PET Scan (Positron emission tomography scan) (ပီအီးတီစကင်န်)

PET Scan (Positron emission tomography scan) (ပီအီးတီစကင်န်)

PET (Positron Emission Tomography) Scan သည် Nuclear Medicine (အနုမြူရောင်ခြည်ဖြင့် ရောဂါရှာဖွေရေးနှင့် ကုသရေးဆေးပညာ) တွင် အသုံးပြုသော အဆင့်မြင့် ပုံရိပ်ဖော်ရောဂါရှာဖွေရေး စစ်ဆေးမှုတစ်မျိုးဖြစ်သည်။ CT scan သို့မဟုတ် MRI ကဲ့သို့ ကိုယ်တွင်းအင်္ဂါများ၏ ပုံသဏ္ဌာန်ကိုသာ ပြသပေးခြင်းမဟုတ်ဘဲ ဆဲလ်များနှင့် တစ်ရှူးများ၏ လုပ်ဆောင်ချက် (Function) နှင့် ဇီဝကမ္မဖြစ်စဉ် (Metabolism) ကို ဆဲလ်အဆင့်အထိ အကဲဖြတ်နိုင်သောကြောင့် ရောဂါများကို အစောပိုင်းအဆင့်တွင် ရှာဖွေဖော်ထုတ်ရန် အလွန်အသုံးဝင်သည်။

PET scan ပြုလုပ်ရာတွင် လူနာ၏ သွေးပြန်ကြောအတွင်းသို့ ဘေးကင်းသော ပမာဏအလွန်နည်းသည့် ရေဒီယိုသတ္တိကြွ ဓာတ်ပစ္စည်း (Radiopharmaceutical or Radiotracer) ကို ထိုးသွင်းပေးရသည်။ ထိုဓာတ်ပစ္စည်းသည် ဇီဝကမ္မဖြစ်စဉ် မြင့်မားသော ဆဲလ်များတွင် ပိုမိုစုပုံတတ်ပြီး PET scanner ဖြင့် ဖမ်းယူပုံဖော်နိုင်သည်။ ထိုပုံရိပ်များကို ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် ကင်ဆာ၊ ဦးနှောက်နှင့် အာရုံကြောရောဂါများ၊ နှလုံးရောဂါများနှင့် အချို့သော ရောင်ရမ်းမှု သို့မဟုတ် ပိုးဝင်ရောဂါများကို အခြားပုံရိပ်ဖော်စစ်ဆေးမှုများထက် ပိုမိုစောစီးစွာ ရှာဖွေသိရှိနိုင်ပြီး ရောဂါအဆင့်သတ်မှတ်ခြင်း၊ ကုသမှုအပေါ် တုံ့ပြန်မှုကို အကဲဖြတ်ခြင်းနှင့် ရောဂါပြန်လည်ဖြစ်ပွားခြင်း ရှိမရှိ စောင့်ကြည့်ရာတွင်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။

PET scan ၏ သမိုင်းကြောင်း

PET scan နည်းပညာကို ၁၉၅၀ ပြည့်နှစ်များတွင် စတင်သုတေသနပြုလုပ်ခဲ့ပြီး၊ ၁၉၇၀ ပြည့်နှစ်များတွင် လူနာများ၌ လက်တွေ့အသုံးပြုနိုင်သော PET scanner များ ပေါ်ပေါက်လာခဲ့သည်။ ၁၉၉၀ ပြည့်နှစ်များတွင် FDG (Fluorodeoxyglucose) tracer ကို ကျယ်ပြန့်စွာ အသုံးပြုလာနိုင်သဖြင့် ကင်ဆာရောဂါရှာဖွေရေးတွင် PET scan ၏ အရေးပါမှု သိသိသာသာ တိုးတက်လာခဲ့သည်။ နောက်ပိုင်းတွင် PET/CT နှင့် PET/MRI ကဲ့သို့ Hybrid Imaging နည်းပညာများ ဖွံ့ဖြိုးလာခြင်းကြောင့် ရောဂါရှိသောနေရာ၏ တည်နေရာ (Anatomy) နှင့် လုပ်ဆောင်ချက် (Function) ကို တစ်ပြိုင်နက်တည်း အကဲဖြတ်နိုင်သဖြင့် ယနေ့ခေတ် ဆေးပညာတွင် အလွန်အရေးပါသော ပုံရိပ်ဖော်စစ်ဆေးမှုတစ်ခု ဖြစ်လာခဲ့သည်။

ကွန်ပျူတာ ဓာတ်မှန် (CT scan) သို့မဟုတ် သံလိုက်ဓာတ်မှန် (MRI) များနှင့် PET scan ၏ ကွာခြားချက်

ကွန်ပျူတာ ဓာတ်မှန် (CT scan) နှင့် သံလိုက်ဓာတ်မှန် (MRI) သည် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများ နှင့် အရိုးများ၏ တည်ဆောက်ပုံ (Structure) နှင့် ခန္ဓာဗေဒ (Anatomy) ကို အဓိက ဖော်ပြပေးသော ပုံရိပ်ဖော်စစ်ဆေးမှုများ ဖြစ်ပြီး PET scan သည် ကိုယ်ခန္ဓာအတွင်းရှိ တစ်ရှူးများနှင့် ဆဲလ်များ၏ အချိန်နှင့်တပြေးညီ လုပ်ဆောင်ချက်များ (Functioning in real-time) ကို အဓိကဖော်ပြပေးနိုင်သည်။

ထို့ကြောင့် PET scan သည် ယေဘုယျအားဖြင့် CT scan နှင့် MRI စစ်ဆေးမှုများတွင် မမြင်နိုင်သေးသော ခန္ဓာကိုယ်အတွင်းပြောင်းလဲမှုများကို ပိုမိုစောစီးစွာ သိရှိနိုင်သည်။ ထို့အပြင် PET scan ကို CT scan သို့မဟုတ် MRI နှင့်တွဲဖက်၍ PET/CT scan သို့မဟုတ် PET/MRI scan အနေဖြင့် တစ်ပြိုင်နက်တည်း ပုံဖော်ရိုက်ကူးပြီး Function and Anatomy ကို တစ်ပြိုင်နက်တည်း သိရှိနိုင်သည်။

PET Scan စစ်ဆေးမှုသည် SPECT (Single-Photon Emission Computed Tomography) စစ်ဆေးမှုနှင့်မတူညီသော အနုမြူရောင်ခြည်‌ဖြင့် ရောဂါရှာဖွေရေးနှင့် ကုသရေး ဆေးပညာ ပုံရိပ်ဖော်စစ်ဆေးမှုတစ်မျိုးဖြစ်သည်။ SPECT စစ်ဆေးမှုတွင် Gamma-emitting Radiotracer များကို အသုံးပြုသော်လည်း PET Scan တွင် Positron-emitting Radiotracer များကို အသုံးပြုသည်။

PET Scan သည် PET Detector (ဖမ်းယူသောကိရိယာ) များ၏ မြင့်မားသော Sensitivity နှင့် Spatial Resolution ကြောင့် SPECT Scan နှင့် နှိုင်းယှဉ်ပါက ပုံရိပ်များကို ပိုမိုတိကျစွာ အသေးစိတ်ကျကျ ဖော်ပြနိုင်ပြီး ရောဂါများကို အစောပိုင်းအဆင့်တွင် ရှာဖွေဖော်ထုတ်ခြင်း၊ ရောဂါအဆင့်သတ်မှတ်ခြင်းနှင့် ကုသမှုအပေါ်တုံ့ပြန်ခြင်းများကို အကဲဖြတ်ရာတွင် ပိုမိုထိရောက်မှုရှိသည်။

PET scan အမျိုးအစားများ

PET scan အားလုံး၌ Tracer ဟုခေါ်သော ရေဒီယိုသတ္တိကြွပစ္စည်း အနည်းငယ်ကို အသုံးပြု၍ ရိုက်ကူးရသည်။ ထို Tracer အမျိုးအစားကို လိုက်၍ PET scan ၏ အမျိုးအစားကို သတ်မှတ်လေ့ရှိသည်။

  • FDG PET scan
    • အသုံးအများဆုံး PET scan အမျိုးအစားဖြစ်သည်
    • FDG သည် Fluorodeoxyglucose ဟုခေါ်သော သကြားဓာတ်တစ်မျိုးဖြစ်ပြီး FDG PET scan သည် ဆဲလ်များမှ သကြားဓာတ်ကို မည်သို့သုံးစွဲသည်ဆိုသည်ကို ပြသပေးနိုင်သည်
    • ကင်ဆာဆဲလ်များသည် ယေဘုယျအားဖြင့် သကြားဓာတ်ကို ပိုမိုအသုံးပြုသောကြောင့် ဤစစ်ဆေးမှုသည် ကင်ဆာရောဂါ ရှာဖွေရန်နှင့် ကင်ဆာအဆင့်သတ်မှတ်ရန် များစွာအထောက်အကူပြုနိုင်သည်
  • Gallium-68 DOTATATE (NetSpot) PET scan
    • ဤအမျိုးအစားတွင် Gallium-68 ကဲ့သို့ Tracer ကို အသုံးပြုပြီး အာရုံကြော (nerves) နှင့် ဟော်မုန်းစနစ်ဆိုင်ရာ ကင်ဆာအကျိတ်များ (Neuroendocrine tumors – NETs) နှင့် ရောဂါပိုးကူးစက်မှုများကို ရှာဖွေရန် အထောက်အကူပြုသည်
  • Cardiac PET scan (Rubidium-82 or Ammonia N-13)
    • ဤအမျိုးအစားကို နှလုံးကြွက်သားများဆီသို့ သွေးစီးဆင်းမှု အခြေအနေ (Myocardial perfusion and blood flow) ကို အကဲဖြတ်ရန်၊ သွေးကြောပိတ်ဆို့မှုများကို ရှာဖွေရန် သို့မဟုတ် နှလုံးလုပ်ငန်းစဉ် ရုတ်တရက်ရပ်တန့်မှု (Heart attack) ဖြစ်ပွားပြီးနောက် နှလုံးကြွက်သားများ မည်မျှအလုပ်လုပ်နိုင်သေးသည်ကို ဆန်းစစ်ရန် အသုံးပြုသည်
  • အခြား PET Tracers များ
    အချို့သော ရောဂါအခြေအနေများအတွက် အထူးပြုလုပ်ထားသည့် ရေဒီယိုသတ္တိကြွပစ္စည်း (Tracers) များကို အသုံးပြုသည်။ ဥပမာအားဖြင့်_
    • အယ်လ်ဇိုင်းမားရောဂါအတွက် ဦးနှောက်အတွင်း မူမမှန်ဘဲ စုပုံလာသည့် ပရိုတင်းများကို ရှာဖွေရန် Amyloid PET scan ကို အသုံးပြုသည်
    • ဆီးကျိတ်ကင်ဆာ (Prostate Cancer) အတွက် ဆီးကျိတ်ကင်ဆာဆဲလ်များကို အမိအရ ဖမ်းယူပုံဖော်နိုင်ရန်အတွက် Axumin (Fluciclovine F-18) Tracer ကို အသုံးပြုနိုင်သည့်အပြင်၊ ပိုမိုခေတ်စားပြီး အစွမ်းထက်သည့် PSMA PET scan နှင့် Choline C-11 PET scan များကိုလည်း အသုံးပြု၍ ရောဂါအခြေအနေကို တိကျစွာ ရှာဖွေဖော်ထုတ်နိုင်ပြီဖြစ်သည်
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ

PET scan ကို ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များနှင့် တစ်ရှူးများ အလုပ်လုပ်ပုံကို သိရှိရန် ပြုလုပ်နိုင်ပြီး ဦးနှောက်၊ အဆုတ်နှင့် နှလုံး အပါအဝင် ခန္ဓာကိုယ်၏ နေရာအတော်များများကို စစ်ဆေးနိုင်သည်။

အောက်ပါရောဂါလက္ခဏာများအတွက် စစ်ဆေးရန် အသုံးပြုလေ့ရှိသည်။

  • ကင်ဆာရောဂါများကို ရှာဖွေစစ်ဆေးရန်
    • ကင်ဆာဆဲလ်များ ပြန့်ပွားနေခြင်း ရှိမရှိ စစ်ဆေးရန်
    • ကင်ဆာကုသမှု ထိရောက်မှု ရှိမရှိ အကဲဖြတ်ရန်
    • ကင်ဆာရောဂါ ပြန်လည်ဖြစ်ပွားခြင်း ရှိမရှိ ကြည့်ရှုရန်
  • နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံးလုပ်ငန်းဆောင်တာ ရုတ်တရက် နှလုံးအမောဖောက်ခြင်း (Heart attack) သို့မဟုတ် အခြားနှလုံးပြဿနာများကို စစ်ဆေးရန်
  • ဦးနှောက်အာရုံကြောဆိုင်ရာ ဝေဒနာများ ဖြစ်သည့် ဦးနှောက်အကျိတ်၊ အတက်ရောဂါ၊ အသိမှတ်ဉာဏ် ထိခိုက်ချို့ယွင်းခြင်း (Dementia) နှင့် အယ်လ်ဇိုင်းမားရောဂါ (Alzheimer’s) စသည်တို့ကို စစ်ဆေးရန်

တစ်ခါတရံ ကင်ဆာဆဲလ်များ ပျံ့နှံ့မှုအခြေအနေ သို့မဟုတ် ပြန်လည်ဖြစ်ပွားလာခြင်း ရှိမရှိကို ရှာဖွေရန် ခန္ဓာကိုယ်တစ်ခုလုံး ဦးခေါင်းမှ ခြေဖျားအထိ Whole-body PET scan ဖြင့် စစ်ဆေးလေ့ရှိသည်။ သို့ရာတွင် ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှု (Inflammation) သို့မဟုတ် ကင်ဆာမဟုတ်သော တခြားရောဂါ အခြေအနေများသည်လည်း PET scan တွင် ကင်ဆာပုံစံကဲ့သို့ မှားယွင်းအဖြေထွက်နိုင်သည်။ ထို့ပြင် ဆီးချိုရောဂါရှိသူများတွင် FDG PET scan ပြုလုပ်ပါက သကြားဓာတ်ပါသော Tracer ကို ခန္ဓာကိုယ်မှ စုပ်ယူမှုကြောင့် သွေးတွင်းသကြားဓာတ် ကမောက်ကမ ဖြစ်နိုင်သည်။ ထို့အပြင် ဆီးချိုသကြားဓာတ်သည် Tracer ၏ scan လုပ်သည့်အပေါ် သက်ရောက်မှုရှိစေနိုင်သဖြင့် PET scan ရလဒ် တိကျမှု အနည်းငယ် လျော့နည်းနိုင်ခြေရှိသည်။

  1. ကင်ဆာရောဂါများအတွက် PET Scan ပြုလုပ်ခြင်း
    PET scan သည် ကင်ဆာရောဂါ ရှာဖွေရေးတွင် အလွန်အသုံးဝင်ပြီး အခြားပုံရိပ်ဖော်စစ်ဆေးမှုများထက် ပိုမိုတိကျလေ့ရှိသည်။ ကင်ဆာဆဲလ်များသည် ပုံမှန်ဆဲလ်များထက် သကြားဓာတ်ကို ပိုမိုသုံးစွဲခြင်းကြောင့် FDG Tracer ကို အသုံးပြုသည့်အခါ ကင်ဆာရှိသောနေရာများတွင် အရောင်တောက်ပသော အစက်အပြောက်များ (Hot spots) အဖြစ် မြင်ရနိုင်သည်။
    PET scan ကို ကွန်ပျူတာ ဓာတ်မှန် (CT scan) သို့မဟုတ် သံလိုက်ဓာတ်မှန် (MRI) နှင့်တွဲဖက်၍ အောက်ပါကင်ဆာအမျိုးအစားများကို ရှာဖွေစစ်ဆေးနိုင်သည်။
    • ဦးနှောက်ကင်ဆာ (Brain cancer)
    • ရင်သားကင်ဆာ (Breast cancer)
    • အူမကြီးကင်ဆာ (Colorectal cancer)
    • အဆုတ်ကင်ဆာ (Lung cancer)
    • ပြန်ရည်ကျိတ်ကင်ဆာ (Lymphoma)
    • ဆီးကျိတ်ကင်ဆာ (Prostate cancer)
    • သားအိမ်ခေါင်းကင်ဆာ (Cervical cancer)
    • အစာရေမျိုပြွန်ကင်ဆာ (Oesophageal cancer)
    • အရေပြားကင်ဆာ (Melanoma)
    • ပန်ကရိယကင်ဆာ (Pancreatic cancer) နှင့်
    • သိုင်းရွိုက်ကင်ဆာ (Thyroid cancer) များတွင် ကင်ဆာအဆင့်ခွဲခြားရန်နှင့် ရောဂါပျံ့နှံ့မှုကို စောင့်ကြည့်ရန် အသုံးပြုသည်။
  2. ဦးနှောက်နှင့် အာရုံကြောဆိုင်ရာရောဂါများအတွက် PET Scan ပြုလုပ်ခြင်း
    ဦးနှောက်အကျိတ်၊ အယ်လ်ဇိုင်းမားရောဂါနှင့် အတက်ရောဂါများကို စစ်ဆေးရန် အသုံးပြုသည်။ ဦးနှောက်၏ အစိတ်အပိုင်းအသီးသီး မှ စွမ်းအင်အတွက် သကြားဓာတ်ကို မည်သို့အသုံးပြုကြသည်ဆိုသည်ကို လေ့လာခြင်းဖြင့် ပုံမှန်အလုပ်မလုပ်သော နေရာများကို သိရှိနိုင်သည်။ အယ်လ်ဇိုင်းမားရောဂါနှင့် ဆက်စပ်နေသော ဦးနှောက်တွင်းရှိ Amyloid plaques များကို ရှာဖွေရန် Amyloid tracer ကို အသုံးပြုနိုင်သည်။
  3. နှလုံးရောဂါအတွက် PET Scan ပြုလုပ်ခြင်း
    နှလုံးသွေးကြောကျဉ်းခြင်း သို့မဟုတ် ပိတ်ဆို့ခြင်းကြောင့် နှလုံးတွင် သွေးလုံလောက်စွာ မရရှိသောနေရာများကို ရှာဖွေနိုင်သည်။ ထို့ပြင် နှလုံးကြွက်သားများ၏ သွေးရောက်ရှိမှုအခြေအနေကို သိရှိနိုင်သည့်အပြင် နှလုံးသွေးကြောချဲ့ခြင်း (Angioplasty) သို့မဟုတ် နှလုံးသွေးကြောလမ်းကြောင်း လွှဲခွဲစိတ်ကုသခြင်း (Bypass surgery) စသည့် ခွဲစိတ်မှုများ ပြုလုပ်ရန် လိုမလို ဆုံးဖြတ်ရာတွင် များစွာအထောက်အကူဖြစ်စေသည်။
  4. ရောင်ရမ်းမှုနှင့် ကူးစက်ပိုးဝင်မှုများအတွက် PET Scan ပြုလုပ်ခြင်း
    • အူအတက်ရောင်ခြင်း (Appendicitis)
    • သည်းခြေအိတ်ရောင်ခြင်း (Cholecystitis)
    • နာတာရှည် အူလမ်းကြောင်းရောင်ရမ်းခြင်း (IBD)
    • အရိုးတွင်းပိုးဝင်ခြင်း (Osteomyelitis)
    • တီဘီရောဂါ (Tuberculosis) နှင့်
    • သွေးကြောရောင်ရမ်းခြင်း (Vasculitis) စသော ရောဂါများကြောင့်ဖြစ်သော ရောင်ရမ်းမှုများကို PET scan မှ ပြသပေးနိုင်သည်။ သို့သော် PET scan သည် ရောင်ရမ်းခြင်း၊ ပိုးဝင်ခြင်းနှင့် ကင်ဆာ တို့ကို အမြဲတမ်း တိကျစွာ ခွဲခြားမပေးနိုင်သည်ကို သတိပြုသင့်သည်
ကြိုတင်သိရှိထားရမည့်အချက်များ

PET scan သည် ဆေးရုံတက်ရန်မလိုဘဲ နေ့ချင်းအိမ်ပြန်နိုင်သည့် ပြင်ပလူနာစစ်ဆေးမှု အမျိုးအစားဖြစ်သည်။ ဆရာဝန်မှ ပြင်ဆင်ရန် အသေးစိတ် ညွှန်ကြားချက်များ ပေးမည်ဖြစ်သည်။ ယေဘုယျအားဖြင့် အောက်ပါအတိုင်း လိုက်နာပြင်ဆင်ထားသင့်သည်။

  • လေ့ကျင့်ခန်း – PET scan စစ်ဆေးမှုမပြုလုပ်မီ အနည်းဆုံး တစ်ရက်အလိုတွင် ပြင်းထန်သော လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းကို ရှောင်ကြဥ်ပါ၊ ပြင်းထန်သော လေ့ကျင့်ခန်းများသည် ခန္ဓာကိုယ်အတွင်း သကြားဓာတ် သုံးစွဲမှုကို ပြောင်းလဲစေနိုင်ခြင်းကြောင့် ဖြစ်သည်
  • အစားအသောက် – PET scan စစ်ဆေးမှုမတိုင်မီ အနည်းဆုံး ၄နာရီ မှ ၆နာရီခန့် ကြိုတင်၍ အစာဖြတ်ထားရန် လိုအပ်ပြီး ရေအနည်းငယ်ကို သောက်သုံးနိုင်သည်၊ ကော်ဖီ သို့မဟုတ် အရက် သောက်သုံးခြင်း မပြုရပါ
  • ကဖင်းဓာတ် – နှလုံးပြဿနာအတွက် စစ်ဆေးမှုခံယူရမည်ဆိုပါက စစ်ဆေးမှုမတိုင်မီ ၂၄ နာရီအလိုတွင် အထူးသဖြင့် ကဖင်းဓာတ် (Caffeine) ပါဝင်သည့် အစားအစာများ၊ သောက်စရာများကို ရှောင်ကြဉ်ပါ
  • အဝတ်အစား – ချောင်ချောင်ချိချိရှိပြီး သက်သောင့်သက်သာဖြစ်မည့် အဝတ်အစားများကို ဝတ်ဆင်ပါ၊ လက်ဝတ်ရတနာများ၊ မျက်မှန်များနှင့် သွားတုကဲ့သို့သော သတ္တုပါဝင်ပစ္စည်းများကို အိမ်၌ ထားခဲ့ပါ
  • ဆေးဝါးများ – မိမိသောက်သုံးနေသော ဆေးဝါးများ၊ ဗီတာမင်များနှင့် ဖြည့်စွက်စာများအပြင် ဓာတ်မတည့်မှု (Allergies) အားလုံးကို ဆရာဝန်အား ပြောပြပါ
  • အောက်ပါအခြေအနေများတွင် သက်ဆိုင်ရာဆရာဝန်ထံ ကြိုတင်အကြောင်းကြား၍ ကြိုတင်ပြင်ဆင်မှုများ ပိုမိုပြုလုပ်သင့်သည်
    • ဆီးချိုရောဂါရှိခြင်း
      ဆရာဝန်မှ ပေးသော အထူးညွှန်ကြားချက်များကို လိုက်နာရမည်၊ ဆီးချိုဆေး သို့မဟုတ် အင်ဆူလင်အသုံးပြုမှုအတွက် ဆရာဝန်နှင့် ကြိုတင်တိုင်ပင်ပါ
    • ကိုယ်ဝန်ဆောင် သို့မဟုတ် မိခင်နို့တိုက်ကျွေးနေသူ ဖြစ်ခြင်း
    • စတီးရွိုက် (Steroid) ဆေးဝါးများ သောက်သုံးနေခြင်း
      • ကိုယ်အလေးချိန် ပေါင် ၅၀၀ ထက် ကျော်လွန်နေခြင်း
      • ကျောပြင်ချကာ ပက်လက်လှဲအိပ်ချိန်တွင် ၁၅မိနစ် မှ ၄၅မိနစ်အထိ ငြိမ်သက်စွာ မလှဲလျောင်းနိုင်သူ ဖြစ်ခြင်း
    • အလုံပိတ် သို့မဟုတ် ကျဉ်းကျပ်သောနေရာများကို ကြောက်တတ်ခြင်း (Claustrophobia) – အလုံပိတ်အခန်း သို့မဟုတ် ကျဉ်းမြောင်းသော နေရာများသို့ ရောက်လျှင်စိုးရိမ်ပူပန်မှု ခံစားရတတ်သူဖြစ်ပါက ဆရာဝန်အား ကြိုတင်ပြောပြရမည်၊ စစ်ဆေးမှုခံယူနေစဉ် ဆရာဝန်မှ လိုအပ်လျှင် လူနာ စိတ်ငြိမ်စေရန် စိတ်ငြိမ်ဆေး ပေးနိုင်သည်
  • ထို့အပြင် PET scan ရိုက်ကူးမည့် လူ၏ ခန္ဓာကိုယ်တွင် စက်ကိရိယာများ တပ်ဆင်ထားပါကလည်း ဆရာဝန်ထံ ကြိုတင်အသိပေးအကြောင်းကြားထားပါ
    • ခန္ဓာကိုယ်တွင် တပ်ဆင်ထားရသော ဆေးထိုးကိရိယာ (On-body injector)၊ ဆေးသွင်းကိရိယာ (Pump) သို့မဟုတ် အဆက်မပြတ် သွေးတွင်းသကြားဓာတ် တိုင်းတာသည့်စက် (Continuous glucose monitor) ရှိနေခြင်း
    • အစာအိမ်ပိုက် သို့မဟုတ် နှာခေါင်းပိုက် (PEG or Nasogastric feeding tube) တပ်ဆင်ထားခြင်း
    • မကြာသေးမီကမှ ဘေရီယမ် (Barium swallow) ကဲ့သို့သော High-density contrast သုံးစွဲရသည့် စစ်ဆေးမှုမျိုး ပြုလုပ်ထားခြင်း စသည်တို့ဖြစ်သည်
PET scan စစ်ဆေးပုံအဆင့်ဆင့်
  • ရှေးဦးစွာ လက်မောင်း သို့မဟုတ် လက်ဖမိုးရှိ သွေးပြန်ကြောမှတစ်ဆင့် အန္တရာယ်မရှိသော ရေဒီယိုသတ္တိကြွ ဓာတ်ပစ္စည်း (Radiotracer) ကို ဆေးသွင်းပိုက် (IV) ဖြင့် ထိုးပေးမည်၊ ဆေးထိုးနေချိန်တွင် ခေတ္တ အေးစိမ့်စိမ့် ခံစားရနိုင်သည်
  • ထိုဓာတ်ပစ္စည်းသည် သွေးလှည့်ပတ်စီးဆင်းသည့် လမ်းကြောင်းအတိုင်း ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများထံသို့ ရောက်ရှိမည်ဖြစ်သည်၊ ကိုယ်တွင်းအင်္ဂါများနှင့် တစ်ရှူးများဆီသို့ ကောင်းစွာ ပျံ့နှံ့စုပ်ယူနိုင်စေရန် နှင့် မလိုလားအပ်ဘဲ ကြွက်သားများအတွင်းသို့ ရောက်ရှိစုပ်ယူခြင်း မရှိစေရန်အတွက် သက်သောင့်သက်သာရှိသော ကုလားထိုင် (သို့မဟုတ် ခုတင်) ပေါ်တွင် လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်စွာ တစ်နာရီခန့် အနားယူနေရမည်၊ လှုပ်ရှားမှုများလွန်းပါက ဓာတ်ပစ္စည်းသည် စစ်ဆေးလိုသည့်နေရာမဟုတ်ဘဲ အခြား (ကြွက်သား) နေရာများသို့ ရောက်ရှိသွားနိုင်သဖြင့် ရောဂါရှာဖွေမှုကို လွဲမှားစေနိုင်သည်
  • အကယ်၍ ကွန်ပျူတာဓာတ်မှန် နှင့် တွဲ၍ PET/CT scan စစ်ဆေးရမည်ဆိုပါက ပုံရိပ်များကို ပိုမိုထင်ရှားစေရန် Contrast agent ဆေးရည် ကိုလည်း သွေးပြန်ကြောမှ ထိုးသွင်းနိုင်သည်
  • တစ်နာရီပြည့်သောအခါ PET scan စစ်ဆေးရိုက်ကူးမည့် ခုတင်ပေါ်တွင် လဲလျောင်းရမည်
  • ထို့နောက် ဒိုးနတ်မုန့်ပုံသဏ္ဌာန်ရှိသော စက်ဝိုင်းပုံ scanner စက်ထဲသို့ ရှေ့တိုးနောက်ဆုတ် အဝင်အထွက် ပြုလုပ်ကာ ပုံရိပ်များဖမ်းယူမည်ဖြစ်သည်
  • ပုံရိပ်ဖမ်းယူစစ်ဆေးနေစဉ်အတွင်း ငြိမ်သက်စွာ နေရမည်၊ လှုပ်ရှားပါက ထွက်လာမည့်ပုံရိပ်များ ကြည်လင်ပြတ်သားမှုမရှိဘဲ ဝါးသွားနိုင်သည်
  • စက်မှ ပုံရိပ်ဖမ်းယူနေစဉ်အတွင်း လူနာ၏ နားတွင် တဝီဝီနှင့် ကလစ်ကလစ် မြည်သံများကို ကြားရနိုင်သည်
  • ရိုက်ကူးနေစဥ်တစ်လျှောက် ပုံရိပ်များ ရှင်းလင်းပြတ်သားမှု ရှိမရှိကို ဓာတ်မှန်ကျွမ်းကျင်ပညာရှင်မှ တောက်လျှောက်စစ်ဆေးပေးနေမည်ဖြစ်သည်
ကြာမြင့်ချိန်

PET scan စစ်ဆေးမှုတစ်ခုလုံးအတွက် အချိန် ၂ နာရီခန့် ကြာမြင့်နိုင်သည်။ ခန္ဓာကိုယ်မှ ဆေးဓာတ်ကို စုပ်ယူရန် မိနစ် ၆၀ ခန့် ကြာမြင့်တတ်ပြီး ထိုအချိန်တွင် ငြိမ်သက်စွာနေရန် အရေးကြီးသည်။ အမှန်တကယ် စကင်န်ဖတ်သည့်အချိန်မှာ မိနစ် ၃၀ ခန့်သာ ကြာမြင့်သည်။

PET scan စစ်ဆေးပြီးနောက်

လူအများစုတွင် PET scan ရိုက်ခြင်းပြီးစီးပါက ထိုတစ်ရက်တည်းမှာပင် အိမ်ပြန်နိုင်ပြီး ပုံမှန်အတိုင်း ပြန်လည်လှုပ်ရှားနိုင်သည်။ အကယ်၍ စိတ်ငြိမ်ဆေး အသုံးပြုရန် လိုအပ်ခဲ့ပါက အိမ်ပြန်ရန် အဖော်တစ်ဦးပါရှိရမည်။

အကြောဆေးအဖြစ် ထိုးပေးလိုက်သော ရေဒီယိုသတ္တိကြွဓာတ်ပစ္စည်း (radioactive tracer) ၏ ရေဒီယိုသတ္တိကြွမှုပမာဏမှာ အလွန်နည်းပါးပြီး ခန္ဓာကိုယ်ထဲ၌လည်း ရေရှည်တည်ရှိမနေဘဲ အချိန်တစ်ခုအကြာတွင် ကိုယ်ခန္ဓာအတွင်းမှ စွန့်ထုတ်လိုက်မည်ဖြစ်သည်။ သို့ဖြစ်၍ PET scan စစ်ဆေးမှုအပြီးတွင် ခန္ဓာကိုယ်ထဲမှ အဆိုပါရေဒီယိုသတ္တိကြွဓာတ်ပစ္စည်းများကို လျင်မြန်စွာ စွန့်ထုတ်နိုင်ရန် ရေများများ သောက်ပေးသင့်သည်။

သိရှိနိုင်သောအဖြေများ

PET scan ပုံရိပ်များကို အဏုမြူဆေးပညာ အထူးကုဆရာဝန် (Nuclear Medicine Specialist) က ခွဲခြမ်းစိတ်ဖြာပြီး အသေးစိတ်အဖြေ (Report) ထုတ်ပေးမည်ဖြစ်သည်။ ထိုအဖြေကို သက်ဆိုင်ရာဆရာဝန်ထံ ပေးပို့ကာ ရောဂါအခြေအနေ၊ လိုအပ်သော ထပ်ဆင့်စစ်ဆေးမှုများနှင့် ကုသမှုအစီအစဉ်များကို ဆက်လက်ဆုံးဖြတ်မည်ဖြစ်သည်။ အဖြေရရှိရန် ကြာမြင့်ချိန်သည် ဆေးရုံနှင့် စစ်ဆေးမှုအမျိုးအစားပေါ် မူတည်၍ ကွာခြားနိုင်သည်။ များသောအားဖြင့် တစ်ပတ်ခန့် အချိန်ကြာနိုင်သည်။ အရေးပေါ်အခြေအနေဆိုပါက ရက်ပိုင်းအတွင်း အဖြေရရှိနိုင်သည်။

PET scan အဖြေတွင် ယေဘုယျအားဖြင့် အောက်ပါအခြေအနေများကို ဖော်ပြနိုင်သည်။

  • အဖြေပုံမှန်ဖြစ်ခြင်း (Normal result) – ရေဒီယိုသတ္တိကြွ Tracer စုပ်ယူမှုပုံစံတွင် ထူးခြားသော မူမမှန်မှု မတွေ့ရှိခြင်းဖြစ်သည်
  • အဖြေပုံမှန်မဟုတ်ခြင်း (Abnormal result) – ကိုယ်ခန္ဓာ၏ အစိတ်အပိုင်းတစ်နေရာတွင် Tracer စုပ်ယူမှု ပုံမှန်ထက် မြင့်မားခြင်း သို့မဟုတ် နည်းပါးခြင်းကို တွေ့ရှိခြင်းဖြစ်ပြီး ကင်ဆာ၊ ရောင်ရမ်းခြင်း၊ ပိုးဝင်ခြင်း သို့မဟုတ် အခြားဇီဝကမ္မပြောင်းလဲမှုများနှင့် ဆက်စပ်နိုင်သည်။

PET scan အစီရင်ခံစာတွင် အောက်ပါအသုံးအနှုန်းများကိုလည်း တွေ့ရနိုင်သည်။

  • Increased uptake (Tracer စုပ်ယူမှု မြင့်မားခြင်း) – ထိုနေရာရှိ ဆဲလ်များသည် Tracer ကို ပုံမှန်ထက် ပိုမိုစုပ်ယူနေခြင်းဖြစ်ပြီး ကင်ဆာ၊ ရောင်ရမ်းမှု သို့မဟုတ် ပိုးဝင်မှုတို့တွင် တွေ့ရနိုင်သည်
  • Hypermetabolic activity (ဇီဝကမ္မလုပ်ဆောင်မှု မြင့်မားခြင်း) – ထိုနေရာရှိ ဆဲလ်များသည် ပုံမှန်ထက် စွမ်းအင်ပိုမိုအသုံးပြုနေကြောင်း ဖော်ပြခြင်းဖြစ်သည်
  • Standardized Uptake Value (SUV) – တစ်ရှူးတစ်နေရာမှ Tracer ကို မည်မျှစုပ်ယူထားသည်ကို ကိန်းဂဏန်းဖြင့် ခန့်မှန်းတိုင်းတာထားခြင်းဖြစ်သည်၊ SUV မြင့်ခြင်းသည် Tracer စုပ်ယူမှုများကြောင်း ဖော်ပြသော်လည်း SUV ကိန်းဂဏန်းတစ်ခုတည်းဖြင့် ကင်ဆာရှိမရှိကို အတည်မပြုနိုင်ပါ။

အဖြေမှားနိုင်ခြေများ (False-positive and False-negative results)
PET scan သည် အလွန်အသုံးဝင်သော စစ်ဆေးမှုဖြစ်သော်လည်း ရလဒ်အားလုံးကို ကင်ဆာရှိမရှိဟု တိုက်ရိုက်သတ်မှတ်၍ မရပါ။

  • False-positive result
    • ကင်ဆာမရှိသော်လည်း ပိုးဝင်ခြင်း၊ ရောင်ရမ်းခြင်း၊ ခွဲစိတ်မှု သို့မဟုတ် ကုသမှုအပြီး ပြန်လည်နာလန်ထူနေသော တစ်ရှူးများတွင် Tracer စုပ်ယူမှု မြင့်မားနိုင်သဖြင့် ကင်ဆာကဲ့သို့ ပေါ်လာနိုင်သည်
    • ထို့အပြင် ဦးနှောက်၊ နှလုံး၊ အသည်း၊ ကျောက်ကပ်နှင့် ဆီးအိမ်ကဲ့သို့ Tracer ကို ပုံမှန်အားဖြင့် စုပ်ယူခြင်း သို့မဟုတ် စွန့်ထုတ်ခြင်းရှိသော အင်္ဂါများတွင်လည်း uptake မြင့်မားနေခြင်းကို သဘာဝအတိုင်း တွေ့ရနိုင်သည်
  • False-negative result
    • ရောဂါရှိသော်လည်း PET scan တွင် မပေါ်လာခြင်းကို ဆိုလိုသည်
    • အလွန်သေးငယ်သော အကျိတ်များ၊ FDG ကို စုပ်ယူမှုနည်းသော ကင်ဆာအမျိုးအစားအချို့ သို့မဟုတ် သွေးတွင်းသကြားဓာတ် မထိန်းချုပ်နိုင်သော အခြေအနေများတွင် ရောဂါကို လွတ်သွားနိုင်သည်

ထို့ကြောင့် PET scan အဖြေကို လူနာ၏ ရောဂါရာဇဝင်၊ ကိုယ်ခန္ဓာစမ်းသပ်မှု၊ CT scan သို့မဟုတ် MRI ကဲ့သို့ အခြားပုံရိပ်ဖော်စစ်ဆေးမှုများ၊ သွေးစစ်ဆေးမှုများနှင့် တွဲဖက်၍ အဓိပ္ပာယ်ဖော်ရသည်။ ကင်ဆာရောဂါကို အတည်ပြုရန် လိုအပ်ပါက အသားစယူစစ်ဆေးခြင်း (Biopsy) ကို ထပ်မံပြုလုပ်ရနိုင်သည်။

နောက်ဆက်တွဲပြဿနာများ

ယေဘုယျအားဖြင့် PET scan သည် ဘေးကင်းလုံခြုံသော စစ်ဆေးမှုဖြစ်ပြီး ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပွားမှုမှာ အလွန်ရှားပါးသည်။ အချို့လူနာများတွင် Radiotracer သို့မဟုတ် Contrast agent ထိုးထားသည့်နေရာ၌ အနည်းငယ်နာကျင်ခြင်း၊ အနီရောင်ဖြစ်ခြင်း သို့မဟုတ် မအီမသာဖြစ်ခြင်းတို့ကို ခေတ္တမျှ ခံစားရနိုင်သော်လည်း များသောအားဖြင့် အလိုအလျောက် သက်သာသွားတတ်သည်။

ဖြစ်နိုင်ချေရှိသော စိုးရိမ်ရမှုများ (Risks)

PET scan သည် လုံခြုံစိတ်ချရသော စစ်ဆေးမှုဖြစ်သော်လည်း အချို့အခြေအနေများတွင် အောက်ပါစိုးရိမ်ရမှုများ ရှိနိုင်သည်။

  • ဓာတ်မတည့်မှု (Allergic reaction)
    • PET scan တွင် အသုံးပြုသော Radiotracer သို့မဟုတ် PET/CT တွင် အသုံးပြုသော Contrast agent များနှင့် ဓာတ်မတည့်မှု ဖြစ်နိုင်သော်လည်း ဖြစ်ပွားမှု အလွန်ရှားပြီး များသောအားဖြင့် ပြင်းထန်ခြင်း မရှိပါ
  • ကိုယ်ဝန်ဆောင်နှင့် မိခင်နို့တိုက်ကျွေးနေသူများ
    • PET scan တွင် အသုံးပြုသော ဓာတ်ရောင်ခြည်သည် သန္ဓေသားနှင့် နို့စို့ကလေးအပေါ် သက်ရောက်မှုရှိနိုင်သောကြောင့် ကိုယ်ဝန်ရှိခြင်း သို့မဟုတ် မိခင်နို့တိုက်ကျွေးနေခြင်းရှိပါက စစ်ဆေးမှုမပြုလုပ်မီ ဆရာဝန်အား ကြိုတင်အသိပေးရမည်
    • လိုအပ်ပါက မိခင်နို့တိုက်ကျွေးခြင်းကို ခေတ္တရပ်နားရန် အကြံပြုနိုင်သည်
  • ဆီးချိုရောဂါရှိသူများ
    • FDG PET scan တွင် အသုံးပြုသော Tracer သည် သကြားဓာတ်နှင့် ဆက်စပ်သောကြောင့် သွေးတွင်းသကြားဓာတ် မထိန်းနိုင်ပါက Tracer စုပ်ယူမှုပုံစံ ပြောင်းလဲပြီး အဖြေရလဒ် တိကျမှုကို ထိခိုက်စေနိုင်သည်
    • ထို့ကြောင့် PET scan မပြုလုပ်မီ ဆီးချိုဆေး၊ အင်ဆူလင်နှင့် အစားအသောက်အစီအစဉ်များကို ဆရာဝန်ညွှန်ကြားချက်အတိုင်း ပြင်ဆင်ရန် လိုအပ်သည်
  • ဓာတ်ရောင်ခြည်နှင့် ထိတွေ့မှု
    • PET scan တွင် အသုံးပြုသော ဓာတ်ရောင်ခြည်ပမာဏမှာ အလွန်နည်းပါးပြီး ခန္ဓာကိုယ်အတွင်းတွင်လည်း အချိန်တိုအတွင်း စွန့်ထုတ်သွားသည်
    • PET scan တစ်ခု၏ ဓာတ်ရောင်ခြည်ပမာဏမှာ ပုံမှန်အားဖြင့် ၅–၁၀ mSv ခန့်ရှိပြီး PET/CT တွင် CT အပါအဝင် စုစုပေါင်း ၁၅–၂၅ mSv ခန့် ရှိနိုင်သည်
    • ဤပမာဏကြောင့် ရေရှည်ကင်ဆာဖြစ်နိုင်ခြေမှာ အလွန်နည်းပါးပြီး စစ်ဆေးမှုမှ ရရှိနိုင်သော ရောဂါရှာဖွေရေးနှင့် ကုသမှုဆိုင်ရာ အကျိုးကျေးဇူးများက ယင်းအန္တရာယ်ထက် များစွာ ပိုမိုအရေးပါသည်
ဆရာဝန်နှင့် ချက်ချင်းပြသသင့်သည့် အခြေအနေများ

PET scan စစ်ဆေးပြီးနောက် အောက်ပါလက္ခဏာများ ပေါ်ပေါက်လာပါက ဆရာဝန် သို့မဟုတ် အနီးဆုံးဆေးရုံသို့ အမြန်ဆက်သွယ်သင့်သည်။

  • အသက်ရှူရခက်ခဲခြင်း သို့မဟုတ် အသက်ရှူကျပ်ခြင်း
  • မျက်နှာ၊ နှုတ်ခမ်း၊ လျှာ သို့မဟုတ် လည်ချောင်း ဖောရောင်လာခြင်း
  • ကိုယ်အနှံ့ အဖုအပိမ့်ထွက်ခြင်း၊ ယားယံခြင်း သို့မဟုတ် ပြင်းထန်သော ဓာတ်မတည့်လက္ခဏာများ ဖြစ်ပေါ်ခြင်း
  • ဆေးထိုးထားသည့်နေရာတွင် နာကျင်မှု၊ နီမြန်းမှု သို့မဟုတ် ဖောရောင်မှု ပိုမိုဆိုးရွားလာခြင်း
  • မူးဝေခြင်း၊ ပျို့အန်ခြင်း သို့မဟုတ် သတိလစ်မတတ် ဖြစ်လာခြင်း

References:

  1. Cleveland Clinic. (n.d.). PET scan: What it is, why it’s done, and what to expect. Retrieved June 18, 2026, from https://my.clevelandclinic.org/health/diagnostics/10123-pet-scan
  2. Mayo Clinic. (n.d.). PET scan. Retrieved June 18, 2026, from https://www.mayoclinic.org/tests-procedures/pet-scan/about/pac-20385078
  3. National Health Service. (n.d.). PET scan. Retrieved June 18, 2026, from https://www.nhs.uk/tests-and-treatments/pet-scan/
  4. Healthdirect Australia. (n.d.). PET scan. Retrieved June 18, 2026, from https://www.healthdirect.gov.au/pet-scan
  5. St. Jude Children’s Research Hospital. (n.d.). PET scans. Retrieved June 18, 2026, from https://together.stjude.org/en-us/treatment-tests-procedures/tests/imaging-tests/pet-scans.html
  6. MD Anderson Cancer Center. (n.d.). Getting a PET scan: What to expect. Retrieved June 18, 2026, from https://www.mdanderson.org/cancerwise/getting-a-pet-scan-what-to-expect.h00-159776445.html
  7. Cherry, S. R., Jones, T., Karp, J. S., Qi, J., Moses, W. W., & Badawi, R. D. (2017). Total-body PET: Maximizing sensitivity to create new opportunities for clinical research and patient care. Journal of Nuclear Medicine, 58(1), 3–12. https://doi.org/10.2967/jnumed.116.184028

Published: 30 August 2026

Share

30 August 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.