Polysomnography/ Sleep study (အိပ်စက်ခြင်းဆိုင်ရာ လေ့လာဆန်းစစ်မှု)

Polysomnography/ Sleep study (အိပ်စက်ခြင်းဆိုင်ရာ လေ့လာဆန်းစစ်မှု)

Polysomnography ဆိုသည်မှာ အိပ်စက်ခြင်းဆိုင်ရာ ရောဂါများကို ရှာဖွေရာတွင် အသုံးပြုသည့် စစ်ဆေးမှုတစ်ခုဖြစ်သည်။ ဤစစ်ဆေးမှုသည် လူတစ်ဦး အိပ်ပျော်နေစဉ်အတွင်း ဖြစ်ပေါ်နေသော ကိုယ်တွင်းအင်္ဂါများ၏ ပြောင်းလဲမှုများကို မှတ်တမ်းတင်ထားပြီး အဖြေရလဒ်များကို စစ်ဆေးခြင်းဖြင့် အိပ်စက်မှုဆိုင်ရာ ရောဂါများ၊ အိပ်စက်ခြင်းကို ထိခိုက်စေနိုင်သည့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ စသည်တို့ကို အတည်ပြုရှာဖွေနိုင်သည်။

အိပ်စက်ခြင်းစစ်ဆေးမှုကို ယေဘုယျအားဖြင့် မိသားစုဆရာဝန် သို့မဟုတ် အဆုတ်နှင့် အသက်ရှူလမ်းကြောင်းရောဂါဆိုင်ရာ အထူးကုများ၊ ဦးနှောက်အာရုံကြောအထူးကုများနှင့် စိတ်ကျန်းမာ‌ရေးအထူးကုများက လူတစ်ဦးချင်း၏ ရောဂါလက္ခဏာများပေါ် မူတည်၍ ပြုလုပ်ရန် ညွှန်ကြားလေ့ရှိသည်။ စစ်ဆေးမှုများသည် ရောဂါအတည်ပြုရှာဖွေခြင်းအတွက် အသုံးဝင်သကဲ့သို့ ကုသမှုနည်းလမ်းများကို ‌‌ရွေးချယ်ခြင်း၊ လက်ရှိ ပေးထားသော ကုသမှုများ၏ အကျိုးသက်‌ရောက်မှုကိုလည်း စစ်ဆေးနိုင်ခြင်းကြောင့် ကုသမှုကို လိုအပ်သလို ညှိနှိုင်းပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများစွာ ရရှိသည်။

အိပ်စက်ခြင်းစက်ဝန်း (Sleep cycle)

အိပ်စက်ခြင်းစက်ဝန်းသည် အဆင့်ဆင့်နှင့် ထပ်ခါထပ်ခါ ဖြစ်ပျက်နေသော စက်ဝန်းတစ်ခုဖြစ်ပြီး အောက်ပါပုံစံ (၂) မျိုး တွေ့ရသည်။

  1. မျက်လုံးအိမ်လှုပ်ရှားမှု မရှိသောပုံစံ (non-rapid eye movement – NREM)
  2. မျက်လုံးအိမ်လှုပ်ရှားမှု ရှိသောပုံစံ (rapid eye movement – REM)

NREM ပုံစံနှင့် REM ပုံစံတို့ တစ်လှည့်စီဖြစ်ပေါ်ခြင်းကို Cycle တစ်ခုဟု ခေါ်၍ (၉၀) မိနစ်ခန့် ကြာမြင့်သည်။ အိပ်စက်ခြင်းစက်ဝန်းဆိုသည်မှာ ထို cycle များ (၄)ခါ မှ (၆)ခါအထိ တစ်ညလုံး အဖန်ဖန်ဖြစ်ပေါ်ခြင်းကို ဆိုလိုသည်။ အိပ်ပျော်ခါစအချိန်တွင် NREM ပုံစံ ဖြစ်ပေါ်ချိန် ပိုကြာတတ်ပြီး မနက်နိုးခါနီးအချိန်တွင် REM ပုံစံသည် ပိုမိုကြာရှည်လာသည်။

မျက်လုံးအိမ်လှုပ်ရှားမှု မရှိသောပုံစံ (non-rapid eye movement – NREM)

စတင်အိပ်စက်ချိန်၌ ပထမဆုံးဖြစ်ပေါ်သော ပုံစံဖြစ်သည်။ ထိုအချိန်တွင် ကိုယ်ခန္ဓာတစ်ရှူးများ ပြန်လည်ပြုပြင်တည်ဆောက်ခြင်း၊ ကြီးထွားမှုဟော်မုန်းများထွက်ခြင်းတို့ ဖြစ်ပေါ်သည်။ တနည်းဆိုသော် ကိုယ်ခန္ဓာ ပြန်လည်အနားယူချိန်ဖြစ်သည်။ ထိုအဆင့်တွင် ဦးနှောက်လှိုင်းများ နှေးကွေးသွားပြီး ထိုသို့နှေးကွေးခြင်းကို အီးအီးဂျီ (EEG) ဖြင့် စစ်ဆေးနိုင်သည်။ ထို NREM ပုံစံကို အသေးစိတ်အားဖြင့် (၃) ဆင့် ထပ်မံပိုင်းခြားနိုင်သည်။

  • အဆင့် ၁ (N1)
    • မှေးခနဲ စတင်အိပ်ပျော်ခါစ အဆင့်ဖြစ်ပြီး (၁) မိနစ်မှ (၅) မိနစ်ခန့် ကြာမြင့်သည်
    • အိပ်စက်ခြင်းစက်ဝန်း၏ အချိန် (၅) ရာခိုင်နှုန်းခန့်သည် N1 အဆင့်ဖြစ်သည်
    • ထိုအဆင့်တွင် ဦးနှောက်လှိုင်းများ နှေးကွေးပြီး EEG ဖြင့် စစ်ဆေးပါက theta လှိုင်းများကို တွေ့ရသည်
  • အဆင့် ၂ (N2)
    • နှစ်ခြိုက်စွာအိပ်ပျော်ခါစ အဆင့်ဖြစ်ပြီး ထိုအချိန်တွင် လှုပ်နှိုးပါက ချက်ချင်းပြန်နိုးနိုင်သေးသော အဆင့်ဖြစ်သည်
    • (၂)မိနစ် မှ (၂၅)မိနစ်ထိ ကြာမြင့်တတ်ပြီး ထို့ထက်လည်း ပို၍ကြာမြင့်နိုင်သည်
    • အိပ်စက်ချိန်စုစုပေါင်း၏ (၄၅) ရာခိုင်နှုန်းကို နေရာယူထားသောအဆင့်ဖြစ်သည်
    • ကြွက်သားလှုပ်ရှားမှုများ၊ ကိုယ်အပူချိန်များ၊ နှလုံးခုန်နှုန်းများ ကျဆင်းနှေးကွေးလာပြီး EEG တွင် sleep spindles နှင့် K complexes လှိုင်းများကို တွေ့နိုင်သည်
  • အဆင့် ၃ (N3)
    • ပို၍နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသော အဆင့်ဖြစ်ပြီး ချက်ချင်းအလွယ်တကူ ပြန်မနိုးနိုင်ပါ
    • အိပ်စက်ချိန်စုစုပေါင်း၏ (၂၅) ရာခိုင်နှုန်းသည် N3 ဖြစ်သည်
    • ဦးနှောက်လှိုင်းများ အနှေးဆုံးအချိန်ဖြစ်ပြီး EEG တွင် delta လှိုင်းများ ဖြစ်‌ပေါ်သည့်အချိန်ဖြစ်သည်
    • အိပ်ပျော်ခါစအချိန်တွင် N3 အဆင့်သည် ပိုကြာကြာဖြစ်ပေါ်တတ်ပြီး မနက်နိုးခါနီးလေ N3 အဆင့်ဖြစ်ပေါ်ချိန် တိုလေဖြစ်သည်
မျက်လုံးအိမ်လှုပ်ရှားမှု ရှိသောပုံစံ (rapid eye movement – REM)

ထိုအချိန်တွင် ဦးနှောက်လှုပ်ရှားမှု များသည် နိုးထနေချိန်ကဲ့သို့ တက်ကြွလှုပ်ရှားနေသည်။ မျက်လုံးအိမ်လှုပ်ရှားမှုများ ရှိသကဲ့သို့ နှလုံးခုန်နှုန်းများ မြန်လာပြီး အသက်ရှူပြင်းခြင်း၊ အသက်ရှူမမှန်ခြင်းများလည်း တွေ့ရနိုင်သည်။ အိပ်မက်မက်ခြင်း၊ အိပ်မက်ဆိုးမက်ခြင်း၊ အိပ်မက်ယောင်ခြင်းတို့ ဖြစ်ပေါ်သောအချိန်ဖြစ်သည်။ အိပ်ပျော်ပြီးနောက် (၉၀) မိနစ်အတွင်း REM ပုံစံသို့ ပြောင်းလဲရောက်ရှိပြီး (၁၀) မိနစ်ခန့် ကြာမြင့်ကာ အိပ်ချိန်နောက်ပိုင်းတွင် တဖြည်းဖြည်း အချိန်ပိုကြာလာသည်။ EEG တွင် နိုးထချိန် ဦးနှောက်လှိုင်းများဖြစ်သော beta လှိုင်းများကို တွေ့နိုင်သည်။ REM အချိန်သည် စိတ်ခံစားမှု သိမ်းဆည်းခြင်း၊ မှတ်ဉာဏ်သိမ်းဆည်းခြင်း၊ ဆက်စပ်တွေးခေါ် နိုင်စွမ်းတို့ကို ဦးနှောက်တွင်း၌ ပြန်လည်သိုလှောင်သောအချိန်ဖြစ်သည်။

စစ်ဆေးမှု ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ

အိပ်စက်ခြင်းစစ်ဆေးမှုသည် လူတစ်ဦး၏ အိပ်စက်မှုစက်ဝန်းများ (Sleep cycles) နှင့် ပုံစံ (REM/NREM) များကို စောင့်ကြည့်ပေးသည်။ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများ၊ ရောဂါများ (Sleep disorders) နှင့် ဖြစ်စေသော အကြောင်းရင်းများကို ရှာဖွေပေးသည်။

အောက်ပါရောဂါလက္ခဏာများ ရှိသည်ဟု သံသယရှိပါက မိသားစုဆရာဝန် သို့မဟုတ် အဆုတ်အထူးကုများ၊ ဦးနှောက်အာရုံကြောအထူးကုများနှင့် စိတ်ကျန်းမာ‌ရေးအထူးကုများက ဤစစ်ဆေးမှုကို အကြံပြုနိုင်သည်။

  • အိပ်နေစဉ် အသက်ရှူခေတ္တရပ်ခြင်း (Sleep apnea)
    ရောဂါအခြေအနေ အမျိုးမျိုးကြောင့် အိပ်ပျော်နေစဉ် အသက်ရှူခြင်း မကြာခဏ ရပ်တန့်သွားသည့် အခြေအနေဖြစ်သည်။
  • အိပ်ပျော်စဥ် ခြေထောက်များ အလွန်အကျွံ လှုပ်ရှားခြင်း (Periodic Limb Movement Disorder)
    ထိုအခြေအနေတွင် လူတစ်ဦးသည် အိပ်ပျော်နေစဉ် ခြေထောက်များကို ကွေးခြင်း၊ ဆန့်ခြင်းကို မကြာခဏ ပြုလုပ်သည်။ ထိုအခြေအနေသည် ခြေထောက်ဂနာမငြိမ် လှုပ်ရှားခြင်း (Restless leg syndrome) ရောဂါနှင့် ဆက်စပ်သည်။ Restless leg syndrome ရောဂါတွင် လူတစ်ဦးသည် ညနေပိုင်း သို့မဟုတ် အိပ်ယာဝင်ချိန် နိုးနေလျက်နှင့် ခြေထောက်လှုပ်ရှားချင်စိတ် ထိန်းမရအောင် ဖြစ်ပေါ်သော ရောဂါတစ်ခုဖြစ်သည်။
  • နေ့ဘက်တွင်ရုတ်ခြည်းအိပ်မောကျခြင်း ရောဂါ (Narcolepsy)
    နေ့ဘက်တွင် အလွန်အမင်း အိပ်ငိုက်ပြီး ရုတ်တရက် အိပ်ပျော်သွားခြင်းဖြစ်သည်။
  • Parasomnias and disruptive sleep disorders – အိပ်မက်မက်နေစဉ် လိုက်လံလှုပ်ရှားပြောဆိုခြင်း (ဥပမာ – ကန်ကျောက်ခြင်း၊ စကားပြောခြင်း)
  • နာတာရှည် အိပ်မပျော်သည့်ရောဂါ (Insomnia) – အိပ်ပျော်ရန် ခက်ခဲခြင်း သို့မဟုတ် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ခြင်း
  • အချို့ အတက်ရောဂါများ (Seizures and epilepsy)
  • ညအိပ်နေစဥ် ရုတ်တရက် ထိတ်လန့်ခြင်း (Night terrors)
  • အိပ်စက်စဥ် လှုပ်ရှားမရခြင်း (Sleep paralysis) နှင့် အိပ်ပျော်လျက် လမ်းထလျှောက်ခြင်း (Sleepwalking)
စစ်ဆေးမှု မပြုလုပ်သင့်သော အခြေအနေများ

ယေဘုယျအားဖြင့် စစ်ဆေးမှုပြုလုပ်ရန် လုံးဝမသင့်တော်သော အခြေအနေများ မရှိသော်လည်း ရောဂါပြင်းထန်သော အသည်းအသန်လူနာများနှင့် လတ်တလော ခွဲစိတ်မှုခံယူထားသူများ၊ စက်ကိရိယာများ တပ်ဆင်ခြင်းကို အကြောက်လွန်ရောဂါရှိသူများတွင် စစ်ဆေးမှု မပြုလုပ်သင့်ပါ။

စစ်ဆေးမှုတွင် ပါဝင်သောအချက်များ

အိပ်စက်ခြင်းဆိုင်ရာ လေ့လာဆန်းစစ်မှုတွင် ခန္ဓာကိုယ်၏ စနစ်အမျိုးမျိုးကို စောင့်ကြည့်ရန် အာရုံခံကိရိယာ (Sensor) များစွာ အသုံးပြုကြသည်။ အကြောင်းမှာ အိပ်စက်မှုအရည်အသွေးသည် အချက်အလက်များစွာ ပေါ်တွင် မူတည်နေသောကြောင့်ဖြစ်သည်။ ခန္ဓာကိုယ်၏ လုပ်ဆောင်ချက်တစ်ခုချင်းစီကို ခြေရာခံပေးသည့် အာရုံခံကိရိယာ အမျိုးမျိုးကို ဂျဲလ် (Gel) သုံး၍ ခန္ဓာကိုယ်နေရာအနှံ့၌ ကပ်ထားခြင်းဖြင့် အိပ်စက်မှုကို အသေးစိတ်လေ့လာနိုင်သဖြင့် အိပ်စက်ခြင်းနှင့် ပတ်သက်သော ရောဂါအချို့ကို တိကျစွာ ရောဂါရှာဖွေဖော်ထုတ်ရာတွင် များစွာအထောက်အကူပြုသည်။

အိပ်စက်ခြင်းဆိုင်ရာ လေ့လာမှုတွင် အသုံးပြုသော အာရုံခံကိရိယာများနှင့် စောင့်ကြည့်စစ်ဆေးသည့် နည်းလမ်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • ဦးနှောက်၏ လျှပ်စီးလှိုင်းတိုင်းတာခြင်း (EEG)
    • အိပ်ပျော်နေစဉ်အတွင်း ဦးနှောက်၏ လျှပ်စစ်လုပ်ဆောင်ချက် (ဦးနှောက်လှိုင်းများ) ကို တိုင်းတာရန် အီးအီးဂျီတိုင်းသော အာရုံခံကိရိယာများကို ဦးခေါင်းအရေပြားတွင် ကပ်ထားမည်ဖြစ်သည်
    • အိပ်စက်မှုအဆင့် အမျိုးမျိုးတွင် ဦးနှောက်လှိုင်း အမျိုးအစားများ မတူညီသောကြောင့် အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများကို ဖော်ထုတ်ရာတွင် အဓိကအသုံးပြုသည့် နည်းလမ်းဖြစ်သည်
  • နှလုံးခုန်နှုန်း တိုင်းတာခြင်း (ECG)
    • အိပ်စက်ခြင်း လေ့လာမှုပြုလုပ်စဉ်အတွင်း ရင်ဘတ်တွင် နှလုံး၏ လျှပ်စီးလှုပ်ရှားမှုကို စောင့်ကြည့်နိုင်ရန် အီးစီဂျီကို တပ်ဆင်ထားမည်ဖြစ်သည်
    • နှလုံးခုန်နှုန်း ပုံမှန် ရှိမရှိနှင့် နှလုံး၏ လျှပ်စီးလှုပ်ရှားမှုဆိုင်ရာ ပြဿနာများကို ဆရာဝန်များ ကြည့်ရှုနိုင်ရန် ကူညီပေးသည်
  • ကြွက်သားလှုပ်ရှားမှု တိုင်းတာခြင်း (EMG)
    • အိပ်ပျော်နေစဥ် ကြွက်သားလှုပ်ရှားမှုကို အာရုံခံရန်အတွက် များသောအားဖြင့် မျက်နှာနှင့် ခြေထောက်တွင် အာရုံခံကိရိယာများ ကပ်ထားလေ့ရှိသည်
    • ကြွက်သားရောဂါများ ရှာဖွေရာတွင် အသုံးပြုသော EMG နှင့်မတူဘဲ စောင့်ကြည့်အာရုံခံရန်သာဖြစ်ပြီး ကြွက်သားများကို လှုံ့ဆော်ခြင်း မရှိပါ
  • မျက်လုံးလှုပ်ရှားမှု တိုင်းတာခြင်း (EOG) – မျက်လုံးတစ်ဝိုက်တွင် အာရုံခံကိရိယာ ၄ ခု (မျက်လုံးတစ်ဖက်လျှင် ၂ ခုစီ) ကပ်၍ မျက်လုံး၏ လှုပ်ရှားမှုကို တိုင်းတာခြင်းဖြစ်သည်
  • အသက်ရှူခြင်းဆိုင်ရာ အာရုံခံကိရိယာများ (Breathing sensors) – နှာခေါင်းနှင့် ပါးစပ်မှတစ်ဆင့် လေဝင်လေထွက် စီးဆင်းမှုကို တိုင်းတာပေးသည်
  • ရင်ဘတ်နှင့် ဝမ်းဗိုက်လှုပ်ရှားမှု တိုင်းတာသည့် ခါးပတ် (RIP belt) – ထိုကိရိယာသည် အသက်ရှူသွင်းရှူထုတ် ပြုလုပ်စဉ် ရင်ဘတ်နှင့်ဝမ်းဗိုက် ဖောင်းလာမှုကို တိုင်းတာပေးသော ခါးပတ်ဖြစ်သည်
  • သွေးတွင်းအောက်ဆီဂျင် တိုင်းတာခြင်း (Pulse oximeter) – လက်ညှိုးထိပ်တွင် တပ်ဆင်ရသော သေးငယ်သည့် အာရုံခံကိရိယာဖြစ်ပြီး၊ နှလုံးခုန်နှုန်းနှင့် သွေးတွင်းရှိ အောက်ဆီဂျင် ပမာဏကို တိုင်းတာပေးသည်
  • ဗီဒီယိုရိုက်ကူးခြင်းနှင့် အသံများကို စောင့်ကြည့်ခြင်း
    • အိပ်‌ပျော်နေစဉ်အတွင်း ဖြစ်ပေါ်လာသည့် ဟောက်ခြင်း၊ အသက်ရှူခေတ္တရပ်ခြင်း စသည့်ဖြစ်ရပ်များ၊ ခြေလက်များ အလိုအလျောက် လှုပ်ရှားခြင်းတို့ကို ဆရာဝန်များနှင့် ကျွမ်းကျင်ပညာရှင်များက မြင်နိုင်၊ ကြားနိုင်ရန် ကူညီပေးသည်
    • အာရုံခံကိရိယာများမှ ပုံမှန်မဟုတ်သော အချက်အလက်များ ရရှိပါက ဤမှတ်တမ်းများကို ပြန်လည်ကြည့်ရှု၍ ထိုအချိန်တွင် အမှန်တကယ်ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်များနှင့် တိုက်ဆိုင်စစ်ဆေးနိုင်သည်
ကြိုတင်သိရှိထားရမည့်အချက်များ
  • အိပ်စက်ခြင်း စစ်ဆေးမှုကို လူအများစု ပုံမှန်အိပ်စက်ချိန် ညပိုင်းတွင် ပြုလုပ်လေ့ရှိကြသော်လည်း အချို့အခြေအနေများ (ဥပမာ_ ညဆိုင်းဆင်းပြီး နေ့ပိုင်းနားရသူများ၊ နေ့ဘက်ပိုင်းတွင် အလွန်အကျွံ အိပ်ငိုက်ခြင်း၊ အိပ်ပျော်ခြင်းရှိသူများတွင် စစ်ဆေးရန်လိုအပ်ခြင်း) အတွက် လိုအပ်ပါက နေ့ပိုင်းတွင်လည်း ပြုလုပ်နိုင်သည်
  • စစ်ဆေးမှုကို များသောအားဖြင့် ဆေးရုံများ၏ အိပ်စက်ခြင်းဆိုင်ရာ လေ့လာသောဌာနများ သို့မဟုတ် အထူးပြုစင်တာများ (Sleep labs) များတွင် ပြုလုပ်လေ့ရှိသည်
  • အချို့လူနာများတွင် “အိပ်နေစဉ် အသက်ရှူရပ်ခြင်း” (Sleep Apnea) ရှိမရှိကို အိမ်၌ပင် ကိရိယာများအသုံးပြု၍ စစ်ဆေးသော At-home sleep apnea testing ကို ပြုလုပ်နိုင်သည်
စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်

ကြိုတင်ပြင်ဆင်ရန်

  • အရက်နှင့် ကဖင်းဓာတ်များကို ရှောင်ပါ – အိပ်စက်မှုပုံစံများကို ပြောင်းလဲစေနိုင်သဖြင့် စစ်ဆေးမှုမပြုလုပ်မီ မွန်းလွဲပိုင်းနှင့် ညနေပိုင်းတွင် ကဖင်းဓာတ်ပါဝင်သော လက်ဖက်ရည်၊ ကော်ဖီများ နှင့် အရက်ကို ရှောင်ကြဉ်ပါ
  • နေ့ခင်းဘက် မအိပ်ပါနှင့် – စစ်ဆေးမည့်ရက်၏ နေ့လည်ပိုင်းတွင် အိပ်စက်ခြင်းကို ရှောင်ပါ
  • တစ်ကိုယ်ရည်သန့်ရှင်းရေး – စစ်ဆေးမှုမတိုင်မီ ရေချိုးနိုင်သည်၊ သို့သော် လိုးရှင်းများ၊ ဂျဲလ်များလိမ်းခြင်း၊ ဆံပင်ဖြန်းဆေးများ၊ ရေမွှေးနှင့် မိတ်ကပ်များ သုံးစွဲခြင်း မပြုလုပ်ရပါ၊ စစ်ဆေးသည့် ကိရိယာ (Sensors) များ ကပ်ရာတွင် အနှောင့်အယှက် ဖြစ်စေနိုင်သည်
  • လိုအပ်သော အသုံးအဆောင်ပစ္စည်းများကို ကြိုတင်ပြင်ဆင်ခြင်း – စစ်ဆေးမှုအတွက် တစ်ညအိပ်ရန် လိုအပ်သော အသုံးအဆောင်ပစ္စည်းများကို ကြိုတင်ထုပ်ပိုးထားပါ
  • သောက်လက်စဆေးဝါးများ – ဆရာဝန်ညွှန်ကြားသည့်အတိုင်း ပုံမှန်သောက်သုံးနိုင်သည်
  • ဓာတ်မတည့်ခြင်းများကို ကြိုတင်အသိပေးပါ – အချို့သူများတွင် အရေပြားသည် လိမ်းဆေးများ၊ ဂျဲလ်များနှင့် ဓာတ်မတည့်ခြင်းရှိတတ်သောကြောင့် ဆရာဝန်များကို ကြိုတင်အသိပေးသင့်သည်
  • အိပ်စက်မှုမှတ်တမ်း (Sleep log)
    • စစ်ဆေးမှုမတိုင်ခင် ၁ ပတ်၊ ၂ ပတ်အလိုတွင် နေ့စဥ်အိပ်စက်မှုမှတ်တမ်းကို မှတ်ထားရန် လိုအပ်သည်
    • မှတ်တမ်းတွင် အိပ်ယာစဝင်ချိန်၊ နှစ်ခြိုက်စွာ အိပ်ပျော်ခြင်း ရှိမရှိ၊ ညဘက် ပြန်နိုးသောအချိန်နှင့် အကြိမ်အရေအတွက်၊ အိပ်ယာထချိန်၊ အိပ်ချိန်စုစုပေါင်း စသည်တို့အပြင် နေ့စဥ် ပြုလုပ်နေကျ အမူအကျင့်များ (ကော်ဖီ၊ အရက်သောက်ခြင်း၊ ဆေးဝါးများသောက်ရခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်း) နှင့် စိတ်ပိုင်းဆိုင်ရာအချက်များ (စိတ်ဖိစီးမှုများ၊ အိပ်ယာ၏ အနေအထား၊ အိပ်ယာနိုးချိန်တွင် ကြည်ကြည်လင်လင် နိုးထခြင်း) ကိုပါ မှတ်တမ်းတင်ခြင်းဖြစ်သည်

စစ်ဆေးခြင်းအဆင့်ဆင့်

  • စစ်ဆေးမည့်ရက် ညနေပိုင်းတွင် အိပ်စက်ခြင်းစစ်ဆေးသည့် စင်တာများသို့ သွားရောက်ပြီး တစ်ညအိပ်စက်၍ စစ်ဆေးရမည်
  • အိပ်ရာဝင်ချိန် အသုံးပြုနေကျ အသုံးအဆောင်ပစ္စည်းများ (ခေါင်းအုံး၊ စောင်၊ အိပ်ရာဝင်အင်္ကျီ၊ သွားတိုက်တံ စသည်) ကို ယူဆောင်နိုင်သည်၊ ပုံမှန်အိပ်ယာဝင်ချိန်အတိုင်း အိပ်စက်ပါ
  • စစ်ဆေးသည့်အခန်းသည် ကောင်းစွာအိပ်စက်နိုင်ရန်အတွက် တိတ်ဆိတ်ပြီး အလင်းရောင်မှိန်မှိန်သာ အသုံးပြုထားသည်၊ လိုအပ်ပါက မှောင်နေအောင် ပြုလုပ်ပေးထားသည်
  • အခန်းမီး အလင်းမှိန်မှိန်တွင်ပင် ကောင်းစွာမြင်ရသော ဗီဒီယိုကင်မရာနှင့် အသံဖမ်းကိရိယာများ တပ်ဆင်ထားပြီး အိပ်ပျော်စဥ် ပုံမမှန်လှုပ်ရှားမှုများကို ကြည့်ရှုနိုင်ရန်နှင့် စမ်းသပ်မှုခံယူသူနှင့် ပြောဆိုဆက်သွယ်နိုင်ရန်ဖြစ်သည်
  • အထက်ပါအတိုင်း ပြင်ဆင်ပြီးနောက်တွင် ကျွမ်းကျင်ပညာရှင်များက စမ်းသပ်မှု ခံယူသူ၏ ဦးရေပြား၊ နားထင်၊ ရင်ဘတ်၊ လက်နှင့် ခြေထောက်တို့တွင် အာရုံခံကိရိယာများ (Sensors) ကို တပ်ဆင်ပေးပြီး ထိုကိရိယာများနှင့် မှတ်တမ်းတင်စက်များကို ဝါယာကြိုးများဖြင့် ဆက်သွယ်ထားသည်
  • အိပ်ပျော်နေစဥ်အတွင်း အောက်ပါအချက်များကို မှတ်တမ်းတင်ထားမည်ဖြစ်သည်
    • ဦးနှောက်လှိုင်းများ
    • မျက်လုံးလှုပ်ရှားမှု
    • နှလုံးခုန်နှုန်း
    • အသက်ရှူပုံစံနှင့် သွေးထဲရှိ အောက်ဆီဂျင်
    • အိပ်သည့် ကိုယ်နေဟန်ထား
    • ဟောက်သံနှင့် အခြားအသံများ (စကားပြောခြင်း၊ ဂယောင်ဂတမ်းပြောခြင်း)
  • စစ်ဆေးမှု ပြုလုပ်နေစဥ်တစ်လျှောက်တွင် ကျွမ်းကျင်ပညာရှင်တစ်ဦးမှ သီးခြားအခန်းတစ်ခုမှ စောင့်ကြည့်ပေးနေမည် ဖြစ်သောကြောင့် စိုးရိမ်စရာမလိုပါ၊ တစ်စုံတစ်ရာ ပြောဆိုလိုပါက ဆက်သွယ်ပြောဆိုနိုင်ပြီး အိမ်သာသွားလာခြင်းအတွက် ဝါယာကြိုးများ ခေတ္တဖြုတ်ပေးခြင်း၊ ပြန်တပ်ဆင်ပေးခြင်းကိုလည်း ပြုလုပ်ပေးနိုင်သည်
  • တစ်ခါတစ်ရံ အိပ်ပျော်နေစဥ် အသက်ရှူရပ်တတ်သူများအတွက် အသက်ရှူအားကူစက် (CPAP) သုံးစွဲရန်အတွက် အဆင်ပြေမှု ရှိမရှိကိုလည်း တစ်ပြိုင်နက် တပ်ဆင်စစ်ဆေးပေးနိုင်သည်
  • စမ်းသပ်ခန်းတွင် အိပ်စက်ရခြင်းသည် မိမိအိမ်တွင် အိပ်သကဲ့သို့ သက်သောင့်သက်သာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ရန် ခက်ခဲနိုင်သော်လည်း စမ်းသပ်မှုရလဒ်များအပေါ် များစွာ သက်ရောက်မှု မရှိပါ

စစ်ဆေးပြီးနောက်

  • မနက်ပိုင်း အိပ်ယာနိုး၍ စစ်ဆေးမှု ပြီးဆုံးပါက အာရုံခံကိရိယာများကို ဖယ်ရှားပေးမည်ဖြစ်သည်
  • စစ်ဆေးမှုပြီးနောက်တွင် အထူးတလည် ရှောင်ကြဥ်ရန်အချက်များ မရှိပါ၊ ပုံမှန် နေ့စဥ်လုပ်ငန်းဆောင်တာများကို ချက်ချင်းပြန်လည် လုပ်ဆောင်နိုင်သည်
  • အဖြေရလဒ်ကို ဆွေးနွေးရန်အတွက် မိသားစုဆရာဝန် သို့မဟုတ် စစ်ဆေးမှုပြုလုပ်ရန် ညွှန်ကြားသော အထူးကုဆရာဝန်များနှင့် ပြန်လည်ပြသရန် ရက်ချိန်းယူရမည်ဖြစ်သည်
  • အိမ်တွင် စစ်ဆေးသူများသည် နောက်တစ်ရက်တွင် စစ်ဆေးသည့်ကိရိယာများကို သက်ဆိုင်ရာနေရာသို့ ပြန်လည်ပို့ပေးရမည်ဖြစ်သည်
နောက်ဆက်တွဲပြဿနာများ
  • ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်ခြင်း အလွန်ရှားပါးသည်
  • များသောအားဖြင့် အရေပြားတွင် ကပ်သော အာရုံခံကိရိယာများကြောင့် ယားယံခြင်း၊ ကပ်ခွာများ၊ လိမ်းဆေးဂျဲလ်များနှင့် ဓာတ်မတည့်ခြင်းတို့ ဖြစ်ပေါ်သည်ကို တွေ့ရသည်
  • မရင်းနှီးသောနေရာအသစ်တွင် အိပ်ရခြင်းကြောင့် ကောင်းစွာနှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ခြင်းလည်း ရှိနိုင်သည်
အဖြေရလဒ်များ

အိပ်စက်ခြင်းဆိုင်ရာ စစ်ဆေးမှုတွင် ကျွမ်းကျင်ပညာရှင်များ (Technologists) က အချက်အလက်များကို မှတ်တမ်းတင်ထားပြီး ထိုမှတ်တမ်းအချက်အလက်များကို အိပ်စက်ခြင်းဆိုင်ရာ ဆေးပညာအထူးကုဆရာဝန် (Sleep medicine Physician) မှ ကြည့်ရှုကာ လူနာ၏လက္ခဏာများနှင့် ချိတ်ဆက်၍ ဖြစ်နိုင်သော ရောဂါအခြေအနေများကို ကောက်ချက်ချ ရလဒ်ထုတ်ပေးမည်ဖြစ်သည်။ ရလဒ်အဖြေထွက်ရန် ရက်အနည်းငယ် သို့မဟုတ် သီတင်းပတ် အနည်းငယ် ကြာနိုင်သည်။ ရလဒ်အပေါ်မူတည်၍ သက်ဆိုင်ရာရောဂါများအလိုက် ဆက်လက်စစ်ဆေးရန် လိုအပ်ချက်များ သို့မဟုတ် ကုသမှု အစီအစဥ်များကို ဆရာဝန်က ဆွေးနွေးပေးမည် ဖြစ်သည်။ ဥပမာအားဖြင့်_

  • အိပ်စက်မှုအဆင့်လိုက် ပြောင်းလဲသော ဦးနှောက်လှိုင်းပြောင်းလဲမှုများနှင့် မျက်လုံးလှုပ်ရှားမှုများ အပါအဝင် ခန္ဓာကိုယ်လှုပ်ရှားမှုများနှင့် အပြုအမူများကို ကြည့်ရှုခြင်းဖြင့် Narcolepsy or REM ပုံစံ အိပ်စက်ခြင်းဆိုင်ရာရောဂါများဟု အဖြေထုတ်ခြင်း
  • အိပ်ပျော်ချိန်တွင် ဖြစ်ပေါ်သော ပုံမှန်မဟုတ်သည့် နှလုံးခုန်နှုန်းနှင့် အသက်ရှူနှုန်း ပြောင်းလဲခြင်း၊ သွေးတွင်းအောက်ဆီဂျင် ပြောင်းလဲမှုများ (Apnea-Hypopnea Index) ကို ကြည့်ရှု၍ အိပ်ပျော်စဥ် အသက်ရှူလမ်းကြောင်းပိတ်ဆို့၍ အသက်ရှူရပ်ခြင်း (Sleep apnea) ရောဂါကို အတည်ပြုခြင်း
  • လုံလောက်သော အိပ်စက်မှုရရှိခြင်း (Sleep efficiency) ကို စစ်ဆေးခြင်း – အိပ်စက်မှုပုံစံများ ဖြစ်သည့် REM နှင့် NREM အဆင့်အလိုက် ကြာမြင့်ချိန်များကို စစ်ဆေးခြင်း စသည်တို့ဖြစ်သည်။
နောက်ဆက်တွဲစောင့်ရှောက်မှုများ

သက်ဆိုင်ရာဆရာဝန်များက စစ်ဆေးမှုအဖြေရလဒ်များကို လူနာထံ ရှင်းပြပေးမည်ဖြစ်သည်။ ထို့နောက် ရောဂါအလိုက် အောက်ပါအချက်များကို ဆက်လက်ပြုလုပ်ရန် ညွှန်ကြားမည်ဖြစ်သည်။

  • နေ့ဘက်တွင် အလွန်အမင်းအိပ်ငိုက်သူများအတွက် multiple sleep latency testing (MSLT) စစ်ဆေးမှု ဆက်လက်ပြုလုပ်ခြင်း
  • အသက်ရှူလမ်းကြောင်း ပိတ်ဆို့သူများအတွက် ကျန်းမာသော ကိုယ်အလေးချိန်သို့ လျှော့ချခြင်း
  • လိုအပ်သော ကုသမှုများကို လမ်းညွှန်ခြင်း (ဥပမာ_ အသက်ရှူလမ်းကြောင်း ပိတ်ဆို့သူများအတွက် CPAP/BiPAP ကုသမှုများ လမ်းညွှန်ခြင်းတို့ကို ပြုလုပ်ပေးမည်ဖြစ်သည်)

References:

  1. Mayo Clinic. (n.d.). Polysomnography (sleep study). Retrieved May 12, 2026, from https://www.mayoclinic.org/tests-procedures/polysomnography/about/pac-20394877
  2. Cleveland Clinic. (n.d.). Sleep study (polysomnography). Retrieved May 12, 2026, from https://my.clevelandclinic.org/health/diagnostics/12131-sleep-study-polysomnography
  3. Verywell Health. (n.d.). What to expect in a sleep study. Retrieved May 12, 2026, from https://www.verywellhealth.com/what-to-expect-in-a-sleep-study-3015121
  4. Johns Hopkins Medicine. (n.d.). Sleep study. Retrieved May 12, 2026, from https://www.hopkinsmedicine.org/health/treatment-tests-and-therapies/sleep-study
  5. NCBI Bookshelf. (2023). Sleep study. In StatPearls. Retrieved May 12, 2026, from https://www.ncbi.nlm.nih.gov/books/NBK526132/

Published: 24 May 2026

Share

24 May 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.