ကိုယ်ခံအား မူမမှန်တုံ့ပြန်သည့်ရောဂါဆိုသည်မှာ ကိုယ်ခံအားစနစ် ပုံမှန်ထက်လွန်ကဲတုံ့ပြန်မှုကြောင့် ခန္ဓာကိုယ်၏ ကျန်းမာသောဆဲလ်များနှင့် တစ်ရှူးများကို မှားယွင်းစွာ တိုက်ခိုက်ပျက်စီးစေနိုင်သော ရောဂါဖြစ်သည်။ ပုံမှန်အားဖြင့် ကိုယ်ခံအားစနစ်သည် ပဋိပစ္စည်း (antibodies) ဟုခေါ်သော ပရိုတင်းများကို ထုတ်လုပ်ပေးပြီး ရောဂါပိုးများ၊ ကင်ဆာဆဲလ်များနှင့် အဆိပ်အတောက်ကဲ့သို့သော ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေနိုင်သည့်အရာများမှ ကာကွယ်ပေးသည်။ သို့သော် ကိုယ်ခံအား မူမမှန် လွန်လွန်ကဲကဲ တုံ့ပြန်ခြင်းများ ဖြစ်ပေါ်လာသောအခါ ကျန်းမာသောဆဲလ်များကို အန္တရာယ်ဖြစ်စေနိုင်သောအရာများနှင့် မခွဲခြားနိုင်တော့ဘဲ ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပေါ်လာသည်။ ထိုကိုယ်ခံအား မူမမှန်တုံ့ပြန်သည့်ရောဂါများကို ပျောက်ကင်းအောင်ကုသ၍ မရသော်လည်း ပုံမှန်ဆေးကုသမှုခံယူခြင်းဖြင့် ရောဂါလက္ခဏာများ သက်သာစေရန်နှင့် နောက်ဆက်တွဲပြသနာများ လျော့နည်းစေရန် ထိန်းချုပ်ထားနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ကိုယ်ခံအား မူမမှန်တုံ့ပြန်မှုများ ဖြစ်ပေါ်ရသည့် တိကျသော အကြောင်းရင်းကို မသိရှိနိုင်သေးပါ။ သို့သော် လေ့လာတွေ့ရှိချက်များအရ ကိုယ်ခံအား မူမမှန်တုံ့ပြန်သည့်ရောဂါ ဖြစ်နိုင်ခြေများသော အခြေအနေများမှာ အောက်ပါအတိုင်းဖြစ်သည်။
- ရောဂါပိုးဝင်ခြင်း (ဗိုင်းရပ်စ်ပိုးများ – COVID 19၊ Epstein-Barr virus)
- အမျိုးသမီးများ
- မိသားစုမျိုးရိုးတွင် ကိုယ်ခံအား မူမမှန်တုံ့ပြန်သည့် ရောဂါများရှိခြင်း
- ဓာတုပစ္စည်းများ၊ လေထုညစ်ညမ်းခြင်း (သို့မဟုတ်) အခြားပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းရင်းများ [ဥပမာ _ နေထိုင်ရာ (သို့မဟုတ်) အလုပ်လုပ်ရာနေရာများတွင် ကျန်းမာရေးကို ထိခိုက်စေနိုင်သောအရာများနှင့် ထိတွေ့မှုရှိခြင်း]
- ဆေးလိပ်သောက်ခြင်း
- ကိုယ်ခံအား မူမမှန်သည့်ရောဂါတစ်မျိုးရှိလျှင် အခြားသော ကိုယ်ခံအား မူမမှန်သည့်ရောဂါများ ထပ်မံဖြစ်ပေါ်နိုင်ခြင်းတို့ ဖြစ်ကြသည်။
ကိုယ်ခံအား မူမမှန်သည့်ရောဂါအမျိုးအစားများ
ကိုယ်ခံအား မူမမှန်သည့်ရောဂါ အမျိုးအစားပေါင်း (၁၀၀) ကျော်ရှိသည်။ လူတစ်ဦး၏ ကိုယ်ခံအားစနစ်သည် ၎င်းခန္ဓာကိုယ်ရှိ မည်သည့်တစ်ရှူး (သို့မဟုတ်) အင်္ဂါအစိတ်အပိုင်းကိုမဆို တိုက်ခိုက်နိုင်သည်။ သက်ဆိုင်ရာ ထိခိုက်သည့်နေရာပေါ် မူတည်၍ ကိုယ်ခံအားမူမမှန်ခြင်း ရောဂါလက္ခဏာများ ဖြစ်ပေါ်လာသည်။
ဥပမာအားဖြင့်_
ကိုယ်ခံအားစနစ်မှတိုက်ခိုက်သော ခန္ဓာကိုယ်အစိတ်အပိုင်းများ | ဖြစ်ပေါ်နိုင်သော ကိုယ်ခံအား မူမမှန်တုံ့ပြန်သည့်ရောဂါများ |
---|---|
အဆစ်များနှင့် ကြွက်သားများ (joints and muscle) | ရူးမတွိုက်အဆစ်ရောင်ရောဂါ (Rheumatoid arthritis) အက်စ်အယ်လ်အီးရောဂါ (SLE) ကြွက်သားရောင်ရမ်းခြင်း (Myositis) လေးဘက်နာရောဂါ (Rheumatic fever) ကလေးများတွင် ဖြစ်ပွားသော နာတာရှည်အဆစ်ရောင်ရောဂါ (Juvenile Idiopathic Arthritis – JIA) |
အရေပြားနှင့် သွေးကြောများ (skin and blood vessels) | ရှိုးဂရန်းရောဂါစု (Sjogren’s syndrome) ဆိုရီယားစစ် ရောဂါ (Psoriasis) အရေပြားကြွက်သားရောင် ရောဂါ (Dermatomyositis) အရေပြားထူ လေးဘက်နာရောဂါ (Systemic sclerosis) ကိုယ်ခံအားစနစ်မှ ပဋိပစ္စည်းထုတ်လုပ်ပြီး သွေးခဲစေသောရောဂါ (Antiphospholipid syndrome) သွေးကြောရောင်ရမ်းရောဂါ (Vasculitis) ခရုသင်းရောဂါ (Vitiligo) ကာဝါဆာကီ ရောဂါ (Kawasaki disease) |
အစာအိမ်နှင့် အူလမ်းကြောင်း အစာခြေစနစ် (Digestive system) | ခရုန်းရောဂါ (Crohn’s disease) အူမကြီးရောင်ရမ်းနာရောဂါ (Ulcerative colitis) Gluten ပရိုတင်းနှင့် ဓာတ်မတည့်သော ရောဂါ (Celiac disease) အစာအိမ်ရောင်ရမ်းခြင်း (Autoimmune gastritis) |
အသည်းနှင့် သည်းခြေလမ်းကြောင်းစနစ် (Hepatobiliary system) | အသည်းရောင်ခြင်း (Autoimmune hepatitis) သည်းခြေပြွန်ထိခိုက်ခြင်း (Primary biliary cirrhosis) |
ဟော်မုန်းစနစ် (Endocrine system) | အမျိုးအစား (၁) ဆီးချိုရောဂါ (Type 1 Diabetes) အက်ဒီဆင် ရောဂါ (Addison’s disease) သိုင်းရွိုက်ဟော်မုန်း ရောဂါများ (Hashimoto’s thyroiditis, Grave’s disease) |
ဦးနှောက်နှင့်အာရုံကြောစနစ် (Nervous system) | မျက်ခွံတွဲကျ ကြွက်သားအားနည်းရောဂါ (Myasthenia Gravis) အာရုံကြောဆဲလ်များ ဖုံးအုပ်ထားသော အလွှာထိခိုက်သော ရောဂါ (Multiple Sclerosis) မူမမှန်တုံ့ပြန်ကိုယ်ခံအားစနစ်ကြောင့် ရုတ်တရက် လမ်းမလျှောက်နိုင်ခြင်း (Guillain-Barre Syndrome) ကိုယ်ခံအားမူမမှန် အလွန်အကျွံတုံပြန်မှုကြောင့် ဖြစ်ပွါးသော ဦးနှောက်ရောင်ရောဂါ (Autoimmune encephalitis) |
ခန္ဓာကိုယ် အနှံ့အပြား ရောင်ရမ်း ထိခိုက်ခြင်း (Multisystem involvement) | ကိုဗစ်ရောဂါ၏ နောက်ဆက်တွဲ ကိုယ်ခန္ဓာအနှံ့ ရောင်ရမ်းမှု လက္ခဏာစု (Multisystem Inflammatory Syndrome – MIS) (ကလေးများတွင် ပို၍ အဖြစ်များသည် – MIS-C) |
ရောဂါလက္ခဏာများ
ကိုယ်ခံအား မူမမှန်တုံ့ပြန်ရောဂါများသည် ဦးခေါင်းမှစ၍ ခြေထောက်အဆုံး ခန္ဓာကိုယ်တစ်ခုလုံးကို ထိခိုက်နိုင်သောကြောင့် ရောဂါလက္ခဏာများမှာလည်း အမျိုးမျိုးဖြစ်နိုင်သည်။ အများစုတွင် တူညီသော အစောပိုင်း ရောဂါလက္ခဏာများ ဖြစ်ပေါ်လေ့ရှိသည်။ သို့သော် ထိုလက္ခဏာများကို အခြားသောရောဂါများတွင်လည်း တွေ့ရနိုင်သည်။ ၄င်းတို့မှာ_
- ပင်ပန်းနွမ်းနယ်ခြင်း
- တစ်ငွေ့ငွေ့ဖျားခြင်း
- ကြွက်သားနှင့်အဆစ်များ ရောင်ရမ်းနာကျင်ခြင်း
- ခေါင်းမူးခြင်း
- အာရုံးစူးစိုက်ရန် ခက်ခဲခြင်း
- ခြေလက်များ ထုံကျဥ်ခြင်း
- ဆံပင်ကျွတ်ခြင်း
- အရေပြားတွင် အကွက်ပေါ်ခြင်းတို့ ဖြစ်ကြသည်။
ထိခိုက်သည့် ခန္ဓာကိုယ် အစိတ်အပိုင်းများအပေါ်တွင် မူတည်၍ သက်ဆိုင်ရာ ရောဂါတစ်ခုချင်းစီ၏ လက္ခဏာများလည်း တွေ့ရှိရနိုင်သည်။ ဥပမာအားဖြင့် အမျိုးအစား (၁) ဆီးချိုရောဂါတွင် ရေငတ်ခြင်း၊ ဆီးသွားများခြင်း နှင့် အူမကြီးရောင်ရမ်းနာရောဂါတွင် ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်းတို့ သီးသန့်ဖြစ်ပေါ်နိုင်သည်။ အချို့သော ကိုယ်ခံအားစနစ် မူမမှန်တုံပြန်သည့်ရောဂါများ (ဥပမာ _ ရူးမတွိုက်အဆစ်ရောင်ရောဂါ၊ ဆိုရီယားစစ်ရောဂါ) တွင် ရောဂါလက္ခဏာများ သက်သာသွားခြင်း (remission) နှင့် ရောဂါကြွပြီး လက္ခဏာများ ပြန်လည်ပေါ်လာခြင်း (flare up) အစရှိသည့် အခြေအနေ (၂) မျိုးဖြင့် အပြန်အလှန် တလှည့်စီ ဖြစ်ပေါ်တတ်သည်။
နောက်ဆက်တွဲပြဿနာများ
ကိုယ်ခံအား မူမမှန်တုံ့ပြန်သည့်ရောဂါများကို ကုသမှုမခံယူလျှင် ရောဂါမထိန်းချုပ်နိုင်ဘဲ ကျန်းမာရေးဆိုးရွားစွာ ထိခိုက်စေနိုင်ပြီး အောက်ဖော်ပြပါ နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။
နောက်ဆက်တွဲ ပြဿနာများသည် ရောဂါအလိုက်ကွဲပြားနိုင်သော်လည်း အဖြစ်များသော အရာများမှာ_
- နှလုံးရောဂါ _ နာတာရှည်ရောင်ရမ်းမှုကြောင့် နှလုံးသွေးကြောများ ရောင်ရမ်းထိခိုက်ခြင်း
- စိတ်ကျန်းမာရေး ပြဿနာများ _ နာတာရှည် နာကျင်မှုများနှင့် မောပန်းနွမ်းနယ်မှုတို့ကြောင့် စိုးရိမ်ပူပန်မှုများခြင်း (Anxiety) နှင့် စိတ်ဓာတ်ကျခြင်း (Depression) တို့ကဲ့သို့သော စိတ်ပိုင်းဆိုင်ရာ ပြဿနာများဖြစ်ပေါ်လာခြင်း
- အာရုံကြောထိခိုက်ပျက်စီးခြင်း _ နာတာရှည် ရောင်ရမ်းမှုကြောင့် အာရုံကြောများ ထိခိုက်ပျက်စီးကာ ထုံကျဥ်ခြင်း၊ နာကျင်ခြင်း၊ ခြေလက်အားနည်းခြင်း၊ ဆီးဝမ်းမထိန်းနိုင်ခြင်း
- ခြေထောက်သွေးပြန်ကြော သွေးခဲပိတ်ခြင်း _ နာတာရှည်ရောင်ရမ်းနာကျင်မှုများကြောင့် လှုပ်ရှားမှုနည်းကာ ခြေထောက်သွေးကြောများတွင် သွေးခဲများဖြစ်ပေါ်ခြင်း (DVT)၊ ထိုသွေးခဲများ ပြုတ်ထွက်ကာ အဆုတ်သွေးကြောအတွင်း ပိတ်ဆို့သွားပါက (Pulmonary embolism) အသက်အန္တရာယ်ရှိခြင်း
- ကိုယ်တွင်းအင်္ဂါများ ထိခိုက်ပျက်စီးခြင်း (ဥပမာ _ ကျောက်ကပ်လုပ်ငန်းများ ထိခိုက်ပျက်စီးခြင်း၊ အသည်းလုပ်ငန်းများ ထိခိုက်ပျက်စီးခြင်း) တို့ ဖြစ်ကြသည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်တွင်ဖော်ပြထားသော ရောဂါလက္ခဏာများကို အကြောင်းရင်းမရှိဘဲ ကြာရှည်စွာခံစားရခြင်း၊ မိသားစုမျိုးရိုးတွင် ကိုယ်ခံအား မူမမှန်တုံ့ပြန်သည့်ရောဂါများရှိလျှင် မိသားစုဆရာဝန်များနှင့် တိုင်ပင်၍ လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်၍ ရောဂါရှာဖွေကုသရန် လိုအပ်သည်။ မိသားစုဆရာဝန်များမှတစ်ဆင့် လိုအပ်လျှင် ခံစားနေရသောရောဂါနှင့် သက်ဆိုင်သည့် အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
ရောဂါရှာဖွေနိုင်ရန် ရောဂါရာဇဝင်များကို အသေးစိတ်မေးမြန်းခြင်း၊ သေချာစွာ စမ်းသပ်စစ်ဆေးခြင်းများ ဦးစွာပြုလုပ်ရန် လိုအပ်သည်။ ထို့နောက် ကိုယ်ခံအား မူမမှန်တုံ့ပြန်ခြင်းကြောင့် ဖြစ်နိုင်သည်ဟု ယူဆပါက အောက်ဖော်ပြပါ စစ်ဆေးမှုများကို ဆက်လက်ပြုလုပ်ရန် လိုအပ်သည်။
- သွေးစစ်ဆေးခြင်း
- သွေးထဲတွင် တုံ့ပြန် ပဋိပစ္စည်းများ ရှာဖွေစစ်ဆေးခြင်း (ANA and ENA profile)
- သွေးဆဲလ်အမျိုးအစားများ စစ်ဆေးခြင်း (Complete Blood Count)
- ရောင်ရမ်းမှုအခြေအန စစ်ဆေးခြင်း (CRP, ESR)
- ဆီးစစ်ဆေးခြင်း (Urinalysis)
- ကိုယ်တွင်းအင်္ဂါများထိခိုက်မှု ရှိမရှိ သိရှိနိုင်ရန် ပုံရိပ်ဖော်စက်များဖြင့် စစ်ဆေးရှာဖွေခြင်း (Imaging test)
- ဓာတ်မှန် (X-ray) ရိုက်ခြင်း
- သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်း
- ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်း
- အာထရာဆောင်း (USG) ရိုက်ခြင်း
ကုသခြင်း
ကိုယ်ခံအား မူမမှန်တုံ့ပြန်သည့်ရောဂါများကို ပျောက်ကင်းအောင်ကုသ၍ မရသော်လည်း ကိုယ်ခံအားစနစ်ကို ထိန်းချုပ်နိုင်ပြီး ရောဂါလက္ခဏာများ သက်သာစေ၍ ရောဂါထကြွခြင်း မဖြစ်ပေါ်အောင် အောက်ပါအတိုင်း ဆေးဝါးများဖြင့် ကုသမှုပေးနိုင်သည်။
- စတီးရွိုက်ဆေးများပေးခြင်း
ကိုယ်ခံအားစနစ် အလွန်အမင်းတုံ့ပြန်မှုကို လျှင်မြန်ထိရောက်စွာ လျှော့ချပေးနိုင်သည့်အပြင် ရောင်ရမ်းမှုများကိုလည်း လျော့ကျစေနိုင်သည်။ သို့သော် စတီးရွိုက်ဆေးများကို ကြာရှည်စွာအသုံးပြုလျှင် ကိုယ်ခံအားနည်းစေခြင်း၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ အရိုးပွခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း အစရှိသည့် ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်နိုင်သောကြောင့် ထိုဆေးများကို ရောဂါလက္ခဏာကြွသည့် အချိန်များတွင်သာ ကာလတိုအနေဖြင့် အသုံးပြုသင့်သည်။ ထို့နောက် ကိုယ်ခံအားစနစ်ကို အဓိက ရွေးချယ်ထိန်းချုပ်ပေးသော ဘေးထွက်ဆိုးကျိုးနည်းသည့် ကိုယ်ခံအားနှိမ့်ချပေးသောဆေးများဖြင့် ဆက်လက်ကုသမှုခံယူရန် လိုအပ်သည်။ - စတီးရွိုက်မဟုတ်သော အကိုက်အခဲပျောက်ဆေးများဖြင့် ကုသခြင်း (NSAIDs)
အဆစ်များနှင့် ကြွက်သားများ နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ တောင့်တင်းခြင်းတို့ကို သက်သာစေနိုင်သော်လည်း ရောဂါအရင်းအမြစ်ကို ထိန်းချုပ်ကုသနိုင်ခြင်း မရှိပါ။ ဘေးထွက်ဆိုးကျိုးများအနေဖြင့် အစာအိမ်အနာဖြစ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ နှလုံးသွေးကြောဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်နိုင်သောကြောင့် ရေရှည်အသုံးမပြုသင့်ဘဲ ရောဂါလက္ခဏာ ခံစားနေရသည့်အချိန်များတွင်သာ ဆရာဝန်၏ညွှန်ကြားချက်ဖြင့် အသုံးပြုသင့်သည်။ - ကိုယ်ခံအားနှိမ့်ချပေးသော ဆေးဝါးများဖြင့် ကုသခြင်း (Immunosuppressants)
စတီးရွိုက်ဆေးများ၊ အကိုက်အခဲပျောက်ဆေးများဖြင့် ရောဂါလက္ခဏာများ သက်သာသွားပြီးနောက် ရောင်ရမ်းမှုများကို ဆက်လက်လျော့နည်းစေရန် ကိုယ်ခံအားထိန်းချုပ်နှိမ့်ချပေးသော ဆေးဝါးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း အချိန်ကာလကြာရှည်စွာ ထိန်းညှိသောက်သုံးရန် လိုအပ်သည်။ ထိုဆေးဝါးများသည် ပဋိပစ္စည်း (ကိုယ်ခံအား) ထုတ်လုပ်သော ဆဲလ်များကို ဦးတည်တိုက်ခိုက်၍ ရောင်ရမ်းမှုဖြစ်စေသော ပရိုတင်းများ၊ ဓာတ်ပေါင်းများ ထုတ်လွှင့်မှုကို ဟန့်တားပေးသည်။ ကိုယ်ခံအားနှိမ့်ချပေးသော ဆေးဝါးများတွင် အမျိုးအစားများစွာရှိပြီး ဤဆေးဝါးများသည်လည်း သက်ဆိုင်ရာ ဘေးထွက်ဆိုးကျိုးများရှိသောကြောင့် ဆေးသောက်နေစဥ်အတွင်း ဆရာဝန်များနှင့် ပုံမှန်ပြသ၍ ဖြစ်ပေါ်နိုင်သည့် ဘေးထွက်ဆိုးကျိုးများကို စောင့်ကြည့်စစ်ဆေးကုသရန် လိုအပ်သည်။ - အင်မြူနိုဂလိုဗျူလင်ဆေးသွင်းကုသခြင်း (IV Immunoglobulin)
အင်မြူနိုဂလိုဗျူလင်ဆေးသွင်းကုသခြင်းသည် အန္တရာယ်ဖြစ်စေနိုင်သော ပဋိပစ္စည်းများကို ဟန့်တားထိန်းချုပ်ခြင်း၊ ရောင်ရမ်းမှုကို လျှော့ချပေးခြင်း၊ ကိုယ်ခံအားစနစ်ကို ထိန်းညှိပေးခြင်းတို့ကို လုပ်ဆောင်ပေးသည်။ ဘေးထွက်ဆိုးကျိုးများအနေဖြင့် ခေါင်းကိုက်ခြင်း၊ အဖျားတက်ခြင်း၊ ပျို့အန်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်။
ထို့အပြင် ကိုယ်ခံအား မူမမှန်တုံ့ပြန်သည့် ရောဂါတစ်ခုချင်းစီအတွက် သီးသန့်ကုသမှုများ လိုအပ်သည်။ ဥပမာအားဖြင့်_
- အမျိုးအစား (၁) ဆီးချိုရောဂါကို အင်ဆူလင်ထိုးဆေးဖြင့် ကုသခြင်း
- Gluten ပရိုတင်းနှင့် ဓာတ်မတည့်သော ရောဂါအတွက် Gluten မပါဝင်သော အစားအစာများကိုသာ ရွေးချယ်စားသုံးခြင်း
- သိုင်းရွိုက်ဟော်မုန်းရောဂါများအတွက် ဟော်မုန်းညီမျှအောင် ဆေးများဖြင့် ထိန်းသိမ်းကုသခြင်းတို့ ဖြစ်ကြသည်။
ကိုယ်ခံအားမူမမှန်တုံ့ပြန်သည့် ရောဂါများကို ကုသရာတွင် တစ်ဦးနှင့်တစ်ဦး ကုသမှုနည်းလမ်းများ မတူညီနိုင်ပါ။ မိမိခံစားနေရသော ရောဂါနှင့်ကိုက်ညီသောကုထုံးကို ဆရာဝန်များနှင့် တိုင်ပင်၍ ရွေးချယ်ကုသရန် လိုအပ်သည်။ နေထိုင်စားသောက်မှုပုံစံများကို ပြောင်းလဲခြင်း၊ လှုပ်ရှားမှုကောင်းစွာ လုပ်ဆောင်နိုင်စေရန် လေ့ကျင့်ခန်းဆရာဝန်များ၊ ပညာရှင်များနှင့် ပုံမှန်ဆွေးနွေးလေ့ကျင့်ကုသခြင်းဖြင့်လည်း ရောဂါလက္ခဏာများ သက်သာစေနိုင်သည်။
ကာကွယ်ခြင်း
ကိုယ်ခံအား မူမမှန်တုံ့ပြန်သည့်ရောဂါများကို ကာကွယ်နိုင်သော နည်းလမ်း ယနေ့ထိ မရှိသေးပါ။
References:
- WebMD. (n.d.). Autoimmune diseases. Retrieved June 20, 2025, from https://www.webmd.com/a-to-z-guides/autoimmune-diseases
- Cleveland Clinic. (n.d.). Autoimmune diseases. Retrieved June 20, 2025, from https://my.clevelandclinic.org/health/diseases/21624-autoimmune-diseases
- Verywell Health. (2023). Autoimmune diseases: Signs, symptoms, and complications. Retrieved June 20, 2025, from https://www.verywellhealth.com/autoimmune-disease-symptoms-3232847
Published: 7 August 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.