Sleep paralysis (အိပ်စက်စဥ် လှုပ်ရှားမရခြင်း)

Sleep paralysis (အိပ်စက်စဥ် လှုပ်ရှားမရခြင်း)

အိပ်စက်စဉ် လှုပ်ရှားမရခြင်း (Sleep paralysis) ဆိုသည်မှာ လူများ အိပ်ပျော်စအချိန်၊ အိပ်ရာမှ နိုးထမည့်အချိန်များတွင် ခြေလက်များ လှုပ်ရှား၍မရဟု ခံစားရသော အိပ်စက်ခြင်းဆိုင်ရာ မူမမှန်သည့် အခြေအနေတစ်မျိုးဖြစ်သည်။ ဤအခြေအနေတွင် အသိစိတ်ကြည်လင်စွာ ရှိနေသော်လည်း ခန္ဓာကိုယ်၏ မည်သည့် အစိတ်အပိုင်းကိုမျှ လှုပ်ရှား၍မရဘဲ အမြင်အာရုံ၊ အကြားအာရုံအပြင် အခြားအာရုံခံစားမှုဆိုင်ရာ ထင်ယောင်ထင်မှားဖြစ်ခြင်းများလည်း ခံစားရတတ်သည်။ ဤအခြေအနေသည် လူများ အိပ်တစ်ဝက်၊ နိုးတစ်ဝက်ဖြစ်နေသည့် အိပ်ပျော်ခြင်းအဆင့်များ ကူးပြောင်းသည့်အချိန်တွင် ဖြစ်ပေါ်လေ့ရှိသည်။

အိပ်စက်စဉ် လှုပ်ရှားမရခြင်းသည် တိုတောင်းသောအချိန်ကာလအတွင်းသာ ဖြစ်ပေါ်တတ်သော်လည်း စိုးထိတ်ဖွယ်ကောင်းသော စိတ်ခံစားမှုအခြေအနေတစ်ခုဖြစ်သည်။ ခန္ဓာကိုယ်မလှုပ်ရှားနိုင်ချိန်တွင် ကြောက်ရွံ့ခြင်း၊ ပူပန်ခြင်းများ ခံစားရသည်။ ဖြစ်ပေါ်ပြီးချိန်တွင် မူလအတိုင်းကောင်းစွာ ပြန်လည်လှုပ်ရှားနိုင်သော်လည်း စိတ်ရှုပ်ထွေးနေနိုင်သည်။ အဓိကအားဖြင့် စိတ်ပိုင်းဆိုင်ရာ ခံစားမှုများကိုသာ ဖြစ်စေပြီး ကိုယ်ခန္ဓာကို ထိခိုက်စေခြင်း မရှိပါ။

ကမ္ဘာ့လူဦးရေ၏ (၂၀ မှ ၃၀) ရာခိုင်နှုန်းသည် တစ်သက်တာတွင် အနည်းဆုံး တစ်ကြိမ်မျှ အိပ်စက်ချိန် လှုပ်ရှားမရခြင်း ခံစားရနိုင်သည်။ အလုပ်၌ ဖိအားများလွန်းလျှင်၊ အိပ်ရေးအလွန်ပျက်လျှင် Sleep paralysis ရနိုင်ခြေများသည်။

ဤသို့ အိပ်စက်ချိန် လှုပ်ရှားမရခြင်းကို လူမျိုး၊ ယဉ်ကျေးမှု၊ ယုံကြည်ကိုးကွယ်မှုများကိုလိုက်၍ အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆိုတတ်ကြသည်။ “ဘီလူးစီးခြင်း”၊ “ထမင်းလုံးတစ္ဆေခြောက်ခြင်း” စသည်ဖြင့် အိပ်စက်ခြင်းကို မကောင်းဆိုးဝါး နှောင့်ယှက်ခြင်းဟု ပြောဆိုတတ်ကြသည်။ အချို့ကမူ ဝိညာဉ်စီးခြင်း၊ အကြားအမြင်ရခြင်းများဟုလည်း ယူဆတတ်ကြသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အိပ်စက်စဉ် လှုပ်ရှားမရခြင်း ဖြစ်ပေါ်စေသည့် အကြောင်းရင်း အတိအကျကို မသိရှိသေးသော်လည်း အောက်ပါအခြေအနေများနှင့် ယှဉ်တွဲ၍တွေ့ရနိုင်သည်။

  • အိပ်စက်မှု ပုံစံမမှန်ခြင်း
    • အိပ်ချိန်မလုံလောက်ခြင်း၊ အိပ်ရေးပျက်ခြင်းများ
    • အလုပ်တာဝန်များကြောင့် အိပ်စက်ချိန်မမှန်ခြင်း
  • အိပ်စက်ခြင်းဆိုင်ရာရောဂါများ
    • ဥပမာ_
      • ရုတ်ခြည်း အိပ်မောကျခြင်း ရောဂါ (Narcolepsy)
      • အိပ်ပျော်နေစဉ် အသက်ရှူလမ်းကြောင်းပိတ်ဆို့၍ အသက်ရှူရပ်ခြင်း (Obstructive Sleep Apnoea – OSA)
      • ကာလရှည် အိပ်မပျော်ခြင်း၊ ဇီဝနာရီ ပုံမမှန်ဖြစ်ခြင်း (Circadian rhythm disorder)
  • စိတ်ကျန်းမာရေးအခြေအနေများ
    • စိုးရိမ်စိတ်လွန်ကဲခြင်း (Anxiety)
    • ပြင်းထန်စိတ်ဖိစီးမှုဒဏ်သင့်ဝေဒနာ (PTSD)
    • ကြောက်ရွံ့ထိတ်လန့်မှု လွန်ကဲသည့်ရောဂါ (Panic disorder)
  • ဆေးဝါးများ
    • ADHD ရောဂါကုဆေးဝါးများ၊ အရက်၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော အခြားဆေးများကြောင့် ဖြစ်နိုင်သည်။
အိပ်စက်ခြင်းအဆင့်များနှင့် Sleep Paralysis

အိပ်စက်ခြင်းကို အဓိကအားဖြင့် Rapid Eye Movement (REM) နှင့် Non-Rapid Eye Movement (NREM) အဆင့်များအဖြစ် ခွဲခြားထားသည်။ NREM အဆင့်တွင် ဦးနှောက်လှုပ်ရှားမှုများ လျော့ကျနေပြီး REM အဆင့်တွင် ဦးနှောက်လှုပ်ရှားမှုများသည် နိုးထနေချိန်ကဲ့သို့ တက်ကြွလှုပ်ရှားလျက်ရှိသည်။ အိပ်စက်စဥ် လှုပ်ရှားမရခြင်း (Sleep paralysis) သည် REM အဆင့် စတင်ချိန်နှင့် ပြီးဆုံးလုအချိန်များတွင် ဖြစ်ပွါးသည်။ ထို့ကြောင့် အသိစိတ်ကောင်းစွာရှိနေသော်လည်း ကြွက်သားများ လှုပ်ရှား၍မရခြင်းဖြစ်သည်။

ရောဂါလက္ခဏာများ

အိပ်စက်စဥ် လှုပ်ရှားမရခြင်း ဖြစ်စဥ်သည် အသက်အရွယ်မရွေးဖြစ်ပွါးနိုင်သည်။ အသက် (၂၀) မှ (၃၀) ကြား အရွယ်များတွင် အဖြစ်များသည်။ အချို့တွင် မိသားစုအတွင်း မျိုးရိုးလိုက်တတ်သည်။ ရောဂါလက္ခဏာများမှာ_

  • ခြေလက်များ လှုပ်ရှား၍မရခြင်း
  • စကားပြောဆိုခြင်း၊ အသံပြုခြင်းများ မပြုလုပ်နိုင်ခြင်း
  • ကြောက်ရွံ့ထိတ်လန့်ခြင်း
  • စိုးရိမ်ပူပန်ခြင်း
  • ကူကယ်ရာမဲ့ဖြစ်ခြင်း စသည့် လက္ခဏာများ ဖြစ်ပွါးနိုင်သည်။ ဤအချိန်တွင် ဖြစ်ပွါးသူသည် အသိစိတ်ကောင်းစွာရှိနေသည်။

ဤလက္ခဏာများနှင့်အတူ လှုံ့ဆော်မှုမဲ့အာရုံမှားခံစားရခြင်း (Hallucinations) အမျိုးမျိုး ခံစားရနိုင်သည်။ အိပ်ပျော်နေစဥ် လှုံ့ဆော်မှုမဲ့အာရုံမှားခံစားရခြင်း (Hypnagogic hallucinations) များခံစားရနိုင်သကဲ့သို့ အိပ်ရာမှနိုးလာစဥ် လှုံ့ဆော်မှုမဲ့အာရုံမှားခံစားရခြင်း (Hypnopompic hallucinations) များလည်း ရှိတတ်သည်။

  • မိမိအနားတွင် အန္တရာယ်ရှိသူတစ်ဦးဦးရှိသကဲ့သို့ ခံစားရခြင်း – Intruder hallucinations
  • ရင်ဘတ်ပေါ် အလေးတုံးဖိထားသကဲ့သို့ လေးလံခြင်း၊ အသက်ရှူ မွန်းကျပ်မှု ခံစားရခြင်း – Chest pressure hallucinations
  • ပျံသန်းနေသကဲ့သို့ လှုပ်ရှားမှုများခံစားရခြင်း၊ လိပ်ပြာလွင့်သကဲ့သို့ (စိတ်နှင့်ခန္ဓာ ခေတ္တကွဲကွာမှု) – Vestibulo-motor hallucinations ခံစားရခြင်း စသည့်အခြေအနေများ ကြုံတွေ့နိုင်သည်။

အိပ်စက်စဥ် လှုပ်ရှားမရခြင်း ဖြစ်စဥ်တစ်ခုသည် စက္ကန့်အနည်းငယ် မှ မိနစ် (၂၀) မျှအထိ ကြာမြင့်နိုင်သည်။ အများအားဖြင့် မိနစ်အနည်းငယ်ကြာ ဖြစ်ပွါးလေ့ရှိသည်။

ဤဖြစ်စဥ်ဖြစ်ပွါးချိန်တွင် ခံစားနေရသူသည် ကောင်းစွာသတိရှိနေသော်လည်း အခြားသူများကို အသံဖြင့် သို့မဟုတ် လှုပ်ရှားမှုများဖြင့် ဆက်သွယ်အသိပေးခြင်း မပြုနိုင်ပေ။ အခြားသူတစ်ဦးမှ စကားသံပြုခြင်း၊ ထိတွေ့ခြင်း သို့မဟုတ် ခံစားရသူမှ အပြင်းအထန်ရုန်းကန်ခြင်းဖြင့် ဤဖြစ်စဥ်မှ နိုးထနိုင်သည်။ ခံစားရသူသည် နိုးထလာချိန်တွင် အနည်းငယ် စိတ်ရှုပ်ထွေးမှုရှိခြင်းမှလွဲ၍ အခြားပြင်းထန်သော ကိုယ်ခန္ဓာထိခိုက်မှုများ မရှိပါ။ နောက်ရက်တွင် အိပ်ရေးမဝခြင်း၊ နုံးနယ်ခြင်း ခံစားရနိုင်သည်။

နောက်ဆက်တွဲပြဿနာများ

အိပ်စက်စဉ် လှုပ်ရှားမရခြင်းသည် ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ထိခိုက်မှုမရှိဘဲ အသက်အန္တရာယ်ဖြစ်စေနိုင်ခြင်း မရှိသော်လည်း ဖြစ်ပေါ်သူ (၁၀) ရာခိုင်နှုန်းမျှတွင် မကြာခဏပြန်လည် ဖြစ်ပေါ်တတ်သည်။ ထိုသူများတွင် အိပ်စက်ခြင်းနှင့် ပတ်သက်၍ မကောင်းသော စိတ်ခံစားချက်များ ဖြစ်ပေါ်လာတတ်သည်။ အိပ်ရာဝင်ရန် ကြောက်လန့်ခြင်း၊ အိပ်ပျော်လျှင် ဤဖြစ်စဉ် ခံစားရမည်ကို စိုးရိမ်ပူပန်ခြင်းများ ခံစားရသည်။ ထိုအခါ နှစ်ခြိုက်စွာ အိပ်ပျော်ရန် ခက်ခဲလာခြင်း၊ အိပ်စက်ချိန် နည်းလာခြင်းများ ကြုံတွေ့လာရသည်။ ထိုမှတစ်ဆင့် နေ့အချိန် အလွန်အမင်း အိပ်ငိုက်ခြင်း၊ အိပ်မောကျခြင်းနှင့် အိပ်စက်ချိန်မလုံလောက်ခြင်း၏ အခြားပြဿနာများ ဖြစ်ပေါ်နိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အိပ်စက်စဥ် လှုပ်ရှားမရခြင်းသည် မကြာခဏဖြစ်ပွါးခြင်း၊ နောက်ဆက်တွဲပြဿနာများ ဖြစ်ပွါးခြင်းများရှိလျှင် မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

သက်ဆိုင်ရာဆရာဝန်မှ ရောဂါလက္ခဏာများ၊ အိပ်စက်ချိန် ပမာဏနှင့် နှစ်ခြိုက်စွာ အိပ်ပျော်ခြင်း ရှိမရှိ၊ သောက်သုံးနေသော ဆေးဝါးများ၊ အခံ‌ရောဂါများ၊ စိတ်ကျန်းမာရေးအခြေအနေ စသည့် ရောဂါရာဇဝင် မေးမြန်းခြင်း၊ စမ်းသပ်ခြင်းများ ပြုလုပ်မည်။ အခြားအိပ်စက်မှုဆိုင်ရာပြဿနာများ (Sleep disorders) ကို သံသယရှိပါက_

  • အိပ်စက်ခြင်း မှတ်တမ်းများ – Sleep history, Sleep records
  • အိပ်စက်ချိန် ခန္ဓာကိုယ်ပြောင်းလဲမှုများ စောင့်ကြည့်စစ်ဆေးခြင်း – An overnight sleep study (Polysomnogram)
  • အိပ်ပျော်ရန် ကြာချိန်နှင့် အိပ်စက်မှု အရည်အသွေးတိုင်းတာခြင်း – Multiple sleep latency test (MSLT) စသည့် အိပ်စက်မှုဆိုင်ရာ စစ်ဆေးချက်များ ပြုလုပ်လိမ့်မည်။
ကုသခြင်း

အိပ်စက်စဉ် လှုပ်ရှား၍မရခြင်း ဖြစ်ပေါ်နေချိန်တွင် အမြန်ရပ်တန့်စေရန် ကုသနိုင်ခြင်းမရှိသော်လည်း ဤဖြစ်စဉ် ဖြစ်ပေါ်မှုအကြိမ်ရေကို လျော့ကျစေရန်နှင့် စိုးရိမ်စိတ်များကို ထိန်းချုပ်ရန်အတွက် အောက်ပါအတိုင်း ကုသနိုင်သည်။

  • ကောင်းမွန်သော အိပ်စက်မှု အလေ့အကျင့် (Sleep Hygiene) ကို လိုက်နာခြင်း
    • ၎င်းသည် အခြေခံအကျဆုံးနှင့် အထိရောက်ဆုံး ကုသမှုဖြစ်သည်
    • တိကျသော အိပ်စက်ချိန် အချိန်ဇယား ပြုလုပ်ကျင့်သုံးခြင်း၊ အလင်းရောင်နှင့် အသံကို ကောင်းစွာ ထိန်းညှိထားသော အိပ်စက်ရန်နေရာ ထားရှိခြင်းနှင့် အိပ်စက်ချိန်မလုံလောက်မှုကို လျှော့ချခြင်းတို့ ပါဝင်သည်
  • အိပ်စက်သည့် အနေအထား ပြောင်းလဲခြင်း
    • ပက်လက်အနေအထားဖြင့် အိပ်စက်ခြင်းကို ရှောင်ကြဉ်ပြီး ဘေးတစောင်းအိပ်ခြင်းကို ကျင့်သုံးရမည်
    • လေ့လာမှုများအရ ပက်လက်အိပ်ခြင်းသည် ဤဖြစ်စဉ်ကို ပိုမိုဖြစ်ပွားစေသည်ကို တွေ့ရှိရသည်
  • သိမှုအပြုအမူဆိုင်ရာကုထုံး (CBT-I)
    • အိပ်မပျော်ခြင်းအတွက် အသုံးပြုသော သိမှုအပြုအမူဆိုင်ရာကုထုံး (Cognitive Behavioral Therapy for Insomnia) သည် Sleep paralysis ကြောင့် ဖြစ်ပေါ်လာသော အိပ်စက်ရန် ကြောက်ရွံ့ခြင်းနှင့် စိုးရိမ်ပူပန်မှုများကို ကုသရာတွင် အလွန်ထိရောက်သည်
  • အီလက်ထရွန်နစ် ပစ္စည်းများ ရှောင်ကြဉ်ခြင်း
    • တီဗီ၊ ဖုန်း စသည့် Screen များကို အိပ်စက်ချိန်မရောက်မီ အနည်းဆုံး တစ်နာရီကြိုတင် ရှောင်ရှားခြင်းဖြင့် ဦးနှောက်ကို အနားယူစေရမည်
  • အစားအသောက်နှင့် လှုံ့ဆော်မှုများ ထိန်းချုပ်ခြင်း
    • ကော်ဖီ၊ အရက်၊ နစ်ကိုတင်းနှင့် လှုံ့ဆော်မှုဖြစ်စေနိုင်သော အစားအစာများကို အိပ်ခါနီးအချိန်တွင် လုံးဝရှောင်ကြဉ်ရမည်
  • စိတ်ဖိစီးမှုအတွက် ဆွေးနွေးကုသခြင်း
    • စိတ်ဖိစီးမှုနှင့် စိုးရိမ်စိတ်များအတွက် တတ်ကျွမ်းသည့် ပညာရှင်များဖြင့် နှစ်သိမ့်ဆွေးနွေး ကုသခြင်း (Counseling) ခံယူရမည်
  • ဆေးဝါးဖြင့် ကုသခြင်း
    • အကယ်၍ ဤဖြစ်စဉ်သည် ရုတ်ခြည်းအိပ်မောကျခြင်း (Narcolepsy) ကဲ့သို့သော ရောဂါများနှင့် ဆက်စပ်နေပါက သို့မဟုတ် မကြာခဏ ပြင်းထန်စွာ ဖြစ်ပွားနေပါက လိုအပ်သောဆေးဝါးများကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သုံးစွဲနိုင်သည်
ကာကွယ်ခြင်း

အိပ်စက်စဉ် လှုပ်ရှား၍မရခြင်းကို လုံးဝမဖြစ်စေရန် ကာကွယ်၍ မရနိုင်သော်လည်း ဖြစ်ပွားနိုင်ခြေကို အောက်ပါနည်းလမ်းများဖြင့် အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်သည်။

  • ပုံမှန်အိပ်စက်မှုစနစ်ကို ထိန်းသိမ်းပါ – နေ့စဉ် တူညီသောအချိန်တွင် အိပ်ရာဝင်ခြင်းနှင့် နိုးထခြင်းကို ပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်၏ ဇီဝနာရီကို ပုံမှန်ဖြစ်စေရမည်
  • စိတ်နှင့်ခန္ဓာကိုယ် အနားယူပါ – အိပ်စက်ချိန်မတိုင်မီ စာအုပ်ဖတ်ခြင်း၊ သာယာသော တေးသံနားထောင်ခြင်း သို့မဟုတ် တရားထိုင်ခြင်းကဲ့သို့သော စိတ်ပြေလျော့စေမည့် နည်းလမ်းများကို ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ကာကွယ်နိုင်သည်
  • နေ့ခင်းဘက် အိပ်ခြင်းကို ကန့်သတ်ပါ – နေ့ခင်းဘက်တွင် အချိန်အကြာကြီး အိပ်စက်ခြင်းသည် ညဘက်အိပ်စက်မှု အဆင့်ဆင့်ကို ကမောက်ကမဖြစ်စေနိုင်သဖြင့် (၁၅-၂၀) မိနစ်ထက် ပိုမအိပ်သင့်ပါ
  • ကျန်းမာသော လူနေမှုဘဝပုံစံကို ကျင့်သုံးပါ – ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ဆောင်ခြင်းနှင့် အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေသော အလေ့အထများကို ရှောင်ကြဉ်ခြင်းသည် အိပ်စက်စဥ် လှုပ်ရှားမရခြင်းကို လျော့ကျစေသည့် အကောင်းဆုံးနည်းလမ်းဖြစ်သည်

References:

  1. Buzzi, G. (2023). Exploring recurrent isolated sleep paralysis. Neurology Live. Retrieved March 9, 2026, from https://www.neurologylive.com/view/exploring-recurrent-isolated-sleep-paralysis
  2. Cleveland Clinic. (2024). Sleep paralysis. Retrieved March 9, 2026, from https://my.clevelandclinic.org/health/diseases/21974-sleep-paralysis
  3. Cleveland Clinic. (2025). Parasomnias. Retrieved March 9, 2026, from https://my.clevelandclinic.org/health/diseases/12133-parasomnias–disruptive-sleep-disorders
  4. Mayo Clinic. (n.d.). Narcolepsy – Symptoms and causes. Retrieved March 9, 2026, from https://www.mayoclinic.org/diseases-conditions/narcolepsy/symptoms-causes/syc-20375497
  5. National Sleep Foundation. (2024). Do I have narcolepsy? Retrieved March 9, 2026, from https://www.thensf.org/do-i-have-narcolepsy/
  6. Restivo, J. (2023). Sleep paralysis: Causes, symptoms, and treatments. Harvard Health Publishing. Retrieved March 9, 2026, from https://www.health.harvard.edu/diseases-and-conditions/sleep-paralysis-causes-symptoms-and-treatments
  7. Sleep Foundation. (2024). Sleep paralysis: Symptoms, causes, and treatment. Retrieved March 9, 2026, from https://www.sleepfoundation.org/parasomnias/sleep-paralysis
  8. WebMD. (n.d.). Sleep paralysis. Retrieved March 9, 2026, from https://www.webmd.com/sleep-disorders/sleep-paralysis

Published: 17 March 2025

Last updated: 23 April 2026

Share

26 March 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.