Psychosis (စိတ်ဖောက်ပြန်ခြင်း)

Psychosis (စိတ်ဖောက်ပြန်ခြင်း)

စိတ်ဖောက်ပြန်ခြင်း [Psychosis] ဆိုသည်မှာ ဝေဒနာလက္ခဏာစုတစ်ခုဖြစ်သည်၊ ရောဂါမဟုတ်ပါ။ စိတ်ဖောက်ပြန်ခြင်းသည် သတင်းအချက်အလက်များ ဦးနှောက်အတွင်း စိစစ်ပုံဖော်ခြင်းကို ထိခိုက်စေနိုင်သည်။ စိတ်ဖောက်ပြန်ခြင်းကြောင့် ပကတိအခြေအနေမှန်မှ ကင်းကွာသည့် အနေအထားမျိုး ဖြစ်လာစေနိုင်သည်။ စိတ်ဖောက်ပြန်ခြင်းကို ဖြစ်ပေါ်စေနိုင်သည့် ရောဂါအကြောင်းရင်းခံ များစွာရှိသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

စိတ်ဖောက်ပြန်ခြင်း ရောဂါလက္ခဏာစုဖြစ်ပေါ်စေနိုင်သည့် အကြောင်းရင်းခံများ များစွာရှိသည်။ အဆိုပါအ‌ကြောင်းရင်းများတွင် အောက်ပါအခြေအနေတို့ ပါဝင်သည်။

  • ဦးနှောက်အတွင်းရှိ ဓာတုပစ္စည်းများ (Neurotransmitters) အခြေအနေ
    • ဦးနှောက်အတွင်းရှိ Dopamine၊ Acetylcholine၊ Serotonin၊ Glutamate၊ Gama Amino Butyric Acid (GABA) စသည့် ဓာတုပစ္စည်းများ မညီမျှခြင်းနှင့် စိတ်ဖောက်ပြန်ခြင်း လက္ခဏာများ ဆက်နွယ်မှုရှိသည်
  • စိတ်ပိုင်းဆိုင်ရာရောဂါများ
    • စိတ်ကစဥ့်ကလျားရောဂါ (Schizophrenia)
    • အချိန်ကာလတို ခံစားရသည့် စိတ်ဖောက်ပြန်ရောဂါ (Brief psychotic disorder)
    • စိတ်ကစဥ့်ကလျားသဏ္ဌာန် စိတ်ဖောက်ပြန်ရောဂါ (Schizophreniform disorder)
    • ယုံမှားမှု စွဲမြဲလွန်ကဲခြင်းရောဂါ (Delusional disorder) – ဤရောဂါခံစားနေရသူ အချို့တွင် လှုံ့ ဆော်မှုမဲ့ အာရုံမှားများ ခံစားရတတ်သည်
    • စိတ်ဝေဒနာဆန်သော ကိုယ်ရည်ကိုယ်သွေးဆိုင်ရာရောဂါ (Schizotypal personality disorder) – ဤရောဂါခံစားနေရသူ အချို့တွင် စိတ်ဖောက်ပြန်ခြင်းဖြစ်စဥ် (Psychotic episode) ခံစားရပါက လှုံ့ ဆော်မှုမဲ့ အာရုံမှားများ ဖြစ်ပေါ်လာတတ်သည်
    • စိတ်ကစဥ့်ကလျားဖြစ်စဥ်နှင့် စိတ်ခံစားချက်ဆိုင်ရာ ဝေဒနာရောယှက်နေသည့်ရောဂါ (Schizoaffective disorder)
    • စိတ်ကြွစိတ်ကျရောဂါ (အချို့သော စိတ်ကြွစိတ်ကျရောဂါခံစားရသူများတွင် လှုံ့ဆော်မှုမဲ့ အာရုံမှားလက္ခဏာများ ရှိတတ်သည်)
    • စိတ်ကျရောဂါ (အချို့သော စိတ်ကျရောဂါ ခံစားရသူများတွင် လှုံ့ဆော်မှုမဲ့ အာရုံမှား လက္ခဏာများ ရှိတတ်သည်)
    • ကလေးမွေးဖွားပြီး ရက်အနည်းငယ်အတွင်း ဖြစ်ပွါးသည့် စိတ်ဖောက်ပြန်ခြင်း (Postpartum Psychosis)
    • ဆိုးဝါးပြင်းထန်သော စိတ်ဖိစီးမှုများ ခံစားရခြင်း
  • ရုပ်ပိုင်းဆိုင်ရာရောဂါများ
    • အယ်လ်ဇိုင်းမားရောဂါ (Alzheimer’s Disease) နှင့် အခြား အသိမှတ်ဉာဏ် ထိခိုက်ချို့ယွင်းသောရောဂါ (Dementia) များ၊ ပါကင်ဆန်ရောဂါ (Parkinson’s Disease)၊ ဦးခေါင်းဒဏ်ရာရရှိခြင်း၊ လေဖြတ်ခြင်းစသည်တို့ အပါအဝင် အခြားဦးနှောက်အာရုံကြောဆိုင်ရာ ရောဂါအခြေအနေများ
    • အခြေအနေ ပြင်းထန်သော သိုင်းရွိုက်ဟော်မုန်းလွန်ကဲရောဂါ (Hyperthyroidism)၊ သိုင်းရွိုက်ဟော်မုန်း အလွန်အမင်းမြင့်တက်သွားသည့် အနေအထား (Thyroid crisis) တို့တွင် တွေ့ရသော ကယောင်ကတမ်း (Delirium/Acute confusional state) ဖြစ်သည့် အခြေအနေများ
    • အခြေအနေ ပြင်းထန်သော သိုင်းရွိုက်ဟော်မုန်းကျဆင်းရောဂါ (Hypothyroidism)
    • Addison’s diseaseCushing’s disease တို့ကဲ့သို့ ဟော်မုန်းဆိုင်ရာ ရောဂါများ
    • ခုခံအားကျ ကူးစက်ရောဂါ (AIDS)၊ ကာလသား‌ရောဂါ (Syphilis) နှင့် ဦးနှောက်အတွင်း အခြား ရောဂါပိုးများဝင်ခြင်း၊ ဦးနှောက်ရောင်ခြင်းများ
    • Systemic Lupus Erythematosus ရောဂါအပါအဝင် အခြားကိုယ်ခံအား မူမမှန်တုံ့ပြန်မှုနှင့် ဆိုင်သောရောဂါများ (Autoimmune disease)
    • ဗီတာမင် ဘီဝမ်းဓာတ် (Vitamin B-1) ချို့တဲ့မှုနှင့် ဆက်နွယ်သော Wernicke-Korsakoff syndrome
    • အခြားသော ရုပ်ပိုင်းဆိုင်ရာရောဂါများလည်း ရှိပါသေးသည်
  • အရက်၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော အခြားဆေးများ၊ ကုသမှုဆိုင်ရာ ဆေးဝါးများ (ဥပမာ_စတီးရွိုက်ပါဝင်သောဆေးများ၊ ပါကင်ဆန်ရောဂါကုသသည့်အချို့ဆေးများ) ကြောင့် ဖြစ်ပေါ်လာသော စိတ်ဖောက်ပြန်ရောဂါ
  • ကယောင်ကတမ်းဖြစ်ခြင်း (Delirium/Acute confusional state)
    • ရုပ်ပိုင်းဆိုင်ရာ ရောဂါတစ်ခုခုကြောင့် ကယောင်ကတမ်းဖြစ်ခြင်း
    • အရက်၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော အခြားဆေးများ သုံးစွဲပြီး အမူးလွန်ခြင်း သို့မဟုတ် ဆေးပြတ်ခြင်း (Substance intoxication/withdrawal) တစ်ခုခုကြောင့် ကယောင်ကတမ်း ဖြစ်ခြင်း၊ ဥပမာ_
      • အရက်စွဲပြီးနောက် ရုတ်တရက် အရက်ပြတ်ခြင်း
      • လှုံ့ဆော်မှုမဲ့ အာရုံမှားများ ဖြစ်ပေါ်စေနိုင်သည့် ဆေးများ (Hallucinogens)၊ အမ်ဖက်တမင်းကဲ့သို့ စိတ်ကြွဆေး အမျိုးအစားများ [Amphetamine Type of Stimulants (ATS)] သုံးစွဲခြင်း
ရောဂါလက္ခဏာများ

စိတ်ဖောက်ပြန်ခြင်းသည် ပကတိအခြေအနေမှန်မှ ကင်းကွာသည့် အနေအထားမျိုးဖြစ်ပြီး၊ စိတ်ဖောက်ပြန်ခြင်း ရောဂါလက္ခဏာစုတွင် အဓိကတွေ့ရသော ရောဂါလက္ခဏာ (၂) ခုမှာ လှုံ့ဆော်မှုမဲ့ အာရုံမှားများခံစားရခြင်း (Hallucination)နှင့် ယုံမှားမှု စွဲမြဲလွန်ကဲခြင်း (Delusion) တို့ဖြစ်သည်။

အဆိုပါရောဂါလက္ခဏာ (၂) ခု၏အနေအထား၊ ပြင်းထန်မှု စသည်တို့အပေါ် မူတည်ပြီး အခြားရောဂါလက္ခဏာများလည်း ဖြစ်ပေါ်လာတတ်သည်။

  • လှုံ့ဆော်မှုမဲ့ အာရုံမှား (Hallucination) များခံစားရခြင်း
    • အာရုံခံစားမှု လွဲမှားသဖြင့် ပြင်ပမှလှုံ့ဆော်မှုမရှိဘဲ အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အထိအတွေ့ဆိုသည့် အာရုံ (၅) ပါးအနက် တစ်မျိုးမျိုးတွင် အမှန်တကယ် ဖြစ်နေသကဲ့သို့ ခံစားရခြင်းကို ဆိုလိုသည် [ဥပမာ_အမှန်တကယ်ပြောဆိုနေသူမရှိဘဲ စကားပြောသံများကြားနေရခြင်း (Auditory hallucination)]
    • လှုံ့ဆော်မှုမဲ့ အမြင်အာရုံမှား (Visual hallucination)၊ လှုံ့ဆော်မှုမဲ့ အနံ့အာရုံမှား (Olfactory hallucination)၊ လှုံ့ဆော်မှုမဲ့ အရသာအာရုံမှား (Gustatory hallucination)၊ လှုံ့ဆော်မှုမဲ့ အထိအတွေ့အာရုံမှား (Tactile hallucination) စသည့် လက္ခဏာများလည်း ရှိနိုင်သည်။
  • ယုံမှားမှု စွဲမြဲလွန်ကဲခြင်း (Delusion)
  • လူအများက မယုံကြည်နိုင်သော်လည်း၊ သို့မဟုတ် မှားယွင်းနေကြောင်း အထောက်အထား များရှိနေသော်လည်း၊ ကာယကံရှင်က စဥ်းစားတွေးခေါ်မှု လွဲမှားနေသဖြင့် အခြေအနေ အကြောင်းအရာတစ်ခုကို လွန်ကဲစွဲမြဲမှားယွင်းစွာ ယုံကြည်ထားခြင်းကို ဆိုလိုသည်။  [ဥပမာ – ပတ်ဝန်းကျင်က မိမိကို အန္တရာယ်ပြုလိုသည်၊ ကောက်ကျစ်နေသည်၊ မကောင်းကြံနေသည်၊ မိမိ၏ လုပ်ဆောင်မှုများကို ဟန့်တားနှောင့်ယှက်နေသည်ဟု ယုံမှားမှု စွဲမြဲလွန်ကဲစွာ မှတ်ယူထားခြင်း (Paranoid or persecutory delusion)]
    • မိမိတွင် ထူးခြားသော အရည်အချင်း၊ စွမ်းအင်၊ စည်းစိမ်ဥစ္စာတို့ ပိုင်ဆိုင်ထားသည်၊ မိမိသည် အလွန်တရာ အရေးပါသောသူတစ်ဦးဖြစ်သည် စသည်ဖြင့် ယုံမှားမှု စွဲမြဲလွန်ကဲစွာ ဘဝင်မြင့်လွန်းနေခြင်း [Grandiose delusion]၊ မိမိ၏ချစ်သူ (သို့မဟုတ်) အိမ်ထောင်ဖက်သည် မိမိအပေါ်တွင် သစ္စာမရှိ၊ ဖောက်ပြန်နေသည်ဟု ယုံမှားမှု စွဲမြဲလွန်ကဲစွာမှတ်ယူထားခြင်း [Delusional jealousy/ Delusion of infidelity] စသည့် လက္ခဏာများနှင့် အခြားယုံမှားမှု စွဲမြဲလွန်ကဲသည့် အခြေအနေများလည်း ရှိသည်

အခြားရောဂါလက္ခဏာများ

အဆိုပါ ရောဂါလက္ခဏာများအပြင် –

  • စဥ်းစားတွေးခေါ်မှုများ ခက်ခဲထိခိုက်လာခြင်း၊ ရောထွေးလာတတ်ခြင်း
  • စကားအပြောအဆို မဆီလျော်ခြင်း၊ ဆက်စပ်မှုမရှိခြင်း၊ စကားပြောဆိုမှု လျော့နည်းလာခြင်း (သို့မဟုတ်) စကားပြောများလာခြင်း
  • အပြုအမူများ ပုံမှန်မဟုတ်ခြင်း [ဥပမာ_ဂနာမငြိမ်ခြင်း၊ လှုပ်ရှားမှုများလျော့နည်းလာခြင်း (သို့မဟုတ်) မလှုပ်ရှားဘဲနေတတ်ခြင်း၊ အဆက်အစပ်မရှိသော အပြုအမူများလုပ်ဆောင်ခြင်း၊ အမှန်တကယ် ပြောဆိုနေသူ မရှိသော်လည်း စကားပြောသံ ကြားနေရခြင်းကို ပြန်လည်တုံ့ပြန်သည့်အခါ၊ အများအမြင်တွင် တစ်ဦးတည်း စကားပြောနေသလို ဖြစ်နေခြင်း၊ စသည်ဖြင့်]
  • စိတ်ခံစားချက်များ ထိခိုက်ပျက်ယွင်းခြင်း၊ စိတ်ဝင်စားမှု ကင်းမဲ့သလို ဖြစ်နေတတ်ခြင်း၊ ဒေါသလွန်ကဲတတ်ခြင်း
  • အိပ်မပျော်ခြင်း၊ ကယောင်ကတမ်းဖြစ်သည့် အခြေအနေတွင် အိပ်စက်နိုးထမှုဖြစ်စဥ် [Sleep-wake cycle] ပြောင်းလဲသွားနိုင်ခြင်း
  • လုပ်ဆောင်နေကျ လုပ်ငန်းခွင်၊ အိမ်မှုကိစ္စ၊ ပညာရေး၊ လူမှုရေးဆောင်ရွက်ချက်များကို လျစ်လျူရှုလာခြင်း၊ စွမ်းဆောင်ရည် ကျဆင်းလာခြင်း၊ ပြဿနာများ ဖြစ်လာခြင်း
  • လူမှုရေး စိတ်ဝင်စားမှု၊ ပေါင်းသင်းဆက်ဆံရေး ပုံစံများ ပြောင်းလဲလာခြင်း၊ ထိခိုက်လာခြင်း
  • တစ်ကိုယ်ရေ သန့်ရှင်းမှုထိန်းသိမ်းခြင်း လျော့နည်းလာခြင်း၊ ဖိုသီဖတ်သီ နေတတ်လာခြင်း
  • မိမိနှင့် သူတစ်ပါးအတွက် ထိခိုက်မှု၊ အန္တရာယ် ဖြစ်လာနိုင်ခြင်း
  • မိမိတွင် စိတ်ကျန်းမာရေး ပြဿနာရှိနေသည်ကို လက်သင့်မခံခြင်း စသည့်အခြေအနေများလည်း တွေ့ရှိနိုင်သည်
နောက်ဆက်တွဲပြဿနာများ

စိတ်ဖောက်ပြန်ခြင်း ရောဂါလက္ခဏာစု အမျိုးအစား၊ ပြင်းထန်မှု၊ စိတ်ဖောက်ပြန်ခြင်းကို ဖြစ်ပေါ်စေသည့် အကြောင်းရင်းခံရောဂါအခြေအနေ စသည်တို့အပေါ်မူတည်သည်။ 

  • အပြောအဆို၊ အပြုအမူများ ပုံမှန်မဟုတ်ခြင်း
  • လူမှုပေါင်းသင်းဆက်ဆံရေး ထိခိုက်လာခြင်း
  • လုပ်ငန်းစွမ်းဆောင်ရည်များ ထိခိုက်ကျဆင်းလာခြင်း 
  • ဝင်ငွေ၊ အလုပ်အကိုင် ထိခိုက်လာခြင်း
  • အချို့သော စိတ်ဖောက်ပြန်ရောဂါများတွင် နောက်ဆက်တွဲ စိတ်ကျဝေဒနာခံစားရတတ်ခြင်း
  • တစ်ခါတစ်ရံတွင် အရက်၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော အခြားဆေးများ သုံးစွဲလာခြင်း (သို့မဟုတ်) ပိုမိုသုံးစွဲလာခြင်း
  • ကိုယ့်ကိုယ်ကို အန္တရာယ်ပြုခြင်း (သို့မဟုတ်) အဆုံးစီရင်ခြင်း၊ သူတစ်ပါးကို ထိခိုက်အောင် လုပ်ဆောင်ခြင်းတို့ ဖြစ်လာနိုင်ခြေရှိခြင်း
  • မိမိတွင် စိတ်ကျန်းမာရေး ပြဿနာရှိနေသည်ကို လက်သင့်မခံခြင်း၊ စိတ်ပိုင်းဆိုင်ရာ ရောဂါခံစားရသူများတွင် တွေ့ကြုံရတတ်သည့် လူမှုဂုဏ်သိက္ခာ စွန်းထင်းမှုနှင့် နှိမ့်ချခွဲခြားဆက်ဆံခံရတတ်မှု [Stigma and Discrimination] များစသည်တို့ကြောင့် ကုသမှုမခံယူခြင်း၊ အချိန်ကာလ ကြာမြင့်မှသာ ကုသမှုခံယူခြင်း စသည်တို့သည် သတိပြုရမည့် အခြေအနေများဖြစ်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်

စိတ်ဖောက်ပြန်ရောဂါ လက္ခဏာရှိသူများ၊ စိတ်ဖောက်ပြန် ရောဂါတစ်မျိုးမျိုး ခံစားနေရသူများတွင် ကုသမှုမခံယူလိုသည့် အခက်အခဲပြဿနာ ရှိတတ်ကြသည်။ တတ်ကျွမ်းနားလည်သူများနှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ ကယောင်ကတမ်းဖြစ်ခြင်း၊ ကာယကံရှင်နှင့် အခြားသူများကို ထိခိုက်နိုင်သည့် အခြေအနေများရှိခြင်း၊ ကိုယ့်ကိုယ်ကို အန္တရာယ်ပြုရန် သို့မဟုတ် အဆုံးစီရင်ရန် အတွေး စိတ်ကူး၊ အကြံအစည်၊ လုပ်ဆောင်ခြင်းများရှိပါက အရေးပေါ်ကုသမှုခံယူရန် လိုအပ်သည်။ ရောဂါအခြေအနေပေါ် မူတည်ပြီး စိတ်ကျန်းမာရေး အထူးကုဆရာဝန်ထံ ညွှန်းပို့လွှဲပြောင်းကုသရန် လိုအပ်နိုင်သည်။

ရောဂါရှာဖွေခြင်း

ရောဂါရာဇဝင် သေချာစွာစစ်ဆေးမေးမြန်းခြင်း၊ ကာယကံရှင်အကြောင်း ပြောပြနိုင်သည့် မိသားစုဝင်၊ မိတ်ဆွေများထံမှ သိလိုချက်များ မေးမြန်းခြင်း၊ ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးခြင်း၊ အခြားလိုအပ်သော စစ်ဆေးမှုများ ပြုလုပ်ခြင်းတို့ဖြင့် စိတ်ဖောက်ပြန် ရောဂါလက္ခဏာများကို ဖြစ်ပေါ်စေသော အကြောင်းရင်းတို့ကို ရှာဖွေဖော်ထုတ်ပြီး ‌ရောဂါအမည် သတ်မှတ်နိုင်သည်။ 

ကုသခြင်း

စိတ်ဖောက်ပြန် ရောဂါလက္ခဏာများကို ဖြစ်ပေါ်စေသည့် အကြောင်းရင်းခံ အခြေအနေများကို ထိရောက်စွာ ကုသမှုခံယူရန် လိုအပ်သည်။ ရောဂါအခြေအနေပေါ် မူတည်ပြီး ဆေးဝါးများဖြင့် ကုသမှု၊ စိတ်ပိုင်းဆိုင်ရာ ကုထုံး၊ အခြားကုသမှုများ၊ ရုပ်ပိုင်းဆိုင်ရာ ရောဂါအခြေအနေ အကြောင်းရင်းများကို ကုသမှု စသည်တို့ကို လိုအပ်သလို ပေါင်းစပ်ဆောင်ရွက်ပေးရသည်။

ဆေးဝါးများဖြင့်ကုသခြင်း [Pharmacotherapy] 
ဆေးဝါးများဖြင့် ကုသခြင်း [Pharmacotherapy] အတွက် တတ်ကျွမ်းနားလည်သူများနှင့် တိုင်ပင်ပြသရန် လိုအပ်သည်။ ဆေးဝါးများဖြင့် ကုသရာတွင် စိတ်ဖောက်ပြန်ရောဂါ ကုသဆေးများ [Antipsychotics] ကို အဓိကအသုံးပြုရသည်။ ရောဂါအခြေအနေပေါ် မူတည်ပြီး စိတ်အခြေအနေ ထိန်းညှိဆေးများ [Mood Stabilizers]၊ စိတ်ငြိမ်ဆေးများ [Anxiolytics]၊ စိတ်ကျရောဂါ ကုသဆေးများ [Antidepressants] ကိုလည်း လိုအပ်သလို ပေါင်းစပ်ပေးရတတ်သည်။ ကာယကံရှင်၏ အခြေအနေ၊ ခံစားနေရသော ရောဂါလက္ခဏာများ၊ ရောဂါပြင်းထန်မှု၊ အတူဖြစ်ပေါ်နေသည့် ရုပ်ပိုင်းဆိုင်ရာ ရောဂါအခြေအနေ ရှိမရှိ စသည့် အချက်အလက်များအပေါ်မူတည်ပြီး ဆေးအမျိုးအစား၊ ပမာဏ စသည်တို့ကို ရွေးချယ်ရသည်။ ဆေးအမျိုးအစား ပမာဏ ချိန်ညှိခြင်း၊ ပြောင်းလဲခြင်း၊ ဆေးဝါးများ ရပ်တန့်ခြင်း စသည်တို့ပြုလုပ်ရန်အတွက် နောက်ဆက်တွဲပြန်လည်ပြသရန် [Follow-up]၊ စွဲမြဲစွာကုသမှု ဆက်လက် ခံယူရန် အရေးကြီးသည်။

အဆိုပါကုသမှုများအပြင်

  • လုပ်ငန်းစွမ်းဆောင်ရည်များ ပြန်လည်ကောင်းမွန် တိုးတက်လာစေရန် စိတ်ပိုင်း၊ လူမှုရေးပိုင်းဆိုင်ရာ လုပ်ဆောင်ပေးမှုများ [Psychosocial interventions] လိုအပ်သလို စီစဥ်ဆောင်ရွက်ပေးခြင်း
  • ရုပ်ပိုင်းဆိုင်ရာရောဂါများ ပူးတွဲရှိနေပါက ပြုစုကုသခြင်း
  • ကာယကံရှင်၊ မိသားစုနှင့် ပြုစုစောင့်ရှောက်သူများအား ရောဂါအခြေအနေ၊ ကုသမှု၊ ကုသမှုစွဲမြဲစွာ ခံယူခြင်းစသည်တို့နှင့် သက်ဆိုင်သည့် စိတ်ပိုင်းဆိုင်ရာအသိပညာပေးခြင်း [Psychoeducation] 
  • ကာယကံရှင်အနေနှင့် လူမှုအသိုက်အဝန်းအတွင်း ပြန်လည်ဝင်ဆန့်လာစေရန် လုပ်ဆောင်ပေးခြင်း တို့လည်းလိုအပ်သည်။

ဆေးရုံတွင်ကုသခြင်း

  • ကာယကံရှင်နှင့် အခြားသူများအတွက် အန္တရာယ်ဖြစ်နိုင်ခြေရှိခြင်း
  • ကိုယ့်ကိုယ်ကို အန္တရာယ်ပြုရန် သို့မဟုတ် အဆုံးစီရင်ရန် အကြံအစည်၊ လုပ်ဆောင်ခြင်းများ ရှိခြင်း
  • ရောဂါပြင်းထန်ပြီး ကိုယ့်ကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်မှု မပြုနိုင်ခြင်း၊ ပြုစုစောင့်ရှောက်မည့် လူမှုအသိုက်အဝန်း မရှိခြင်း
  • ကယောင်ကတမ်းဖြစ်ခြင်း
  • ဆေးရုံတွင်သာ ရရှိနိုင်မည့် ကုသမှုအမျိုးအစားများ လိုအပ်သည့်အခြေအနေ ဖြစ်နေခြင်းတို့သည် ဆေးရုံတွင် ကုသရန် လိုအပ်သည့်အခြေအနေများ ဖြစ်သည်။
ကာကွယ်ခြင်း

စိတ်ဖောက်ပြန် ရောဂါဖြစ်လာနိုင်ခြေကို အတိအကျခန့်မှန်း၍ မရနိုင်ပါ။ 

သို့သော်လည်း-

  • စိတ်ဖိစီးမှုများ လျှော့ချခြင်း၊
  • ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်စားသောက်ခြင်း၊ 
  • အရက်၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော အခြားဆေးများ သုံးစွဲမှုကို ရှောင်ကြဥ်ခြင်း၊ စသည်တို့ဖြင့် အတိုင်းအတာတစ်ခုအထိ ကာကွယ်မှုရစေနိုင်သည်။

ထို့အပြင်-

  • စိတ်ဖောက်ပြန် ရောဂါလက္ခဏာများ အစပျိုးလာခြင်းကို ဆောလျင်စွာ သတိပြုမိပြီး ရောဂါအကြောင်းရင်းကို ထိရောက်စွာ ကုသမှုရယူခြင်းသည် စိတ်ဖောက်ပြန် ရောဂါခံစားရခြင်းနှင့် ဆိုးကျိုးဆက်များကို ကာကွယ်တားဆီးရေးအတွက် အဓိကကျသည့်အချက်ဖြစ်သည်။

References:

  1. American Psychiatric Association. (2022). Diagnostic and statistical manual of mental disorders (5th ed., text rev.). https://doi.org/10.1176/appi.books.9780890425787
  2. Cleveland Clinic. (n.d.). Psychosis. Retrieved October 26, 2025, from https://my.clevelandclinic.org/health/symptoms/23012-psychosis
  3. Koç University Hospital. (n.d.). Psychosis. Retrieved October 26, 2025, from https://www.kuh.ku.edu.tr/mayo-clinic-care-network/mayo-clinic-health-information-library/definitions/psychosis
  4. WebMD. (n.d.). What is psychosis? Retrieved October 26, 2025, from https://www.webmd.com/schizophrenia/what-is-psychosis

Published: 5 October 2024

Last updated: 3 January 2026

Share

26 October 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.