Colorectal polyps (အူမကြီးအသားပိုများ)

Colorectal polyps (အူမကြီးအသားပိုများ)

အူမကြီးအသားပို (Colorectal polyp) ဆိုသည်မှာ အူမကြီး သို့မဟုတ် အစာဟောင်းအိမ်၏ အတွင်းနံရံတွင် ပုံမှန်မဟုတ်ဘဲ ဖြစ်ပေါ်လာသည့် အလုံးအကျိတ်တစ်မျိုးဖြစ်သည်။ အသားပိုအများစုသည် ကင်ဆာမဟုတ်သော်လည်း အချို့မှာ အချိန်ကြာလာသည်နှင့်အမျှ အူမကြီးကင်ဆာအဖြစ်သို့ ပြောင်းလဲသွားနိုင်သည့်အတွက် ကြိုတင်သိရှိရန် အလွန်အရေးကြီးသည်။

ဖြစ်ပေါ်ရသော အကြောင်းရင်းများ

အူမကြီးအတွင်းရှိ ဆဲလ်များ စနစ်တကျ ကြီးထွားပွါးများရမည့်အစား မျိုးဗီဇ (DNA) ပြောင်းလဲမှုကြောင့် ပုံမှန်မဟုတ်ဘဲ ပွါးများလာသောအခါ အသားပိုများ ဖြစ်ပေါ်လာသည်။ ဖြစ်ပွါးရသောအကြောင်းရင်းကို အတိအကျ မသိသေးသော်လည်း အောက်ပါအချက်များရှိပါက အသားပိုဖြစ်ပွါးနိုင်ခြေကို မြင့်မားစေသည်။

  • အသက် (၄၅) နှစ်နှင့်အထက် ရှိသူများ
  • မိသားစုထဲတွင် အူမကြီးအသားပို သို့မဟုတ် ကင်ဆာရှိဖူးသူများ
  • အမျှင်ဓာတ်နည်းပြီး အဆီများသောအစားအစာများ စားခြင်း၊ အနီရောင်အသား (အမဲသား၊ ဆိတ်သား) အလွန်အကျွံစားခြင်း
  • ဆေးလိပ်သောက်ခြင်း
  • အရက်အလွန်အကျွံသောက်ခြင်း
  • ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း
  • အဝလွန်ခြင်း (Obesity)
  • ဆီးချိုရောဂါရှိသူများ
  • နာတာရှည် အူလမ်းကြောင်း ရောင်ရမ်းနာရောဂါ (Inflammatory bowel disease: Ulcerative colitis and Crohn’s disease) ရှိသူများ
ရောဂါလက္ခဏာများ

အူမကြီးအသားပိုများသည် များသောအားဖြင့် မည်သည့်လက္ခဏာမှ မပြတတ်ပါ။ လက္ခဏာပြပါက အောက်ပါအတိုင်း တွေ့ရနိုင်သည်။

  • ဝမ်းသွားသည့်အခါ သွေးပါခြင်း သို့မဟုတ် ဝမ်းအရောင် မည်းနေခြင်း
  • ဝမ်းသွားသည့်အလေ့အထ ပြောင်းလဲခြင်း (ဥပမာ _ ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်း တစ်ပတ်ထက်မက ကြာရှည်နေခြင်း)
  • အူမကြီးအသားပို အရွယ်အစားကြီးမားခြင်းကြောင့် အူလမ်းကြောင်း တစ်စိတ်တစ်ပိုင်း ပိတ်ဆို့သွားနိုင်ပြီး ဝမ်းဗိုက်နာကျင်ခြင်း သို့မဟုတ် ဗိုက်ခဏခဏအောင့်ခြင်း
  • အသားပိုမှ သွေးစိမ့်ထွက်၍ သွေးအားနည်းပြီး မောပန်းလွယ်ခြင်း
နောက်ဆက်တွဲပြဿနာများ

အဓိကအကျဆုံး နောက်ဆက်တွဲပြဿနာမှာ အူမကြီးကင်ဆာ (Colorectal Cancer) ဖြစ်သည်။ အသားပိုများကို မဖယ်ရှားဘဲ ထားပါက နှစ်အနည်းငယ်အတွင်း ကင်ဆာအဖြစ်သို့ ကူးပြောင်းသွားနိုင်သည်။ ထို့အပြင် အသားပိုသည် ကြီးလာပါက အူပိတ်ခြင်း သို့မဟုတ် နာတာရှည် သွေးယိုစိမ့်ခြင်းများ ဖြစ်နိုင်သည်။ နာတာရှည်သွေးထွက်ခြင်းကြောင့် သံဓာတ်ချို့တဲ့ကာ သွေးအားနည်းလာတတ်ပြီး မောပန်းလွယ်ခြင်းနှင့် အသက်ရှူမဝခြင်းတို့ ဖြစ်စေနိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အောက်ဖော်ပြပါ လက္ခဏာများ တစ်ခုခုဖြစ်ပွါးပါက မိသားစုဆရာ၀န်များနှင့် တိုင်ပင်ဆွေးနွေး၍ အမြန်ဆေးကုသမှုခံယူသင့်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

  • ဝမ်းထဲတွင် သွေးပါလာခြင်း
  • ဗိုက်အောင့် သို့မဟုတ် ဗိုက်နာ ခဏခဏ ဖြစ်ခြင်း
  • ဝမ်းသွားသည့်အလေ့အထ ပြောင်းလဲလာခြင်း (ဥပမာ _ ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်း) တစ်ပတ်ထက်မက ကြာမြင့်ခြင်း
  • အကြောင်းရင်းခံမရှိဘဲ ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းသွားခြင်း
ရောဂါရှာဖွေခြင်း

ရောဂါရှာဖွေရန်အတွက် ဆရာဝန်သည် လူနာ၏ ရောဂါရာဇဝင် (အူမကြီးကင်ဆာ သံသယလက္ခဏာများနှင့် ကင်ဆာပိုမိုဖြစ်ပွါးနိုင်သော အချက်များစသည်) ကို မေးမြန်းပြီး၊ ဝမ်းဗိုက်စမ်းသပ်ခြင်း၊ လက်​ချောင်းဖြင့် စအိုအတွင်းစစ်ဆေးခြင်း တို့ကို ပြုလုပ်မည်။

ထို့နောက် အောက်ဖော်ပြပါ စစ်ဆေးမှုများကို လိုအပ်သလို ဆက်လက်ပြုလုပ်မည်ဖြစ်သည်။

  • Colonoscopy (အူမကြီးမှန်ပြောင်းကြည့်ခြင်း) – အကောင်းဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းဖြစ်သည်။ အသားပိုများကို ရှာဖွေရုံသာမက တစ်ခါတည်း ဖယ်ရှားနိုင်သည်
  • Stool Tests (ဝမ်းစစ်ဆေးခြင်း) – ဝမ်းထဲတွင် မျက်စိနှင့်မမြင်နိုင်သော သွေးစများ သို့မဟုတ် ပုံမှန်မဟုတ်သော DNA များ ပါ၊ မပါ စစ်ဆေးခြင်း
  • CT Colonography (Virtual Colonoscopy) – ကွန်ပျူတာဓာတ်မှန်ရိုက်၍ အူမကြီးကို ပုံရိပ်ဖော်ခြင်း
ကုသခြင်း

အသားပိုများကို ကုသရန် အကောင်းဆုံးနည်းလမ်းမှာ ဖြတ်တောက်ဖယ်ရှားပစ်ခြင်း (Polypectomy) ဖြစ်သည်။

  • မှန်ပြောင်းကြည့်နေစဉ်အတွင်းမှာပင် အသားပိုကို အလွယ်တကူ ဖြတ်ထုတ်နိုင်သည်
  • အသားပိုသည် အလွန်ကြီးမားနေပါက သို့မဟုတ် ကင်ဆာအဆင့်သို့ ရောက်နေပါက ခွဲစိတ်မှု ပြုလုပ်ရန် လိုအပ်နိုင်သည်
  • အသားပိုဖယ်ရှားပြီးနောက်တွင်လည်း အသားပို ပြန်ထွက်တတ်သောကြောင့် ဆရာဝန်ညွှန်ကြားသည့်အတိုင်း မှန်ပြောင်းပြန်လည်ကြည့်ရှုခြင်း (Surveillance) ကို တိကျစွာ လိုက်နာရမည်
ကာကွယ်ခြင်း
  • အသီးအနှံ၊ ဟင်းသီးဟင်းရွက်နှင့် အမျှင်ဓာတ်များသော အစားအစာများကို ပိုစားပါ
  • ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပြီး ကျန်းမာ​သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ
  • ဆေးလိပ်ဖြတ်ပါ၊ အရက်ကို ဆင်ခြင်သောက်သုံးပါ သို့မဟုတ် ရှောင်ကြဉ်ပါ
  • အူမကြီးအသားပိုကို အတိအကျ ကာကွယ်ရန် နည်းလမ်းမရှိသော်လည်း ဆရာဝန်၏ အကြံပြုချက်အတိုင်း (အသက် ၄၅ နှစ်)အရွယ်မှစ၍ အူမကြီးမှန်ပြောင်း စတင်ကြည့်ရှု စစ်ဆေးမှု ပြုလုပ်ခြင်းဖြင့် စောစီးစွာ သိရှိနိုင်ရန် အထောက်အကူပြုသည်

References:

  1. Cleveland Clinic. (2020). Colon polyps: Symptoms, causes, diagnosis, treatment, and prevention. Retrieved December 29, 2025, from https://my.clevelandclinic.org/health/diseases/15370-colon-polyps
  2. Mayo Clinic. (2023). Colon polyps: Symptoms and causes. Retrieved December 29, 2025, from https://www.mayoclinic.org/diseases-conditions/colon-polyps/symptoms-causes/syc-20352875

Published: 27 January 2026

Share

27 January 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
Patent Ductus Arteriosus – PDA (မွေးရာပါ နှလုံးသွေးကြောလမ်းကြောင်းအပို ပွင့်နေခြင်း)
Apr 28, 2026
Diseases and Conditions

Patent Ductus Arteriosus – PDA (မွေးရာပါ နှလုံးသွေးကြောလမ်းကြောင်းအပို ပွင့်နေခြင်း)

နှလုံးသွေးလွှတ်ကြောမကြီးနှစ်ခုကြားရှိ လမ်းကြောင်းသည် မွေးဖွားပြီးနောက်တွင်...

Interstitial Lung Disease (ILD) (အဆုတ်ကြားခံတစ်ရှူးရောင်ရောဂါစု)
Apr 27, 2026
Diseases and Conditions

Interstitial Lung Disease (ILD) (အဆုတ်ကြားခံတစ်ရှူးရောင်ရောဂါစု)

အဆုတ်ကြားခံတစ်ရှူးရောင်ရောဂါစု (ILD) သည် အဆုတ်အတွင်း ရောင်ရမ်းခြင်းနှင့်...