အိပ်ပျော်လျက် လမ်းထလျှောက်ခြင်း (Sleepwalking) သည် အိပ်ပျော်နေစဥ် ပုံမှန်မဟုတ်သော အပြုအမူများ ဖြစ်ပေါ်ခြင်း (Parasomnia) ဖြစ်စဥ်များအနက်မှ အမျိုးအစားတစ်မျိုးဖြစ်ပြီး၊ ဆေးပညာဝေါဟာရအရ Somnambulism ဟုခေါ်သည်။ လူတစ်ဦး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရာမှ တစ်စိတ်တစ်ပိုင်း နိုးကြားလာပြီး အိပ်နေရာမှ ထထိုင်ခြင်း၊ အိပ်ရာထဲမှ ထွက်လာခြင်းနှင့် လမ်းလျှောက်ခြင်းအပြင် ရှုပ်ထွေးသောလုပ်ဆောင်ချက်များကို ကိုယ်တိုင်က မသိရှိဘဲ လုပ်ဆောင်နေမိခြင်းဖြစ်သည်။ အိပ်ပျော်လျက် လမ်းထလျှောက်ခြင်းသည် မည်သည့်အသက်အရွယ်တွင်မဆို စတင်ဖြစ်ပေါ်နိုင်သော်လည်း ကလေးများတွင် ပိုအဖြစ်များသည်။ အများစုသည် အပျိုဖော် လူပျိုဖော်ဝင်စအချိန်မှ ဆယ်ကျော်သက်အရွယ်ရောက်ချိန်တွင် သက်သာသွားတတ်သော်လည်း တစ်ခါတစ်ရံ အရွယ်ရောက်ပြီးသည်အထိ ဆက်ရှိနေနိုင်သည်။
အိပ်ပျော်လျက် လမ်းထလျှောက်ခြင်းဖြစ်စဥ်သည် ကလေးစတင်အိပ်ပျော်ပြီး နာရီအနည်းငယ်အတွင်း ဖြစ်လေ့ရှိပြီး စက္ကန့်ပိုင်း မှ မိနစ်ပိုင်းအထိ ကြာမြင့်နိုင်သည်။ အနီးပတ်ဝန်းကျင်မှ လူများအား အထိတ်တလန့် ဖြစ်စေနိုင်သော်လည်း ယေဘုယျအားဖြင့် စိုးရိမ်ဖွယ် အခြားပြဿနာများ မရှိပါ။ သို့ရာတွင် ထိုဖြစ်စဥ်ကြောင့် ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် မကြာခဏ ဆက်တိုက် ညဘက်လမ်းထလျှောက်ခြင်း ဖြစ်လာပါက ကလေးတွင် နှစ်ခြိုက်စွာအိပ်ပျော်သည့်အချိန် လျော့နည်းလာခြင်း၊ နေ့ခင်းဘက်တွင် အလွန်အမင်းအိပ်ငိုက်ခြင်းနှင့် အခြားနောက်ဆက်တွဲပြဿနာများ ဖြစ်လာနိုင်သဖြင့် ကုသမှုပေးရန် လိုအပ်နိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အိပ်စက်ခြင်းစက်ဝန်းကို အဓိကအားဖြင့် Rapid Eye Movement (REM) နှင့် Non-Rapid Eye Movement (NREM) အဆင့်များအဖြစ် ခွဲခြားထားသည်။ NREM အဆင့်တွင် ဦးနှောက်လှုပ်ရှားမှုများ လျော့ကျနေပြီး REM အဆင့်တွင် ဦးနှောက်လှုပ်ရှားမှုများသည် နိုးထနေချိန်ကဲ့သို့ တက်ကြွလှုပ်ရှားလျက်ရှိသည်။ Sleepwalking သည် NREM အဆင့်၏ အနက်ရှိုင်းဆုံးအဆင့် [အဆင့် (၃)] တွင် ဖြစ်ပေါ်လေ့ရှိသည်။
Sleepwalking ဖြစ်ပေါ်စေသည့် အကြောင်းရင်းအတိအကျကို မသိရှိရပါ။ ကလေးများတွင် အိပ်စက်ခြင်း၊ နိုးထခြင်း သဘာဝစက်ဝန်းများကို ထိန်းညှိပေးနိုင်သည့် ဦးနှောက်စွမ်းရည် ကောင်းစွာမဖွံ့ဖြိုးသေးသောကြောင့် ဖြစ်နိုင်သည်ဟု ယူဆကြသည်။ ကလေးအများစုသည် အာရုံကြောစနစ်များ ဖွံ့ဖြိုးလာသည်နှင့်အမျှ ထိုလက္ခဏာများ သက်သာသွားမည်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ အသက်ကြီးမှစဖြစ်ခြင်း သို့မဟုတ် အရွယ်ရောက်ပြီးသည်အထိ ဖြစ်နေပါက စိတ်ပိုင်းဆိုင်ရာ အကြောင်းရင်းများကြောင့် ဖြစ်နိုင်သည်။
ဖြစ်နိုင်ခြေများသူများ
- မိသားစုမျိုးရိုး _ မိဘများတွင် အိပ်ပျော်လျက် လမ်းထလျှောက်ခြင်း ရာဇဝင်ရှိပါက သားသမီးများတွင် ဖြစ်နိုင်ခြေ ပိုများသည်
- အသက်အရွယ် _ လူကြီးများထက်စာလျှင် ကလေးများတွင် ပိုအဖြစ်များသည်
ဖြစ်စေနိုင်သည်ဟု ယူဆနိုင်သော အခြေအနေများ
ထို့အပြင် အိပ်ပျော်လျက် လမ်းထလျှောက်ခြင်းကို အောက်ပါရောဂါအခြေအနေများနှင့်လည်း တွဲ၍တွေ့နိုင်သည်။
- အိပ်စက်ချိန် လုံလောက်စွာ မရှိခြင်း
- အိပ်စက်ချိန် အပြောင်းအလဲဖြစ်ခြင်း (ခရီးထွက်ခြင်း၊ အိပ်ရာပြောင်းခြင်း)
- စိတ်ဖိစီးမှုများခြင်း
- ဖျားခြင်း
- အိပ်နေစဉ် အသက်ရှူခဏရပ်တတ်သော ရောဂါရှိခြင်း (OSA)
- ကော်ဖီ၊ လက်ဖက်စသည့် ကဖိန်းဓာတ်ပါသော အစားအသောက်များ စားသောက်ခြင်း
- အရက်သောက်ခြင်း
- ဦးနှောက်အာရုံကြောကို ထိခိုက်စေသည့် အချို့သောဆေးများ၊ စိတ်ကိုစွဲလမ်းစေသော ဆေးဝါးများ သုံးစွဲခြင်း
- စိတ်ကျန်းမာရေးအခြေအနေများ (ဥပမာ _ စိတ်ဓာတ်ကျခြင်း၊ စိတ်ပူပန်မှုများခြင်း) စသည်တို့ဖြစ်သည်။
ယှဉ်တွဲလာတတ်သော လက္ခဏာများ
အိပ်ပျော်လျက် လမ်းလျှောက်ခြင်းသည် အများအားဖြင့် အိပ်ပျော်ပြီး (၁)နာရီ မှ (၂)နာရီအတွင်း (ညဦးပိုင်းတွင်) ဖြစ်လေ့ရှိသည်။ ခဏတာ တရေးတမော အိပ်စက်ချိန် (Nap time) များတွင် ဖြစ်ခဲသော်လည်း တစ်ခါတစ်ရံ ဖြစ်နိုင်ခြေရှိသည်။ အချိန်အားဖြင့် မိနစ်အနည်းငယ်မှသည် ပိုမိုကြာမြင့်သည်။
အိပ်ပျော်လျက် လမ်းလျှောက်ခြင်းနှင့်အတူ တွေ့နိုင်သော လက္ခဏာများမှာ_
- အိပ်ရာပေါ်တွင် ထထိုင်ပြီး မျက်လုံးဖွင့်ကြည့်ခြင်း
- အိပ်ရာမှထ၍ လမ်းလျှောက်ခြင်း
- မျက်လုံးများမှာ ပွင့်နေသော်လည်း ကြောင်တောင်တောင် ဖြစ်နေခြင်း
- တစ်ခြားသူမှ စကားပြောလျှင် တုံ့ပြန်မှုမရှိခြင်း
- လှုပ်နှိုးသော်လည်း နိုးရန် ခက်ခဲခြင်း
- နိုးလာသည့်အခါ ခဏတာ ဇဝေဇဝါဖြစ်ခြင်း၊ စိတ်ရှုပ်ထွေးနေတတ်ခြင်း
- မနက်နိုးချိန်တွင် ညက လမ်းလျှောက်ခဲ့သည်ကို မမှတ်မိခြင်း
- အော်ဟစ်ခြင်း၊ ခြေလက်များ ယမ်းခြင်း (Sleep terrors) နှင့် အတူတွဲဖြစ်ခြင်းတို့ဖြစ်ပြီး
တစ်ခါတစ်ရံတွင် ပိုမိုဆိုးရွားသော လုပ်ဆောင်ချက်များဖြစ်သည့်
- အသိစိတ်မရှိဘဲ နေ့စဉ်လုပ်ဆောင်နေကျလုပ်ငန်းများအား အိပ်ရာမှထ၍ ပြုလုပ်ခြင်း (ဥပမာ _ အဝတ်လဲခြင်း၊ စကားပြောခြင်း၊ အစာစားခြင်း)
- အိမ်ပြင်ထွက်သွားခြင်း
- ကားမောင်းခြင်း
- ပုံမှန်မဟုတ်သော အပြုအမူများလုပ်ခြင်း (ဥပမာ _ ဗီရိုထဲတွင် ဆီးသွားခြင်း)
- လှေကားပေါ်မှ ပြုတ်ကျခြင်း သို့မဟုတ် ပြတင်းပေါက်မှ ခုန်ချခြင်းတို့ကြောင့် ထိခိုက်ဒဏ်ရာများဖြစ်ခြင်း
- နိုးလာချိန်တွင် ခဏတာ ရုန်းရင်းဆန်ခတ် ကြမ်းတမ်းသော အမူအရာများပေါ်ခြင်း စသည်တို့အထိ ဖြစ်နိုင်သည်။
ထိုသို့ဖြစ်ခြင်းသည် ယေဘုယျအားဖြင့် မိနစ်အနည်းငယ်သာ ကြာမြင့်တတ်သော်လည်း အချို့ကလေးများတွင် ပြန်လည်ငြိမ်သွားရန်နှင့် အိပ်ပျော်သွားရန် မိနစ် (၃၀) ခန့်အထိ ကြာနိုင်သည်။ အိပ်ပျော်လျက် လမ်းလျှောက်ခြင်းကြောင့် ကလေး၏ ဥာဏ်ရည်ဖွံ့ဖြိုးမှုကို ထိခိုက်မှုမရှိနိုင်ပါ။

နောက်ဆက်တွဲပြဿနာများ
- ထိခိုက်ဒဏ်ရာရနိုင်ခြေများခြင်း _ လှေကားမှ ပြုတ်ကျခြင်း၊ ပရိဘောဂများနှင့် ထိခိုက်မိခြင်းနှင့် ညဘက်အိမ်အပြင်ထွက်ခြင်းကြောင့် အန္တရာယ်ရှိခြင်း
- နေ့ဘက်တွင် ပင်ပန်းနွမ်းနယ်ခြင်း _ အိပ်ရေးမဝသဖြင့် ကျောင်း သို့မဟုတ် အလုပ်တွင် အဆင်မပြေမှုများရှိခြင်း
- ရှက်ရွံ့ခြင်း _ မိမိ၏ဖြစ်စဥ်ကို ကိုယ်တိုင် စိတ်မသက်မသာ ဖြစ်ရခြင်း
- အခြားသူများကို နှောင့်ယှက်မိခြင်း _ အိမ်သားများကိုပါ အိပ်ရေးပျက်စေခြင်းစသည့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပွါးနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အိပ်ပျော်လျက် လမ်းထလျှောက်ခြင်းသည် စိုးရိမ်ရသော ကျန်းမာရေးပြဿနာ မဟုတ်ပါ။ သို့သော်
- မကြာခဏဖြစ်လာခြင်း (တစ်ပတ်လျှင် ၁ ကြိမ်၊ ၂ ကြိမ်ထက် ပိုဖြစ်ခြင်း သို့မဟုတ် တစ်ညတည်းတွင် အကြိမ်ကြိမ်ဖြစ်ခြင်း)
- အန္တရာယ်ရှိသော အပြုအမူများ သို့မဟုတ် ထိခိုက်ဒဏ်ရာများ ဖြစ်ပေါ်စေခြင်း
- နေ့စဥ်လုပ်ဆောင်မှုများတွင် ပြဿနာရှိလာခြင်း
- အခြားရောဂါလက္ခဏာများဖြစ်သော နှုတ်ခမ်းပြာခြင်း၊ ပါးစပ်မှအမြှုပ်ထွက်ခြင်း၊ အန်ခြင်းများနှင့် တွဲ၍ဖြစ်ပေါ်လာခြင်း
- နေ့ဘက်တွင် အလွန်ပင်ပန်းခြင်း သို့မဟုတ် အလုပ်နှင့်ကျောင်းတွင် ပြဿနာဖြစ်စေခြင်း
- ကလေး၏ အိပ်စက်ခြင်းပြဿနာများကြောင့် မိသားစုအပေါ် ထိခိုက်လာခြင်း
- ဆယ်ကျော်သက်အရွယ်အထိ ဆက်ဖြစ်နေခြင်း သို့မဟုတ် လူကြီးဘဝရောက်မှ စတင်ဖြစ်ပွါးခြင်းတို့ရှိပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်
- ထိုအပြုအမူများ ဖြစ်ပေါ် ချိန်တွင် ဗီဒီယိုမှတ်တမ်း ရိုက်ထားပါက ရောဂါရှာဖွေရာတွင် ပို၍အထောက်အကူဖြစ်သည်
- မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်းဖြင့် ရောဂါရှာဖွေကုသပေးနိုင်သည်၊ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်
ရောဂါရှာဖွေခြင်း
အိပ်ပျော်လျက် လမ်းလျှောက်ခြင်းကို ရောဂါရှာဖွေရန် သက်ဆိုင်ရာဆရာဝန်မှ ကျန်းမာရေးရာဇဝင်နှင့် ရောဂါလက္ခဏာများကို အသေးစိတ်စစ်ဆေးမည်ဖြစ်သည်။
- ရောဂါလက္ခဏာများကို မေးမြန်းဆွေးနွေးခြင်း
- တစ်ဦးတည်း နေထိုင်သူမဟုတ်ပါက အိပ်ပျော်လျက် လမ်းလျှောက်သည့် ဖြစ်စဥ်ကို သိရှိထားသော အခြားအိမ်သားများထံမှ မေးမြန်းနိုင်သည်
- လူနာ၏ ညဘက် လမ်းလျှောက်စဥ် ပြုလုပ်တတ်သည့် အပြုအမူများနှင့် ကြာချိန်အပြင် မိသားစုထဲတွင် ဤသို့ဖြစ်ဖူးသောရာဇဝင် ရှိမရှိတို့ကိုပါ မေးမြန်းမည်
- ကိုယ်ခန္ဓာအား စစ်ဆေးခြင်း
- ညဘက်တွင် အတက်ရောဂါဖြစ်ခြင်း၊ အခြားအိပ်စက်မှုဆိုင်ရာ ရောဂါများ သို့မဟုတ် ထိတ်လန့်တကြားဖြစ်ခြင်း (Panic attacks) စသည့် အိပ်ပျော်လျက် လမ်းလျှောက်ခြင်းနှင့် မှားယွင်းနိုင်သော အခြေအနေများကို ခွဲခြားနိုင်ရန် စစ်ဆေးမည်
- အိပ်ပျော်နေစဉ် အသက်ရှူခြင်းနှင့် အခြား နှလုံး၊ ဦးနှောက်နှင့် သွေးတွင်းအောက်ဆီဂျင်စသည်တို့၏ ပြောင်းလဲမှု အခြေအနေများကို စစ်ဆေးခြင်း (Sleep study or Polysomnography)
- အချို့အခြေအနေများတွင် ကလေး၏ ပြဿနာကို ပိုမိုသိရှိနိုင်စေရန် Sleep study စစ်ဆေးမှုကို ဆရာဝန်မှ အကြံပြုနိုင်သည်
- အိပ်ပျော်နေစဉ်အတွင်း ခန္ဓာကိုယ်၌ ကပ်ထားသော အာရုံခံကိရိယာများမှ ဦးနှောက်လှိုင်းများ၊ သွေးတွင်းအောက်ဆီဂျင်ပမာဏ၊ နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်းနှင့် မျက်လုံး၊ ခြေထောက်လှုပ်ရှားမှုများကို မှတ်တမ်းတင်ပေးမည်ဖြစ်သည်
- တစ်ခါတစ်ရံ အချို့ကလေးများတွင် လိုအပ်ပါက အတက်ရောဂါများ စစ်ဆေးရန် ဦးနှောက်လှိုင်းပုံဖော်စက်ရိုက်ခြင်း (EEG) များ ပြုလုပ်နိုင်သည်။
ကုသခြင်း
ကလေးများတွင် အိပ်ပျော်လျက် လမ်းထလျှောက်ခြင်းသည် ဆယ်ကျော်သက်အရွယ်ရောက်လျှင် အလိုအလျောက် ပျောက်ကင်းသွားလေ့ရှိသဖြင့် ရံဖန်ရံခါဖြစ်သော ဖြစ်စဥ်များအတွက် ကုသမှုပေးရန် မလိုတတ်ပါ။ သို့သော် ထိခိုက်ဒဏ်ရာ ရနိုင်ခြေရှိခြင်း၊ ကလေးအပါအဝင် မိသားစုဝင်များအတွက် ရှက်ရွံ့ခြင်းနှင့် အိပ်ရေးပျက်ခြင်းများစသည့် ဝန်ထုပ်ဝန်ပိုးများ ဖြစ်လာပါက ကုသမှုလိုအပ်သည်။ ကုသမှု၏ အဓိကရည်ရွယ်ချက်မှာ ကလေးအတွက် ဘေးကင်းလုံခြုံစေရန်နှင့် ဖြစ်ပေါ်စေသောအကြောင်းရင်းကို တားဆီးရန်ဖြစ်သည်။ ကုသမှုများတွင် အောက်ပါတို့ပါဝင်သည်။
- ဖြစ်စေသည့်အခြေအနေများကို ကုသခြင်း
- ကျန်းမာရေးပြဿနာများ သို့မဟုတ် စိတ်ကျန်းမာရေးအခြေအနေများ သို့မဟုတ် အခြားသောအိပ်စက်ခြင်းနှင့်ဆိုင်သော ပြဿနာများကြောင့်ဖြစ်လျှင် ဖြစ်စေသည့်ရောဂါကို ကုသမှုခံယူရမည်
- စိတ်ဖိစီးမှု၊ စိတ်ပူပန်မှုများအား လျှော့ချရန်နှင့် ကောင်းမွန်စွာအိပ်စက်နိုင်ရန် နည်းလမ်းများ သင်ကြားပေးခြင်း၊ လိုအပ်ပါက အိပ်မွေ့ချခြင်းတို့ကိုလည်း ပြုလုပ်ပေးနိုင်သည်
- စိတ်ဖိစီးမှု သို့မဟုတ် စိုးရိမ်ပူပန်မှုများကြောင့် ဖြစ်သည်ဟုထင်ပါက စိတ်ကျန်းမာရေး အထူးကုဆရာဝန်နှင့် ဆွေးနွေးမှုပြုလုပ်ရန် လိုအပ်သည်။
- ကလေးအား အနားယူစေ၍ အိပ်ရေးဝဝ အိပ်စေခြင်း
- ကလေးအား အနားယူချိန် လုံလောက်အောင် ပြုလုပ်ပေးခြင်း
- အိပ်စက်ချိန် သက်သောင့်သက်သာ ဖြစ်စေရန် ပြုလုပ်ပေးခြင်း
- အိပ်ရာစောစောဝင်စေခြင်းနှင့် အိပ်ရာထသည့်အချိန် ပုံမှန်ဖြစ်စေရန် ပြုလုပ်ပေးခြင်းတို့အပြင်
- ကလေးကြီးများနှင့် လူငယ်များတွင် အိပ်ရာမဝင်မီ စိတ်ကိုဖြေလျှော့၍ အိပ်ခါနီး စာဖတ်ခြင်း၊ ရေနွေးနွေးဖြင့် ရေချိုးခြင်း သို့မဟုတ် တရားထိုင်ခြင်းကဲ့သို့သော စိတ်ငြိမ်သက်စေသည့်အရာများကို ပြုလုပ်နိုင်သည်
- ဆေးဝါးများ
- သောက်လက်စဆေးဝါးများကြောင့်ဖြစ်သည်ဟု ယူဆပါက ဆေးဝါးပြန်ချိန်ညှိခြင်းများ ပြုလုပ်ရမည်
- ကလေးအများစုတွင် ဆေးပေး၍ ကုသရန် မလိုအပ်ပါ
- အချို့သောကလေးများတွင် နေ့စဥ်လုပ်ငန်းဆောင်တာများအား ထိခိုက်သည်အထိ ပြင်းထန်လျှင် ဆရာဝန်ဖြင့်တိုင်ပင်၍ အိပ်ဆေးကဲ့သို့သော ဆေးအချို့ကို ပေးနိုင်သည်
- အိပ်စက်နေရာမှ ကြို၍နှိုးခြင်း (Anticipatory awakenings)
- အကယ်၍ အိပ်ပျော်လျက် လမ်းထလျှောက်ခြင်းဖြစ်စဥ်သည် ညတိုင်းနီးပါး အချိန်မှန်ဖြစ်နေလျှင် ကလေးအား ဖြစ်စဥ်မတိုင်ခင် (၁၅) မိနစ်ခန့် ကြို၍ နှိုးပေးနိုင်သည်
- ကလေးနိုးလာပါက မိနစ်အနည်းငယ်ခန့် စကားပြောပေးပြီးနောက်မှ ပြန်လည်အိပ်စေမည်
- ထိုသို့ကြိုးပမ်းကြည့်ပါက ကလေးသည် ညဘက်လမ်းထလျှောက်ခြင်း မပြုလုပ်ဘဲ နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်သည်
- ထိုသို့ဖြစ်နေစဥ်အတွင်း ကလေးအတွက် အန္တရာယ်တစ်စုံတစ်ရာမရှိဘဲ ဘေးကင်းစေရေးသည် အရေးကြီးဆုံးဖြစ်သောကြောင့် ထိခိုက်မှုမရှိစေရန် မိဘများအနေဖြင့် အောက်ပါတို့ကို ပြုလုပ်ပေးသင့်သည်
- ပတ်ဝန်းကျင်ကို ဘေးကင်းအောင် ပြုလုပ်ပါ
- ညအိပ်ချိန်တွင် ပြတင်းပေါက်များနှင့် အပြင်တံခါးများကို သေချာပိတ်ပြီး သော့ခတ်ပါ
- လှေကားနှင့် တံခါးပေါက်များကို အကာအရံ (Gate) များဖြင့် ပိတ်ပါ
- ကြမ်းပြင်တွင် ထိခိုက်နာကျင်စေနိုင်သော ပစ္စည်းများ မရှိရန် ဖယ်ရှားထားပါ
- ခလုတ်တိုက်၍ လဲကျစေနိုင်သော လျှပ်စစ်ကြိုးများကို ဖယ်ရှားပါ
- ဖြစ်နိုင်ပါက မြေညီထပ်အခန်းတွင် အိပ်ပါ
- ကွဲအက်လွယ်သော ပစ္စည်းများကို ဝေးဝေးတွင်ထားပါ
- ကလေးဖြစ်ပါက နှစ်ထပ်ကုတင်၏ အပေါ်ထပ်တွင် မအိပ်ပါစေနှင့်
- အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်သောအရာများ (ဥပမာ_လျှပ်စစ်ပစ္စည်းများ၊ ဆူညံသံများ) ကို ဖယ်ရှားထားပါ
- ပတ်ဝန်းကျင်ကို ဘေးကင်းအောင် ပြုလုပ်ပါ
- ကလေးကို ညင်သာစွာ အိပ်ရာဆီသို့ ပြန်ခေါ်သွားပါ
- လမ်းထလျှောက်နေသူကို နှိုးရန်မလိုဘဲ ကုတင်ပေါ်သို့ ညင်သာစွာ အသာတွဲ၍ ပြန်ပို့ပေးပါ
- နှိုးခြင်းသည် အန္တရာယ်မရှိသော်လည်း နိုးလာပါက ကလေးသည် ဇဝေဇဝါ၊ ကယောင်ချောက်ချားဖြစ်ကာ စိတ်တိုတတ်သောကြောင့်ဖြစ်သည်
ကာကွယ်ခြင်း
ညအိပ်လျက် လမ်းထလျှောက်ခြင်းကို မဖြစ်အောင် ကာကွယ်ရန် နည်းလမ်းအတိအကျ မရှိပါ။ သို့ရာတွင် ကလေးအား
- အိပ်ရေးဝအောင် အိပ်စေခြင်း
- စိတ်ဖိစီးမှုများကို လျှော့ချပေးခြင်း
- ကဖိန်းဓာတ်ပါသော အစားအစာများ လျှော့၍ကျွေးခြင်း
- ဖြစ်စဥ်မတိုင်မီ ကြိုတင်၍နှိုးပေးခြင်းနှင့်
- နောက်ခံရောဂါများကြောင့်ဖြစ်လျှင် ကုသမှုခံယူစေခြင်း စသည်တို့ဖြင့် ကာကွယ်ပေးနိုင်သည်။
ဆက်လက်ဖတ်ရှုရန်
References:
- Mayo Clinic. (n.d.). Sleepwalking: Diagnosis and treatment. Retrieved January 9, 2026, from https://www.mayoclinic.org/diseases-conditions/sleepwalking/diagnosis-treatment/drc-20353511
- Nemours Children’s Health. (n.d.). Sleepwalking. KidsHealth. Retrieved January 9, 2026, from https://kidshealth.org/en/parents/sleepwalking.html
- NHS. (n.d.). Sleepwalking. Retrieved January 9, 2026, from https://www.nhs.uk/conditions/sleepwalking/
- Sleep Foundation. (n.d.). Sleepwalking. Retrieved January 9, 2026, from https://www.sleepfoundation.org/parasomnias/sleepwalking
- Nationwide Children’s Hospital. (n.d.). Sleep terrors and sleepwalking. Retrieved January 9, 2026, from https://www.nationwidechildrens.org/conditions/sleep-terrors-and-sleepwalking
Published: 18 January 2025
Last updated: 10 February 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.