – ပြင်းထန်အဝေးမှုန်ခြင်း (High myopia)၊ ယခင် မြင်လွှာစုတ်ပြဲခြင်း သို့မဟုတ် မြင်လွှာကွာကျခြင်း ဖြစ်ဖူးခြင်းကဲ့သို့ ဖြစ်နိုင်ခြေမြင့်သော အခြေအနေများရှိပါက မျက်စိအထူးကုဆရာဝန်၏ အကြံပြုချက်အတိုင်း ပုံမှန်မျက်စိစစ်ဆေးမှု ခံယူသင့်သည်
- မျက်စိထိခိုက်ဒဏ်ရာမှ ကာကွယ်ခြင်း – မျက်စိထိခိုက်နိုင်ခြေရှိသော အားကစား၊ အလုပ် သို့မဟုတ် အခြားလှုပ်ရှားမှုများ ပြုလုပ်သည့်အခါ သင့်လျော်သော မျက်လုံးအကာအကွယ်ပစ္စည်းများကို အသုံးပြုသင့်သည်
- သတိပေးလက္ခဏာများကို သိရှိထားခြင်း – Eye floaters များ ရုတ်တရက် အသစ်ပေါ်လာခြင်း သို့မဟုတ် များပြားလာခြင်း၊ Light flashes များ ဖြစ်ပေါ်ခြင်း၊ မြင်ကွင်းတွင် အရိပ် သို့မဟုတ် ကန့်လန့်ကာ ဖုံးလာသကဲ့သို့ ဖြစ်ခြင်းတို့ကို သတိပြုမိပါက မျက်စိအထူးကုဆရာဝန်ထံ အမြန်ဆုံး စစ်ဆေးမှုခံယူသင့်သည်
- မျက်စိထိခိုက်ဒဏ်ရာရပါက စောစီးစွာ စစ်ဆေးခြင်း – မျက်လုံးကို ပြင်းထန်စွာ ထိခိုက်မိခြင်း သို့မဟုတ် အမြင်အာရုံ ရုတ်တရက်ပြောင်းလဲခြင်း ဖြစ်ပေါ်ပါက အချိန်မဆိုင်းဘဲ ဆေးကုသမှုခံယူသင့်သည်။
References:
- American Academy of Ophthalmology. (n.d.). What is a torn retina? Retrieved August 20, 2026, from https://www.aao.org/eye-health/diseases/what-is-torn-retina
- Cleveland Clinic. (n.d.). Retinal tear: Symptoms, causes & treatment. Retrieved August 20, 2026, from https://my.clevelandclinic.org/health/diseases/25107-retinal-tear
- Moorfields Eye Hospital NHS Foundation Trust. (n.d.). Retinal tear: Diagnosis and treatment. Retrieved August 20, 2026, from https://www.moorfields.nhs.uk/private/eye-conditions-and-treatments/retinal-tear/diagnosis-and-treatment
- Northwest Eye Clinic. (n.d.). Understanding retina tear: Symptoms, causes and treatment options. Retrieved August 20, 2026, from https://nweyeclinic.com/understanding-retina-tear-symptoms-causes-and-treatment-options/
- Retina Center Chicago. (n.d.). Retinal tears. Retrieved August 20, 2026, from https://www.retinacenterchicago.com/retinal-tears/
Published: 6 October 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.