Percutaneous Endoscopic Gastrostomy (PEG) ဆိုသည်မှာ အစာအိမ်အတွင်းသို့ အစာပိုက်တိုက်ရိုက်ထည့်၍ အစာအာဟာရများပေးသည့် Enteral Nutrition နည်းလမ်းတစ်ခုဖြစ်သည်။ Enteral Nutrition ဆိုသည်မှာ အာဟာရပို့ဆောင်ပေးသည့် ပိုက်ငယ် (Feeding tube) များမှတစ်ဆင့် အစာခြေလမ်းကြောင်းထဲသို့ အာဟာရများကို တိုက်ရိုက်ပေးပို့သည့် နည်းလမ်းဖြစ်သည်။ ယေဘုယျအားဖြင့် လူနာတစ်ဦးတွင် အစာအိမ်နှင့် အူလမ်းကြောင်း လုပ်ဆောင်ချက်များ ပုံမှန်ရှိနေသော်လည်း အစားအစာကို ဘေးကင်းစွာ ဝါးစားရန် သို့မဟုတ် မျိုချရန် အခက်အခဲရှိနေပါက ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်သော အစာအာဟာရနှင့် အရည်များကို အစာပိုက်မှတစ်ဆင့် ဖြည့်တင်းပေးရန် လိုအပ်နိုင်သည်။
ရွေးချယ်နိုင်သော အစာပိုက် (Feeding Tube) အမျိုးအစားများ
ရက်သတ္တပတ် (၄ – ၆) ပတ်ခန့်သာ ကြာမြင့်မည့် ကာလတိုအတွင်း အစာပိုက်ထည့်ရန် လိုအပ်သော အခြေအနေများတွင် နှာခေါင်းပိုက် သို့မဟုတ် ပါးစပ်ပိုက်များမှ အစာအာဟာရပေးခြင်း [Nasogastric or Orogastric (NG or OG) Feeding] ကိုလုပ်ဆောင်လေ့ရှိပြီး ရက်သတ္တပတ် (၆) ပတ်ထက် ပို၍လိုအပ်သော အခြေအနေဖြစ်ပါက ဝမ်းဗိုက်အရေပြားမှတစ်ဆင့် အစာအိမ် သို့မဟုတ် အူသိမ်အတွင်းသို့ တိုက်ရိုက်ပိုက်ထည့်ခြင်းကို ပြုလုပ်ရနိုင်သည်။
ရေရှည်အသုံးပြုသော ပိုက်အမျိုးအစားများ
- Gastrostomy tubes (G-tubes) – ဝမ်းဗိုက်အရေပြားတွင် အပေါက်ဖောက်ကာ အစာအိမ်အတွင်းသို့ တိုက်ရိုက် အစာပိုက်ထည့်ခြင်း
- Jejunostomy tubes (J-tubes) – ဝမ်းဗိုက်အရေပြားတွင် အပေါက်ဖောက်ကာ အူသိမ်အတွင်းသို့ တိုက်ရိုက် အစာပိုက်ထည့်ခြင်း
- Gastrostomy-jejunostomy tube (GJ-tube)
- အစာပိုက်သည် အစာအိမ်နှင့် အူသိမ်နှစ်နေရာလုံးသို့ ရောက်အောင် ထည့်ထားသည့် အခြေအနေဖြစ်သည်
- ထိုပိုက်တွင် G port and J port ဟူ၍ လမ်းကြောင်းနှစ်ခုပါရှိပြီး G port သည် အစာအိမ်ထဲမှ အရည်များကို ပြန်လည်စုပ်ထုတ်ရန်နှင့် ဆေးဝါးများထည့်ရန်ဖြစ်ပြီး J port လမ်းကြောင်းသည် အစာအာဟာရများ ထည့်ရန်ဖြစ်သည်
ရေရှည်အသုံးပြုမည့် အစာပိုက်များထည့်ရန် နည်းလမ်းများ
- မှန်ပြောင်းအကူအညီဖြင့် အစာပိုက်ထည့်ခြင်း [Percutaneous Endoscopic Gastrostomy (PEG) သို့မဟုတ် Percutaneous Endoscopic Jejunostomy (PEJ)]
- ပုံရိပ်ဖော် ဓာတ်မှန်အကူအညီဖြင့် အစာပိုက်ထည့်ခြင်း [Radiologically Inserted Gastrostomy (RIG) သို့မဟုတ် Radiologically Inserted Jejunostomy (RIJ)]
- ခွဲစိတ်၍ အစာပိုက်ထည့်ခြင်း (Open surgery or Laparoscopic surgery)
အထက်ပါနည်းလမ်းများအနက် ဝမ်းဗိုက်အရေပြားမှတစ်ဆင့် ထည့်သော ပိုက်များတွင် အသုံးအများဆုံး နည်းလမ်းမှာ မှန်ပြောင်းအကူအညီဖြင့် အစာအိမ်အတွင်းသို့ ပိုက်ထည့်သည့် Percutaneous Endoscopic Gastrostomy Tube (PEG tube) နည်းလမ်းဖြစ်သည်။
သို့သော် လူနာအတွက် အသင့်တော်ဆုံး အစာပိုက်အမျိုးအစားကို သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် အာဟာရဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက တိုင်ပင်ဆွေးနွေး ဆုံးဖြတ်ပေးမည်ဖြစ်သည်။
အစာအိမ်တွင်းသို့ ပိုက်ထည့်ရန်လိုအပ်နိုင်သော ရောဂါနှင့်အခြေအနေများ
အစာကို ဝါးစားခြင်း သို့မဟုတ် မျိုချခြင်းတို့တွင် အခက်အခဲရှိခြင်းကြောင့် အာဟာရဓာတ်များကို လုံလောက်စွာ မရရှိနိုင်သည့် အခြေအနေများတွင် အစာပိုက်ထည့်ခြင်း ပြုလုပ်ရန် လိုအပ်နိုင်သည်။ နှာခေါင်းပိုက် သို့မဟုတ် ပါးစပ်ပိုက်မှတစ်ဆင့် အစာအာဟာရပေးခြင်း ပြုလုပ်နိုင်သကဲ့သို့ PEG tube မှလည်း အစာအာဟာရပေးနိုင်သည်။
- ဦးခေါင်းကင်ဆာနှင့် လည်ပင်း ကင်ဆာများ သို့မဟုတ် ထိခိုက်ဒဏ်ရာများ
- အာဟာရစုပ်ယူမှုကို ထိခိုက်စေနိုင်သော နာတာရှည် အူရောင်ရမ်းနာရောဂါများ (ဥပမာ – Crohn’s disease) နှင့် ဂလူတန်ပရိုတင်းနှင့် ဓာတ်မတည့်သော Celiac ရောဂါ
- ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ရောဂါများ (ဥပမာ – လေဖြတ်ရောဂါ၊ ပါကင်ဆန်ရောဂါနှင့် ALS ရောဂါ)
- သတိလစ်နေသော လူနာများ (Coma)
- ခွဲစိတ်မှုခံယူထားသောကြောင့် လတ်တလော အစာမျိုချရာတွင် အခက်အခဲရှိသော လူနာများ (Recent surgery) အပြင်
- ကလေးများတွင်
- လမစေ့ဘဲ မွေးဖွားခြင်း သို့မဟုတ် မွေးဖွားစဉ် ကိုယ်အလေးချိန် အလွန်နည်းခြင်း
- ကလေးငယ်များ ကြီးထွားမှုနှေးကွေးခြင်း သို့မဟုတ် ကိုယ်အလေးချိန် လုံလောက်စွာ တက်မလာခြင်း
- မွေးရာပါ နှလုံးရောဂါ
- CP ရောဂါ (Cerebral Palsy) နှင့် အခြားနာတာရှည်ကြွက်သားရောဂါများ – အစာဝါးရန်နှင့် မျိုချရန် ခက်ခဲခြင်း (Dysphagia) ရှိနေခြင်း
- မွေးရာပါ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ချို့ယွင်းမှုများ (Congenital GI anomalies): ဥပမာ – အစာရေမျိုပြွန်နှင့် လေပြွန် ဆက်နေခြင်း (Tracheoesophageal fistula)
အစာအိမ်တွင်းသို့ ပိုက်ထည့်ခြင်း မပြုလုပ်သင့်သည့် အခြေအနေများ
အောက်ပါအခြေအနေများရှိပါက အစာအိမ်အတွင်း ပိုက်ထည့်မည့်အစား အာဟာရလိုအပ်ချက် ပြည့်မီစေရန်အတွက် သွေးကြောဆေးသွင်းပိုက်မှတစ်ဆင့် ခန္ဓာကိုယ်အတွက် အစာအာဟာရပေးခြင်း (Parenteral nutrition or PN) နည်းလမ်းကို အသုံးပြုရန် လိုအပ်သည်။
- အစာအိမ် အူလမ်းကြောင်းအတွင်းမှ အရည်များ အလွန်အမင်း ဆုံးရှုံးနိုင်သော ပုံမှန်မဟုတ်သည့် လမ်းကြောင်းများ ရှိနေခြင်း (High output GI fistula)
- အူလမ်းကြောင်း ပိတ်ဆို့နေခြင်း (Bowel obstructions)
- အူ၏ လှုပ်ရှားမှု ရပ်တန့်နေခြင်း သို့မဟုတ် အချိန်ကြာမြင့်စွာ အူအလုပ်မလုပ်ခြင်း (Paralytic or prolonged ileus)
- အစာအိမ်အူလမ်းကြောင်းတစ်လျှောက် သွေးစီးဆင်းမှု ပြတ်တောက်နေခြင်း (Mesenteric ischemia)
အစာအိမ်တွင်း ပိုက်ထည့်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ
- ပုံမှန်အစာခြေစနစ်နှင့် ကိုယ်ခံအားစနစ်ကို ထိန်းသိမ်းနိုင်ခြင်း – အစာခြေလမ်းကြောင်းမှတစ်ဆင့် အာဟာရ စုပ်ယူမှုကို ကောင်းမွန်စေပြီး ကိုယ်ခန္ဓာ၏ လုပ်ဆောင်ချက်များကို ပံ့ပိုးပေးကာ အာဟာရချို့တဲ့မှုကိုလည်း ကာကွယ်ပေးနိုင်သည့်အပြင် ကိုယ်ခံအားစနစ်ကိုလည်း ထိန်းသိမ်းပေးနိုင်သည်
- နောက်ဆက်တွဲပြဿနာများကို ကာကွယ်ခြင်း – အာဟာရချို့တဲ့ခြင်းကြောင့် ဖြစ်ပေါ်နိုင်သော ပိုးဝင်ခြင်း သို့မဟုတ် အသက်အန္တရာယ်ရှိသော အခြေအနေများကို တားဆီးပေးနိုင်သည်
ကြိုတင်သိရှိထားရမည့်အချက်များ
- အစာအိမ်အတွင်းသို့ အစာပိုက် (PEG tube) ထည့်သည့် လုပ်ငန်းစဥ်ကို ဆေးရုံ၌သာ အများဆုံးပြုလုပ်ပြီး အစာအိမ်၊ အူလမ်းကြောင်းအထူးကုဆရာဝန်များမှ မှန်ပြောင်းဖြင့် စစ်ဆေးသည့် စမ်းသပ်ခန်း (Endoscopy room) တွင် ပြုလုပ်မည်
- ထို့ကြောင့် အစာပိုက်မထည့်မီ သွေးစစ်ခြင်းစသည့် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ရန် ဆေးရုံတက်ရန် လိုအပ်ပြီး အက်စပရင် (Aspirin) ကဲ့သို့သော ဆေးများနှင့် အခြားသွေးကျဲဆေးများ (Anticoagulants) သောက်သုံးနေရပါက PEG tube မထည့်မီ အနည်းဆုံး ၅ ရက်ကြိုတင်၍ ရပ်နားထားရန် လိုအပ်သည်
- သက်ဆိုင်ရာ အထူးကုဆရာဝန်များမှ PEG tube ထည့်သည့် လုပ်ငန်းစဥ် အသေးစိတ်၊ ဖြစ်ပေါ်နိုင်သော အန္တရာယ်များနှင့် နောက်ဆက်တွဲပြဿနာများကို ရှင်းပြဆွေးနွေးပေးမည်ဖြစ်သည်၊ လူနာမှ နားလည်သဘောပေါက်လက်ခံပါက ပိုက်ထည့်ရန် သဘောတူညီချက်ကို လက်မှတ်ရေးထိုးရမည်ဖြစ်သည်
အစာအိမ်အတွင်း အစာပိုက် (PEG tube) ထည့်နည်းအဆင့်ဆင့်
PEG tube မထည့်မီ
- အစာနှင့်ရေ ကြိုတင်ဖြတ်ထားခြင်း – အစာပိုက်မထည့်မီ အနည်းဆုံး (၈) နာရီခန့် ကြိုတင်၍ အစာနှင့်ရေ ဖြတ်ထားရန် လိုအပ်သည်
- ပဋိဇီဝပိုးသတ်ဆေးများ ပေးထားခြင်း – ပိုးဝင်မည့်အန္တရာယ်ကို လျှော့ချနိုင်ရန် PGE tube မထည့်မီနှင့် ထည့်ပြီးနောက်တွင် ပဋိဇီဝပိုးသတ်ဆေးများ ပေးထားမည်ဖြစ်သည်
PEG tube ထည့်နည်းအဆင့်ဆင့်
- မှန်ပြောင်းကြည့်စမ်းသပ်ခန်းအတွင်းရှိ ခုတင်တွင် လူနာကို ဦးစွာ လှဲလျောင်းစေမည်ဖြစ်သည်
- ထို့နောက် လူနာအား အောက်ဆီဂျင်ပေးထားမည်ဖြစ်ပြီး သွေးပေါင်ချိန်၊ သွေးခုန်နှုန်းနှင့် သွေးတွင်းအောက်ဆီဂျင်ပမာဏများကို တိုင်းတာစစ်ဆေးနေမည်ဖြစ်သည်
- ထို့နောက် ပိုက်မထည့်မီ လူနာ၏ သွားများကို ကာကွယ်ရန် သွားများကြားတွင် ပလတ်စတစ် အကာတစ်ခုကို ညင်သာစွာ ထည့်ပေးမည်၊ အံကပ်များရှိပါကလည်း ချွတ်ထားရန်လိုသည်
- ပိုက်ထည့်ရန် လူနာ စိတ်ငြိမ်စေရန်နှင့် သက်သောင့်သက်သာဖြစ်စေရန် လည်ချောင်းဖြန်းရသော ထုံဆေးနှင့် သွေးကြောမှ သွင်းရသော စိတ်ငြိမ်ဆေး (အိပ်ဆေး) တို့ကို ပေးမည်ဖြစ်သည်
- အစာအိမ်အတွင်းပိုင်းကို ရှင်းလင်းစွာ မြင်နိုင်ရန်အတွက် လူနာ၏ ပါးစပ် သို့မဟုတ် နှာခေါင်းမှတစ်ဆင့် လည်ချောင်းထဲသို့ ဖြတ်ပြီး အစာအိမ်မှန်ပြောင်း (Endoscopy) ကို အစာအိမ်ထဲအထိရောက်အောင် ထည့်မည်ဖြစ်သည်
- အစာအိမ်ထဲသို့ ရောက်ရှိသော မှန်ပြောင်းမှ အလင်းရောင်သည် လူနာ၏ ဝမ်းဗိုက်ပြင်ပသို့ ထင်ဟပ်လာပြီး ထိုအလင်းပြရာနေရာ (ဝမ်းဗိုက်အရေပြား) ကို ထုံဆေးထိုးပေးမည်ဖြစ်သည်
- ထို့နောက် ဝမ်းဗိုက်ပြင်ပအရေပြားနှင့် အစာအိမ်နံရံကို ဖြတ်၍ အပေါက်ငယ် (Stoma) တစ်ခု ဖန်တီးပြုလုပ်မည်၊ ထိုအပေါက်ငယ်မှတစ်ဆင့် PEG tube ကို အစာအိမ်အတွင်းသို့ ထည့်သွင်းကာ ထိပ်မှ ဘောလုံးကို လေထိုး၍ ဖောင်းစေပြီး အတွင်း၌ မြဲမြံစေရန် ပြုလုပ်မည်၊ ပိုက်၏ တစ်စိတ်တစ်ပိုင်းကို ဝမ်းဗိုက်အပေါက်ငယ်မှ ညင်သာစွာ ပြန်လည်ဆွဲထုတ်ပြီး ဝမ်းဗိုက်အရေပြားပေါ်တွင် ပိုက်ထိန်းကွင်း (Bumper) ဖြင့် ချိတ်ဆက်ကာ မြဲမြံအောင် ထိန်းထားပေးမည်ဖြစ်သည်
- ပုံမှန်အားဖြင့် PEG tube ပိုက်ထည့်ခြင်းလုပ်ငန်းစဥ် တစ်ခုလုံးသည် မိနစ် (၂၀) မှ နာရီဝက်ခန့်သာ ကြာမြင့်လေ့ရှိသည်
PEG tube ထည့်ပြီးနောက်
- ပိုက်ထည့်ပြီးနောက် မေ့ဆေး၊ ထုံဆေးပြယ်သည်အထိ စောင့်ကြည့်ခန်းတွင် နာရီအနည်းငယ်မျှ ခေတ္တစောင့်ကြည့်ရန်လိုသည်၊ မေ့ဆေး၊ ထုံဆေးများ၏ အာနိသင်သည် (၁၂) နာရီခန့် ကြာသည်အထိ ကျန်ရှိတတ်သောကြောင့် ထိုအချိန်တွင် အနီး၌ အဖော်တစ်ဦး စောင့်ရှောက်ပေးနေရန် အရေးကြီးသည်
- PEG tube ထည့်ပြီးနောက် ပုံမှန်အားဖြင့် ဆေးရုံတွင် ၃ ရက်ခန့် ဆက်လက်နေ၍ စောင့်ကြည့်ရန် လိုအပ်နိုင်သည်
PEG tube အတွက် အသုံးပြုနိုင်သော အာဟာရဖော်မြူလာ အမျိုးအစားများ
PEG tube မှ အစာအာဟာရထည့်ပုံထည့်နည်းနှင့် ဆောင်ရန် ရှောင်ရန်များကို သက်ဆိုင်ရာ ဆရာဝန်နှင့် ကျန်းမာရေးစောင့်ရှောက်သူများထံမှ သင်ယူရမည်ဖြစ်သည်။
PEG tube အစာပိုက်လုံးသည် ပုံမှန်အားဖြင့် ခဲတံလုံးပတ် အရွယ်အစားခန့်သာ ရှိသဖြင့် ပိုက်မပိတ်စေရန် အလွန်အရေးကြီးသည်။ ပုံမှန်စားနေကျ အစားအစာများကို ကြိတ်စက် (Blender) ဖြင့် ကြိတ်၍ PEG tube ထဲသို့ လုံးဝ မထည့်ရပါ။ ဆရာဝန် သို့မဟုတ် အာဟာရပညာရှင်များမှ လူနာ၏ ကိုယ်အလေးချိန်နှင့် ကျန်းမာရေးအခြေအနေကို တွက်ချက်ပြီး PEG tube မှ ထည့်ရမည့် အသင့်တော်ဆုံး ပုံစံနှင့်ပမာဏကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။ PEG tube မှတစ်ဆင့် ပေးရမည့် အစားအစာများသည် ခန္ဓာကိုယ်အတွက် လိုအပ်သော ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ အဆီ၊ ဗီတာမင်နှင့် သတ္တုဓာတ်များ အားလုံး မျှတစွာ ပါဝင်သည့် “အရည်” အမျိုးအစားများသာ ဖြစ်ရမည်။ အာဟာရအရည်အပြင် ရေနှင့် ဆေးဝါးအရည်များကိုလည်း PEG tube မှတစ်ဆင့် ထည့်နိုင်သည်။
PEG tube မှတစ်ဆင့် အာဟာရကျွေးနိုင်သော နည်းလမ်းများ
PEG tube မှ အာဟာရထည့်ပေးသော နည်းလမ်းများသည် နှာခေါင်းပိုက်၊ ပါးစပ်ပိုက်မှတစ်ဆင့်ထည့်သည့် နည်းလမ်းများနှင့်ဆင်တူသည်။
- Bolus Feedings (ပုံမှန် အစားစားသည့် အချိန်အတိုင်း အစာထည့်ခြင်း)
- Intermittent Gravity Drip (အစက်ချနည်းဖြင့် ခေတ္တအစာသွင်းခြင်း)
- Continuous Feedings (ဆက်တိုက် အစာထည့်သွင်းထားခြင်း) စသည့် နည်းလမ်းများ အသုံးပြုသည်။
နောက်ဆက်တွဲပြဿနာများ
PEG tube ထည့်ခြင်းကြောင့် နောက်ဆက်တွဲပြဿနာ အနည်းငယ် ရှိနိုင်သောကြောင့် ထည့်ပြီးချိန်တွင် အနီးကပ်စောင့်ကြည့်ရန် လိုအပ်သည်။
PEG tube ထည့်ပြီးနောက် ချက်ချင်းဖြစ်ပေါ်နိုင်သော လက္ခဏာများ
- လည်ချောင်းနာခြင်း – (၄၈) နာရီအတွင်း သက်သာသွားလေ့ရှိသည်
- လေထိုးရခြင်းကြောင့် ဗိုက်ပွခြင်း၊ မအီမသာဖြစ်ခြင်း – နာရီအနည်းငယ်ခန့်အကြာတွင် ပြန်လည်သက်သာသွားနိုင်သည်
- PEG tube ပိုက်ထည့်ထားသည့် ဝမ်းဗိုက်နေရာဝန်းကျင်တွင် နာကျင်ခြင်း – တစ်ပတ်မှ ဆယ်ရက်ခန့်အကြာတွင် ပြန်လည်သက်သာသွားနိုင်သည်။
PEG tube ပိုက်ထည့်စဥ် ဖြစ်နိုင်သော ပြဿနာများ
- အစာအိမ်အူလမ်းကြောင်းအတွင်း သွေးယိုခြင်း (GI Bleeding) (လူနာ ၁,၀၀၀ တွင် ၁ ဦးခန့်)
- PEG tube ထည့်သည့်နေရာမှ သွေးထွက်ခြင်း – တစ်ခါတစ်ရံ ပြင်းထန်ပြီး အသက်အန္တရာယ်ရှိနိုင်သည်
- အစာအိမ် ပေါက်ထွက်ခြင်း (Perforation) – အစာအိမ်နှင့် အူသိမ်ဦးပိုင်း နံရံများတွင် ဖြစ်တတ်သည်
- အစာပိုက်ကို နေရာချထားရန် ခက်ခဲခြင်း (Difficulty positioning) – အခြားနည်းလမ်းများဖြင့် ပိုက်ထည့်ရနိုင်သည်
- ပိုက်ထဲရှိ အာဟာရရည်များ လမ်းကြောင်းမှားကာ အဆုတ်ထဲသို့ ဝင်ရောက်သွားခြင်း (Aspiration) – ထို့ကြောင့် ပိုက်မထည့်မီ (၈) နာရီအလိုတွင် အစာဖြတ်ထားရန်၊ ပိုက်ထည့်ပြီးနောက် လူကြီးများတွင် (၄) နာရီ၊ ကလေးများတွင် (၆) နာရီ ကြာသည်အထိ ပိုက်ထဲသို့ အစာလုံးဝ မထည့်ရန် အရေးကြီးသည်
- မေ့ဆေး၊ ထုံဆေးများ၏ ဘေးထွက်ဆိုးကျိုးများ (Sedation side effects) ခံစားရခြင်း
PEG tube ပိုက်နှင့် အစာထည့်ပြီးနောက်ပိုင်း ဖြစ်ပေါ်နိုင်သော ပြဿနာများ
- အစာခြေလမ်းကြောင်းဆိုင်ရာ ပြဿနာများ – အစပိုင်းတွင် ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်ကယ်၍ မအီမသာဖြစ်ခြင်း၊ ဝမ်းချုပ်ခြင်း
- ဇီဝကမ္မဖြစ်စဉ်ဆိုင်ရာ ပြဿနာများ – ဓာတ်ဆားဓာတ်များနှင့် သတ္တုဓာတ်များ မမျှမတဖြစ်ခြင်း၊ ရေဓာတ်မမျှတခြင်းနှင့် သွေးတွင်းသကြားဓာတ်ကို မထိန်းချုပ်နိုင်ခြင်း
- မတော်တဆ ပိုက်ကျွတ်ထွက်လာခြင်း (Dislodgment)
- PEG tube ပိုက်များအတွက် အစာအိမ်နှင့် ပြင်ပအရေပြားအကြား လမ်းကြောင်းတစ်ခု အသားကျလာရန် အချိန်ယူရပြီး ပုံမှန်အားဖြင့် ၆ပတ် မှ ၈ပတ်ခန့် ကြာမြင့်တတ်သည်
- အဆိုပါကာလ (၆ပတ် မှ ၈ပတ်) မပြည့်မီ ပိုက်ကျွတ်ထွက်လာခြင်း သို့မဟုတ် အပြင်သို့ ဆွဲထုတ်မိခြင်းမျိုး ဖြစ်ခဲ့ပါက ထိုအရေပြားနေရာသည် နာရီပိုင်းအတွင်း ပြန်ပိတ်သွားနိုင်သည်
- ဤအခြေအနေသည် ဆေးဘက်ဆိုင်ရာ အရေးပေါ်အခြေအနေ ဖြစ်သောကြောင့် အရေးပေါ်သို့ ချက်ချင်းသွား၍ ပိုက်ကို ပြန်လည် တပ်ဆင်ရမည်ဖြစ်သည်
- ပိုက်နေရာအရေပြားတွင် ပိုးဝင်ခြင်း (Infection)
- ပိုက်ထည့်ထားသော နေရာတစ်ဝိုက် နီရဲလာခြင်း၊ ရောင်ရမ်းခြင်း၊ ပြည်ထွက်ခြင်း သို့မဟုတ် အလွန်အမင်း နာကျင်ခြင်း
- ပိုက်ပိတ်ဆို့ခြင်း (Obstruction)
- ဝမ်းဗိုက်ရှိ အပေါက်ငယ် (Stoma) ပတ်ပတ်လည်တွင် အရေပြား ထူထဲနာကျင်လာ အသားပိုထွက်ခြင်း (Over-granulation)
- ပိုက်ပတ်လည်မှ အရည်ယိုစိမ့်ခြင်း (Leakage)
- ပိုက်နေရာလွဲခြင်း (Displacement) – ထည့်လိုက်သော အာဟာရရည်များနှင့် ဆေးဝါးများသည် ဝမ်းဗိုက်ခေါင်းအတွင်းထဲသို့ ယိုစိမ့်သွားကာ ပြင်းထန်ပြီး အသက်အန္တရာယ်ရှိနိုင်သည့် ဝမ်းဗိုက်ခေါင်းပိုးဝင်ခြင်း (Peritonitis) ကို ဖြစ်စေနိုင်သည်
PEG tube ပိုက်အတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များ
အရေပြားကျန်းမာရေး စောင့်ရှောက်မှု (Skin care)
PEG tube ပိုက်ထည့်ပြီး ၂၄ နာရီပြည့်ပါက အုပ်ထားသော ပတ်တီး သို့မဟုတ် ဂွမ်းစကို ဖယ်ရှား၍ ရေချိုးနိုင်သည်။ အစပိုင်းတွင် ပိုက်ထည့်ထားသည့်နေရာတစ်ဝိုက်၌ အနည်းငယ်နီရဲခြင်းနှင့် အဝါရောင်အရည်ကြည်များ ထွက်ခြင်းတို့ကို တွေ့ရနိုင်သည်။ ပိုးဝင်ခြင်းကို ကာကွယ်ရန်နှင့် အနာကျက် မြန်စေရန် PEG tube ပိုက်ပတ်လည်ရှိ အရေပြားကို အမြဲတမ်း သန့်ရှင်းခြောက်သွေ့အောင် ထားရှိရန် အလွန်အရေးကြီးသည်။
PEG tube ပိုက်ကို နေ့စဉ်သန့်ရှင်းရေးလုပ်နည်း
ဆပ်ပြာနှင့်ရေသုံးပြီး စက္ကန့် ၂၀ ကြာအောင် စနစ်တကျ လက်ဆေးပါ။ ပိုက်ပတ်လည်ရှိ အရေပြားတွင် ခြောက်ကပ်နေသော အနာဖေး သို့မဟုတ် အရည်ဖတ်များ ရှိနေပါက ရေစွတ်ထားသော နားကြပ်ဂွမ်းတံသုံးပြီး ဖယ်ရှားပေးပါ။ ပိုက်ဘေးပတ်လည်ရှိ အရေပြားနှင့် အပြင်ဘက်ရှိ ပိုက်ထိန်းကွင်း (Bumper) ကို သန့်ရှင်းသော ပတ်တီးဂွမ်းစ၊ ရေနွေးနွေးနှင့် ဆပ်ပြာရည်ကို သုံး၍ ညင်သာစွာ သုတ်ပေးပါ။ ပြီးနောက် သန့်ရှင်းသော အဝတ်ဖြင့် ခြောက်သွေ့အောင် သုတ်ပေးပါ။ အရေပြား ပြဿနာများ ဖြစ်ပွားစေနိုင်သဖြင့် မလိုအပ်ဘဲ အနာနေရာတွင် ခရင်မ် (Creams) သို့မဟုတ် ဆီမွှေး (Ointments) များ မလိမ်းပါနှင့်။ PEG tube ပိုက်ထည့်ထားသည့်နေရာ သို့မဟုတ် ပိုက်ကို သန့်ရှင်းရေးလုပ်ရန် အရက်ပြန် (Alcohol) ကို မသုံးရပါ။
PEG tube ပိုက်အတွင်း သန့်ရှင်းရေးလုပ်နည်း
- ပိုက်အတွင်း ရေထည့်၍ ဆေးခြင်း (Flushing)
- အစာကျွေးခြင်း သို့မဟုတ် ဆေးတိုက်ခြင်း မပြုလုပ်မီနှင့် ပြုလုပ်ပြီးချိန်တိုင်းတွင် ရေနွေးနွေးလေးထည့်၍ ပိုက်ကို ဆေးပေးရမည်
- အစာမကျွေးသည့် နေ့များတွင်လည်း ပိုက်မပိတ်အောင် အနည်းဆုံး တစ်နေ့တစ်ကြိမ် ရေဆေးပေးရန်လိုသည်
- လေအောင့်စေသော အအေး သို့မဟုတ် အချိုရည်များကို အစာပိုက်ထဲသို့ လုံးဝမထည့်ရပါ
- အစာကျွေးနေစဉ်နှင့် ကျွေးပြီး (၁ – ၂) နာရီခန့်အထိ လူနာကို ၄၅ ဒီဂရီခန့် စောင်း၍ ထိုင်ခိုင်းထားပါ
PEG tube ပိုက်ကို နေ့စဥ်လှည့်ပေးခြင်း
တစ်နေ့လျှင် တစ်ကြိမ် PEG ပိုက်ကို မြဲစေရန် ထိန်းထားသော ပိုက်ထိန်းကွင်း (Bumper) ကို ၉၀ ဒီဂရီ (တစ်ပတ်လည်၏ လေးပုံတစ်ပုံ) လှည့်ပေးပါ။ ဆရာဝန်၏ ညွှန်ကြားချက်မရှိဘဲ ပိုက်ထိန်းကွင်း (Bumper) အောက်ခြေတွင် မည်သည့်အရာမျှ ထိုးမထည့်ပါနှင့်။
PEG tube ပိုက် ပုံမှန်လဲလှယ်ခြင်း
အစာပိုက်များကို ခိုင်ခံ့မှုရှိစေရန်နှင့် ကောင်းမွန်စွာ အလုပ်လုပ်နိုင်စေရန် အတွက် ပုံမှန်လဲလှယ်ပေးရန် အရေးကြီးသည်။ PEG tube များသည် အနည်းဆုံး (၆)လ မှ နှစ်အနည်းငယ်အထိ ထားရှိ၍ အသုံးပြုနိုင်သည်။ သို့သော် နောက်ဆက်တွဲပြဿနာများ ရှိလာပါက ပိုက်လဲလှယ်ရန် လိုအပ်နိုင်သည်။
တစ်ကိုယ်ရေသန့်ရှင်းရေး
အပျော့စား ဆပ်ပြာကို အသုံးပြု၍ နေ့စဉ် ရေချိုးနိုင်သည်။ ရေချိုးခန်းတွင် ရေစိမ်ခြင်း၊ ရေကူးခြင်းများ ပြုလုပ်လိုပါက မည်သည့်အချိန်တွင် ပြုလုပ်နိုင်သည်ကို ဆရာဝန်နှင့် တိုင်ပင်ပါ။ PEG tube ပိုက်ပတ်လည်ရှိ အရေပြားကိုလည်း နေ့စဉ်စစ်ဆေးပါ။
ဆရာဝန်နှင့် ချက်ချင်းပြသသင့်သည့် အခြေအနေများ
- PEG ပိုက်တစ်ခုလုံး ကျွတ်ထွက်သွားခြင်း
- PEG ပိုက် တစ်ဝက်တစ်ပျက် ကျွတ်ထွက်လာခြင်း
- ပိုက်ပိတ်သွားပြီး ပိတ်ဆို့မှုကို မဖယ်ရှားနိုင်ခြင်း
- ပိုက်မှတစ်ဆင့် အစာကျွေးခြင်း သို့မဟုတ် ရေဆေးချိန်တွင် ပြင်းထန်စွာ နာကျင်ခြင်း
- PEG ပိုက်ထည့်သွင်းပြီး ၂၄ နာရီအတွင်း အနာဖုံးပတ်တီးတွင် သွေး၊ ပြည် သို့မဟုတ် အရည်များ ရွှဲနစ်အောင် စိမ့်ထွက်လာခြင်းစသည်တို့သည် အရေးပေါ်အခြေအနေများဖြစ်သည်။
အရေးပေါ်အခြေအနေမဟုတ်သော်လည်း အောက်ပါအခြေအနေများတွင် သက်ဆိုင်ရာဆရာဝန်၊ သူနာပြု သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ထံ အမြန်ဆုံး ဆက်သွယ်တိုင်ပင်သင့်သည်။
PEG ပိုက်နှင့်သက်ဆိုင်သော ပြဿနာများ
- ပိုက်တစ်ဝိုက်မှ အရည်ယိုစိမ့်ခြင်း
- ပိုက်ထိန်းကွင်း (Bumper) အလွန်ချောင်နေခြင်း သို့မဟုတ် အလွန်ကျပ်နေခြင်း
- ပိုက်ထိန်းကွင်းကြောင့် အရေပြားပေါ်တွင် အရာထင်ကျန်ရစ်ခြင်း
- ပိုက်မှတစ်ဆင့် အစာကျွေးနေစဉ် အလွန်အမင်း ချောင်းဆိုးခြင်း
- သတ်မှတ်ထားသော အစာပမာဏအတိုင်း မကျွေးနိုင်ခြင်း
အစာခြေစနစ်ဆိုင်ရာ ပြဿနာများ
- ဝမ်းလျှောခြင်း (၂၄ နာရီအတွင်း ၃ ကြိမ် သို့မဟုတ် ထို့ထက်ပို၍ ဝမ်းသွားခြင်း)
- ဝမ်းချုပ်ခြင်း (၂ ရက်ဆက်တိုက် ဝမ်းမသွားခြင်း)
- ပျို့အန်ခြင်း (၂ နာရီထက်ပို၍ ဆက်လက်ဖြစ်နေခြင်း)
- ဗိုက်ပြင်းထန်စွာ နာကျင်ခြင်း
- ဝမ်းထဲတွင် သွေးပါခြင်း
- လေပွခြင်း/ဗိုက်ကယ်ခြင်း (၂၄ နာရီထက်ပို၍ ဆက်လက်ဖြစ်နေပြီး အစာကျွေးရန် ခက်ခဲခြင်း)
- အစာကျွေးပြီးနောက် ဗိုက်နာခြင်း၊ ရင်ပြည့်ခြင်း
- ပိုက်တစ်ဝိုက် အရည်ယိုစိမ့်ခြင်း
ပိုးဝင်ခြင်းနှင့် အခြားကျန်းမာရေးလက္ခဏာများ
- ဖျားနာခြင်း (ကိုယ်အပူချိန် ≥ 38°C / 100.4°F)၊ နာကျင်ခြင်း
- ပိုက်ထည့်ထားသည့်နေရာတစ်ဝိုက် နီမြန်းခြင်း၊ ရောင်ရမ်းခြင်း
- အနံ့ဆိုးသော အရည်များ ယိုစိမ့်ခြင်း
- အကိုက်အခဲပျောက်ဆေး သောက်သော်လည်း နာကျင်မှု မသက်သာခြင်း
- ရေဓာတ်ခမ်းခြောက်ခြင်း၏ ကနဦးလက္ခဏာများ
- ဆီးအရောင်ရင့်ခြင်း
- ၈ နာရီထိ ဆီးမသွားခြင်း
- မူးဝေခြင်း
ဆက်လက်ဖတ်ရှုရန်
References:
- Cleveland Clinic. (n.d.). Percutaneous endoscopic gastrostomy (PEG). Retrieved May 29, 2026, from https://my.clevelandclinic.org/health/treatments/4911-percutaneous-endoscopic-gastrostomy-peg
- North Tees and Hartlepool NHS Foundation Trust. (n.d.). Percutaneous endoscopic gastrostomy (PEG). Retrieved May 29, 2026, from https://www.nth.nhs.uk/resources/percutaneous-endoscopic-gastrostomy-peg/
- North Bristol NHS Trust. (n.d.). PEG, PIGG and RIG feeding tubes. Retrieved May 29, 2026, from https://www.nbt.nhs.uk/our-services/a-z-services/nutrition-dietetics/nutrition-dietetics-patient-information/peg-pigg-rig
- The Royal Children’s Hospital Melbourne. (n.d.). Gastrostomy. Retrieved May 29, 2026, from https://www.rch.org.au/rchcpg/hospital_clinical_guideline_index/Gastrostomy/
- University Hospitals. (n.d.). PEG tube patient education. Retrieved May 29, 2026, from https://www.uhhospitals.org/-/media/files/services/cancer/patient-education/peg-tube.pdf
- Academy of Nutrition and Dietetics. (n.d.). What is enteral nutrition? Retrieved May 29, 2026, from https://nutritioncare.org/about/what-we-do/nutrition-support/what-is-enteral-nutrition/
- Cleveland Clinic. (n.d.). Tube feeding (enteral nutrition). Retrieved May 29, 2026, from https://my.clevelandclinic.org/health/treatments/21098-tube-feeding–enteral-nutrition
- National Center for Biotechnology Information. (2022). Enteral nutrition: Indications, complications, and management. Retrieved May 29, 2026, from https://pmc.ncbi.nlm.nih.gov/articles/PMC9183034/
- Patients on Intravenous and Nasogastric Nutrition Therapy. (n.d.). Enteral nutrition. Retrieved May 29, 2026, from https://pinnt.com/Enteral-Nutrition.aspx
Published: 22 June 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.