အစာပိုက်မှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ အစာအာဟာရပေးခြင်း (Enteral Nutrition – EN) ဆိုသည်မှာ အစာအိမ် သို့မဟုတ် အူသိမ်အတွင်းသို့ ထည့်သွင်းထားသော အာဟာရပို့ဆောင်ပေးသည့် ပိုက်ငယ် (Feeding tube) များမှတစ်ဆင့် အစာခြေလမ်းကြောင်းထဲသို့ အာဟာရများကို တိုက်ရိုက်ပေးပို့သည့် နည်းလမ်းတစ်ခုဖြစ်သည်။ ယေဘုယျအားဖြင့် လူနာတစ်ဦးတွင် အစာအိမ်နှင့် အူလမ်းကြောင်း လုပ်ဆောင်ချက်များ ပုံမှန်ရှိနေသော်လည်း အစားအစာကို ဘေးကင်းစွာ ဝါးစားရန် သို့မဟုတ် မျိုချရန် အခက်အခဲရှိနေပါက ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်သော အစာအာဟာရနှင့် အရည်များကို အစာပိုက်မှတစ်ဆင့် ဖြည့်တင်းပေးခြင်းဖြစ်သည်။
အစာအာဟာရပေးနိုင်သော အစာပိုက် (Feeding Tube) အမျိုးအစားများ
အစာပိုက်များသည် အာဟာရရည်များကို ပါးစပ်မှ သို့မဟုတ် နှာခေါင်းမှတစ်ဆင့်ဖြစ်စေ၊ ဝမ်းဗိုက် အရေပြားအပေါက်မှ တစ်ဆင့်ဖြစ်စေ၊ အစာအိမ် သို့မဟုတ် အူသိမ်အတွင်းသို့ အစာပေးပို့နိုင်ရန် ဒီဇိုင်းထုတ်ထားသည့် ပျော့ပျောင်းပြီး ကွေးညွတ်လွယ်သော ပလတ်စတစ်ပိုက်ငယ်များဖြစ်သည်။ ၎င်းပိုက်များမှတစ်ဆင့် အာဟာရရည်များသာမက လိုအပ်သော ဆေးဝါးများကိုလည်း ထည့်သွင်းပေးနိုင်သည်။ အစာပိုက်များကို ထည့်သွင်းမည့် နေရာနှင့် ကြာမြင့်ချိန်အပေါ် မူတည်၍ အမျိုးအစားခွဲခြားနိုင်ပြီး၊ ယခုဆောင်းပါးတွင် ရေတိုအသုံးပြုသော အစာပိုက်အမျိုးအစားများကို အဓိကထား ဖော်ပြပေးသွားမည်ဖြစ်သည်။
ရေတိုအသုံးပြုသော အစာပိုက်များ (၄ ပတ် မှ ၆ ပတ်အောက်)
ဤပိုက်အမျိုးအစားများကို ခန္ဓာကိုယ်ပြင်ပမှ ခွဲစိတ်ဖောက်ထွင်းရန် မလိုဘဲ နှာခေါင်း သို့မဟုတ် ပါးစပ်မှတစ်ဆင့် အလွယ်တကူ ထည့်သွင်းနိုင်သည်။
- နှာခေါင်းမှတစ်ဆင့် ထည့်သောပိုက်များ – နှာခေါင်းမှတစ်ဆင့် အစာအိမ်အတွင်းသို့ ထည့်ခြင်း (Nasogastric tube – NG tube) သို့မဟုတ် အူသိမ်အတွင်းသို့ ထည့်ခြင်း (Nasoduodenal or Nasojejunal tubes)
- ပါးစပ်မှတစ်ဆင့် ထည့်သောပိုက်များ – ပါးစပ်မှတစ်ဆင့် အစာအိမ်အတွင်းသို့ ထည့်ခြင်း (Orogastric tube) သို့မဟုတ် အူသိမ်အတွင်းသို့ ထည့်ခြင်း (Oroduodenal or Orojejunal tubes)
အကယ်၍ လူနာသည် ၄ ပတ်မှ ၆ ပတ်ထက်ကျော်လွန်၍ ရေရှည်အစာပိုက်အသုံးပြုရန် လိုအပ်ပါက ဝမ်းဗိုက်အရေပြားမှတစ်ဆင့် အစာအိမ် သို့မဟုတ် အူသိမ်အတွင်းသို့ တိုက်ရိုက်ထည့်သွင်းရသော ပိုက်အမျိုးအစားများ (ဥပမာ – Gastrostomy tube, Jejunostomy tube) ကို ပြောင်းလဲအသုံးပြုရလေ့ရှိသည်။
လူနာ၏ လက်ရှိကျန်းမာရေး အခြေအနေအပေါ် မူတည်၍ အသင့်တော်ဆုံးဖြစ်မည့် အစာပိုက်အမျိုးအစားကို သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့် အာဟာရဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက စနစ်တကျ တိုင်ပင်ဆွေးနွေး ဆုံးဖြတ်ပေးမည်ဖြစ်သည်။
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
နှာခေါင်းပိုက် သို့မဟုတ် ပါးစပ်ပိုက်မှတစ်ဆင့် အစာအာဟာရပေးခြင်းကို မွေးကင်းစကလေးငယ်များ၊ နို့စို့အရွယ် လသားကလေးများ၊ ကလေးငယ်များ၊ လူပျို၊ အပျိုဖော်ဝင်စအရွယ်များနှင့် လူကြီးများအပါအဝင် အသက်အရွယ်မရွေးတွင် အသုံးပြုနိုင်သည်။ ဆေးရုံ၊ ဆေးခန်းတက်ရောက်နေစဥ်အတွင်း အစာပိုက်မှတစ်ဆင့် အာဟာရကျွေးခြင်းကို ယာယီအနေဖြင့် ထည့်သွင်းကြသကဲ့သို့ အချို့ နာတာရှည်လူနာများတွင် အိမ်၌ နေ့စဥ် အစာပိုက်မှ အာဟာရထည့်ပေးရခြင်း စသည့်အခြေအနေမျိုးလည်း လိုအပ်နိုင်သည်။
အဓိကအားဖြင့် အာဟာရဓာတ်များကို လုံလောက်စွာ မရရှိနိုင်သည့် အောက်ပါအခြေအနေများတွင် အစာပိုက်မှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ အစာအာဟာရပေးခြင်း ပြုလုပ်ရန် လိုအပ်နိုင်သည်။
- အစာမျိုချရ ခက်ခဲသည့်အခြေအနေများ (Dysphagia)
- အစာရေမျိုပြွန်ဆိုင်ရာရောဂါများ [ဥပမာ – အစာရေမျိုပြွန်ကျဥ်းခြင်း (Oesophageal atresia)]
- ဦးခေါင်းကင်ဆာနှင့် လည်ပင်း ကင်ဆာများ သို့မဟုတ် ထိခိုက်ဒဏ်ရာများ
- အာဟာရစုပ်ယူမှုကို ထိခိုက်စေနိုင်သော နာတာရှည် အူရောင်ရမ်းနာရောဂါများ (ဥပမာ – Crohn’s disease) နှင့် ဂလူတန်ပရိုတင်းနှင့် ဓာတ်မတည့်သော Celiac ရောဂါ
- အာဟာရချို့တဲ့မှု အလွန်ပြင်းထန်သူများ (Severe malnutrition)
- ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ရောဂါများ (ဥပမာ – လေဖြတ်ရောဂါ၊ ပါကင်ဆန်ရောဂါနှင့် ALS ရောဂါ)
- သတိလစ်နေသော လူနာများ (Coma)
- အသည်းလုပ်ငန်း ထိခိုက်ခြင်း သို့မဟုတ် အခြားအခြေအနေများကြောင့် ဦးနှောက်ထိခိုက်ပျက်စီးခြင်း (Hepatic or metabolic encephalopathy)
- ခွဲစိတ်မှုခံယူထားသောကြောင့် လတ်တလော အစာမျိုချရာတွင် အခက်အခဲရှိသော လူနာများ (Recent surgery)
- ပြင်းထန်သော စားသောက်ခြင်းအလေ့အထဆိုင်ရာ စိတ်ရောဂါများ (Eating Disorders)
- သက်ကြီးရွယ်အို နာတာရှည်စောင့်ရှောက်မှု (Hospice care) ခံယူနေရသူများ စသည့်အခြေအနေများတွင် Enteral Nutrition လိုအပ်နိုင်သည်။
ကလေးသူငယ်များနှင့် မွေးကင်းစကလေးများအတွက် သီးသန့်လိုအပ်သော အခြေအနေများ
- လမစေ့ဘဲ မွေးဖွားခြင်း သို့မဟုတ် မွေးဖွားစဉ် ကိုယ်အလေးချိန် အလွန်နည်းခြင်း (Prematurity or Very low birth weight) – နို့စို့ရန် အားနည်းခြင်း သို့မဟုတ် မျိုချသည့်စနစ် ကောင်းမွန်စွာ မဖွံ့ဖြိုးသေးခြင်းတို့ကြောင့်ဖြစ်သည်
- ကလေးငယ်များ ကြီးထွားမှုနှေးကွေးခြင်း သို့မဟုတ် ကိုယ်အလေးချိန် လုံလောက်စွာ တက်မလာခြင်း (Failure to thrive – FTT) – ပါးစပ်မှတစ်ဆင့် လုံလောက်သော ကယ်လိုရီနှင့် အာဟာရကို မရရှိနိုင်သည့် အခြေအနေမျိုးဖြစ်သည်
- မွေးရာပါ နှလုံးရောဂါ (Congenital heart disease) – အသက်ရှူမြန်ပြီး မောပန်းလွယ်ခြင်းကြောင့် သာမန်ထက် ကယ်လိုရီ ပိုမိုလိုအပ်သော်လည်း အစားအစာ သို့မဟုတ် နို့ကို ဝအောင် မစားနိုင်သည့် အခြေအနေ ဖြစ်သည်
- CP ရောဂါ (Cerebral Palsy) နှင့် အခြားနာတာရှည်ကြွက်သားရောဂါများ – အာရုံကြောနှင့် ကြွက်သားဆိုင်ရာ မူမမှန်မှုများကြောင့် အစာဝါးရန်နှင့် မျိုချရန် ခက်ခဲခြင်း (Dysphagia) ရှိနေခြင်း
- မွေးရာပါ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ချို့ယွင်းမှုများ (Congenital GI anomalies) – ဥပမာ – အစာရေမျိုပြွန်နှင့်လေပြွန် ဆက်နေခြင်း (Tracheoesophageal fistula) သို့မဟုတ် မွေးရာပါ ဝမ်းဗိုက်နံရံမပိတ်ခြင်း (Gastroschisis) ကဲ့သို့သော ခွဲစိတ်မှုအပြီး အခြေအနေများ
နှာခေါင်းပိုက်၊ ပါးစပ်ပိုက်ဖြင့် အာဟာရမပေးသင့်သည့် အခြေအနေများ (Contraindications)
အစာပိုက်ဖြင့် အာဟာရကျွေးခြင်းကို အသုံးမပြုသင့်သော အဓိကအခြေအနေမှာ လူနာ၏ အစာအိမ်နှင့် အူလမ်းကြောင်း (GI tract) စနစ်တကျ အလုပ်မလုပ်နိုင်သည့် အခြေအနေဖြစ်သည်။ အောက်ပါအချက်များ ရှိနေပါက နှာခေါင်းအစာပိုက်ဖြင့် ကျွေးမည့်အစား သွေးကြောဆေးသွင်းပိုက်မှတစ်ဆင့် အာဟာရပေးခြင်း (Parenteral Nutrition – PN) နည်းလမ်းကိုသာ ပြောင်းလဲအသုံးပြုရမည်။
- အူလမ်းကြောင်း ပိတ်ဆို့နေခြင်း (Bowel obstructions)
- အူ၏ လှုပ်ရှားမှု ရပ်တန့်နေခြင်း သို့မဟုတ် အချိန်ကြာမြင့်စွာ အူအလုပ်မလုပ်ခြင်း (Paralytic or prolonged ileus)
- အစာအိမ်နှင့် အူလမ်းကြောင်းတစ်လျှောက် သွေးစီးဆင်းမှု ပြတ်တောက်နေခြင်း (Mesenteric ischemia)
- အစာခြေလမ်းကြောင်းအတွင်းမှ အရည်များ အလွန်အမင်း ဆုံးရှုံးနိုင်သော ပုံမှန်မဟုတ်သည့် လမ်းကြောင်းများ ရှိနေခြင်း (High-output GI fistula)
နှာခေါင်းပိုက်၊ ပါးစပ်ပိုက်ဖြင့် အာဟာရပေးခြင်း၏ အဓိကအကျိုးကျေးဇူးများ
ယာယီ သို့မဟုတ် ရေတိုအသုံးပြုသော နှာခေါင်းပိုက်၊ ပါးစပ်ပိုက်ဖြင့် အာဟာရဖြည့်တင်းပေးခြင်းသည် လူနာ၏ ကျန်းမာရေးအတွက် အောက်ပါကောင်းကျိုးများကို ရရှိစေနိုင်သည်။
- ပုံမှန်အစာခြေစနစ်ကို ထိန်းသိမ်းပေးခြင်း – အစာခြေလမ်းကြောင်းမှတစ်ဆင့် အာဟာရစုပ်ယူမှုကို အားပေးသဖြင့် အူလမ်းကြောင်း၏ လုပ်ဆောင်ချက်များကို ပုံမှန်အတိုင်း ဆက်လက်လည်ပတ်စေပြီး အာဟာရချို့တဲ့မှုကို ကာကွယ်ပေးသည်
- ကျန်းမာရေးကို ထိန်းသိမ်းပေးပြီး နာလန်ထူလွယ်ခြင်း – အစားအစာကို ပါးစပ်မှတစ်ဆင့် လုံလောက်စွာ မစားသောက်နိုင်သော လူနာများ ရောဂါဝေဒနာမှ လျင်မြန်စွာ ပြန်လည်သက်သာလာစေရန် လိုအပ်သည့် အခြေခံအာဟာရဓာတ်များကို အပြည့်အဝ ထောက်ပံ့ပေးသည်
- ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း – ခန္ဓာကိုယ်၏ ခုခံအားကို ကောင်းမွန်စေပြီး ဆေးရုံတက်နေစဉ်အတွင်း ပြင်ပရောဂါပိုးများ ဝင်ရောက်နိုင်ခြေကို လျှော့ချပေးသည်
- နောက်ဆက်တွဲပြဿနာများကို ကာကွယ်ပေးခြင်း – အစားမဝင်ဘဲ အာဟာရပြတ်လပ်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အသက်အန္တရာယ်ရှိသော အခြေအနေများနှင့် အခြားနောက်ဆက်တွဲ ကျန်းမာရေးပြဿနာများကို ကြိုတင်တားဆီးပေးသည်
နှာခေါင်း သို့မဟုတ် ပါးစပ်မှတစ်ဆင့် အစာပိုက်တပ်ဆင်ခြင်းနှင့် ကြိုတင်ပြင်ဆင်ရန်အချက်များ
နှာခေါင်း သို့မဟုတ် ပါးစပ်မှတစ်ဆင့် အစာပိုက် တပ်ဆင်ခြင်းသည် ခွဲစိတ်ရန် သို့မဟုတ် မှန်ပြောင်းကြည့်ရန် မလိုအပ်ဘဲ ဆေးရုံ သို့မဟုတ် အိမ်ရှိ လူနာ၏ ခုတင်ဘေးတွင်ပင် အလွယ်တကူ ပြုလုပ်နိုင်သော ရေတိုကုသမှု လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။
- နာကျင်မှုနှင့် ခံစားရမှု – ပိုက်ထည့်သွင်းစဉ် လည်ချောင်းထဲတွင် တစ်ဆို့ဆို့ဖြစ်ခြင်း၊ ပျို့ချင်အန်ချင်ဖြစ်ခြင်း သို့မဟုတ် အနည်းငယ် မအီမသာဖြစ်ခြင်းတို့ ကြုံတွေ့ရနိုင်သော်လည်း ပြင်းထန်သော နာကျင်မှုမျိုး မရှိပါ၊ လူနာ သက်သောင့်သက်သာ ဖြစ်စေရန်အတွက် ပိုက်ထည့်မည့် နှာခေါင်းပေါက်တွင် ထုံဆေးဖြန်းဆေး သို့မဟုတ် ချောဆီဂျယ်လ်များကို အသုံးပြုပေးလေ့ရှိသည်
- ကြာမြင့်ချိန် – ပုံမှန်အားဖြင့် အစာပိုက်ထည့်ခြင်းသည် ၅ မိနစ် မှ ၁၀ မိနစ်ခန့်သာ ကြာမြင့်တတ်သည်
နှာခေါင်း သို့မဟုတ် ပါးစပ်မှတစ်ဆင့် အစာပိုက်ထည့်ခြင်း နည်းလမ်းများ
လူနာ၏ အခြေအနေပေါ် မူတည်၍ ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနာပြုများမှ အောက်ပါ နည်းလမ်းများအတိုင်း စနစ်တကျ ထည့်သွင်းပေးမည်ဖြစ်သည်။
- နှာခေါင်းမှတစ်ဆင့် အစာပိုက်ထည့်ခြင်း (Nasogastric tube – NG tube)
- အစာပိုက်ကို နှာခေါင်းပေါက်မှတစ်ဆင့် ဖြည်းဖြည်းချင်း ထည့်သွင်းပြီး၊ လည်ချောင်းနှင့် အစာရေမျိုပြွန်တို့ကို ဖြတ်ကာ အစာအိမ်ထဲသို့ ရောက်ရှိအောင် အဓိက ထည့်သွင်းခြင်းဖြစ်သည်
- ပိုက်အောက်သို့ လျှောလျှောရှူရှူ ရောက်ရှိသွားစေရန်နှင့် မျိုချရလွယ်ကူစေရန်အတွက် ပိုက်ထည့်နေစဉ်အတွင်း လူနာအား ရေအနည်းငယ် မျိုချခိုင်းတတ်သည်
- ပါးစပ်မှတစ်ဆင့် အစာပိုက်ထည့်ခြင်း (Orogastric tube – OG tube)
- နှာခေါင်းတွင် ထိခိုက်ဒဏ်ရာရထားခြင်း သို့မဟုတ် နှာခေါင်းလမ်းကြောင်း ပိတ်ဆို့နေခြင်း စသည့်အခြေအနေများကြောင့် နှာခေါင်းမှတစ်ဆင့် ထည့်ရန် အဆင်မပြေသူများနှင့် လမစေ့ဘဲ မွေးဖွားလာသော မွေးကင်းစကလေးငယ်များတွင် ပါးစပ်မှတစ်ဆင့် အစာအိမ်ထဲသို့ အစာပိုက် ထည့်သွင်းပေးခြင်းဖြစ်သည်
နှာခေါင်းပိုက်၊ ပါးစပ်ပိုက်အတွက် အသုံးပြုသော အာဟာရဖော်မြူလာ အမျိုးအစားများ
နှာခေါင်းပိုက်၊ ပါးစပ်ပိုက်မှတစ်ဆင့် ပေးရမည့် အစားအစာများသည် ခန္ဓာကိုယ်အတွက် လိုအပ်သော ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ အဆီ၊ ဗီတာမင်နှင့် သတ္တုဓာတ်များ အားလုံး မျှတစွာ ပါဝင်သည့် “အရည်” အမျိုးအစားများသာ ဖြစ်ရမည်။ နှာခေါင်းအစာပိုက်လုံးများသည် ပုံမှန်အားဖြင့် အလွန်သေးငယ်သဖြင့် ပိုက်မပိတ်စေရန် အောက်ပါအာဟာရရည်များကို အဓိကအသုံးပြုကြသည်။
- အသင့်သောက်သုံးနိုင်သော ဖော်မြူလာအရည်များ (Ready-to-feed liquids)
- အမှုန့် သို့မဟုတ် အနှစ်ကို ဖျော်စပ်ရသော ဖော်မြူလာများ (Powder or concentrate formulae)
- မိခင်နို့ သို့မဟုတ် ဖော်မြူလာနို့မှုန့် – နို့စို့ရန် အားနည်းသော မွေးကင်းစကလေးများနှင့် လသားကလေးများ၏ NG/OG ပိုက်မှတစ်ဆင့် တိုက်ကျွေးရန် အဓိကအသုံးပြုသည်
- အိမ်တွင်းဖြစ် ကြိတ်ချေထားသော အာဟာရရည်များ (Blenderized food) – အစားအစာများကို စက်ဖြင့် ညှက်နေအောင် သေချာကြိတ်ပြီး အနည်များကို စစ်ထုတ်ထားသော အာဟာရရည်ဖြစ်သည်
- မှတ်ချက် – နှာခေါင်းပိုက်သည် သေးငယ်သဖြင့် အဖတ်များ ပါမလာစေရန် အထူးသတိပြုရမည်
လူနာ၏ရောဂါအခြေအနေအပေါ် မူတည်၍ ဆီးချိုရောဂါရှင်များအတွက် သီးသန့်ဖော်မြူလာ၊ ကယ်လိုရီ သို့မဟုတ် ပရိုတင်းဓာတ် မြင့်မားစွာပါဝင်သော ဖော်မြူလာ (Standard or Disease-specific formulae) စသည်ဖြင့် ဆရာဝန် ညွှန်ကြားချက်အတိုင်း စနစ်တကျ ရွေးချယ်အသုံးပြုရမည်။
နှာခေါင်းပိုက်၊ ပါးစပ်ပိုက်မှတစ်ဆင့် အာဟာရကျွေးရာတွင် လိုက်နာရမည့် နည်းလမ်းများနှင့် ကိုယ်နေဟန်ထား
ဆရာဝန် သို့မဟုတ် အာဟာရပညာရှင်မှ လူနာ၏ ကိုယ်အလေးချိန်နှင့် ကျန်းမာရေးအခြေအနေကို တွက်ချက်ပြီး အသင့်တော်ဆုံး အစာကျွေးမည့် ပုံစံနှင့်ပမာဏကို သတ်မှတ်ပေးမည်ဖြစ်သည်။ အစာပိုက်အမျိုးအစားနှင့် လူနာ၏အခြေအနေပေါ်မူတည်၍ ဆေးထိုးပြွန် (Syringe) ကို အသုံးပြု၍သော်လည်းကောင်း၊ အလိုအလျောက် အစာသွင်းစက် (Feeding Pump) ကို အသုံးပြု၍သော်လည်းကောင်း ကျွေးနိုင်သည်။
အစာကျွေးစဉ်နှင့် ကျွေးပြီးချိန် ကိုယ်နေဟန်ထား
အစာကျွေးနေစဉ်အတွင်းနှင့် အစာကျွေးပြီး တစ်နာရီ မှ နှစ်နာရီခန့်အထိ လူနာအား ထိုင်ခိုင်းထားခြင်း သို့မဟုတ် အနည်းဆုံး ၄၅ ဒီဂရီခန့် ဦးခေါင်းနှင့် ခန္ဓာကိုယ်အထက်ပိုင်းကို မြှင့်တင်ပေးထားရန် အလွန်အရေးကြီးသည်။ ဤကဲ့သို့ ကိုယ်နေဟန်ထားကို စနစ်တကျ ထိန်းသိမ်းပေးခြင်းဖြင့် နှာခေါင်းပိုက်ရှိ အာဟာရရည်များ လမ်းကြောင်း မှားကာ အဆုတ်ထဲသို့ ဝင်ရောက်သွားခြင်း (Aspiration pneumonia) နှင့် အဆုတ်ရောင်ခြင်းတို့ကို ထိရောက်စွာ ကာကွယ်နိုင်မည်ဖြစ်သည်။
နှာခေါင်းပိုက်၊ ပါးစပ်ပိုက်မှတစ်ဆင့် အာဟာရကျွေးနိုင်သော နည်းလမ်းများ
လူနာ၏ကျန်းမာရေးနှင့် အစာခြေဖျက်နိုင်စွမ်းအပေါ် မူတည်၍ နှာခေါင်းအစာပိုက်မှတစ်ဆင့် အောက်ပါနည်းလမ်း (၃) မျိုးဖြင့် အာဟာရကျွေးနိုင်သည်။
- Bolus Feedings (ပုံမှန် အစားစားသည့် အချိန်အတိုင်း အစာကျွေးခြင်း)
- ပုံမှန်လူတစ်ဦး အစားစားသကဲ့သို့ မနက်၊ နေ့လယ်၊ ည အချိန်သတ်မှတ်၍ ဆေးထိုးပြွန် (Syringe) သို့မဟုတ် အစာကျွေးအိတ်ဖြင့် တိုက်ကျွေးသည့် နည်းလမ်းဖြစ်သည်
- ၎င်းသည် နှာခေါင်းမှတစ်ဆင့် အစာအိမ်ထဲသို့ ပိုက်ထည့်ထားသူများ (NG Tube) အတွက် အလွန်သင့်တော်သည်၊ အကြောင်းမှာ အစာအိမ်သည် အာဟာရရည် ပမာဏအတော်အသင့်ကို လက်ခံသိုလှောင်ပေးနိုင်သောကြောင့်ဖြစ်သည်
- အာဟာရရည်ကို ၁၅ မိနစ် မှ ၂၀ မိနစ်အတွင်း ဆေးထိုးပြွန်ကို အသုံးပြု၍ ဖြည်းဖြည်းချင်း သွင်းပေးရမည်
- ယေဘုယျအားဖြင့် တစ်ကြိမ်လျှင် အာဟာရရည် ၁၅၀ စီစီ မှ ၂၀၀ စီစီဝန်းကျင်ခန့် ခွဲ၍သွင်းလေ့ရှိသည်
- Intermittent Gravity Drip (အစက်ချနည်းဖြင့် ခေတ္တအစာသွင်းခြင်း)
- တစ်ရက်စာအတွက် သတ်မှတ်ထားသော အာဟာရရည်ပမာဏကို နာရီဝက် မှ တစ်နာရီခန့်အတွင်း အစာကျွေးအိတ် သို့မဟုတ် ပုလင်းမှတစ်ဆင့် ကမ္ဘာမြေဆွဲအား (Gravity) ကို အသုံးပြုကာ ဖြည်းဖြည်းချင်း အစက်ချထည့်သွင်းသည့် နည်းလမ်းဖြစ်ပြီး တစ်နေ့လျှင် အကြိမ်ရေများစွာ ခွဲ၍ကျွေးနိုင်သည်
- Continuous Feedings (အဆက်မပြတ် ဆက်တိုက်အစာသွင်းခြင်း)
- တစ်ရက်စာ လိုအပ်သော အာဟာရရည်ပမာဏအားလုံးကို ၈ နာရီ မှ ၂၄ နာရီအတွင်း အလိုအလျောက် အစာထည့်သွင်းစက် (Enteral Feeding Pump) အကူအညီဖြင့် တစ်နေ့တာလုံး ပုံမှန်နှုန်းထားအတိုင်း အဆက်မပြတ် သွင်းပေးသည့် နည်းလမ်းဖြစ်သည်
- ၎င်းကို နှာခေါင်းမှတစ်ဆင့် အူသိမ်ထဲသို့ ပိုက်ထည့်ထားသူများ (Nasoduodenal သို့မဟုတ် Nasojejunal Tube) အတွက် အဓိကအသုံးပြုလေ့ရှိပြီး အစာအိမ်အောက်ပိုင်းသို့ အစာချက်ချင်းအများကြီးကျွေးပါက မခံနိုင်သော လူနာများအတွက်လည်း အသုံးပြုတတ်သည်
- မှတ်ချက် – တစ်ရက်လျှင် ၂၄ နာရီပတ်လုံး ဆက်တိုက်ပေးခြင်းအပြင် ၁၈ နာရီခန့်သာ ကန့်သတ်၍ ပေးသည့် အခြေအနေမျိုးလည်းရှိသည်
နှာခေါင်းပိုက်၊ ပါးစပ်ပိုက်ထည့်ခြင်း၏ နောက်ဆက်တွဲပြဿနာများ
နှာခေါင်းပိုက်၊ ပါးစပ်ပိုက်မှတစ်ဆင့် အာဟာရထည့်သွင်းခြင်းသည် ယေဘုယျအားဖြင့် ဘေးကင်းသော်လည်း စနစ်တကျ ဂရုမစိုက်ပါက အချို့သော နောက်ဆက်တွဲပြဿနာများ ရှိလာနိုင်သည်။ သို့သော် စောင့်ကြည့်စစ်ဆေးခြင်းနှင့် ပြုစုခြင်းနည်းလမ်းများ မှန်ကန်ပါက ဤပြဿနာအများစုကို လွယ်ကူစွာ စီမံခန့်ခွဲနိုင်သည်။
- အစာခြေလမ်းကြောင်းဆိုင်ရာ ပြဿနာများ – အစပိုင်းတွင် ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်ကယ်၍ မအီမသာဖြစ်ခြင်း သို့မဟုတ် ဝမ်းချုပ်ခြင်းတို့ ဖြစ်တတ်သည်
- ဇီဝကမ္မဖြစ်စဉ်ဆိုင်ရာ ပြဿနာများ – ဓာတ်ဆားဓာတ်များနှင့် ရေဓာတ်မမျှတခြင်း၊ သွေးတွင်းသကြားဓာတ်ကို ကောင်းမွန်စွာ မထိန်းချုပ်နိုင်ခြင်း
- အစာပိုက်နှင့်ဆိုင်သော ပြဿနာများ – နှာခေါင်းအတွင်းပိုင်း၌ ထိခိုက်မိ၍ အနာဖြစ်ခြင်း၊ အစာပိုက်အတွင်း အဖတ်များပိတ်ခြင်း သို့မဟုတ် ပိုက်နေရာလွဲချော်ခြင်း
- အစာများ အဆုတ်ထဲသို့ လမ်းလွဲဝင်ရောက်ခြင်း (Aspiration pneumonia) – အာဟာရရည်များ လမ်းကြောင်းမှားပြီး အဆုတ်ထဲသို့ ဝင်သွားခြင်းကြောင့် အဆုတ်ရောင်ခြင်းနှင့် အသက်ရှူရခက်ခဲခြင်းတို့ကို ဖြစ်စေနိုင်သဖြင့် အထူးသတိပြုရန် လိုအပ်သည်
လူနာနှင့် ပြုစုစောင့်ရှောက်သူများ လိုက်နာဆောင်ရွက်ရမည့်အချက်များ
အစာပိုက်မပိတ်စေရန်နှင့် ပြင်ပမှ ရောဂါပိုးများ မဝင်စေရန်အတွက် အောက်ပါအချက်များကို အိမ်တွင် စနစ်တကျ လိုက်နာဆောင်ရွက်ရမည်။
- နှာခေါင်းနှင့် အစာပိုက်ပြင်ပ သန့်ရှင်းရေး
- နှာခေါင်းတစ်ဝိုက် ညစ်ပေနေသည်များကို အမြဲသန့်ရှင်းပေးရမည်
- ပိုက်ကို နှာခေါင်းတွင် မြဲမြံအောင် ကပ်ထားသော တိပ် (Tape) ကို အရေပြားအနာမဖြစ်စေရန်နှင့် ပိုက်ကျွတ်မထွက်စေရန် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ၏ လမ်းညွှန်ချက်အတိုင်း ပုံမှန်လဲလှယ်ပေးရမည်
- အစာပိုက်အတွင်းပိုင်း သန့်ရှင်းရေး (Flushing)
- ပိုက်အတွင်း ရေသွင်းဆေးခြင်း
- အစာကျွေးခြင်း သို့မဟုတ် ဆေးတိုက်ခြင်း မပြုလုပ်မီနှင့် ပြုလုပ်ပြီးချိန်တိုင်းတွင် ရေနွေး သို့မဟုတ် သန့်ရှင်းသောရေ အနည်းငယ်ထည့်၍ ပိုက်ကို သေချာဆေးပေးရမည်
- အစာမကျွေးဖြစ်သည့် ရက်များတွင်လည်း ပိုက်မပိတ်စေရန် ပုံမှန်ရေသွင်းဆေးပေးရန် လိုအပ်သည်
- ရှောင်ကြဉ်ရန်
- ဗိုက်ပွဗိုက်အောင့်စေသော အအေးများ သို့မဟုတ် ဂတ်စ်ပါသော အချိုရည်များကို အစာပိုက်ထဲသို့ လုံးဝမထည့်ရပါ
- ပိုက်အတွင်း ရေသွင်းဆေးခြင်း
- ကိုယ်နေဟန်ထား စနစ်တကျ ထိန်းသိမ်းခြင်း
- အစာကျွေးနေစဉ်နှင့် ကျွေးပြီး (၁ နာရီ မှ ၂ နာရီ) ခန့်အထိ လူနာကို ၄၅ ဒီဂရီခန့်စောင်း၍ ထိုင်ခိုင်းထားခြင်း သို့မဟုတ် အမှီဖြင့် ဦးခေါင်းကို မြှင့်ထားပေးခြင်းဖြင့် အာဟာရအရည်များ အဆုတ်ထဲသို့ လမ်းလွဲရောက်ရှိခြင်း (Aspiration pneumonia) ကို စိတ်ချယုံကြည်စွာ ကာကွယ်နိုင်သည်
- အစာပိုက် ပုံမှန်လဲလှယ်ခြင်း
- နှာခေါင်းအစာပိုက်သည် အမျိုးအစားပေါ် မူတည်၍ သတ်မှတ်ရက်ပြည့်လျှင် ပုံမှန်လဲလှယ်ပေးရမည်
- ယေဘုယျအားဖြင့် သာမန် ပလတ်စတစ်ပိုက် (PVC tube) များကို ၁ ပတ် မှ ၂ ပတ်တစ်ကြိမ် လဲလှယ်ရလေ့ရှိပြီး၊ ပိုမိုပျော့ပျောင်းကောင်းမွန်သော ပိုက်အမျိုးအစား (Polyurethane သို့မဟုတ် Silicone tube) များကိုမူ ၄ ပတ် မှ ၆ ပတ်တစ်ကြိမ်အထိ ထားရှိနိုင်သည်
- မည်သည့်အချိန်တွင် လဲလှယ်ရမည်ကို ကုသပေးနေသည့် ဆရာဝန် သို့မဟုတ် သူနာပြုထံ အသေအချာ မေးမြန်းလိုက်နာရမည်
ဆရာဝန်နှင့် ချက်ချင်း ပြန်လည်ပြသသင့်သော အရေးပေါ်အခြေအနေများ
အစာပိုက် အသုံးပြုနေစဉ် အောက်ပါအခြေအနေများ ကြုံတွေ့ရပါက အစာကျွေးခြင်းကို ချက်ချင်းရပ်ဆိုင်းပြီး၊ ဆရာဝန် သို့မဟုတ် ကျွမ်းကျင် သူနာပြုများနှင့် ချက်ချင်းပြသ၍ ဆေးကုသမှု ခံယူရမည်။
- ပိုက်နေရာလွဲခြင်း သို့မဟုတ် ကျွတ်ထွက်ခြင်း – အစာပိုက်သည် အပြင်သို့ တစ်ဝက်တစ်ပျက် ကျွတ်ထွက်လာခြင်း သို့မဟုတ် ပိုက်ပေါ်တွင် မှတ်သားထားသော အမှတ်အသား နေရာရွေ့သွားခြင်းမျိုး ရှိခဲ့ပါက အစာရည်များ အဆုတ်ထဲသို့ လမ်းမှားဝင်ရောက်နိုင်သဖြင့် အစာဆက်မကျွေးဘဲ ဆေးရုံ၊ ဆေးခန်းသို့ သွားရမည်
- မှတ်ချက် – ပိုက်လုံးဝ ကျွတ်ထွက်သွားပါကလည်း အိမ်တွင် မိမိဖာသာ ပြန်လည်ထည့်သွင်းခြင်း လုံးဝမပြုလုပ်ရပါ
- အသက်ရှူရခက်ခဲခြင်းနှင့် ပြင်းထန်စွာ ချောင်းဆိုးခြင်း – အစာကျွေးနေစဉ် သို့မဟုတ် ကျွေးပြီးချိန်တွင် လူနာသည် ရုတ်တရက် အသက်ရှူကျပ်လာခြင်း၊ တရွှီရွှီမြည်ခြင်း၊ ချောင်းဆိုးလွန်းခြင်း သို့မဟုတ် နှုတ်ခမ်းများ ပြာနှမ်းလာခြင်းစသည့် လက္ခဏာများပြပါက အဆုတ်ထဲသို့ အစာဝင်သွားသည့် အန္တရာယ်ရှိသဖြင့် အရေးပေါ်အခြေအနေအဖြစ် ဆရာဝန်နှင့် ချက်ချင်းပြသရမည်
- ပိုက်ပိတ်သွားပြီး ရေဖြင့် ဆေး၍မရခြင်း – ပိုက်အတွင်း အစာဖတ်များ ပိတ်ဆို့သွားပြီး ရေသွင်းဆေး၍ မရတော့ပါက ဆေးရုံ၊ ဆေးခန်းတွင် ပိုက်အသစ်လဲလှယ်ရန် လိုအပ်သည်
- အထူးသတိပြုရန်မှာ ပိုက်ပိတ်သည်ကို သံကြိုး၊ ဝိုင်ယာကြိုး၊ အပ် သို့မဟုတ် အချွန်အတက်များဖြင့် ထိုးချခြင်း လုံးဝမပြုလုပ်ရပါ၊ ၎င်းသည် အစာပိုက်ပေါက်ပြဲပြီး လူနာ၏ လည်ချောင်းနှင့် အစာရေမျိုပြွန်ကို ထိခိုက်ဒဏ်ရာ ရစေနိုင်သောကြောင့်ဖြစ်သည်
- နှာခေါင်းအတွင်း သွေးထွက်ခြင်း သို့မဟုတ် ပြင်းထန်စွာ အနာဖြစ်ခြင်း – ပိုက်နှင့် ပွတ်တိုက်မိခြင်းကြောင့် နှာခေါင်းအတွင်းပိုင်း သို့မဟုတ် လည်ချောင်းထဲတွင် သွေးထွက်ခြင်း၊ စပ်ဖျင်းဖျင်းဖြစ်ခြင်း သို့မဟုတ် အလွန်အမင်း နာကျင်ခြင်းများ ရှိလာပါက ဆရာဝန်နှင့် ပြန်လည်ပြသ တိုင်ပင်ရမည်
References:
- Academy of Nutrition and Dietetics. (n.d.). What is enteral nutrition? Retrieved May 7, 2026, from https://nutritioncare.org/about/what-we-do/nutrition-support/what-is-enteral-nutrition/
- Cleveland Clinic. (n.d.). Tube feeding (enteral nutrition). Retrieved May 7, 2026, from https://my.clevelandclinic.org/health/treatments/21098-tube-feeding–enteral-nutrition
- National Center for Biotechnology Information. (2022). Enteral nutrition: Indications, complications, and management. Retrieved May 7, 2026, from https://pmc.ncbi.nlm.nih.gov/articles/PMC9183034/
- Mayo Clinic. (n.d.). Home enteral nutrition. Retrieved May 7, 2026, from https://www.mayoclinic.org/tests-procedures/home-enteral-nutrition/about/pac-20384955
- British Association for Parenteral and Enteral Nutrition. (n.d.). Enteral nutrition. Retrieved May 7, 2026, from https://www.bapen.org.uk/education/nutrition-support/enteral-nutrition/
- European Society for Clinical Nutrition and Metabolism. (n.d.). Enteral nutrition: General guidelines. Retrieved May 7, 2026, from https://espen.org/documents/ENGeneral.pdf
- Patients on Intravenous and Nasogastric Nutrition Therapy. (n.d.). Enteral nutrition. Retrieved May 7, 2026, from https://pinnt.com/Enteral-Nutrition.aspx
Published: 1 June 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.