ကိုယ်အင်္ဂါအစိတ်အပိုင်း လှူဒါန်းခြင်း (Organ Donation) နှင့် အစားထိုးကုသခြင်း (Organ Transplantation) ဆိုသည်မှာ အလှူရှင်တစ်ဦးထံမှ ဆေးဘက်ဆိုင်ရာစစ်ဆေးမှုအရ အစားထိုးအသုံးပြုရန် သင့်လျော်သော ကိုယ်အင်္ဂါ၊ တစ်ရှူး သို့မဟုတ် ဆဲလ်များကို ထုတ်ယူ၍ လိုအပ်နေသော ဝေဒနာရှင်၏ ပျက်စီးနေသည့် ကိုယ်အင်္ဂါအစိတ်အပိုင်းများနေရာတွင် အစားထိုးပေးခြင်းဖြစ်သည်။
ကိုယ်အင်္ဂါအစိတ်အပိုင်း လှူဒါန်းခြင်းနှင့် အစားထိုးကုသမှုသည် နှစ်စဉ် လူပေါင်းထောင်ချီ၏အသက်ကို ကယ်တင်ပေးလျက်ရှိသည်။ ဤကုသမှုသည် လူနာများ၏ ကျန်းမာရေးကို ပြန်လည်ကောင်းမွန်စေပြီး ဘဝနေထိုင်မှု အရည်အသွေး (Quality of Life) ကို မြှင့်တင်ပေးနိုင်ရုံသာမက၊ အသက်အန္တရာယ်စိုးရိမ်ရသည့် ရောဂါဝေဒနာရှင်များနှင့် ကိုယ်အင်္ဂါ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရသူများအတွက် “ဒုတိယအကြိမ် အသက်ဆက်နိုင်မည့် အခွင့်အရေး” ကို ဖန်တီးပေးခြင်းပင်ဖြစ်သည်။
ဤဖြစ်စဉ်တွင် ခွဲစိတ်မှုနှစ်ခုကို တစ်ပြိုင်နက်နီးပါး ဆောင်ရွက်ရလေ့ရှိပြီး အဆင့် (၂) ဆင့် ပါဝင်သည်။
- အလှူရှင်ထံမှ ကိုယ်အင်္ဂါကို ထုတ်ယူခြင်း (Organ Retrieval) နှင့်
- အစားထိုးလက်ခံမည့်သူထံသို့ အောင်မြင်စွာ ထည့်သွင်းပေးခြင်း (Organ Implantation) တို့ဖြစ်သည်။
သို့သော် လက်ရှိတွင် ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုးရန် လိုအပ်နေသည့် လူဦးရေမှာ ကိုယ်အင်္ဂါလှူဒါန်းနိုင်သော အလှူရှင်ဦးရေထက် များစွာကျော်လွန်နေခြင်းသည် ကမ္ဘာတစ်ဝန်းလုံးတွင် ရင်ဆိုင်နေရသော စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။
ကိုယ်အင်္ဂါလှူဒါန်းမှု အမျိုးအစားများ
ကိုယ်တွင်းအင်္ဂါအလှူရှင် အမျိုးအစားကို အဓိကအားဖြင့် အောက်ပါအတိုင်း နှစ်မျိုး ခွဲခြားနိုင်သည်။
- ကွယ်လွန်ပြီးမှ လှူဒါန်းသူ (Deceased donor)
- မိမိသက်ရှိထင်ရှားရှိစဉ်ကပင် ကွယ်လွန်ပြီးပါက ကိုယ်တွင်းအင်္ဂါလှူဒါန်းမည်ဖြစ်ကြောင်း ကြိုတင်ဆန္ဒပြု ဆုံးဖြတ်ထားသူများကို ဆိုလိုခြင်းဖြစ်သည်
- လှူဒါန်းမည့် ကိုယ်တွင်းအင်္ဂါများသည် ကျန်းမာသန်စွမ်းသည့် အခြေအနေတွင် ရှိနေရမည်ဖြစ်ပြီး၊ အကယ်၍ လှူဒါန်းသူတွင် မကွယ်လွန်မီက အချို့သော ရောဂါများ သို့မဟုတ် ကူးစက်ရောဂါများ ရှိခဲ့ပါက ဆေးဘက်ဆိုင်ရာ သတ်မှတ်ချက်များအရ လှူဒါန်းရန် မသင့်လျော်ခြင်းမျိုး ဖြစ်နိုင်သည်
- သက်ရှိထင်ရှားရှိစဉ် လှူဒါန်းသူ (Living donor)
- လှူဒါန်းမည့်သူသည် ကျန်းမာရေး အထူးကောင်းမွန်သူ ဖြစ်ရမည့်အပြင် ခွဲစိတ်မှုအပေါ် သက်ရောက်မှုရှိနိုင်သည့် မည်သည့်ကျန်းမာရေး ပြဿနာမျှ မရှိသူ ဖြစ်ရမည်
- ထို့အပြင် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း အစားထိုးကုသမှု အောင်မြင်စေရန်အတွက် အလှူရှင်နှင့် လူနာအကြား “ဇီဝကမ္မဗေဒအရ ကိုက်ညီမှု” (Match) ရှိရန်မှာ အလွန်အရေးကြီးသည်
- အလှူရှင်ကိုယ်တိုင် ကျန်းမာစွာ အသက်ဆက်နိုင်ရန်အတွက် မရှိမဖြစ် လိုအပ်သော ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများကို ချန်လှပ်ရမည်ဖြစ်သောကြောင့်၊ သက်ရှိထင်ရှားရှိစဉ် လှူဒါန်းနိုင်သည့် အမျိုးအစားမှာ ကန့်သတ်ချက် များစွာရှိသည်
လှူဒါန်းနိုင်သော ကိုယ်တွင်းအင်္ဂါအမျိုးအစားများ
- ကွယ်လွန်ပြီးနောက် လှူဒါန်းနိုင်သော ကိုယ်တွင်းအင်္ဂါများ
- အသည်း (Liver)
- ကျောက်ကပ် (Kidney)
- မုန့်ချိုအိတ် (Pancreas)
- နှလုံး (Heart)
- အဆုတ် (Lungs)
- အူသိမ် (Small intestine)
- ကွယ်လွန်ပြီးနောက် လှူဒါန်းနိုင်သော အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်း (တစ်ရှူး) များ
- မျက်ကြည်လွှာ (Corneas)
- နှလုံးအဆို့ရှင်များ (Heart valves)
- အရိုး (Bone)
- အရေပြား (Skin)
- အရွတ်နှင့် အကြောများ (Tendons and ligaments)
- အရိုးနု (Cartilage)
- သွေးကြောများ (Vessels)
- အာရုံကြောများ (Nerves)
- သက်ရှိထင်ရှားရှိစဉ်အတွင်း လှူဒါန်းနိုင်သော ကိုယ်အင်္ဂါနှင့် တစ်ရှူးများ
- ကျောက်ကပ် (တစ်လုံး)
- အသည်း၏ အစိတ်အပိုင်းတစ်ခု
- ရိုးတွင်းခြင်ဆီ သို့မဟုတ် ပင်မဆဲလ်များ (Stem cells)
- အဆုတ် သို့မဟုတ် မုန့်ချိုအိတ်၏ အစိတ်အပိုင်းတစ်ခု (ဤသို့လှူဒါန်းမှုမျိုးမှာ အလွန်ရှားပါးသည်)
မြန်မာနိုင်ငံ၏ ကိုယ်အင်္ဂါလှူဒါန်းမှုကဏ္ဍတွင် မျက်ကြည်လွှာနှင့် ကျောက်ကပ် လှူဒါန်းခြင်းမှာ အများဆုံးနှင့် အောင်မြင်မှုအရှိဆုံး လှူဒါန်းအစားထိုးမှုများဖြစ်သည်။
အကျိုးကျေးဇူးများ
- အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခြင်း
- လူနာ၏ ဘဝနေထိုင်မှု အရည်အသွေးကို သိသိသာသာ မြှင့်တင်ပေးနိုင်ခြင်း
- ရောဂါဝေဒနာရှင်များအတွက် ဒုတိယအကြိမ် အသက်ရှင်ခွင့် ရရှိစေခြင်း
အစားထိုးကုသမှု မပြုလုပ်မီ သိရှိထားရမည့်အချက်များ
- အဓိကအားဖြင့် အလှူရှင်၏ ကျန်းမာရေးအခြေအနေနှင့် လှူဒါန်းမည့် အင်္ဂါအစိတ်အပိုင်း၏ ကျန်းမာရေးပေါ်တွင် မူတည်သည်
- အသက်ရှင်လျက် လှူဒါန်းလိုသူများအတွက် လိုအပ်ချက်များ
- အသက် (၁၈) နှစ် ပြည့်ပြီးသူ ဖြစ်ရမည်
- ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာသူ ဖြစ်ရမည်
- မည်သူ့ဖိအားမှမပါဘဲ မိမိသဘောဆန္ဒအလျောက် လှူဒါန်းသူ ဖြစ်ရမည်
- အများအားဖြင့် အလှူရှင်နှင့် လက်ခံသူအကြား သွေးအုပ်စုနှင့် ကိုယ်ခံအားဆိုင်ရာ ကိုက်ညီမှုကို စစ်ဆေးရပြီး၊ လိုအပ်သော ကိုက်ညီမှုအဆင့်မှာ အစားထိုးမည့် ကိုယ်အင်္ဂါအမျိုးအစားပေါ် မူတည်သည်
ကိုယ်အင်္ဂါလှူဒါန်းနိုင်သူများ
မြန်မာနိုင်ငံတွင် ကိုယ်အင်္ဂါအစိတ်အပိုင်း လှူဒါန်းခြင်းနှင့် အစားထိုးကုသခြင်းကို ၂၀၀၄ ခုနှစ်တွင် စတင်ဥပဒေပြုခဲ့ပြီး၊ ၂၀၁၅ ခုနှစ်တွင် ကိုယ်အင်္ဂါအစိတ်အပိုင်း လှူဒါန်းခြင်းဆိုင်ရာ ဥပဒေအသစ်ဖြင့် အစားထိုးပြဋ္ဌာန်းခဲ့သည်။ ယင်းဥပဒေတွင် ကိုယ်အင်္ဂါအစိတ်အပိုင်း လှူဒါန်းခြင်း၊ ထုတ်ယူခြင်း၊ ထိန်းသိမ်းခြင်းနှင့် အစားထိုးကုသခြင်းတို့ကို စနစ်တကျ ဆောင်ရွက်နိုင်ရန် သတ်မှတ်ထားသည်။ အဆိုပါဥပဒေအရ အဓိကသိရှိထားသင့်သည့် အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
- သက်ရှိအလှူရှင်၏ လှူဒါန်းခွင့် – အသက် (၁၈) နှစ်ပြည့်ပြီး သက်ရှိထင်ရှားရှိကာ စိတ်ကျန်းမာရေးကောင်းမွန်သူတစ်ဦးသည် မိမိ၏ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခုကို အစားထိုးကုသရန်အတွက် ခွဲစိတ်ထုတ်ယူခြင်းကို မိမိဆန္ဒအလျောက် ခွင့်ပြု၍ လှူဒါန်းနိုင်သည်
- ကွယ်လွန်ပြီးနောက် လှူဒါန်းခြင်း – လူတစ်ဦးသည် မိမိကွယ်လွန်ပြီးနောက် ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခုကို အစားထိုးကုသရန်အတွက် ခွဲစိတ်ထုတ်ယူအသုံးပြုခြင်းကို မငြင်းပယ်ကြောင်း အသက်ရှင်စဉ်က ကြိုတင်သဘောတူခွင့်ပြုထားနိုင်သည်
- ထိုသို့ကြိုတင်သဘောတူခွင့်ပြုထားခြင်း မရှိသည့် ကွယ်လွန်သူတစ်ဦး၏ ခန္ဓာကိုယ်အစိတ်အပိုင်းကို အစားထိုးကုသရန် လိုအပ်လာပါက ဥပဒေတွင် သတ်မှတ်ထားသည့် အခြေအနေများနှင့်အညီ ကျန်ရစ်သူ ဇနီး သို့မဟုတ် ခင်ပွန်း၊ သားသမီး၊ မိဘ၊ ညီအစ်ကိုမောင်နှမ သို့မဟုတ် ဆွေမျိုးတို့၏ ခွင့်ပြုချက်ဖြင့် ထုတ်ယူအသုံးပြုနိုင်သည်
- ငြင်းပယ်ခြင်းနှင့် ကန့်ကွက်ခြင်း
- ကွယ်လွန်သူသည် အသက်ရှင်စဉ်က မိမိ၏ ခန္ဓာကိုယ်အစိတ်အပိုင်းကို ထုတ်ယူအသုံးပြုခြင်းအား မလိုလားကြောင်း ဖော်ပြထားခဲ့ပါက သို့မဟုတ် ဥပဒေတွင် သတ်မှတ်ထားသည့် ကျန်ရစ်သူများက ကန့်ကွက်ပါက ကိုယ်အင်္ဂါအစိတ်အပိုင်း ထုတ်ယူခြင်းကို ဆောင်ရွက်ခွင့်မရှိပေ
- ထို့အပြင် ရာဇဝတ်မှုနှင့်သက်ဆိုင်၍ ရင်ခွဲစစ်ဆေးမှု ပြုလုပ်နေသည့်အခြေအနေတွင်လည်း ကိုယ်အင်္ဂါအစိတ်အပိုင်း ထုတ်ယူခြင်းကို ခွင့်မပြုနိုင်ပေ
- လက်ခံရေးဌာန၏ တာဝန်များ
- လက်ခံရေးဌာနသည် ကိုယ်အင်္ဂါအစိတ်အပိုင်း လှူဒါန်းမှုကို သတ်မှတ်ချက်များနှင့်အညီ လက်ခံဆောင်ရွက်နိုင်သည်
- လှူဒါန်းမှုကို လက်ခံသည့်အခါ အလှူရှင်၏ အမည်နှင့် သက်ဆိုင်ရာအချက်အလက်များကို ကိုယ်အင်္ဂါအလှူရှင် မှတ်ပုံတင်စာရင်းတွင် မှတ်ပုံတင်ရမည်ဖြစ်ပြီး၊ သတ်မှတ်ချက်များနှင့်အညီ ကိုယ်အင်္ဂါအလှူရှင်ကတ်ကို ထုတ်ပေးရမည်
- ကွယ်လွန်သူသည် ကိုယ်အင်္ဂါအလှူရှင်ဖြစ်ကြောင်း သိရှိရပါက ကွယ်လွန်သည့် ဆေးရုံ သို့မဟုတ် ဆေးခန်းမှ တာဝန်ရှိသူ၊ သို့မဟုတ် နေအိမ်တွင် ကွယ်လွန်ပါက သက်ဆိုင်ရာ မိသားစုဝင်က နီးစပ်ရာ လက်ခံရေးဌာနသို့ အချိန်မီ အကြောင်းကြားရမည်။
- လှူဒါန်းရန် သဘောတူညီချက်ကို ပြန်လည်ရုပ်သိမ်းခြင်း
- မှတ်ပုံတင်ထားသော ကိုယ်အင်္ဂါအလှူရှင်သည် မိမိ၏လှူဒါန်းမှုကို ပယ်ဖျက်လိုပါက အလှူရှင်ကတ်ကို ပြန်လည်အပ်နှံ၍ လက်ခံရေးဌာနသို့ အကြောင်းကြားနိုင်သည်
- ထိုအကြောင်းကြားချက်ကို လက်ခံရရှိပါက လက်ခံရေးဌာနသည် ကိုယ်အင်္ဂါအလှူရှင် မှတ်ပုံတင်စာရင်းမှ အလှူရှင်၏အမည်ကို ပယ်ဖျက်ရမည်
အလှူရှင်၊ လူနာနှင့် မိသားစုများအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များနှင့် ကျင့်ဝတ်ဆိုင်ရာ လိုက်နာချက်များ
ကိုယ်အင်္ဂါအစားထိုးခြင်းသည် ရှုပ်ထွေးသော လုပ်ငန်းစဉ်ဖြစ်သဖြင့် သက်ဆိုင်သူအားလုံးမှ အောက်ပါအတိုင်း ဘက်စုံပြင်ဆင်ထားရန် လိုအပ်သည်။
- အလှူရှင်နှင့် လူနာအတွက် ပြင်ဆင်ခြင်း
- ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုများ – သွေးအမျိုးအစား၊ သွေးအုပ်စု၊ HLA/tissue typing နှင့် လိုအပ်ပါက donor–recipient crossmatch စစ်ဆေးခြင်း နှင့် ကူးစက်ရောဂါ ရှိမရှိ အသေးစိတ် စစ်ဆေးမှုများ ခံယူရမည်
- ရုပ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု – ခွဲစိတ်မှုဒဏ်ကို ခံနိုင်ရည်ရှိစေရန် အာဟာရပြည့်ဝစွာ စားသုံးခြင်း၊ ဆေးလိပ်နှင့် အရက်ကို ရှောင်ကြဉ်ခြင်းတို့ဖြင့် ကျန်းမာရေး အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ရမည်
- စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု – ခွဲစိတ်မှုနှင့် ပတ်သက်သော စိုးရိမ်ပူပန်မှုများကို ကျွမ်းကျင်သူများနှင့် ဆွေးနွေးထားရန်နှင့် ရလဒ်အမျိုးမျိုးအတွက် စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည်။
- မိသားစုများအတွက် ပြင်ဆင်ခြင်း
- ပွင့်လင်းစွာ တိုင်ပင်ခြင်း – ကိုယ်အင်္ဂါလှူဒါန်းမည့် ဆုံးဖြတ်ချက်ကို မိသားစုဝင်များအားလုံး အသိပေးတိုင်ပင်ကာ အပြန်အလှန် နားလည်မှု ရယူထားသင့်သည်
- ပြုစုစောင့်ရှောက်ရေး အစီအစဉ် – ခွဲစိတ်ပြီးနောက် ပြန်လည်သက်သာလာရန် ကြာချိန်သည် လှူဒါန်းခြင်း သို့မဟုတ် အစားထိုးကုသခြင်းအမျိုးအစား၊ ခွဲစိတ်မှုနှင့် မူလကျန်းမာရေးအခြေအနေပေါ် မူတည်၍ ကွာခြားနိုင်သဖြင့်၊ ပြန်လည်သက်သာလာသည့်ကာလအတွင်း အလှူရှင်နှင့် လူနာကို ပြုစုပေးမည့်သူနှင့် သင့်လျော်သော နေထိုင်မှုပတ်ဝန်းကျင်ကို ကြိုတင်စီစဉ်ထားရမည်။
- ငွေကြေးဆိုင်ရာ ပြင်ဆင်မှု – ခွဲစိတ်စရိတ်၊ ဆေးဝါးစရိတ်နှင့် နောက်ဆက်တွဲ ကုန်ကျစရိတ်များအတွက် အာမခံ သို့မဟုတ် စုဆောင်းမှုများကို ကြိုတင်တွက်ချက်ထားရန် လိုအပ်သည်
- ကျင့်ဝတ်ဆိုင်ရာ လိုက်နာချက်များ
ကိုယ်အင်္ဂါလှူဒါန်းမှုသည် လူသားချင်းစာနာထောက်ထားမှုကို အခြေခံရမည်ဖြစ်ပြီး အောက်ပါကျင့်ဝတ်များကို လိုက်နာရမည်။- မိမိသဘောဆန္ဒအလျောက် ဖြစ်ခြင်း (Voluntary Consent)
လှူဒါန်းသူသည် မည်သူ့ဖိအား၊ မည်သည့်ခြိမ်းခြောက်မှုမှ မပါဘဲ မိမိ၏ ကိုယ်ပိုင်ဆန္ဒအစစ်အမှန်ဖြင့် လှူဒါန်းခြင်း ဖြစ်ရမည်။ - အကျိုးအမြတ်မမျှော်ကိုးသော လှူဒါန်းမှု (Altruistic donation)
ကိုယ်တွင်းအင်္ဂါ လှူဒါန်းခြင်းသည် ငွေကြေး သို့မဟုတ် အခြားသော ကိုယ်ကျိုးစီးပွား အကျိုးအမြတ် အတွက် မဟုတ်ဘဲ၊ လိုအပ်နေသော ဝေဒနာရှင်၏ အသက်ကို ကယ်တင်လိုသည့် စေတနာ အရင်းခံ ဖြင့်သာ လှူဒါန်းရမည် ဖြစ်သည်။ - ကိုယ်အင်္ဂါရောင်းဝယ်ဖောက်ကားမှု မပြုရခြင်း (Prohibition of organ commercialization/ trafficking)
ကိုယ်တွင်းအင်္ဂါများကို ကုန်ပစ္စည်းကဲ့သို့ ဝယ်ယူရောင်းချခြင်း၊ တရားမဝင် ရောင်းဝယ်ဖောက်ကားခြင်း သို့မဟုတ် မတရား သိမ်းသွင်းစည်းရုံး၍ လှူဒါန်းစေခြင်းများကို ဥပဒေအရနှင့် ဆေးဘက်ဆိုင်ရာ ကျင့်ဝတ်များအရ တင်းကြပ်စွာ တားမြစ်ထားသည်။ - မျှတစွာ ရွေးချယ်ခြင်း (Fair Allocation)
ကိုယ်အင်္ဂါအစိတ်အပိုင်းများကို အစားထိုးလက်ခံရာတွင် လူမှုအဆင့်အတန်း သို့မဟုတ် ငွေကြေးဓနအပေါ် မမူတည်ဘဲ ဆေးဘက်ဆိုင်ရာ လိုအပ်ချက်နှင့် ဦးစားပေး အစီအစဉ်များအပေါ်တွင်သာ မျှတစွာ ဆုံးဖြတ်ရမည်။ - သတင်းအချက်အလက် လျှို့ဝှက်ခြင်း (Confidentiality)
အလှူရှင်နှင့် လူနာတို့၏ ကိုယ်ရေးအချက်အလက်များကို ခွင့်ပြုချက်မရှိဘဲ ထုတ်ဖော်ခြင်းမပြုဘဲ စနစ်တကျ လျှို့ဝှက်ထားရှိရမည်။
- မိမိသဘောဆန္ဒအလျောက် ဖြစ်ခြင်း (Voluntary Consent)
ခွဲစိတ်ကုသမှု လုပ်ငန်းစဉ်အဆင့်ဆင့်
အလှူရှင်သည် ကွယ်လွန်ပြီးမှ လှူဒါန်းသူ သို့မဟုတ် သက်ရှိထင်ရှားရှိစဉ် လှူဒါန်းသူ ဆိုသည့်အချက်ပေါ် မူတည်၍ ခွဲစိတ်ကုသမှုလုပ်ငန်းစဉ် အနည်းငယ် ကွဲပြားနိုင်သည်။
- ကွယ်လွန်ပြီးမှ လှူဒါန်းသူ (Deceased donor) ဖြစ်ပါက အလှူရှင် ကွယ်လွန်ပြီးသည်နှင့် ကိုယ်တွင်းအင်္ဂါများ စတင်ပျက်စီးလာနိုင်သောကြောင့် အချိန်နှင့် တပြေးညီ လျင်မြန်စွာ ဆောင်ရွက်ရန် လိုအပ်သည်
- သက်ရှိထင်ရှားရှိစဉ် လှူဒါန်းသူ (Living donor) ဖြစ်ပါက ကြိုတင်စီစဉ်ရမည့် အပိုင်းများ ပိုမိုများပြားပြီး အောက်ပါအဆင့်များ ပါဝင်သည်။
- အလှူရှင် ရှာဖွေခြင်းနှင့် စစ်ဆေးခြင်း (Find and Screen)
ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများမှ အလှူရှင်၏ ဆေးမှတ်တမ်းများကို စစ်ဆေးပြီး ကိုယ်အင်္ဂါအစိတ်အပိုင်းများ သုံးစွဲ၍ ရနိုင်၊ မရနိုင် အတည်ပြုသည်။ - ကိုက်ညီမှု စစ်ဆေးခြင်း (Matching)
အလှူရှင်၏ သွေးအမျိုးအစား၊ ခန္ဓာကိုယ် အရွယ်အစားနှင့် အခြားအချက်အလက်များကို လက်ခံမည့်လူနာနှင့် ကိုက်ညီမှု ရှိမရှိ တိုက်ဆိုင်စစ်ဆေးသည်။ - ခွဲစိတ်မှု ညှိနှိုင်းဆောင်ရွက်ခြင်း (Coordinating)
အလှူရှင်နှင့် လက်ခံမည့်လူနာအတွက် ခွဲစိတ်ခန်း (၂) ခုကို တစ်ပြိုင်နက် အဆင်သင့်ဖြစ်စေရန် စီစဉ်ရသည်။ - ကိုယ်အင်္ဂါအစိတ်အပိုင်း ထုတ်ယူခြင်း (Removing)
အထူးကျွမ်းကျင်သော ခွဲစိတ်အဖွဲ့မှ ကိုယ်အင်္ဂါအစိတ်အပိုင်းကို စနစ်တကျ ထုတ်ယူပြီး ထုတ်ယူထားသော ကိုယ်အင်္ဂါကို သတ်မှတ်ထားသော ထိန်းသိမ်းနည်းများဖြင့် ထိန်းသိမ်းကာ လက်ခံသူ၏ အစားထိုးခွဲစိတ်မှုအတွက် ချက်ချင်းညှိနှိုင်းဆောင်ရွက်သည်။ - အစားထိုးခွဲစိတ်ခြင်း (Transplantation)
လက်ခံမည့်လူနာအား ကိုယ်အင်္ဂါအစိတ်အပိုင်း ရောက်ရှိလာသည်နှင့် ချက်ချင်း ခွဲစိတ်ကုသမှု ပြုလုပ်သည်။
- အလှူရှင် ရှာဖွေခြင်းနှင့် စစ်ဆေးခြင်း (Find and Screen)
ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲအန္တရာယ်များ
ခွဲစိတ်မှုနှင့်ဆက်စပ်သော လတ်တလော အန္တရာယ်များ
ခွဲစိတ်မှုပြုလုပ်စဉ် သို့မဟုတ် ခွဲစိတ်ပြီးကာစတွင် အောက်ပါဘေးထွက်ဆိုးကျိုးများ ကြုံတွေ့ရနိုင်သည်။
- အစားထိုးလိုက်သော ကိုယ်အင်္ဂါ သို့မဟုတ် ခွဲစိတ်သည့်နေရာတွင် ပိုးဝင်ခြင်း (Infection)
- သွေးကြောဆက်သည့်နေရာမှ သွေးထွက်ခြင်း (Bleeding)
- သွေးကြောအတွင်း သွေးခဲပိတ်ခြင်း (Thrombosis)
- ခွဲစိတ်ဒဏ်ရာဆိုင်ရာ ပြဿနာများ (ဥပမာ _ အနာကျက်နှေးခြင်း)
- အလွန်ရှားပါးသော ဖြစ်စဉ်များတွင် အသက်အန္တရာယ်အထိ စိုးရိမ်ရခြင်း
မှတ်ချက်
အထက်ပါ ခွဲစိတ်မှုနှင့်ဆက်စပ်သော အန္တရာယ်များသည် အင်္ဂါအစားထိုးလက်ခံသူများတွင်သာမက သက်ရှိအလှူရှင်များတွင်လည်း ဖြစ်ပေါ်နိုင်သည်။ အန္တရာယ်အမျိုးအစားနှင့် ဖြစ်နိုင်ခြေသည် လှူဒါန်းသည့် ကိုယ်အင်္ဂါအမျိုးအစား၊ ခွဲစိတ်မှုအမျိုးအစားနှင့် တစ်ဦးချင်းစီ၏ ကျန်းမာရေးအခြေအနေပေါ် မူတည်၍ ကွာခြားနိုင်သည်။
ရေရှည် အကျိုးသက်ရောက်မှုများနှင့် အန္တရာယ်များ
- အလှူရှင်အတွက် (For Donor)
- အလှူရှင်များအတွက် လှူဒါန်းခဲ့သည့် ကိုယ်အင်္ဂါအလိုက် ဖြစ်ပေါ်နိုင်သော ရေရှည်ကျန်းမာရေးစိန်ခေါ်မှုများ ရှိနိုင်သည်
- ဥပမာအားဖြင့် ကျောက်ကပ်လှူဒါန်းသူများအနေဖြင့် ကျောက်ကပ်လုပ်ငန်းဆောင်တာများ ကောင်းမွန်ရန်၊ သွေးတိုးရောဂါနှင့် နှလုံးသွေးကြောကျန်းမာရေးတို့ကို တစ်သက်တာ ပုံမှန်စစ်ဆေးမှုခံယူရန် လိုအပ်သည်
- ထို့အပြင် လူနာ၏ အစားထိုးကုသမှု ရလဒ်အခြေအနေများအပေါ် မူတည်၍ စိတ်ဖိစီးခြင်း၊ စိုးရိမ်ပူပန်ခြင်းနှင့် စိတ်ဓာတ်ကျခြင်းကဲ့သို့သော စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုများလည်း ရှိလာနိုင်သည်
- လက်ခံသူအတွက် (For Recipient)
- အစားထိုးထားသော ကိုယ်အင်္ဂါကို ပြန်လည်တိုက်ထုတ်ခြင်း (Organ Rejection)
အဓိကအန္တရာယ်မှာ ခန္ဓာကိုယ်၏ ခုခံအားစနစ်က အစားထိုးထားသော ကိုယ်အင်္ဂါကို ပြင်ပပစ္စည်းအဖြစ် မှတ်ယူပြီး ပြန်လည်တိုက်ထုတ်ခြင်းဖြစ်သည်။ - ဆေးဝါးဘေးထွက်ဆိုးကျိုးများ
ကိုယ်အင်္ဂါ တိုက်ထုတ်ခြင်း မဖြစ်စေရန် ကိုယ်ခံအားကျဆင်းစေသော ဆေးဝါးများ (Immunosuppressive medication) ကို ရေရှည်၊ အများအားဖြင့် တစ်သက်တာ သောက်သုံးရန် လိုအပ်သည်။
- အစားထိုးထားသော ကိုယ်အင်္ဂါကို ပြန်လည်တိုက်ထုတ်ခြင်း (Organ Rejection)
- ကူးစက်ရောဂါ အန္တရာယ်
ကိုယ်ခံအားကျဆေးများ သောက်သုံးနေရသဖြင့် သာမန်လူများထက် ပိုးဝင်နိုင်ခြေ (Infection risk) ပိုမိုမြင့်မားနိုင်သည်။
ခွဲစိတ်ပြီးနောက် လိုက်နာဆောင်ရွက်ရမည့်အချက်များ
- ပြန်လည်သက်သာလာရန် အချိန်သည် အစားထိုးထားသော ကိုယ်အင်္ဂါအမျိုးအစား၊ အလှူရှင် သို့မဟုတ် လက်ခံသူဖြစ်ခြင်း၊ ခွဲစိတ်မှုအမျိုးအစားနှင့် မူလကျန်းမာရေးအခြေအနေပေါ် မူတည်၍ ရက်သတ္တပတ်အနည်းငယ်မှ လပေါင်းများစွာအထိ ကြာနိုင်သည်။
- အစားထိုးသည့် ကိုယ်အင်္ဂါအမျိုးအစားနှင့် နောက်ဆက်တွဲအခြေအနေပေါ် မူတည်၍ ဆေးရုံတွင် ရက်အနည်းငယ် မှ ရက်သတ္တပတ် အနည်းငယ်အထိ နေထိုင်ရန် လိုအပ်နိုင်သည်
- လုပ်ငန်းခွင်မှ (၁) လ သို့မဟုတ် (၂) လခန့် အနားယူရန် လိုအပ်နိုင်သည်
- ပြန်လည်သက်သာလာစဉ် ကာလအတွင်း မအီမသာဖြစ်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု အကန့်အသတ်ရှိခြင်းများ ကြုံတွေ့ရနိုင်သည်
- ဖြစ်နိုင်ပါက နေအိမ်တွင် မိမိအား ကူညီပြုစုမည့်သူ တစ်ဦးဦး ရှိနေရန် ကြိုတင်စီစဉ်ထားသင့်သည်
- ကိုယ်အင်္ဂါလက်ခံရရှိသူများအနေဖြင့် မိမိခန္ဓာကိုယ်မှ အစားထိုးထားသော ကိုယ်အင်္ဂါကို ပြန်လည်တိုက်ထုတ်ခြင်း (Organ rejection) ကို ကာကွယ်ရန် ကိုယ်ခံအားဖိနှိပ်ဆေးများ (Immunosuppressive medication) ကို ရေရှည်၊ အများအားဖြင့် တစ်သက်တာ သောက်သုံးရန်လိုသည်။ အဆိုပါဆေးဝါးများသည် ကိုယ်ခံအားကို ကျဆင်းစေသဖြင့် သာမန်လူထက် ပိုးဝင်နိုင်ခြေ (Infections) ပိုမိုမြင့်မားနိုင်ကြောင်း သတိပြုရမည်
References:
- Cleveland Clinic. (n.d.). Organ donation and transplantation. Retrieved August 26, 2026, from https://my.clevelandclinic.org/health/treatments/11750-organ-donation-and-transplantation
- Mayo Clinic. (n.d.). Living-donor transplant. Retrieved August 26, 2026, from https://www.mayoclinic.org/tests-procedures/living-donor-transplant/about/pac-20384787
- Ministry of Commerce. (n.d.). The Body Organ Donation Law. Myanmar National Trade Portal. Retrieved August 26, 2026, from https://servicetrade.gov.mm/service/law-detail/the-body-organ-donation-law
Published: 28 February 2026
Last updated: 31 August 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.
