Acute appendicitis (အူအတက်ရောင်ခြင်း)

Acute appendicitis (အူအတက်ရောင်ခြင်း)

အရေးပေါ်ခွဲစိတ်ကုသရသည့် ရောဂါများတွင် အူအတက်ရောင်ခြင်းသည် အဖြစ်အများဆုံးဖြစ်သည်။ အသက် (၁၀) နှစ်အထက် ကလေးများတွင် ခွဲစိတ်ကုသရသော ဗိုက်အောင့်ဗိုက်နာခြင်း အကြောင်းရင်းများတွင်လည်း အူအတက်ရောင်ခြင်းသည် အဖြစ်အများဆုံးဖြစ်သည်။

Acute Appendicitis
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အူအတက်သည် တစ်ဖက်ပိတ်ပြွန်ချောင်းပုံစံရှိပြီး အူသိမ်အဆုံးပိုင်းနှင့် အူမကြီးဆုံရာနေရာတွင် အတက်သဖွယ် ထိုးထွက်နေသော ​သေးငယ်သော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ခန္ဓာကိုယ်အတွက် အူအတက်၏ အလုပ်လုပ်ပုံ သို့မဟုတ် လုပ်ငန်းဆောင်တာကို အတိအကျမသိရှိပါ။ ယင်းအူအတက် ပြွန်ချောင်းပိတ်ခြင်း၊ ပိုးဝင်ခြင်းဖြစ်လျှင် အူအတက်ရောင်တတ်သည်။ ရောင်ရမ်းခြင်း ပြင်းထန်လျှင် အူအတက်ပုပ်ကာ ပေါက်သွားတတ်သည်။ အူအတက်ရောင်ပါက မပေါ့ဆသင့်သော အခြေအနေဖြစ်ကြောင်း သိရှိရန် လိုအပ်သည်။

ရောဂါလက္ခဏာများ

အူအတက်ရောင်လျှင် အဖြစ်အများဆုံး လက္ခဏာများမှာ _ ဝမ်းဗိုက်အောင့်ခြင်း၊ နာခြင်း၊ ပျို့ခြင်းနှင့် အစားအသောက်ပျက်ခြင်းတို့ဖြစ်သည်။ ရောဂါဖြစ်ပွါးသူများ၏ (၅၀) ရာခိုင်နှုန်းတွင် အောက်ဖော်ပြပါ လက္ခဏာများကို တစ်ခုပြီးတစ်ခု အစဥ်လိုက် ခံစားရလေ့ရှိသည်။

  1. ဝမ်းဗိုက်၏ ချက်အနီးတစ်ဝိုက်တွင် စတင်နာတတ်သည်
  2. ထို့နောက် ဗိုက်ပိုနာလာပြီး ပျို့ခြင်း၊ အန်ခြင်းများ ဖြစ်လာတတ်သည်
  3. ထို့နောက် အူအတက်တည်ရှိရာ ဝမ်းဗိုက် ညာဘက်အောက်ပိုင်းသို့ နာသည့်နေရာ ရွေ့သွားပြီး ထိုနေရာတစ်နေရာတည်း အနာဆုံးဖြစ်လာမည်

အထက်ဖော်ပြပါ လက္ခဏာပုံစံမျိုး ထပ်တူမခံစားရသော်လည်း အူအတက်ရောင်နေနိုင်သည်။ အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ ကလေးများနှင့် ကိုယ်ဝန်ဆောင်များတွင် ၎င်းလက္ခဏာမျိုး မပြသတတ်ပါ။ အူအတက်၏ တည်နေရာ၊ အနေအထားပေါ် မူတည်၍လည်း ခံစားရသော လက္ခဏာများ ပြောင်းလဲနိုင်သည်။

ကလေးငယ်များတွင် အူအတက်ရောင်ပါက အထက်ဖော်ပြပါ အစဥ်လိုက်ခံစားရသော လက္ခဏာပုံစံ အမြဲဖြစ်ပွါးလေ့မရှိဘဲ အစာမဝင်ခြင်း၊ ဗိုက်အောင့်ဗိုက်နာခြင်း၊ ကိုယ်ငွေ့ငွေ့ ဖျားခြင်း၊ အန်ခြင်းစသည့် လက္ခဏာများသာ ပြသတတ်သည်။

တွဲ၍ဖြစ်တတ်သော ရောဂါလက္ခဏာများ
  • ဖျားခြင်း
  • မလှုပ်ချင်၊ မသယ်ချင်အောင် နုံးခြင်း
  • ဝမ်းဗိုက်ကယ်ခြင်း၊ လေပွသကဲ့သို့ ဖောင်းခြင်း
  • ဆီးလမ်းကြောင်း လက္ခဏာများ ပြသခြင်း (ဆီးမကြာခဏသွားခြင်း၊ ဆီးပူဆီးကျဥ်ခြင်း)
  • လေမလည်၊ ဝမ်းမသွားခြင်း
  • ဝမ်း မကြာခဏသွားခြင်းစသည့် လက္ခဏာများ တွဲဖြစ်တတ်သည်။
အူအတက်ရောင်ခြင်းနှင့် မှားယွင်းရောထွေးနိုင်သော အခြားရောဂါများ

အူအတက်ရောင် လက္ခဏာများသည် အခြားရောဂါများနှင့်လည်း ဆင်တူနေတတ်သည်။ အထူးသဖြင့် အမျိုးသမီးများတွင် ပို၍ သတိထားရသည်။ အူအတက်အနီးတွင် အူမကြီး၊ ဆီးလမ်းကြောင်းပြွန်များနှင့် သားဥပြွန်၊ သားဥအိမ်စသည့် အမျိုးသမီးမျိုးပွားအင်္ဂါများ ရှိသောကြောင့် ၎င်းအင်္ဂါများတွင် ရောဂါဖြစ်ပွါးပါက အူအတက်ရောင်သကဲ့သို့ လက္ခဏာ ပြသတတ်သည်။

အူအတက်ရောင်ခြင်းနှင့် ရောထွေးမှားယွင်းနိုင်သော ရောဂါများမှာ_

  • သားဥအိမ် အရည်အိတ်တည်ခြင်း၊ ပေါက်ခြင်း (Ovarian cyst, rupture of ovarian cyst)
  • သားအိမ်ပြင်ပတွင် သန္ဓေတည်ခြင်း (Tubal pregnancy/Ectopic pregnancy)
  • ဆီးကျောက်တည်ခြင်း (Kidney stones)
  • ဆီးပိုးဝင်ခြင်း (Urinary tract infections in adults)
  • အူရောင်ငန်းဖျားရောဂါ (Typhoid/Enteric fever)
  • နာတာရှည် အူရောင်ရမ်းနာ (Inflammatory Bowel Diseases)
  • အူမကြီးတွင် အပိုပါလာသော အတက်များ ရောင်ရမ်းခြင်း (Diverticulitis)
  • ပန်ကရိယရောင်ခြင်း (Pancreatitis)
  • အူပိတ်ခြင်း (Intestinal Obstruction) နှင့်
  • သားအိမ်နှင့်ဆိုင်သောရောဂါများ (Gynaecological diseases) စသည်တို့ဖြစ်သည်။

ကလေးငယ်များတွင် ဗိုက်အောင့်ဗိုက်နာခြင်း (Abdominal pain in children) ဖြစ်ပါက အူအတက်ရောင်ခြင်းအပြင် အခြားအူလမ်းကြောင်းပြဿနာများနှင့် အူလမ်းကြောင်း ပြင်ပအခြေအနေများကြောင့်လည်း ဖြစ်နိုင်သောကြောင့် သတိပြုသင့်သည်။

အူလမ်းကြောင်းဆိုင်ရာပြဿနာများ
  • အူပိတ်ခြင်း (Obstruction)
  • အူလိမ်ခြင်း (Malrotation)
  • အူစွပ်ခြင်း (Intussusception)
  • ဝမ်းလျှောခြင်း (Gastroenteritis)
  • အူလမ်းကြောင်းရှိ ပြန်ရည်ကျိတ်ဂလင်းများ ရောင်ခြင်း (Mesenteric lymphadenitis)
အူလမ်းကြောင်းပြင်ပရောဂါအခြေအနေများ
  • သွေးလွန်တုပ်ကွေးရောဂါ (Dengue haemorrhagic fever)
  • တံစဥ်ပုံသွေးနီဥပုံပျက်ရောဂါ (Sickle cell disease)
  • သွေးကြောငယ်များ ရောင်ရမ်းသော ဟီးနော့ရှောလိုင်း သွေးကြောရောင်ရောဂါ (HSP)
  • ဆီးချိုဆိပ်တက်ခြင်း (Diabetic Ketoacidosis) စသည်တို့သည် အူအတက်ရောင်ခြင်းနှင့် မှားနိုင်သော အခြေအနေများဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ
  • အူအတက်ပေါက်ခြင်း (Burst appendix)
    အူအတက်ပေါက်ခြင်းသည် အရေးပေါ်အခြေအနေဖြစ်သည်။ ပေါက်ထွက်သွားသော အူအတက်မှတစ်ဆင့် အူအတွင်းရှိ အညစ်အကြေးများ၊ ပိုးမွှားများသည် ဝမ်းခေါင်းအတွင်း ပျံ့နှံ့သွားရာမှ သွေးကြောအတွင်း ဝင်ရောက်ပြီး သွေးဆိပ်တက်ခြင်း ဖြစ်ပွါးနိုင်သည်။ ၎င်းမှာ အသက်သေဆုံးသည်အထိ ဖြစ်နိုင်သဖြင့် ချက်ချင်းခွဲစိတ်ရန် လိုအပ်သည်။ အူအတက်ကို ဖြတ်ထုတ်ကာ ဝမ်းခေါင်းအတွင်းရှိ ပြည်များ၊ အညစ်အကြေးများကို ဆေးထုတ်ရမည်ဖြစ်သည်။
  • ဝမ်းခေါင်းအတွင်း ပြည်တည်ခြင်း (Pocket of pus in the abdomen)
    အူအတက်ပေါက်ခြင်း၏ နောက်ဆက်တွဲရလဒ်တစ်ခုဖြစ်သော အူအတက်အနီး ဝမ်းခေါင်းအတွင်း ပြည်တည်ခြင်းဖြစ်သည်။ ထိုနေရာမှ ပြည်များထွက်သွားစေရန် ဝမ်းဗိုက်ကို ခွဲစိတ်၍ ပြည်စုနေသောနေရာထဲသို့ ပိုက်တစ်ချောင်းထည့်ပေးရသည်။ ထိုသို့ ပြည်ထုတ်နေချိန်တွင် ပိုးသတ်ဆေးများ ထိုးခြင်း၊ သောက်ခြင်း ပြုလုပ်ရမည်။ ပိုးများကင်းစင်ပြီး ပြည်များကုန်မှသာ အူအတက်ဖြတ်ထုတ်ခြင်း ပြုလုပ်မည်။ အချို့အခြေအနေများတွင် ပြည်များကို ဆေးကြောဖယ်ထုတ်ခြင်းနှင့် အူအတက်ဖြတ်ခြင်းတို့ကို တစ်ချိန်တည်း ပြုလုပ်ခြင်းလည်းရှိသည်။
  • အူအတက်တည်နေရာတစ်ဝိုက် လုံးခဲသွားခြင်း (Appendicular mass)
    အူအတက်ရောင်ရာမှ ရောဂါပိုးများ၊ ပြည်များသည် အူအတက်ဝန်းကျင်ရှိ ဝမ်းခေါင်းအမြှေးပါး၊ အူသိမ်၊ အူမကြီးစသည့် ကိုယ်တွင်းအင်္ဂါများနှင့်အတူ လုံးခဲသွားတတ်သည်။ ထိုသို့လုံးခဲသွားလျှင် ချက်ချင်း ခွဲစိတ်ကုသရန် မသင့်သေးဘဲ ဆေးရုံတက်ကာ စောင့်ကြည့်ကုသမှု ပြုလုပ်ရသည်။ ရောဂါပိုမိုဆိုးလာပါက အမြန်ဆုံး ခွဲစိတ်နိုင်ရန်ဖြစ်သည်။
ရောဂါရှာဖွေခြင်း

အူအတက် ရောင်မရောင် သိရှိနိုင်ရန် ဆရာဝန်သည် လူနာအား ရောဂါရာဇဝင်မေးခြင်း၊ ဝမ်းဗိုက်နှင့် ခန္ဓာကိုယ်ကို စမ်းသပ်ခြင်းတို့ ပြုလုပ်လိမ့်မည်။

  • ဝမ်းဗိုက်ကို စမ်းသပ်ခြင်း
    ဆရာဝန်သည် နာသည့်နေရာကို ဖြည်းညင်းစွာဖိပြီး ရုတ်တရက်ပြန်လွှတ်ကာ စမ်းသပ်မည်ဖြစ်သည်။ ထိုသို့ ရုတ်တရက် ပြန်လွှတ်ချိန်တွင် ပိုနာပါက အူအတက်ရောင်ခြင်းကို ညွှန်ပြသော လက္ခဏာတစ်ခုဖြစ်သည်။ အူအတက်ပေါက်ကာ ဝမ်းဗိုက်အတွင်း အညစ်အကြေးများ ရောက်နေပါက ဝမ်းဗိုက်တစ်ခုလုံး တောင့်တင်းကာ အထိမခံနိုင်အောင် နာမည်ဖြစ်သည်။ ထို့အပြင် လိုအပ်ပါက ဆရာဝန်သည် လက်ချောင်းဖြင့် စအိုအတွင်း စစ်ဆေးခြင်း (Digital rectal examination) နှင့် အခြားလိုအပ်သော စစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်လိမ့်မည်။
  • သွေးစစ်ခြင်း
    သွေးထဲတွင် သွေးဖြူဥပမာဏကို စစ်ဆေးမည်ဖြစ်သည်။ သွေးဖြူဥ ပမာဏများခြင်းသည် ပိုးဝင်နေသည်ကို ပြသသော လက္ခဏာတစ်ခုဖြစ်သည်။
  • ဆီးစစ်ဆေးခြင်း
    ဆီးပိုးဝင်ခြင်း၊ ဆီးကျောက်တည်ခြင်း လက္ခဏာများ ရှိမရှိ စစ်ဆေးခြင်းဖြစ်သည်။
  • ဓာတ်မှန်ရိုက်ခြင်း
    ဝမ်းဗိုက်ဓာတ်မှန် (Abdominal X-ray)၊ အာထရာဆောင်း (USG)၊ ကွန်ပျူတာဓာတ်မှန် (CT scan)၊ သံလိုက်ဓာတ်မှန် (MRI) စသည်ဖြင့် လိုအပ်သလို ဆက်လက်စစ်ဆေးမည်ဖြစ်သည်။ ၄င်းတို့အနက် ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်းသည် အူအတက်ရောင်ခြင်း ရှိမရှိ အတိကျဆုံးနှင့် အစောဆုံး သိနိုင်သည့်နည်းဖြစ်သည်။
ကုသခြင်း

အူအတက်ရောင်ခြင်းသည် အရေးပေါ်အခြေအနေတစ်ခုဖြစ်သည်။ ဆေးဝါးများဖြင့် ကုသခြင်းနှင့် ခွဲစိတ်ကုသခြင်းဟူ၍ (၂) မျိုးရှိသည်။ ခွဲစိတ်ကုသခြင်းသည် အူအတက်ရောင်ခြင်းအတွက် စံကုထုံးဖြစ်သည်
ကလေးငယ်များတွင် အူအတက်ရောင်ခြင်းကို အသိနောက်ကျပါက အူအတက်ပေါက်ပြီး သွေးဆိပ်တက်ခြင်း ဖြစ်ပွါးလေ့ရှိသဖြင့် အထူးသတိပြုသင့်သည်။

ဆေးဝါးများဖြင့် ကုသခြင်း
အူအတက်ရောင်သော လူနာတိုင်းတွင် ပိုးသတ်ဆေးကို အသုံးပြုကုသရသည်။ ဗိုက်အောင့်ဗိုက်နာခြင်း သက်သာစေရန် အနာသက်သာဆေးများ ပေးမည်ဖြစ်သည်။ အူအတက်ရောင်သည်ကို ဆောလျင်စွာ သိရှိပါက ပိုးသတ်ဆေးဖြင့်သာ သက်သာသွားနိုင်သည်။ သို့သော်လည်း အူအတက် မခွဲထုတ်မချင်း မကြာခဏရောင်မည်ဖြစ်သောကြောင့် ပိုးသတ်ဆေးဖြင့်သာ ရေရှည်ဆက်လက်ကုသရန် ဆရာဝန်က ညွှန်ကြားမည် မဟုတ်ပေ။
မိမိတွင် အခြားရောဂါအခံများ ရှိပါက အူအတက်ပေါက်နိုင်ခြေများခြင်း၊ အူအတက်ပေါက်၍ သွေးဆိပ်တက်ပါက အသက်အန္တရာယ်ပိုများခြင်းတို့ကြောင့် ခွဲစိတ်ကုသခြင်းသည်သာ ပို၍အန္တရာယ်ကင်းသော ကုထုံးဖြစ်သည်။

မခွဲစိတ်ဘဲ ပျောက်ကင်းနိုင်ခြေ
လူအနည်းစုတွင်သာ ပျောက်ကင်းနိုင်ခြေရှိသည်။ အူအတက်၏အဝတွင် ပိတ်နေသောအရာများ သူ့အလိုလို ပြန်ထွက်သွားသည့်အခါ သို့မဟုတ် ပိုးဝင်ခြင်း သက်သာသွားသည့်အခါတွင် အူအတက်ရောင်ခြင်း သက်သာသွားနိုင်ပေသည်။ သို့သော် အူအတက်ပေါက်သွားသည့်အခါ၌လည်း ဗိုက်နာခြင်း ခဏတာ သက်သာသွားတတ်ခြင်းကြောင့် မပေ့ါဆသင့်ပေ။

ခွဲစိတ်ကုသခြင်း (Appendicectomy)
အူအတက်ရောင်ပြီဆိုပါက အချိန်သည် အလွန်အရေးကြီးလာပေသည်။ ပထမဆုံးလက္ခဏာပေါ်ချိန်မှ (၃၆) နာရီအတွင်း အူအတက်ပေါက်သွားနိုင်ခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ခွဲစိတ်ဆရာဝန်သည် အူအတက်ရောင်သည်ဟု ရောဂါအမည်တပ်သတ်မှတ်ပါက (၂၄) နာရီအတွင်း ခွဲစိတ်ရန် အကြံပြုပေလိမ့်မည်။
ကမ္ဘာပေါ်တွင် ခွဲစိတ်ကုထုံးများအနက် အူအတက် ခွဲစိတ်ဖြတ်ထုတ်ခြင်းသည် ပြုလုပ်မှုအများဆုံး ခွဲစိတ်မှုဖြစ်သည်။ ခွဲစိတ်ကုသနည်း (၂) နည်းရှိသည်။

  1. မှန်ပြောင်းဖြင့် ခွဲစိတ်နည်း (Laparoscopic Surgery)
  2. ဝမ်းဗိုက်ခွဲ၍ ခွဲစိတ်နည်း (Open Surgery) တို့ဖြစ်သည်။

အူအတက်ပေါက်ခြင်း၊ အူအတက်ပုပ်၍ ပြည်တည်ခြင်း၊ ဝမ်းခေါင်းအတွင်း ပိုးဆိပ်တက်ခြင်း စသည့် အခြေအနေများတွင် ဝမ်းဗိုက်ခွဲ၍ ခွဲစိတ်နည်းကို အသုံးပြုရသည်။ အူအတက်ဖြတ်ထုတ်ပြီးလျှင် ဝမ်းခေါင်းအတွင်းမှ ပြည်များ၊ အညစ်အကြေးများကို ဆေးရည်ဖြင့် ဆေးကြောရန် လိုအပ်သည်။
အူအတက်ရောင်ခြင်းသည် စောစောသိ၊ စောစောခွဲစိတ်ကုသလျှင် အမြန်ဆုံး သက်သာ ပျောက်ကင်းနိုင်သည့် ရောဂါဖြစ်သည်။ အသိနောက်ကျ၍ အူအတက်ပေါက်ခြင်း၊ ပြည်တည်ခြင်း စသည့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပွါးပါက ဆေးရုံတက်ရက် ပိုကြာခြင်း၊ နာလန်ထနှေးခြင်းတို့ ဖြစ်နိုင်သောကြောင့် အမြန်ဆုံးကုသမှု ခံယူသင့်သည်။

References:

  1. Mayo Clinic. (n.d.). Appendicitis – Symptoms and causes. Retrieved June 7, 2025, from https://www.mayoclinic.org/diseases-conditions/appendicitis/symptoms-causes/syc-20369543
  2. Cleveland Clinic. (2025). Appendicitis. Retrieved June 7, 2025, from https://my.clevelandclinic.org/health/diseases/8095-appendicitis
  3. National Institute of Diabetes and Digestive and Kidney Diseases. (n.d.). Appendicitis – NIDDK. Retrieved June 7, 2025, from https://www.niddk.nih.gov/health-information/digestive-diseases/appendicitis

Published: 30 August 2024

Last updated: 4 August 2025

Share

26 June 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.