Henoch-Schonlein Purpura (HSP) or IgA vasculitis (ဟီးနော့ရှောလိုင်း သွေးကြောရောင်ရောဂါ)

Henoch-Schonlein Purpura (HSP) or IgA vasculitis (ဟီးနော့ရှောလိုင်း သွေးကြောရောင်ရောဂါ)

ဟီးနော့ရှောလိုင်း သွေးကြောရောင်ရောဂါ (Henoch-Schonlein Purpura – HSP) သည် သွေးကြောငယ်များ ရောင်ရမ်းသော ရောဂါတစ်မျိုးဖြစ်သည်။ အထူးသဖြင့် ကိုယ်ခန္ဓာအတွင်းရှိ အရိုးအဆစ်များ၊ အူများ၊ ကျောက်ကပ်နှင့် အရေပြားအောက်ရှိ သွေးကြောများကို ရောင်ရမ်းစေသောရောဂါဖြစ်သည်။ အရေပြားအောက်ရှိ သွေးကြောများရောင်ရမ်းရာမှ အရေပြားအောက်သို့ သွေးယိုစိမ့်ခြင်းများ ဖြစ်ပေါ်စေပြီး အရေပြားပေါ်တွင် နီညိုရောင်၊ ခရမ်းရောင် အဖုအပိမ့်များ (Purpura) များ ပေါ်လာသည်။ ထိုအဖုအပိမ့်များသည် HSP ရောဂါ၏ အထင်ရှားဆုံး ဝိသေသလက္ခဏာတစ်ခုဖြစ်ပြီး ပုံမှန်အားဖြင့် ခြေထောက်နှင့် တင်ပါးနေရာတို့တွင် ဖြစ်ပေါ်သည်။ ထိုအရေပြားလက္ခဏာအပြင် ဝမ်းဗိုက်နာကျင်ခြင်းနှင့် အရိုးအဆစ်များ ကိုက်ခဲခြင်းကိုလည်း တွေ့ရနိုင်ပြီး ရှားပါးသော်လည်း ပြင်းထန်သည့် ကျောက်ကပ်ပျက်စီးမှုကိုလည်း ဖြစ်ပေါ်စေနိုင်သည်။

၁၈၀၀ ပြည့်နှစ်နှောင်းပိုင်း၌ ရောဂါလက္ခဏာများကို သုတေသနပြုလုပ်၍ ဤရောဂါကို ဖော်ထုတ်နိုင်ခဲ့သည့် Eduard Henoch နှင့် Johann Lukas Schönlein ဟူသည့် ဆရာဝန်နှစ်ဦးကို အစွဲပြုကာ HSP ရောဂါဟု အမည်ပေးခဲ့ခြင်းဖြစ်သည်။ HSP ရောဂါသည် အသက်အရွယ်မရွေး မည်သူမဆို ဖြစ်ပွားနိုင်သော်လည်း အသက် (၂)နှစ် မှ (၁၀)နှစ်ကြားရှိ ကလေးများတွင် အများဆုံးဖြစ်ပွားသည်။ အများအားဖြင့် သူ့အလိုလို သက်သာပျောက်ကင်းနိုင်ခြေ ရှိသော်လည်း ကျောက်ကပ်ကို ထိခိုက်သော အခြေအနေများတွင် စနစ်တကျဆေးကုသမှုများ ရရှိရန် လိုအပ်သည်။

Henoch Schonlein Purpura image 1
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

HSP ရောဂါကို ဖြစ်စေသော အကြောင်းရင်းခံကို တိတိကျကျမသိရပါ။ သို့သော် ကိုယ်ခံအားစနစ် မူမမှန်တုံ့ပြန်ခြင်းကြောင့် ဖြစ်ပွားသည်ဟု ယူဆကြသည်။ အထူးသဖြင့် ပဋိပစ္စည်းတစ်မျိုးဖြစ်သော Immunoglobulin A သည် သွေးကြောငယ်များ ရောင်ရမ်းခြင်းနှင့် ဆက်စပ်နေကြောင်း တွေ့ရသည်။

ကိုယ်ခံအားစနစ်ကို မူမမှန်တုံ့ပြန်စေသော အကြောင်းရင်း (Triggers) များစွာရှိသည်။ HSP ရောဂါဖြစ်ပွားသူများ၏ တစ်ဝက်နီးပါးခန့်သည် အအေးမိခြင်းကဲ့သို့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးများ ဝင်ရောက်ပြီးနောက် ဖြစ်ပေါ်တတ်သည်။

  • အအေးမိခြင်း
  • လည်ချောင်းနာခြင်း (Strep throat)
  • ဝက်သက်ရောဂါ
  • ‌ရေကျောက်ရောဂါ
  • အသည်းရောင် အသားဝါရောဂါများစသည့် ရောဂါအခြေအနေများအပြင်
  • အချို့သော ဆေးဝါးများ၊ အစားအစာများ စားသုံးမိခြင်း
  • အင်းဆက်ပိုးမွှားများ အကိုက်ခံရခြင်းနှင့်
  • အေးသောရာသီဥတုနှင့် ထိတွေ့မိခြင်းစသည့် အကြောင်းရင်းများလည်း ပါဝင်သည်။
ဖြစ်နိုင်ခြေများသူများ
  • အသက်
    • အသက် (၁၀) နှစ်အောက် ကလေးများတွင် အဓိကဖြစ်ပွားသည်၊ အရွယ်ရောက်ပြီးသူများတွင် ဖြစ်ပွားပါက ကလေးများထက် ပိုမိုပြင်းထန်တတ်သည်
  • လိင်
    • ယောက်ျားလေးများတွင် မိန်းကလေးများထက် ပို၍အဖြစ်များသည်
  • လူမျိုး
    • လူဖြူလူမျိုးများနှင့် အရှေ့တောင်အာရှဘက်မှ ကလေးများသည် လူမည်းကလေးများထက် ရောဂါဖြစ်ပွားနိုင်ခြေ ပိုများသည်
ရောဂါလက္ခဏာများ

Henoch-Schonlein purpura ရောဂါတွင် အဓိကရောဂါလက္ခဏာ (၄) မျိုးရှိသည်။ ထိုလက္ခဏာများသည် အရေပြား၊ အရိုးအဆစ်များ၊ အူများနှင့် ကျောက်ကပ်နေရာများ၌ သွေးကြောများရောင်ရမ်းခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ရှားပါးသော်လည်း တစ်ခါတစ်ရံ အဆုတ်၊ ဦးနှောက်နှင့် ကျောရိုးမကြီးရှိ သွေးကြောငယ်များကို ရောင်ရမ်းစေနိုင်သည်။

  1. အရေပြားအောက် သွေးယိုစိမ့်ခြင်းကြောင့် ဖြစ်သော အဖုအပိမ့်များဖြစ်ပေါ်ခြင်း (Purpura)
    • အရေပြားအောက်ရှိ သွေးကြောများရောင်ရမ်းရာမှ အရေပြားအောက် သွေးယိုစိမ့်ခြင်း ဖြစ်လာခြင်းဖြစ်သည်
    • အညိုအမဲစွဲရာများကဲ့သို့ နီညိုရောင်၊ ခရမ်းရောင် အစက်အပြောက်များ ပေါ်လာသည်
    • ဖန်ခွက်အကြည်ဖြင့် ထိုအစက်များကို ဖိကြည့်ခြင်း (Glass test) ပြုလုပ်ပါကလည်း အရောင်ဖျော့မသွားခြင်း၊ ပျောက်မသွားခြင်းသည် သွေးယိုစိမ့်သောသက်သေဖြစ်သည်
    • တင်ပါး၊ ခြေထောက်နှင့် ခြေဖမိုးများတွင် စတင်ပေါ်လာလေ့ရှိပြီး မျက်နှာ၊ လက်နှင့် ကိုယ်ထည်များတွင်လည်း ပေါ်နိုင်သည်
    • ဖိအားသက်ရောက်သော နေရာများ (ဥပမာ _ ခါးပတ်နေရာ) တွင် ပိုများနိုင်သည်
  2. အရိုးအဆစ်များ ရောင်ရမ်းနာကျင်ခြင်း (Arthritis)
    • HSP ရောဂါတွင် အရိုးအဆစ်များကို ထောက်ပံ့ပေးနေသော သွေးကြောငယ်များ ရောင်ရမ်းရာမှ အရိုးအဆစ်များ နာကျင်ရောင်ရမ်းခြင်းကို ဖြစ်စေသည်
    • ကလေးများ၏ (၇၅%) ခန့်တွင် အရိုးအဆစ်များ ရောင်ရမ်းနာကျင်တတ်သည်
    • အထူးသဖြင့် ဒူး၊ ခြေချင်းဝတ်ရှိ အရိုးများတွင် အများဆုံးဖြစ်သည့်အပြင် ခြေဖဝါးနှင့် လက်ရှိ အရိုးအဆစ်များတွင်လည်း ဖြစ်နိုင်သည်
    • ရောင်ရမ်းနာကျင်မှုသည် တစ်ခါတစ်ရံ အဖုအပိမ့်များ မပေါ်မီ တစ်ပတ် သို့မဟုတ် နှစ်ပတ်ခန့်အလို၌ ကြိုတင်ဖြစ်ပေါ်တတ်သည်
    • အရိုးအဆစ်ရောင်ရမ်းသည့် လက္ခဏာများသည် ရောဂါသက်သာသွားသောအခါ ပျောက်ကင်းသွားနိုင်ပြီး ရေရှည်အရိုးထိခိုက်မှုများ မဖြစ်စေနိုင်ပါ
  3. အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ လက္ခဏာများ ခံစားရခြင်း (GI symptoms)
    • HSP ရောဂါတွင် အူလမ်းကြောင်းရှိ သွေးကြောငယ်များ ရောင်ရမ်းခြင်းကြောင့် ကလေးအများစုသည် ဗိုက်နာခြင်း၊ ပျို့ခြင်း၊ အန်ခြင်းနှင့် ဝမ်းတွင်သွေးပါခြင်းစသည်တို့ ဖြစ်ပေါ်တတ်သည်
    • ထိုလက္ခဏာများသည် တစ်ခါတစ်ရံ အဖုအပိမ့်များမပေါ်မီ ကြိုတင်ဖြစ်ပေါ်တတ်သည်
  4. ကျောက်ကပ်ထိခိုက်ခြင်း (Renal involvement)
    • HSP ရောဂါကြောင့် ကျောက်ကပ်သွေးကြောငယ်များကို ရောင်ရမ်းစေပြီး ကျောက်ကပ် ထိခိုက်နိုင်သည်
    • မျက်နှာနှင့် ခြေထောက်များ ဖောရောင်ခြင်းအပြင် ယောကျ်ားလေးများတွင် ကပ်ပယ်အိတ်ပါ ဖောရောင်ခြင်းစသည့် ပြင်ပလက္ခဏာများ တစ်ခါတစ်ရံ တွေ့ရလေ့ရှိသော်လည်း အများအားဖြင့် ဆီးထဲ အသားဓာတ်ပါခြင်း သို့မဟုတ် ဆီးထဲသွေးပါခြင်းတို့သာ ဖြစ်တတ်ပြီး ဆီးစစ်ဆေးခြင်းဖြင့်သာ တိတိကျကျ သိရှိနိုင်သည်
    • ပုံမှန်အားဖြင့် ရောဂါသက်သာသွားချိန်တွင် ဖောရောင်သည့်လက္ခဏာများနှင့် ဆီးထဲသွေးနှင့် အသားဓာတ်များပါနေခြင်းတို့ သက်သာပျောက်ကင်းသွားတတ်သော်လည်း အချို့သူများတွင်မူ နာတာရှည်ကျောက်ကပ်ရောဂါအဆင့်အထိ ဆက်လက်ဖြစ်ပွားနိုင်ခြေရှိသည်
နောက်ဆက်တွဲပြဿနာများ

လူအများစုတွင် ရောဂါလက္ခဏာများသည် တစ်လအတွင်း၌ သက်သာလာနိုင်ပြီး နာတာရှည်ပြဿနာများ ဖြစ်ပေါ်လေ့မရှိပါ။ သို့သော် HSP ဖြစ်ဖူးသူများ၏ သုံးပုံတစ်ပုံခန့်သည် (၆) လအကြာတွင် ရောဂါလက္ခဏာများ နောက်တစ်ကြိမ် ပြန်လည်ဖြစ်ပွားနိုင်ခြေရှိသည်။

Henoch-Schonlein purpura နှင့် ဆက်စပ်သော နောက်ဆက်တွဲပြဿနာများမှာ_

  • ကျောက်ကပ်ပျက်စီးမှု
    • HSP ရောဂါ၏ အပြင်းထန်ဆုံး နောက်ဆက်တွဲပြဿနာမှာ ကျောက်ကပ်ပျက်စီးမှုဖြစ်သည်
    • ကလေးများထက် အရွယ်ရောက်ပြီးသူများတွင် ပြင်းထန်နိုင်ခြေပိုများသည်
    • တစ်ခါတစ်ရံတွင် ထိခိုက်ပျက်စီးမှု အလွန်ပြင်းထန်သဖြင့် ကျောက်ကပ်ဆေးခြင်း (Dialysis) သို့မဟုတ် ကျောက်ကပ်အစားထိုးခြင်းနည်းလမ်းများဖြင့် ကုသရန် လိုအပ်နိုင်သည်
  • အူလမ်းကြောင်းပိတ်ခြင်း
    • ရှားပါးသော်လည်း HSP ရောဂါသည် အူစွပ်ခြင်း (Intussusception) ကို ဖြစ်စေနိုင်သည် (အူအစိတ်အပိုင်းတစ်ခုအတွင်းသို့ ၎င်းနှင့်ကပ်လျက်ရှိသော အူအစိတ်အပိုင်းတစ်ခု ကျွံဝင်ပြီး အူပိတ်ခြင်းဖြစ်သည်)
  • သွေးကြောများ ရောင်ရမ်းခြင်းကြောင့် အစာအိမ်နှင့် အူလမ်းကြောင်းတစ်လျှောက် သွေးထွက်ခြင်း
  • ဦးနှောက်သွေးကြောများ ရောင်ခြင်းကြောင့် သွေးယိုခြင်း၊ လေဖြတ်ခြင်း၊ အာရုံကြောထိခိုက်ခြင်းတို့အပြင်
  • သုက်ပို့ပြွန်မှ သွေးကြောများရောင်ရမ်းခြင်းကြောင့် ကပ်ပယ်အိတ်နှင့်ဝှေးစေ့ ရောင်ခြင်း၊ နာခြင်း စသည်တို့လည်း တစ်ခါတစ်ရံ တွေ့ရတတ်သည်၊ ထိုကဲ့သို့ ရောင်ရမ်းနာကျင်ခြင်းသည် ဝှေးစေ့အညှာလိမ်ခြင်းကြောင့် ဖြစ်သော နာကျင်မှုနှင့် ခွဲမရအောင်တူနေတတ်သည်
  • အရေပြားတွင် အရည်ကြည်ဖုများ၊ ပြည်တည်နာများနှင့် တစ်ရှူးများ ပျက်စီးသေဆုံးခြင်းကြောင့် အညိုရောင်၊ အမည်းရောင် အ‌ရေပြားအကွက်များ စသည်တို့လည်းတွေ့ရသည်
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ သွေးနှင့်ဆီးကို ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

အူစွပ်သည့် လက္ခဏာများနှင့် အစာအိမ်၊ အူလမ်းကြောင်း၊ ဦးနှောက် စသည့်နေရာများတွင် သွေးထွက်သည့်လက္ခဏာများရှိပါက အသက်အန္တရာယ်ရှိနိုင်သည့် အရေးပေါ်အခြေအနေဖြစ်နိုင်သဖြင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ၍ အရေးပေါ် ဆေးကုသမှုများခံယူရန် လိုအပ်သည်။

ရောဂါရှာဖွေခြင်း

ဝိသေသလက္ခဏာများဖြစ်သော အရေပြားရှိ နီညိုရောင်၊ ခရမ်းရောင် အဖုအပိမ့်များ၊ အရိုးအဆစ်များ ရောင်ရမ်းနာကျင်ခြင်း၊ ဗိုက်အောင့်ဗိုက်နာခြင်း စသည့်လက္ခဏာများကို ကြည့်ခြင်းဖြင့် ဆရာဝန်မှ Henoch-Schonlein purpura အဖြစ် ရောဂါအမည်တပ်နိုင်မည်ဖြစ်သည်။ ကျောက်ကပ်ထိခိုက်မှု ရှိမရှိနှင့် အခြားနောက်ဆက်တွဲပြဿနာများကို အသေးစိတ် စစ်ဆေးလိုပါက အောက်ပါစစ်ဆေးမှုများ ဆက်လက်ပြုလုပ်မည်ဖြစ်သည်။

  1. ဓာတ်ခွဲစစ်ဆေးခြင်းများ
    HSP ရောဂါကို ဓာတ်ခွဲစစ်ဆေးမှုတစ်ခုတည်းဖြင့် အတည်ပြုနိုင်ခြင်း မရှိသော်လည်း အခြားရောဂါများနှင့် ခွဲခြားနိုင်ရန် ကူညီနိုင်သည်။ ၎င်းတို့တွင်_
    • ဆီးစစ်ဆေးခြင်း (Urinalysis) _ ကျောက်ကပ် ထိခိုက်မှု ရှိမရှိ သိရန် ဆီးထဲတွင် သွေး သို့မဟုတ် ပရိုတင်း ပါဝင်မှုကို စစ်ဆေးသည်
    • သွေးစစ်ဆေးခြင်း (Blood tests) _ သွေးထဲရှိ Immunoglobulin A ပမာဏ မြင့်မားသည်ကို စစ်ဆေးသိရှိနိုင်သည်
  2. ပုံရိပ်ဖော်စစ်ဆေးမှုများ (Imaging tests)
    အူစွပ်ခြင်းကဲ့သို့ နောက်ဆက်တွဲပြဿနာများကို သံသယရှိပါက ဝမ်းဗိုက်ကို အာထရာဆောင်း (USG) ရိုက်၍ စစ်ဆေးနိုင်သည်။ အူစွပ်ခြင်းအပြင် ကျောက်ကပ်ရောင်ရမ်းခြင်းကိုလည်း အာထရာဆောင်းမှတစ်ဆင့် သိရှိနိုင်သည်။
  3. အသားစယူစစ်ဆေးခြင်း (Biopsies)
    HSP ရောဂါရှိသူများတွင် ရောင်ရမ်းမှုဖြစ်နေသော ကိုယ်အင်္ဂါအစိတ်အပိုင်းနေရာတွင် Immunoglobulin A ပရိုတင်းတစ်မျိုး၏ အနည်အနှစ်များ ရှိတတ်သည်။ ထို့ကြောင့် အဖုအပိမ့်များနေရာမှ အရေပြားနမူနာ သို့မဟုတ် ကျောက်ကပ်မှ အသားစနမူနာကို ယူ၍ တစ်ရှူးများတွင် Ig A အနည်အနှစ်များကို ရှာဖွေခြင်းဖြင့် ရောဂါသတ်မှတ်နိုင်သည်။
ကုသခြင်း

Henoch-Schonlein purpura အတွက် သီးခြားကုသဆေး မရှိပါ။ အများအားဖြင့် ရက်သတ္တပတ် (၄) ပတ်ခန့်အတွင်း အလိုအလျောက် သက်သာပျောက်ကင်းနိုင်ပြီး ရေရှည်နောက်ဆက်တွဲပြဿနာများလည်း ရှားပါးသည်။ အနားယူခြင်း၊ အရည်များများသောက်ခြင်းနှင့် ရောင်ရမ်းနာကျင်မှုများ သက်သာစေရန် တစ်ခါတစ်ရံ အကိုက်အခဲပျောက်ဆေးများနှင့် စတီးရွိုက်ဆေးများသုံးစွဲခြင်းစသည်တို့ လိုအပ်သည်။

  1. ဆေးဝါးများ (Medications)
    • အကိုက်အခဲပျောက်ဆေးများ _ အရိုးအဆစ်နာကျင်မှုအတွက် Paracetamol အပြင် Ibuprofen ကဲ့သို့ စတီးရွိုက်မဟုတ်သော ရောင်ရမ်းကျ အကိုက်အခဲပျောက်ဆေးများ (NSAIDs) သောက်သုံးနိုင်သည်၊ သို့သော် ကျောက်ကပ်ထိခိုက်ခြင်း တွဲ၍ရှိနေပါက NSAIDs ဆေးများကို မသုံးစွဲသင့်ပါ
    • စတီးရွိုက်ဆေးများ (Steroids) – Prednisolone ကဲ့သို့ စတီးရွိုက်ဆေးများကို ပြင်းထန်သော ရောင်ရမ်းမှုများအတွက် အသုံးပြုနိုင်သည်၊ အရိုးအဆစ်များရောင်ရမ်းခြင်း၊ ကျောက်ကပ်ရောင်ရမ်းခြင်းနှင့် ဗိုက်အောင့်ဗိုက်နာခြင်း ပြင်းထန်သူများတွင် အသုံးပြုနိုင်သည်၊ သို့သော် စတီးရွိုက်ဆေးများကို ဆေးပမာဏ မြင့်မားစွာသောက်ရခြင်းနှင့် ကြာရှည်သုံးစွဲခြင်းတို့ကြောင့် ဘေးထွက်ဆိုးကျိုးများ ရှိနိုင်သဖြင့် ဆရာဝန်၏ ညွှန်ကြားချက်ဖြင့်သာ သောက်သုံးသင့်သည်
    • ကျောက်ကပ်ထိခိုက်ပျက်စီးမှု နှေးကွေးစေရန် ACEI သို့မဟုတ် ARBs ကဲ့သို့ သွေးပေါင်ကျဆေးများကို အသုံးပြုနိုင်သည်
  2. ခွဲစိတ်ကုသခြင်း (Surgery)
    နောက်ဆက်တွဲပြဿနာတစ်ခုဖြစ်သည့် အူစွပ်ခြင်းတွင် ဆေးရည် သို့မဟုတ် လေအား အသုံးပြု၍ ကုသခြင်းနည်းဖြင့် မသက်သာပါက သို့မဟုတ် အူနံရံပေါက်ပြဲခြင်းများရှိပါက ခွဲစိတ်ကုသရန် လိုအပ်နိုင်သည်။
  3. နောက်ဆက်တွဲ စောင့်ကြည့်ခြင်း (Close follow up)
    ရောဂါလက္ခဏာများ သက်သာသွားသည့်တိုင်အောင် မိသားစုဆရာဝန် သို့မဟုတ် ကလေးအထူးကုဆရာဝန်နှင့် ရက်ချိန်းပုံမှန်ပြ၍ ရေရှည်ဆက်လက်စောင့်ကြည့်ရန် အလွန်အရေးကြီးသည်။ HSP ဖြစ်ဖူးသော ကလေးများ၏ သုံးပုံတစ်ပုံတွင် နောက်တစ်ကြိမ် ရောဂါပြန်လည်ဖြစ်ပွားနိုင်ခြေရှိပြီး ထိုကလေးများမှ အနည်းစုတွင် HSP ကြောင့် ကျောက်ကပ်ပျက်စီးမှု ဖြစ်ပွားနိုင်သည်။ ကျောက်ကပ်ပျက်စီးသည့် လက္ခဏာများသည် ရောဂါဖြစ်ပြီး ပထမဆုံး ရက်သတ္တပတ်အတွင်း ဖြစ်နိုင်သကဲ့သို့ လအနည်းငယ် အကြာတွင်မှ ပေါ်လာနိုင်သည်။ ထို့ကြောင့် HSP သက်သာသွားပြီးသော က‌လေးများတွင် နောက်ဆက်တွဲ ကျောက်ကပ်ပြဿနာ ရှိမရှိ စစ်ဆေးရန် ဆီးစစ်ဆေးခြင်းနှင့် သွေးပေါင်ချိန်တိုင်းခြင်းကို အနည်းဆုံး (၆) လကြာသည်အထိ ဆက်တိုက်စစ်ဆေးသင့်ပြီး ပုံမှန်ဖြစ်ပါက တစ်နှစ်အကြာတွင် နောက်ဆုံးစစ်ဆေးမှုတစ်ကြိမ် ပြုလုပ်သင့်သည်။
ကာကွယ်ခြင်း

ကိုယ်ခံအားစနစ် တုံ့ပြန်မှုလွန်ကဲခြင်းကြောင့် ဖြစ်ပွားသော ရောဂါဖြစ်သည့်အတွက် ကြိုတင်ကာကွယ်ရန် မဖြစ်နိုင်ပါ။ HSP ရောဂါဖြစ်နိုင်ခြေ မြင့်မားစေသော ဘက်တီးရီးယားနှင့် ဗိုင်းရပ်ပိုးများအနက် ကာကွယ်နိုင်သော ပိုးများအတွက် ကာကွယ်ဆေးများထိုးခြင်း၊ ကျောက်ကပ်ထိခိုက်စေသော ဆေးဝါးများကို တတ်နိုင်သမျှ ရှောင်ကြဥ်ခြင်း စသည်တို့ဖြင့် ကာကွယ်နိုင်သည်။ အရေးကြီးဆုံးမှာ ရောဂါလက္ခဏာများ ပေါ်ပေါက်လာပါက အခြေအနေပေါ်မူတည်ပြီး မိသားစုဆရာဝန် သို့မဟုတ် အရေးပေါ်အခြေအနေဖြစ်ပါက ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ ကုသမှုခံယူခြင်းပင်ဖြစ်သည်။

References:

  1. Mayo Clinic. (n.d.). Henoch-Schönlein purpura: Diagnosis and treatment. Retrieved June 12, 2026, from https://www.mayoclinic.org/diseases-conditions/henoch-schonlein-purpura/diagnosis-treatment/drc-20354045
  2. Mayo Clinic. (n.d.). Henoch-Schönlein purpura: Symptoms and causes. Retrieved June 12, 2026, from https://www.mayoclinic.org/diseases-conditions/henoch-schonlein-purpura/symptoms-causes/syc-20354040
  3. National Health Service. (n.d.). Henoch-Schönlein purpura (HSP). Retrieved June 12, 2026, from https://www.nhs.uk/conditions/henoch-schonlein-purpura-hsp/
  4. The Royal Children’s Hospital Melbourne. (n.d.). Henoch-Schönlein purpura (HSP). Retrieved June 12, 2026, from https://www.rch.org.au/kidsinfo/fact_sheets/Henoch_Schonlein_Purpura_HSP/
  5. WebMD. (n.d.). Henoch-Schönlein purpura: Causes, symptoms, and treatment. Retrieved June 12, 2026, from https://www.webmd.com/skin-problems-and-treatments/henoch-schonlein-purpura-causes-symptoms-treatment

Published: 25 June 2025

Last updated: 15 July 2026

Share

26 June 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.