Influenza (တုပ်ကွေးရောဂါ)

Influenza (တုပ်ကွေးရောဂါ)

တုပ်ကွေးရောဂါဆိုသည်မှာ နှာခေါင်း၊ လည်ပင်းနှင့် အဆုတ်တို့တွင်ဖြစ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။ တုပ်ကွေးရောဂါသည် အဖြစ်များပြီး နှစ်စဉ်ကမ္ဘာပေါ်တွင် လူဦးရေ ဘီလီယံနှင့်ချီ၍ ရောဂါဖြစ်ပွါးနေသည်။ ထိုလူများအနက် လူ (၃)သန်း မှ (၅)သန်းခန့်သည် ပြင်းထန်တုပ်ကွေးရောဂါဖြစ်ပြီး (၂.၉)သိန်း မှ (၆.၅)သိန်းခန့်သည် နှစ်စဉ်သေဆုံးနေကြသည်။ ကမ္ဘာ့မြောက်ဘက်ခြမ်းနှင့် တောင်ဘက်ခြမ်းများ၌ တုပ်ကွေးဗိုင်းရပ်စ်များသည် တစ်နှစ်တာ၏ အချို့ လအပိုင်းအခြားများတွင် ပို၍အဖြစ်များသည်။ လူအများစုသည် တုပ်ကွေးရောဂါဖြစ်ပြီး အလိုအလျောက် ပျောက်ကင်းသွားကြသော်လည်း ခုခံအားကျဆင်းသူများနှင့် ရောဂါအခံရှိသူများတွင် ပြင်းထန်နိုင်သည့်အပြင် အသက်အန္တရာယ်ရှိနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

တုပ်ကွေးရောဂါသည် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ‌ကူးစက်သော‌ တုပ်ကွေးဗိုင်းရပ်စ် (Influenza) ကြောင့်ဖြစ်သည်။ ဗိုင်းရပ်စ်ပိုးများသည် ခန္ဓာကိုယ်၏ ပါးစပ်၊ မျက်လုံးနှင့် နှာခေါင်းတို့မှတစ်ဆင့် ကူးစက်ဝင်ရောက်ခြင်းဖြစ်သည်။ ရောဂါကူးစက်နိုင်သည့် နည်းလမ်းများမှာ_

  1. တုပ်ကွေးရောဂါ လူနာတစ်‌ဦး၏ နှာချေ၊ ချောင်းဆိုးခြင်းမှ လေထဲသို့အမှုန်များပျံ့နှံ့ပြီး ထိုအမှုန်များကို ရှူရှိုက်မိခြင်း
  2. တုပ်ကွေးရောဂါ လူနာတစ်ဦးနှင့် ထိတွေ့ခြင်း
  3. ဗိုင်းရပ်စ်ပိုးကပ်ငြိနေသော အရာဝတ္ထုများကို ကိုင်တွယ်သုံးစွဲခြင်း (ဥပမာ _ တံခါးလက်ကိုင်၊ ပန်းကန်၊ မျက်နှာသုတ်ပဝါ၊ အရုပ်၊ ဖုန်း)
  4. ဗိုင်းရပ်စ်ပိုးထိတွေ့ထားသော လက်ဖြင့် မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်တို့ကို ထိတွေ့ ကိုင်တွယ်ခြင်းတို့မှတစ်ဆင့် ကူးစက်နိုင်သည်။

တုပ်ကွေးရောဂါဖြစ်နိုင်ခြေများသောသူများ

  • အသက် (၂) နှစ်အောက်ကလေးများနှင့် အသက် (၆၅) နှစ်အထက်လူကြီးများ
  • တုပ်ကွေးရောဂါကူးစက်နိုင်ခြေများသော နေရာများတွင်နေထိုင်ခြင်း (သို့မဟုတ်) အလုပ်လုပ်ခြင်း (ဆေးရုံ၊ ဆေးခန်းဝန်ထမ်းများ၊ သူနာပြုများ၊ ဆရာဝန်များ)
  • ကိုယ်ခံအားနည်းသူများ (HIV ရောဂါသည်များ၊ ကင်ဆာရောဂါသည်များ၊ စတီးရွိုက်ဆေး ရေရှည် သောက်သုံးသူများ)
  • နာတာရှည်ရောဂါအခံရှိသူများ (ဆီးချိုရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ၊ နာတာရှည် လေပြွန်ကျဥ်းအဆုတ်ပွရောဂါ၊ နှလုံးရောဂါ၊ အရေပြားလေးဘက်နာရောဂါ၊ သွေးရောဂါ၊ အသည်းရောဂါ၊ ကျောက်ကပ်အားနည်းသောရောဂါရှိသူများ)
  • ကိုယ်ဝန်ဆောင်သည်များ
  • အဝလွန်သူများ အစရှိသောသူများတွင် တုပ်ကွေးရောဂါဖြစ်နိုင်ခြေ ပိုများသလို ရောဂါပြင်းထန်နိုင်ခြေလည်းများသည်။
ရောဂါလက္ခဏာများ

ဗိုင်းရပ်စ်ကူးစက်ခံရပြီး (၄) ရက်အတွင်းတွင် တခြားသူများထံသို့ ကူးစက်စေနိုင်သည်။ ကူးစက်ခံရပြီးပြီးချင်း ဗိုင်းရပ်စ်ပမာဏသည် ခန္ဓာကိုယ်အတွင်း တဖြည်းဖြည်း ပွါးနေပြီး လက္ခဏာမပြသေးသော အချိန်ဖြစ်သည်။
နောက်တစ်ရက် နှစ်ရက်အတွင်းတွင် ရုတ်တရက်ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ချမ်းတုန်ခြင်းနှင့် ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ လည်ချောင်းနာခြင်း၊ အလွန်အမင်း မောပန်းနွမ်းနယ်ခြင်း စသည့်လက္ခဏာများ စတင်ခံစားရနိုင်သည်။ အခြားအဖြစ်များသော ရောဂါလက္ခဏာများမှာ_

  • အဖျားကြီးခြင်း
  • ချမ်းတုန်ခြင်း
  • ကိုယ်လက်ကိုက်ခဲခြင်း
  • ချောင်း‌‌ခြောက် ဆိုးခြင်း
  • အသက်ရှူမဝခြင်း
  • မောပန်းအားနည်းခြင်း
  • နှာရည်ယိုခြင်း
  • လည်ချောင်းနာခြင်း
  • မျက်လုံးနာခြင်း
  • ပျို့အန်ခြင်း
  • ဝမ်းလျှောခြင်း စသည်တို့ ဖြစ်သည်။

ကူးစက်ခံရပြီးနောက် (၃) ရက်ဝန်းကျင်တွင် ရောဂါလက္ခဏာများသည် အပြင်းအထန် အခြေအနေသို့ ရောက်ရှိနိုင်သည်။ သို့သော် ထိုအချိန်တွင် မိမိမှ တခြားသူသို့ ကူးစက်နိုင်ခြေ နည်းနေပြီဖြစ်သည်။
ကူးစက်ခံရပြီးနောက် (၅) ရက်ဝန်းကျင်တွင် ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းများ သက်သာလာနိုင်သော်လည်း ပင်ပန်းနွမ်းနယ်ခြင်း၊ အစားအသောက်ပျက်ခြင်းများ ဆက်လက်ခံစားရနိုင်သည်။ (၇) ရက်ဝန်းကျင်တွင် ရောဂါလက္ခဏာအချို့ ကျန်နိုင်သော်လည်း ပြန်လည်သက်သာကောင်းမွန်ခါနီး အခြေအနေသို့ရောက်ပြီး တခြားသူများထံသို့ တုပ်ကွေးကူးစက်နိုင်ခြင်း မရှိသည့် အခြေအနေဖြစ်သည်။

နောက်ဆက်တွဲပြဿနာများ

ပုံမှန်အားဖြင့် ကျန်းမာသော လူတစ်ယောက်တွင် ရာသီတုပ်ကွေးရောဂါဖြစ်ပါက နောက်ဆက်တွဲပြဿနာများ မရှိဘဲ ပြန်လည်ကျန်းမာလာနိုင်သည်။ သို့ရာတွင် အထက်၌ ဖော်ပြခဲ့သော ရောဂါအခြေအနေရှိသူများတွင်မူ ပြင်းထန်သော နောက်ဆက်တွဲ ပြဿနာများဖြစ်နိုင်သည်။ ဥပမာအားဖြင့်_

  • အဆုတ်‌ရောင်ခြင်း (Pneumonia)
  • လေပြွန်ရောင်ခြင်း (Bronchitis)
  • ထိပ်ကပ်နာ (Sinusitis)
  • ပန်းနာရင်ကျပ်ရောဂါပိုဆိုးခြင်း (သို့မဟုတ်) ပန်းနာရင်ကျပ်ရောဂါပြန်ဖြစ်ခြင်း
  • နှလုံးကြွက်သားများရောင်ခြင်း (Myocarditis)
  • ရှားရှားပါးပါး ပြင်းထန်သော ဦးနှောက်ရောင်ရမ်းခြင်း (Influenza encephalitis)
  • နားပြည်ယိုခြင်း (သို့မဟုတ်) နားပိုးဝင်ခြင်း
  • ရုတ်တရက် အသက်ရှူခက်ခဲ၍ သွေးတွင်းအောက်ဆီဂျင်ကျခြင်း
  • ကိုယ်တွင်းအင်္ဂါများ ပျက်စီးခြင်း စသည့်နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

ပုံမှန်အားဖြင့် ‌တုပ်‌ကွေးရောဂါသည် အနားယူရုံနှင့် သက်သာပျောက်ကင်းနိုင်သည်။ သို့သော် အောက်ပါအခြေအနေများတွင် မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။

  1. အသက်ရှူမဝခြင်း
  2. ရင်ဘတ်အောင့်ခြင်း
  3. ရုတ်တရက် ခေါင်းမူးခြင်း
  4. တက်ခြင်း
  5. ရောဂါအခံပိုဆိုးလာခြင်း
  6. အလွန်အားနည်းခြင်း
  7. ကိုယ်လက်အလွန်အကျွံကိုက်ခဲခြင်း

မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်းစသည်တို့ဖြင့် ရောဂါရှာ‌ဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

သာမာန်တုပ်ကွေးမိ လူနာတစ်ဦးအတွက် သွေးစစ်၊ ဓာတ်မှန်ရိုက်စစ်ဆေးခြင်းများ မလိုအပ်ပါ။ လူနာ၏ ရောဂါရာဇဝင်မေးမြန်းခြင်းနှင့် လူနာစမ်းသပ်ခြင်းများဖြင့် လုံလောက်သည်။ နှစ်စဥ် မိုးရာသီအစတွင်ဖြစ်သောတုပ်‌ကွေးကို ရာသီတုပ်‌ကွေး (Seasonal Flu) ဟုခေါ် ပြီး များသောအားဖြင့် စစ်ဆေးမှု ခံယူရန် မလိုအပ်ပါ။ အကယ်၍ အခြားသူများကို ကူးစက်နိုင်ခြင်း ရှိမရှိ တုပ်ကွေးရောဂါကို တိကျစွာစစ်ဆေးရန် လိုအပ်ပါက ဆေးရုံဆေးခန်းများတွင် နှာခေါင်းတို့ဖတ် (Nasal swab)၊ အာခေါင်တို့ဖတ် (Throat swab) တို့ဖြင့် စစ်ဆေးနိုင်သည်။ မော်လီကျူးစစ်ဆေးမှုများ (Molecular tests) နှင့် ပဋိလှုံ့ပစ္စည်းစစ်ဆေးမှုများ (Antigen tests) များနှင့် စစ်ဆေးနိုင်သည်။

ကုသခြင်း

ပုံမှန်အားဖြင့် ရောဂါဖြစ်ပြီး (၇)ရက် မှ (၁၀)ရက်အတွင်း သူ့အလိုအလျောက် ပျောက်ကင်းနိုင်သည်။ အဓိကအားဖြင့် ခန္ဓာကိုယ်၏ ခုခံအားစနစ်ကောင်းအောင် နေထိုင်ရန် အရေးကြီးသည်။

  1. မပြင်းထန်သည့် တုပ်ကွေးရောဂါဖြစ်သူများသည်
    • ကောင်းမွန်စွာအနားယူခြင်း
    • အိပ်ရေးဝဝအိပ်ခြင်း
    • ရေများများသောက်ခြင်း
    • အာဟာရပြည့်ဝသော အစားအသောက် စားသုံးခြင်း
    • ကိုယ်လက်ကိုက်ခဲပါက Paracetamol သို့မဟုတ် Ibuprofen စသည့် အကိုက်အခဲပျောက်ဆေးများ သောက်သုံးခြင်း
    • နှာ‌ခေါင်းပိတ်ပါက ရေနွေးငွေ့ရှူခြင်း၊ နှာခေါင်းအစက်ချ ဆေးရည်ထည့်ခြင်း
    • လည်ချောင်းနာပါက ဆားရည်နှင့် ပလုတ်ကျင်းခြင်း စသည်တို့ကို လုပ်ဆောင်ပေးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်သည်။
  2. ပြင်းထန်သည့် တုပ်ကွေးရောဂါဖြစ်ခြင်းနှင့် ရောဂါအခံရှိသူများသည်
    အထက်ပါနည်းလမ်းများ လုပ်‌ဆောင်ခြင်းအပြင် ဗိုင်းရပ်စ်သတ်ဆေးများဖြစ်သည့် Oseltamivir, Baloxavir နှင့် Zanamivir အစရှိသည့် ဆေးများသောက်သုံးခြင်းဖြင့် ရောဂါပြင်းထန်မှုကို လျှော့ချနိုင်သကဲ့သို့ ရောဂါပျောက်မှုလည်း မြန်နိုင်သည်။ မည်သည့်ဆေးဝါးများမဆို ဘေးထွက်ဆိုးကျိုးများရှိနိုင်သဖြင့် ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သောက်သုံးရမည်။
ကာကွယ်ခြင်း

အောက်ပါနည်းလမ်းများကို လုပ်ဆောင်ခြင်းအားဖြင့် ကာကွယ်နိုင်သည်။

  1. နှစ်စဥ် တုပ်ကွေးကာကွယ်ဆေးကို ပုံမှန်ထိုးနှံခြင်း (အရေးအကြီးဆုံးအချက်ဖြစ်သည်)
    တုပ်ကွေးကာကွယ်ဆေးသည် တုပ်ကွေးမဖြစ်အောင် ကာကွယ်ပေးရုံမက တုပ်ကွေးဖြစ်လျှင်လည်း ရောဂါပြင်းထန်မှု၊ သေဆုံးမှုကို လျှော့ချပေးသည်။ အမေရိကန် ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေး ဗဟိုဌာန (Centers for Disease Control and Prevention – CDC) မှ အသက် (၆)လနှင့် အထက်ကြီးသူအားလုံးသည် နှစ်စဥ် တုပ်ကွေးကာကွယ်ဆေးထိုးရန် ညွှန်ကြားထားသည်။ တုပ်ကွေးဗိုင်းရပ်စ်ပိုးသည် အချိန်မရွေး မျိုးဗီဇပြောင်းလဲနိုင်သောကြောင့် တုပ်ကွေးရောဂါ ကာကွယ်ဆေးကို တစ်ကြိမ်ထိုးရုံနှင့်မလုံလောက်ဘဲ နှစ်စဉ် ကာကွယ်ဆေးထိုးရန် လိုသည်။
  2. လက်ကို ဆပ်ပြာနှင့် အနည်းဆုံး (၂၀)စက္ကန့် ကြာအောင် မကြာခဏ စနစ်တကျ ဆေးခြင်း
  3. မကြာခဏ ကိုင်တွယ်ရသည့် ပစ္စည်းများကို ပိုးသတ်ဆေးရည်နှင့် သန့်ရှင်းရေးလုပ်ခြင်း
  4. ချောင်းဆိုးလျှင် တစ်ရှူး (သို့) လက်ကိုင်ပဝါ တစ်ခုခုနှင့် အုပ်ပြီး ချောင်းဆိုးခြင်း
  5. တစ်ကိုယ်ရေသုံး ပစ္စည်းများကို တစ်ခြားသူများနှင့် မျှဝေမသုံးစွဲခြင်း
  6. အအေးမိသောလူနာနှင့် ဝေးဝေးနေခြင်း
  7. ကိုယ်ခံအားကောင်းမွန်အောင် အိပ်ရေးဝဝအိပ်ခြင်းါ၊ လေ့ကျင့်ခန်းများပြုလုပ်ခြင်း
  8. တုပ်ကွေးအဖြစ်များချိန်တွင် လူစုလူဝေးများသောနေရာများကို သွားခြင်းမှ ရှောင်ကြဉ်ခြင်း စသည်တို့ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

References:

  1. Mayo Clinic. (2025). Influenza (flu) – Symptoms & causes. Mayo Clinic. Retrieved June 10, 2025, from https://www.mayoclinic.org/diseases-conditions/flu/symptoms-causes/syc-20351719
  2. World Health Organization. (2023). Influenza (seasonal) [Fact sheet]. World Health Organization. Retrieved June 10, 2025, from https://www.who.int/news-room/fact-sheets/detail/influenza-(seasonal)
  3. WebMD. (2024). Flu symptoms: Common signs, treatments, and complications. WebMD. Retrieved June 10, 2025, from https://www.webmd.com/cold-and-flu/adult-flu-symptoms
  4. Influenza encephalitis. (n.d.). Influenza encephalitis. Encephalitis Society. Retrieved June 10, 2025, from https://www.encephalitis.info/influenza-encephalitis/

Published: 30 August 2024

Last updated: 21 July 2025

Share

26 June 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.