Intussusception (အူစွပ်ခြင်း)

Intussusception (အူစွပ်ခြင်း)

အူစွပ်ခြင်း (Intussusception) ဆိုသည်မှာ အူအစိတ်အပိုင်းတစ်ခုအတွင်းသို့ ၎င်းနှင့်ကပ်လျက်ရှိသော အူအစိတ်အပိုင်း ကျွံဝင်ခြင်းဖြစ်သည်။ အူစွပ်ခြင်းသည် အူလမ်းကြောင်းပိတ်ဆို့မှုကို ဖြစ်စေသည့် အရေးပေါ်အခြေအနေတစ်ခုဖြစ်ပြီး၊ အချိန်မီမကုသပါက အူလမ်းကြောင်း၏ သွေးလှည့်ပတ်မှုကို ထိခိုက်ကာ အူပုပ်ခြင်း၊ အူပေါက်ခြင်း၊ ပိုးဆိပ်ပျံ့နှံ့ခြင်းစသည့် အခြေအနေများအထိ ဖြစ်ပေါ်နိုင်သည်။

အူစွပ်ခြင်းသည် အသက် (၃)လ မှ (၃)နှစ်အရွယ် ကလေးငယ်များတွင် အဖြစ်များသော်လည်း အသက်အရွယ်မရွေး ဖြစ်ပွါးနိုင်သည့်ရောဂါဖြစ်သည်။

Intussusception image
ဖြစ်ပေါ်ရသည့်အကြောင်းရင်းများ

အများစုတွင် အူစွပ်ခြင်းဖြစ်ရသည့် အကြောင်းရင်းကို တိတိကျကျ မသိရသော်လည်း အောက်ပါရောဂါအခြေအနေများကြောင့် အဓိကဖြစ်ပွါးသည်ဟု ယူဆကြသည်။

ကလေးများတွင် အူစွပ်ခြင်းအကြောင်းရင်းများ
  • ဗိုင်းရပ်စ်နှင့်ဘက်တီးရီးယားပိုးများ
    အူစွပ်ခြင်းသည် ဗိုင်းရပ်စ်ပိုးများ (ဥပမာ _ ရိုတာဗိုင်းရပ်စ်၊ နိုရိုဗိုင်းရပ်စ်ရာသီတုပ်ကွေးဗိုင်းရပ်စ်)၊ အချို့သော ဘက်တီးရီးယားပိုးများနှင့် သက်ဆိုင်သည်ဟု ယူဆသည်၊ ဤရောဂါပိုးများသည် အူလမ်းကြောင်းအတွင်း ပုံမှန်ရှိနေသော အကျိတ်ငယ်များကို ကြီးထွားစေပြီး အူစွပ်စေရန် အားပေးသည်
  • အူလမ်းကြောင်းအနေအထားကို ချို့ယွင်းစေသော ရောဂါအခြေအနေများ
    • အူလမ်းကြောင်း အသားပိုများ (Polyps)
    • မွေးရာပါ အူသိမ်အဆုံးပိုင်းတွင် အတက်ငယ် သို့မဟုတ် အိတ်ငယ် အပိုပါခြင်း (Meckel’s diverticulum)
    • ဟီးနော့ရှောလိုင်း သွေးကြောရောင်ရောဂါ (Henoch-Schönlein Purpura – HSP or IgA Vasculitis)
    • ခွဲစိတ်ပြီးနောက် အူများအချင်းချင်း လိမ်ကပ်နေခြင်းများ (Post-operative adhesions)
    • အူလမ်းကြောင်းအကျိတ်များ
အရွယ်ရောက်ပြီးသူများတွင် အူစွပ်ခြင်းအကြောင်းရင်းများ
  • အူလမ်းကြောင်း အသားပိုများ (Polyps)
  • အူလမ်းကြောင်းတွင် ကင်ဆာ သို့မဟုတ် ကင်ဆာမဟုတ်သော အလုံးအကျိတ်တည်ခြင်း (Tumour)
  • ယခင် အစာအိမ်၊ အူလမ်းကြောင်း ခွဲစိတ်မှုခံယူထားသူများ
  • ခရုန်းရောဂါ (Crohn’s disease) စသည်တို့ကြောင့်ဖြစ်သည်။
အူစွပ်ခြင်း ဖြစ်ပွါးနိုင်ခြေများသည့် အချက်များ
  • အသက်အရွယ် _ အသက် (၃)လ မှ (၃)နှစ်အတွင်း ကလေးငယ်များ
  • ကျား၊ မ (ယောက်ျားလေးများတွင် အဖြစ်များသည်)
  • ဆောင်းဦးနှင့် ဆောင်းရာသီ (ရာသီတုပ်ကွေးနှင့် အခြားဗိုင်းရပ်စ်ပိုးများ အဖြစ်အများဆုံးအချိန်ဖြစ်သည်)
  • မွေးရာပါ အူလမ်းကြောင်း ပုံမမှန်လည်ခြင်း (Intestinal malrotation)
  • အချို့ရောဂါအခြေအနေများ
    • သားအိမ်ပြင်ပတွင် သွေးလုံးတည်ခြင်း (Endometriosis)
    • အူလမ်းကြောင်း အစာပိုက် ထည့်သွင်းထားသူများ (Feeding tube)
ရောဂါလက္ခဏာများ
ကလေးငယ်များတွင် တွေ့ရှိနိုင်သော လက္ခဏာများ
  • ဗိုက်အောင့်ခြင်းကြောင့် အသံကျယ်လောင်စွာ ရုတ်တရက်ထငိုခြင်း
    • ကလေးငယ်များတွင် ပထမဦးဆုံး ပြသသည့် လက္ခဏာဖြစ်သည်၊ ကလေးငယ်သည် ငိုနေစဥ် ဒူးများကို ရင်ဘတ်ဆီသို့ ဆွဲကွေးထားတတ်သည်
    • ဗိုက်အောင့်ခြင်းသည် နာလိုက် ပျောက်လိုက်ဖြစ်ပြီး စတင်ငိုသည့် အချိန်မှ (၁၅) မိနစ်ခန့်ကြာတိုင်း ပြန်လည်ဖြစ်ပွါးသည်၊ အချိန်ကြာလာသည်နှင့်အမျှ နာကျင်သည့် အကြိမ်ရေ ပိုမိုများလာပြီး နာသည့်အချိန်လည်း ပိုကြာလာသည်
  • ဝမ်းသွားသည့်အခါ အချွဲနှင့်သွေး ရောပါခြင်း – ဂျယ်လီကဲ့သို့ အချွဲပါသည့် အနီ‌ရောင်ဝမ်း (red currant jelly stool) သွားနိုင်သည်
  • အန်ခြင်း (vomiting)
  • ဝမ်းဗိုက်တွင် အလုံးစမ်းမိခြင်း
  • ဝမ်းပျက်ခြင်း
  • ဖျားခြင်း
  • ရေဓာတ်ခန်းခြောက်ခြင်း စသည့်လက္ခဏာများ ဖြစ်ပေါ်နိုင်သည်။

အချို့ကလေးငယ်များတွင်မူ ဗိုက်အောင့်သည့်ဝေဒနာ မပြင်းထန်ခြင်း၊ ဝမ်းတွင် သွေးမပါခြင်း သို့မဟုတ် ဗိုက်တွင် အလုံးမစမ်းမိခြင်း စသည်တို့လည်း ဖြစ်နိုင်သည်။

အရွယ်ရောက်ပြီးသူများတွင် တွေ့ရှိနိုင်သော လက္ခဏာများ

ဗိုက်အောင့်ခြင်းသည် အဖြစ်အများဆုံး လက္ခဏာဖြစ်ပြီး တစ်ခါတစ်ရံ ပျို့အန်လေ့ရှိသည်။ အူစွပ်ခြင်းသည် အရွယ်ရောက်ပြီးသူများတွင် ဖြစ်ခဲပြီး ဖြစ်ပွါးပါကလည်း အခြားရောဂါလက္ခဏာများနှင့် ဆင်တူနေတတ်သောကြောင့် ရောဂါခွဲခြားရန် ပိုမိုခက်ခဲသည်။ ထို့ကြောင့် ဆေးကုသမှုခံယူချိန် နောက်ကျပြီး ရောဂါပိုမိုဆိုးရွားတတ်သည်။

နောက်ဆက်တွဲပြဿနာများ

အူစွပ်ခြင်းကို အချိန်မီမကုသပါက အောက်ပါ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သည်။

  • အူပိတ်ခြင်း (Bowel obstruction)
    • အူစွပ်နေသည့် အစိတ်အပိုင်းကြောင့် အူပိတ်ခြင်း ဖြစ်ပေါ်နိုင်သည်။ ဝမ်းဗိုက်အောင့်ခြင်း၊ ဝမ်းဗိုက်ဖောင်းခြင်း၊ ပျို့အန်ခြင်း စသည့်လက္ခဏာများ ဖြစ်ပေါ် နိုင်သည်။
  • အူပုပ်ခြင်း (Bowel necrosis)
    • အူစွပ်နေသည့် အစိတ်အပိုင်းသို့ သွေးစီးဆင်းမှု လျော့နည်းပြီး အချိန်မီမကုသပါက စွပ်ဝင်နေသည့်အူများသို့ သွေးမရောက်သည့်အတွက် အူနံရံတစ်ရှူးများ ပုပ်ခြင်းဖြစ်သည်
  • အူပေါက်ခြင်း (Perforation)
    • အဆိုပါပုပ်သွားသော အူနံရံပေါက်၍ အစာဟောင်းများ ဝမ်းခေါင်းအတွင်းသို့ ရောက်ရှိခြင်းဖြစ်သည်
  • ဝမ်းခေါင်းအမြှေးပါးအလွှာ ရောင်ခြင်း (Peritonitis)
    • ဝမ်းခေါင်းအတွင်း ရောက်ရှိလာသော အစာဟောင်းများကြောင့် ဘက်တီးရီးယားပိုးများ ပေါက်ပွါးကာ ဝမ်းခေါင်းအမြှေးပါးအလွှာကို ရောင်စေသည်
    • ဝမ်းဗိုက် အထိမခံနိုင်အောင် နာခြင်း
    • ဗိုက်ဖောင်းခြင်း
    • ဖျားခြင်း စသည့်လက္ခဏာများ ဖြစ်ပေါ်သည်
    • ယင်းသည် အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေဖြစ်ပြီး ချက်ချင်း ခွဲစိတ်ကုသမှု ခံယူရန် လိုအပ်သည်
  • ပိုးဆိပ်ပျံ့နှံ့ခြင်း (Septicemia)
    • ဝမ်းဗိုက်အတွင်းမှ ဘက်တီးရီးယားပိုးများ သွေးမှတစ်ဆင့် ပိုးဆိပ်ပျံ့နှံ့သွားသည့်အခါ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ချွေးထွက်ခြင်း၊ အသက်ရှူမြန်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အရေပြားပေါ်တွင် အနီစက်ပေါ်ခြင်းတို့ ဖြစ်ပေါ်စေသည်
    • ပိုမိုပြင်းထန်လာသောအခါ ကိုယ်တွင်းအင်္ဂါ ထိခိုက်ပျက်စီးမှုများ စတင်ဖြစ်ပေါ်သည့် ပြင်းထန်သော ပိုးဆိပ်ပျံ့နှံ့ခြင်းအဆင့်သို့ ရောက်ရှိကာ သွေးပေါင်ကျခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ သတိလစ်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ဆီးနည်းသွားခြင်း စသည့်လက္ခဏာများ ဖြစ်လာသည်
ဆေးရုံ၊ ဆေးခန်း ပြသရန်

အထက်တွင်ဖော်ပြခဲ့သော အူစွပ်ခြင်းနှင့် နောက်ဆက်တွဲလက္ခဏာများရှိပါက အရေးပေါ်ကုသမှုခံယူရန် လိုအပ်သဖြင့် ဆေးရုံအရေးပေါ် ဆေးကုဌာနသို့ အမြန်ဆုံးသွား၍ ကုသမှု ချက်ချင်းခံယူရမည်။ အထူးသဖြင့် ကလေးငယ်များတွင် အူစွပ်ခြင်းသည် အသက်အန္တရာယ် ရှိနိုင်သောကြောင့် အချိန်မီ ကုသမှုခံယူရန် အရေးကြီးသည်။

ရောဂါရှာဖွေခြင်း

ရောဂါရာဇဝင် မေးမြန်းခြင်းနှင့် ဆရာဝန်မှ သေချာစွာစမ်းသပ်ခြင်း စသည်တို့ ဦးစွာပြုလုပ်မည်။ အများအားဖြင့် အရေးပေါ် ဆေးကုသမှု လိုအပ်လေ့ရှိသည်။ သွေးစစ်ဆေးမှုများ ပြုလုပ်ပြီး ရောဂါအတည်ပြုရန် အောက်ပါပုံရိပ်ဖော်စစ်ဆေးမှုများ ဆက်လက်ပြုလုပ်မည်ဖြစ်သည်။

  • ဝမ်းဗိုက်ဓာတ်မှန် (Abdominal X-ray)
    ကနဦး စတင်ပြုလုပ်သော စစ်ဆေးမှုဖြစ်ပြီး အူပိတ်ခြင်း၊ အူပေါက်ခြင်း စသည်တို့ကို သိရှိနိုင်သည်။
  • အာထရာဆောင်းရိုက်ခြင်း (USG)
    အာထရာဆောင်းရိုက်ခြင်းဖြင့် အူစွပ်ခြင်းအား တိတိကျကျ ဖော်ထုတ်နိုင်သည်။ ကလေးများတွင် အဓိကပြုလုပ်သည်။
  • ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (CT scan)
    အူစွပ်ခြင်းဖြစ်စေသည့် အကြောင်းရင်းများနှင့် နောက်ဆက်တွဲဆိုးကျိုးများကို သိရှိနိုင်သည်။ ကလေးများတွင် ကွန်ပျူတာဓာတ်မှန်ရိုက်ရန် အိပ်ဆေး၊ မေ့ဆေး အသုံးပြုရန်လိုအပ်ခြင်းနှင့် ဓာတ်ရောင်ခြည်သင့်ခြင်း စသည်တို့ကြောင့် ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်းကို ကနဦး စစ်ဆေးမှုအနေဖြင့် ပြုလုပ်လေ့မရှိပဲ အရွယ်ရောက်ပြီးသူများတွင်သာ အဓိကအသုံးပြုသည်။
  • ဘေရီယမ်ဓာတ်မှန်ရိုက်ခြင်း (Barium enema)
    ကလေး၏ စအိုမှတစ်ဆင့် ဘေရီယမ် (Barium) ဆေးရည်ကို ထိုးသွင်း၍ ဓာတ်မှန်ရိုက်ခြင်းဖြစ်သည်။ ဘေရီယမ်ဓာတ်မှန်ရိုက်ခြင်းသည် ကလေးများတွင် ရောဂါရှာဖွေနိုင်သည့်အပြင် အူစွပ်ခြင်းအား ကုသရာတွင်လည်း အသုံးဝင်သည်။
ကုသခြင်း
အရေးပေါ်ကုသခြင်း

ပြင်းထန်သည့် ရေဓာတ်ခန်းခြောက်ခြင်း၊ အူပုပ်ကာ ပိုးဆိပ်ပျံ့နှံ့ခြင်း၊ သွေးလန့်ခြင်းစသည့် အခြေအနေများတွင် အရေးပေါ်ကုသမှုများ ပြုလုပ်သည်။

  • ဆေးရည် သို့မဟုတ် လေအား အသုံးပြု၍ ကုသခြင်း
    • ကလေးအူစွပ်ခြင်းတွင် ပြုလုပ်သော ကုသခြင်းတစ်မျိုးဖြစ်သည်
    • ကလေး၏ စအိုမှတစ်ဆင့် ဘေရီယမ် (Barium) ဆေးရည် သို့မဟုတ် Saline ဆေးရည် သို့မဟုတ် လေကို ထိုးသွင်း၍ စွပ်ဝင်နေသော အူအား ဖိအားသက်ရောက်စေပြီး အူစွပ်ခြင်းကို ပြန်လည်ပြေလျော့စေခြင်းဖြစ်သည်
    • ယင်းကုသနည်းသည် ကလေးများတွင် (၉၀) ရာခိုင်နှုန်း အောင်မြင်မှုရှိပြီး၊ ကုသမှုအောင်မြင်ပါက ခွဲစိတ်ကုသရန် မလိုအပ်တော့ပေ၊ သို့သော် အူစွပ်ခြင်း နောက်တစ်ကြိမ် ပြန်လည်ဖြစ်ပွါးနိုင်သည်
    • ဤကုသနည်းကြောင့် အူပေါက်နိုင်သည့် အန္တရာယ်ရှိသဖြင့် မပြုလုပ်မီ ခွဲစိတ်ဆရာဝန်အဖွဲ့နှင့် ကြိုတင်တိုင်ပင်ဆွေးနွေးသင့်သည်
  • ခွဲစိတ်ကုသခြင်း
    • ဆေးရည် သို့မဟုတ် လေအား အသုံးပြု၍ ကုသမှုမအောင်မြင်ခြင်း၊ အူပုပ်ခြင်း၊ အူပေါက်ခြင်း သို့မဟုတ် အူစွပ်ခြင်း ဖြစ်စေသော ရောဂါကို ပျောက်ကင်းအောင် ကုသရန် လိုအပ်သည့် အခြေအနေများတွင် ခွဲစိတ်ကုသရန် လိုအပ်သည်
    • ခွဲစိတ်ဆရာဝန်မှ စွပ်ဝင်နေသော အူအစိတ်အပိုင်းအား ပြန်လည်ဖြေလျှော့ပေးခြင်း၊ ပိတ်ဆို့နေသော အူအစိတ်အပိုင်းအား ဖြတ်ထုတ်ကာ ပြန်ဆက်ခြင်း၊ အူမကြီး အသားပို သို့မဟုတ် အကျိတ် စသည့် အူစွပ်ခြင်း ဖြစ်စေသည့် အကြောင်းရင်းအား ရှာဖွေဖယ်ရှားခြင်းစသည်တို့ကို ပြုလုပ်မည်ဖြစ်သည်

References:

  1. Mayo Clinic. (n.d.). Intussusception: Diagnosis & treatment. Retrieved December 5, 2025, from https://www.mayoclinic.org/diseases-conditions/intussusception/diagnosis-treatment/drc-20351457
  2. Cleveland Clinic. (n.d.). Intussusception. Retrieved December 5, 2025, from https://my.clevelandclinic.org/health/diseases/10793-intussusception
  3. Salazar, J. H., & Vo, N. J. (2023). Intussusception in children. In R. F. Connor (Ed.), UpToDate. Wolters Kluwer. Retrieved December 5, 2025, from https://www.uptodate.com/contents/intussusception-in-children

Published: 31 January 2025

Last updated: 10 February 2026

Share

26 January 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.