Wood’s lamp examination သည် ခရမ်းလွန်ရောင်ခြည် အသုံးပြုထားသော မီးအိမ်ဖြင့် အရေပြား၊ ဦးရေပြားနှင့် ဆံပင်တို့ရှိ ရောဂါအခြေအနေများကို နာကျင်မှုမရှိဘဲ ဖော်ထုတ်ပေးနိုင်သော ရိုးရှင်းသည့် စစ်ဆေးမှုတစ်ခုဖြစ်သည်။ ဤမီးအိမ်ကို အရေပြား မှိုရောဂါများ၊ ဘက်တီးရီးယားရောဂါများနှင့် ကပ်ပါးပိုးဝင်ခြင်းများ စမ်းသပ်ရှာဖွေရာတွင် မကြာခဏအသုံးပြုလေ့ရှိသည်။ ၎င်းသည် ခရမ်းလွန်ရောင်ခြည် (UV light) ကို အသုံးပြုပြီး ပုံမမှန်သော အရေပြားဆဲလ်များကို အရောင်ပြောင်းလဲစေခြင်း သို့မဟုတ် တောက်ပစေခြင်းတို့ဖြင့် ရောဂါရှာဖွေဖော်ထုတ်ပေးနိုင်သည်။ အခြားအမည်များအနေဖြင့် Black light test, Ultraviolet light test, Wood’s light test ဟုလည်း အမျိုးမျိုးခေါ်တွင်ကြသည်။
Wood’s Lamp စတင်ပေါ်ပေါက်ပုံနှင့် အလုပ်လုပ်ပုံ
ကနဦးတွင် စတင်အသုံးပြုခဲ့သော သမားရိုးကျ Wood lamp သည် Wood filter (barium silicate နှင့် 9% nickel oxide) ဖြင့် ဖုံးအုပ်ထားသော သာမန်မာကျူရီ မီးအိမ်တစ်ခုဖြစ်ပြီး လှိုင်းအလျား 320–450 nm (အမြင့်ဆုံး 365 nm) ကို ထုတ်လွှတ်သည်။ ထိုမီးအိမ်အမျိုးအစားကို (၁၉၀၃) ခုနှစ်တွင် ရူပဗေဒပညာရှင် Robert W. Wood မှတီထွင်ခဲ့ခြင်းဖြစ်သည်။ ယခုခေတ် နောက်ဆုံးပေါ် Wood lamp အမျိုးအစားများတွင် အထူးဒီဇိုင်းထုတ်ထားသော BLB fluorescent မီးအိမ်များ၊ မာကျူရီအငွေ့ မီးအိမ်များ၊ LED မီးလုံးများ သို့မဟုတ် Incandescent မီးအိမ်များစသည်ဖြင့် အမျိုးအစားများစွာ ရှိလာပြီဖြစ်သည်။
Wood’s lamp သည် မျက်စိဖြင့် မမြင်နိုင်သော ခရမ်းလွန်ရောင်ခြည်များထဲမှ တစ်မျိုးဖြစ်သည့် အနက်ရောင်အလင်းလှိုင်း (Black light) ကို ထုတ်လွှတ်သည်။ ထို့ပြင် မျက်စိဖြင့် မြင်နိုင်သော ခရမ်းရောင်အလင်းလှိုင်းရောင်စဥ် (Violet spectrum) မှ အလင်းအနည်းငယ်ကိုလည်း ထုတ်လွှတ်နိုင်သည်။ ထိုခရမ်းလွန်ရောင်ခြည်များသည် အရေပြား သို့မဟုတ် အခြားမျက်နှာပြင်ပေါ်သို့ ကျရောက်သောအခါ အချို့သောဆဲလ်များ၏ မတူညီသော အရောင်တုံ့ပြန်မှုများကို မြင်ရသည်။ အချို့သောအရောင်များသည် ကျန်းမာသောအရေပြားကို ဖော်ပြသည်။ အခြားအရောင်များ သို့မဟုတ် အရောင်တောက်ပနေခြင်းသည် မကျန်းမာသော အရေပြား သို့မဟုတ် မှို၊ ဘက်တီးရီးယားများ စွဲကပ်နေသည့် အရေပြားဖြစ်ကြောင်း ဖော်ပြနိုင်သည်။
Wood’s Lamp ဖြင့် သိရှိနိုင်သော ရောဂါအခြေအနေများ
Wood’s lamp သည် အရေပြားပေါ်ရှိ ရောဂါပိုးများနှင့် ရောင်ခြယ်ဆဲလ်များ၏ မတူညီသော တုံ့ပြန်မှုကို အောက်ပါအတိုင်း ခွဲခြားဖော်ပြပေးနိုင်သည်။
- ပုံမှန်မဟုတ်သော အရေပြားရောင်ခြယ်ဆိုင်ရာ ပြဿနာများ – တင်းတိပ် (Melasma) နှင့် ခရုသင်း (Vitiligo) တို့ကို စစ်ဆေးရာတွင် ရောင်ခြယ်ဆဲလ် လျော့နည်းမှု သို့မဟုတ် ပိုလျှံမှု အတိမ်အနက်ကို တိကျစွာ ခွဲခြားပေးနိုင်ခြင်း
- မျိုးဗီဇနှင့် အာရုံကြောဆိုင်ရာ ရောဂါရှာဖွေခြင်း – Tuberous Sclerosis ရောဂါရှိသူများတွင် တွေ့ရတတ်သောအရေပြားအကွက်များ (Ash-leaf spots) နှင့် Neurofibromatosis ကဲ့သို့သော ရောဂါများကြောင့် ဖြစ်ပေါ်သည့် အရေပြားအကွက်များကို စောစီးစွာ ရှာဖွေဖော်ထုတ်နိုင်ခြင်း
- အရေပြား ဘက်တီးရီးယားပိုးဝင်ခြင်း – Pseudomonas (အပြာနုရောင် တောက်ပခြင်း) နှင့် Corynebacterium ကြောင့်ဖြစ်သော Erythrasma (အနီရောင် သို့မဟုတ် သန္တာရောင် တောက်ပခြင်း) အပါအဝင် ပိုးဝင်သော အခြေအနေများကို သိရှိနိုင်ခြင်း
- အရေပြား မှိုစွဲရောဂါများ – ဦးရေပြားတွင် ပွေးစွဲခြင်း (Tinea capitis) နှင့် ခန္ဓာကိုယ်အနှံ့ အဖြူကွက်များပေါ်ခြင်း (Tinea Versicolor) ကဲ့သို့သော မှိုရောဂါများကို စစ်ဆေးနိုင်ခြင်း
- ညှင်း (Pityriasis Versicolor) – အရေပြားပေါ်တွင် သဘာဝအတိုင်း ရှိနေသော Malassezia မှိုပိုးများ ပုံမှန်ထက် ပိုမိုပေါက်ပွားလာခြင်းကြောင့်ဖြစ်သော ရောဂါကို အဝါရောင် သို့မဟုတ် ကြေးနီရောင် တောက်ပမှုဖြင့် ခွဲခြားနိုင်ခြင်း
- အရေပြားကပ်ပါးပိုးများ – ဝဲရောဂါ (Scabies) နှင့် ဦးခေါင်းသန်းစွဲခြင်း (Head lice) တို့ကို ရှာဖွေရာ၌ အသုံးပြုနိုင်ခြင်း
- အရေပြား ကျန်းမာရေးနှင့်အလှအပဆိုင်ရာ – ဝက်ခြံ (Acne)၊ အဆီအိတ်ငယ်များ (Milia) နှင့် အသက်ကြီးခြင်းကြောင့် အရေပြားအိုမင်းရင့်ရော်မှု လက္ခဏာများ (Aging skin) ကို စစ်ဆေးနိုင်ခြင်း
ထိုစစ်ဆေးမှုကို အရေပြားအထူးကုဆရာဝန်များ (Dermatologists) က အများဆုံး ပြုလုပ်ပေးကြပြီး တစ်ခါတစ်ရံ မိသားစုဆရာဝန်များနှင့် ကျွမ်းကျင်သူနာပြုများကလည်း ပြုလုပ်ပေးနိုင်သည်။
Wood’s Lamp ၏ အခြားအသုံးဝင်ပုံများ
Wood’s lamp ကို အရေပြားနှင့် ဆံပင်စစ်ဆေးခြင်းအပြင် အခြားသော နယ်ပယ်ပေါင်းစုံ၌ အောက်ပါအတိုင်း အသုံးချနိုင်သည်။
- ဓာတ်ခွဲခန်းနှင့် ရောဂါရှာဖွေရေး
- ဆီးနှင့် ဝမ်းနမူနာများ၏ အရောင်တုံ့ပြန်မှုကို ကြည့်၍ Erythropoietic protoporphyria နှင့် Porphyria cutanea tarda စသည့် Porphyria ရောဂါအမျိုးအစားများကို ခွဲခြားရှာဖွေနိုင်ခြင်း၊ ကလေးငယ်များ သို့မဟုတ် အိမ်မွေးတိရစ္ဆာန်များ အဆိပ်သောက်မိခြင်း (ဥပမာ – Antifreeze အရည်) ရှိမရှိကို ဆီးထဲတွင် ပါဝင်သော Fluorescence ဓာတ်ပစ္စည်းအား ကြည့်၍ အရေးပေါ် ရှာဖွေနိုင်ခြင်း
- အလှအပရေးရာ (Aesthetics)
- အရေပြား ကျွမ်းကျင်ပညာရှင်များမှ အရေပြားအိုမင်းရင့်ရော်မှု လက္ခဏာများ၊ အသားအရေ ခြောက်သွေ့မှုနှင့် အခြားသော အလှအပဆိုင်ရာ ပြဿနာများကို အသေးစိတ် စစ်ဆေးနိုင်ခြင်း
- မျက်စိအထူးကုသမှု (Ophthalmology)
- မျက်ကြည်လွှာတွင် ပွန်းပဲ့ရာများ (Corneal abrasion) နှင့် ပြင်ပမှ ဝင်ရောက်နေသော အရာဝတ္ထုများ (Foreign bodies) ကို ရှာဖွေနိုင်ခြင်း (၎င်းကို Fluorescein ဆေးစက်ချ၍ Wood’s lamp အောက်တွင် ကြည့်ရှုခြင်းဖြင့် ဒဏ်ရာများကို ပိုမိုထင်ရှားစွာ မြင်တွေ့နိုင်သည်)
- တိရစ္ဆာန်ဆေးကုသမှု (Veterinary Medicine)
- အိမ်မွေးတိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သော ဘက်တီးရီးယား၊ မှို သို့မဟုတ် ကပ်ပါးပိုးဝင်ခြင်း ရှိမရှိကို စမ်းသပ်စစ်ဆေးနိုင်ခြင်း
- ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် ပိုးမွှားထိန်းချုပ်ရေး
- မြေကြွက်ကဲ့သို့သော သတ္တဝါတို့၏ ဆီးနှင့် မစင်များကို Wood’s lamp ဖြင့် ထိုးကြည့်ရုံဖြင့် အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ခြင်း
- မှုခင်းဆေးပညာ (Forensic Science)
- အခင်းဖြစ်ပွားရာ နေရာများတွင် မျက်စိဖြင့် မမြင်နိုင်သော သွေး၊ သုက်ရည်နှင့် အခြားသော ခန္ဓာကိုယ်ထွက် အရည်များကို ရှာဖွေဖော်ထုတ်နိုင်ခြင်း
Wood’s lamp ကို ဆေးဘက်ဆိုင်ရာစစ်ဆေးမှုမဟုတ်သော အခြားအခြေအနေများတွင်လည်း အသုံးပြုကြသည်။ ဥပမာအားဖြင့်_
- ဘဏ်များတွင် ငွေစက္ကူအတုများကို စစ်ဆေးရန်
- ဂီတဖျော်ဖြေပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများတွင် အဝင်အထွက် လက်ပတ်တံဆိပ်များကို စစ်ဆေးရန်
- နိုင်ငံကူးလက်မှတ်များ အတုအစစ် စစ်ဆေးရန်
- ပြတိုက်များရှိ ပန်းချီကားများနှင့် ပန်းပုများ၊ ရတနာဆိုင်များရှိ ကျောက်မျက်ရတနာများနှင့် တွင်းထွက်သတ္တုများကို စစ်ဆေးရန် အသုံးပြုကြသည်။
Wood’s Lamp အသေးစိတ်စစ်ဆေးပုံ အဆင့်ဆင့်
Wood’s lamp သည် အပူကို ထုတ်လွှတ်ခြင်း မရှိသည့်အပြင် စစ်ဆေးမှုသည်လည်း နာကျင်မှု လုံးဝမရှိပေ။ Wood’s lamp ဖြင့် မစစ်ဆေးမီ လူနာ၏ အရေပြားသည် သန့်ရှင်းနေရမည် ဖြစ်သော်လည်း စစ်ဆေးခါနီး ချက်ချင်း ရေဆေးသန့်စင်ထားခြင်းမျိုး မဖြစ်စေရန် သတိပြုရမည်။ စစ်ဆေးမှုမပြုလုပ်မီ အရေပြား သို့မဟုတ် ဦးရေပြားပေါ်တွင် မိတ်ကပ်၊ ချွေးနံ့ပျောက်ဆေး၊ ခရင်မ်များနှင့် အခြားသော အလှကုန်ပစ္စည်းများကို မလိမ်းထားရပါ။ အဆိုပါ ထုတ်ကုန်များသည် စစ်ဆေးမှုရလဒ်များကို မှားယွင်းစေနိုင်သည် သို့မဟုတ် ပြောင်းလဲစေနိုင်သည်။
စစ်ဆေးပေးမည့် သက်ဆိုင်ရာဆရာဝန်သည် အောက်ပါအဆင့်များကို ဆက်လက်ဆောင်ရွက်မည်ဖြစ်သည်။
- အခန်းကို မှောင်အောင် ပြုလုပ်ခြင်း
စစ်ဆေးမည့်အခန်းကို လုံးဝမှောင်နေစေရန် အခန်းမီးများအားလုံး ပိတ်ခြင်းနှင့် ပြတင်းပေါက်လိုက်ကာများ ပိတ်ခြင်းတို့ကို ဆောင်ရွက်မည်၊ လိုအပ်ပါက စစ်ဆေးမည့် အရေပြားအောက်တွင် အနက်ရောင် အဝတ်စကို ခံထားခြင်းဖြင့် အရောင်တုံ့ပြန်မှုကို ပိုမိုထင်ရှားစေနိုင်သည်။ - မီးအိမ်ကို ကြိုတင်ဖွင့်ထားခြင်း
Wood’s lamp ကို စဖွင့်ခါစတွင် အရောင်အနည်းငယ်သာ တောက်ပနေမည်ဖြစ်သဖြင့် မီးအိမ်အပူချိန် တည်ငြိမ်စေရန်နှင့် အရောင်ပိုမို ထင်ရှားလာစေရန် တစ်မိနစ်ခန့် စောင့်ဆိုင်းရမည်၊ ထိုသို့စောင့်ဆိုင်းခြင်းသည် စစ်ဆေးမည့်သူ၏ မျက်လုံးများ အမှောင်ရိပ်အတွင်း အသားကျစေရန်လည်း အထောက်အကူပြုသည်။ - အကာအကွယ်မျက်မှန် တပ်ဆင်ခြင်း
ခရမ်းလွန်ရောင်ခြည် တိုက်ရိုက်မထိတွေ့စေရန်အတွက် လိုအပ်ပါက အကာအကွယ်မျက်မှန်များကို တပ်ဆင်ရမည်။ - ကြည့်ရှုစစ်ဆေးခြင်း
စစ်ဆေးမည့် အရေပြားနေရာနှင့် မီးအိမ်ကို (၁၀)စင်တီမီတာ မှ (၃၀)စင်တီမီတာခန့် (၅ လက်မခန့်) အကွာတွင် ကိုင်ထား၍ စက္ကန့်အနည်းငယ်ကြာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးမည်။ - စစ်ဆေးမှု အပြီးသတ်ခြင်း
စစ်ဆေးမှုပြီးဆုံးပါက မီးအိမ်ကို ပြန်ပိတ်ပြီး အခန်းတွင်းရှိ မီးများကို ပြန်လည်ဖွင့်နိုင်သည်။
စစ်ဆေးမှု၏ ဘေးကင်းစိတ်ချရမှုနှင့် သတိပြုရန်အချက်များ
Wood’s Lamp စစ်ဆေးမှုတွင် အသုံးပြုသော ခရမ်းလွန်ရောင်ခြည်သည် အများအားဖြင့် အန္တရာယ်မရှိဘဲ ဘေးကင်းစိတ်ချရသော စစ်ဆေးမှုတစ်ခုဖြစ်သည်။
- အရေပြားအပေါ် သက်ရောက်မှု – အသုံးပြုသော အလင်းလှိုင်းသည် တိုတောင်းသောကြောင့် နေလောင်ခြင်းကဲ့သို့ အရေပြားထိခိုက်မှုများ မဖြစ်စေနိုင်ခြင်း
- နာကျင်မှုမရှိခြင်း – စစ်ဆေးမှုသည် အရေပြားကို ထိုးဖောက်ခြင်း သို့မဟုတ် တိုက်ရိုက်ထိတွေ့ခြင်းမျိုး မရှိသောကြောင့် နာကျင်မှု လုံးဝမရှိခြင်း
- အလင်းနှင့် ဓာတ်မတည့်သူများ – အလွန်ရှားပါးသော အခြေအနေမျိုးတွင် အလင်းနှင့် အလွန်အမင်း ဓာတ်မတည့်သူများ၌ ယာယီအဖုအပိမ့်များ ဖြစ်ပေါ်နိုင်သော်လည်း စစ်ဆေးမှုကြာချိန်မှာ အလွန်တိုတောင်းသောကြောင့် ဖြစ်နိုင်ခြေ အလွန်နည်းပါးခြင်း
- မျက်လုံးကို ကာကွယ်ရန် သတိပြုချက် – မီးအိမ်၏ အလင်းရောင် တိုက်ရိုက်ထိတွေ့ခြင်းသည် မျက်လုံးကို ထိခိုက်စေနိုင်သောကြောင့် စစ်ဆေးမှုခံယူနေစဉ်အတွင်း မျက်လုံးမှိတ်ထားရန် သို့မဟုတ် အကာအကွယ်မျက်မှန် တပ်ဆင်ထားရန် လိုအပ်ခြင်း
Wood’s Lamp စစ်ဆေးမှုမှ သိရှိနိုင်သော အဖြေများ
ဆရာဝန်သည် စစ်ဆေးမှုပြီးဆုံးသည်နှင့် ရလဒ်များကို လူနာနှင့် ချက်ချင်း ဆွေးနွေးပေးမည်ဖြစ်သည်။ တိကျသော ရောဂါရှာဖွေရန်အတွက် သက်ဆိုင်ရာ ရောဂါရာဇဝင်၊ ခံစားရသော လက္ခဏာများနှင့် အခြားစစ်ဆေးမှု ရလဒ်များကိုလည်း ထည့်သွင်းစဉ်းစားမည်ဖြစ်သည်။
Wood’s Lamp သည် အဓိကအားဖြင့် ပုံမှန်ထက် အရောင်ရင့်သော (Hyperpigmented)၊ အရောင်ဖျော့သော (Hypopigmented) အရေပြားအကွက်များနှင့် အရောင်တောက်ပမှု (Fluorescence) တို့ကို စစ်ဆေးခြင်းဖြစ်သည်။
ပုံမှန်အရေပြား၏ အရောင်တုံ့ပြန်မှု
- ကျန်းမာသော လူ့အရေပြား – အပြာရောင် ခပ်ဖျော့ဖျော့ သန်းနေခြင်း
- အရေပြားထူသော နေရာများ – အဖြူရောင်သန်းခြင်း
- အဆီပြန်သော အရေပြား – အဝါရောင်သန်းခြင်း
- ခြောက်သွေ့သော သို့မဟုတ် ရေဓာတ်ခန်းခြောက်သော အရေပြား – ခရမ်းရောင်သန်းခြင်း
ပုံမှန်မဟုတ်သော ရောဂါလက္ခဏာများနှင့် အရောင်များ
Wood’s Lamp အလင်းအောက်တွင် အရေပြားအရောင် ချို့ယွင်းချက်သည် ပိုမိုသိသာလာခြင်း သို့မဟုတ် အရောင်တောက်ပမှု (Fluorescence) ကို သတိပြုမိပါက ရောဂါပိုးဝင်ခြင်း သို့မဟုတ် အခြားအခြေအနေများကို ဖော်ပြသည်။
- အဖြူရောင်နှင့် အပြာရောင် တောက်ပမှု
ပုံမှန်ထက် အရောင်ဖျော့ခြင်း (Hypopigmentation) သို့မဟုတ် ရောင်ခြယ်လုံးဝမရှိခြင်း (Depigmentation) ကို ဖော်ပြသည်။ ခရုသင်းရောဂါ (Vitiligo)၊ မျိုးဗီဇဆိုင်ရာ Tuberous Sclerosis တွင် တွေ့ရသည့် သစ်ရွက်ပုံသဏ္ဌာန် အကွက်ဖြူများ (Ash-leaf macules) နှင့် Hypomelanosis of Ito တို့တွင် တွေ့ရတတ်သည်။ အရောင်ဖျော့သော အရေပြားသည် Black light အောက်တွင် ပိုမိုပြတ်သားသော အနားသတ်များ ရှိနေတတ်ပြီး အရေပြားအောက်ရှိ Biopterins မော်လီကျူးများကြောင့် ထိုသို့ အပြာရောင်နှင့် အဖြူရောင် တောက်ပမှုများကို မြင်ရခြင်းဖြစ်သည်။ - အညိုရင့်ရောင် တောက်ပမှု
အရောင်ရင့်ခြင်း (Hyperpigmentation) အခြေအနေဖြစ်သည်။ မယ်လနင် (Melanin) ဓာတ်များမှ အလင်းကို ပိုမိုစုပ်ယူခြင်းကြောင့် တင်းတိပ် (Melasma) ကဲ့သို့သော ရောင်ခြယ်များသည့် အကွက်များကို တိကျရှင်းလင်းသော အနားသတ်များဖြင့် မြင်တွေ့ရသည်။ - အနီရင့်ရောင် သို့မဟုတ် ပန်းရောင်ရင့် (Coral red/pink) တောက်ပမှု
Corynebacteria ပိုးကြောင့်ဖြစ်သော Erythrasma အရေပြားရောဂါဖြစ်သည်။ - အစိမ်းရောင် တောက်ပမှု
Pseudomonas ဘက်တီးရီးယားကြောင့် ဖြစ်သော အနာများဖြစ်သည်။ - အဝါရောင် သို့မဟုတ် လိမ္မော်ရောင် တောက်ပမှု
ညှင်း (Pityriasis versicolor) ရောဂါဖြစ်သည်။ အထူးသဖြင့် ရှေ့ရင်ဘတ်နှင့် ကျောဘက်ရှိ အကြေးခွံများကဲ့သို့ ဖြစ်နေသောနေရာများတွင် တွေ့ရတတ်သည်။ - စိမ်းပြာရောင် သို့မဟုတ် အပြာရောင် တောက်ပမှု
ဦးရေပြား မှိုစွဲနာ (Tinea capitis) ဖြစ်သည်။ Microsporum မျိုးစိတ်ကြောင့် ဖြစ်ပါက စိမ်းပြာရောင် သို့မဟုတ် အဝါရောင် တောက်ပပြီး Trichophyton ကြောင့် ဖြစ်ပါက အပြာရောင် ခပ်မှိုင်းမှိုင်း တောက်ပသည်။ - လိမ္မော်ရောင် သို့မဟုတ် အနီရောင် တောက်ပမှု
ဝက်ခြံ (Acne) များသည် မွေးညှင်းပေါက်များရှိ Cutibacteria ကြောင့် ဖြစ်ပွါးနေခြင်းကို ဖော်ပြသည် - ပန်းရောင်မှ အနီရောင် တောက်ပမှု
Porphyria ရောဂါစုများတွင် အရေပြား သို့မဟုတ် သွားများ၌ တွေ့ရတတ်သည်။ - အဖြူရောင် သို့မဟုတ် မီးခိုးရောင် အစက်အပြောက်များ
ဦးရေပြားပေါ်ရှိ သန်းများနှင့် သန်းဥများကို တွေ့ရှိရခြင်းဖြစ်သည်။
References:
- DermNet NZ. (n.d.). Wood’s lamp skin examination. Retrieved December 27, 2025, from https://dermnetnz.org/topics/wood-lamp-skin-examination
- Cleveland Clinic. (n.d.). Wood’s lamp examination. Retrieved December 27, 2025, from https://my.clevelandclinic.org/health/diagnostics/23292-woods-lamp-examination
- WebMD. (n.d.). What is a Wood’s lamp exam?. Retrieved December 27, 2025, from https://www.webmd.com/skin-problems-and-treatments/what-is-woods-lamp-exam
- MDCSNYC. (n.d.). 5 skin conditions a Wood’s lamp test can help identify. Retrieved December 27, 2025, from https://www.mdcsnyc.com/post/5-skin-conditions-a-woods-lamp-test-can-help-identify
- Healthline. (n.d.). Wood’s lamp examination. Retrieved December 27, 2025, from https://www.healthline.com/health/woods-lamp-examination
- Annals of Dermatology. (1995). Wood’s lamp in dermatology [PDF]. Ann Dermatol, 7(4), 283–??. Retrieved December 27, 2025, from https://www.anndermatol.org/pdf/10.5021/ad.1995.7.4.283
- Journal of Clinical and Aesthetic Dermatology. (n.d.). Review of Wood’s lamp in dermatology. Retrieved December 27, 2025, from https://jcadonline.com/review-of-woods-lamp-in-dermatology/
Published: 26 January 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.
