Head and Body Lice (ခန္ဓာကိုယ်၌ သန်းစွဲခြင်း)

Head and Body Lice (ခန္ဓာကိုယ်၌ သန်းစွဲခြင်း)

သန်းဆိုသည်မှာ ဦးရေပြားနှင့် ခန္ဓာကိုယ်အနှံ့တွင် နေထိုင်သော၊ နှမ်းစေ့ခန့် အရွယ်အစားပမာဏရှိသော သွေးစုပ်တတ်သည့် ကပ်ပါးကောင် အင်းဆက်ပိုးအမျိုးအစားဖြစ်သည်။ အမွေးအမှင်ထူ‌ထဲသော ဦးခေါင်း၊ လည်ပင်း၊ ပခုံး၊ ချိုင်း၊ ခါး၊ ပေါင်ခြံ (အဝတ်ချုပ်ရိုးနှင့် အရေပြားထိတွေ့မှုများသောနေရာ) များတွင် တွေ့ရတတ်သည်။ အသက်အရွယ်မရွေး၊ အမျိုးသားအမျိုးသမီးမရွေး ဖြစ်ပွါးနိုင်သည်။

Head and body lice image 1
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
သန်းအမျိုးအစားများနှင့် ဆက်စပ်ရောဂါများ
  1. ခန္ဓာကိုယ်သန်း (Body Louse – Pediculus humanus corporis)
    အသက်အရွယ်မရွေး ဖြစ်ပွါးနိုင်ပြီး နောက်ဆက်တွဲရောဂါများပါ ဖြစ်ပွါးစေနိုင်သည်။
  2. ဦးရေပြားသန်း (Head Louse – Pediculus humanus capitis)
    အများအားဖြင့် ရောဂါပိုးမကူးစက်နိုင်ပါ။ ဦးရေပြားယားယံခြင်းမျှသာ ဖြစ်တတ်သည်။
  3. ဆီးစပ်ခုံတွင် တွေ့ရတတ်သောသန်းများ (Pubic Louse – Pthirus pubis)
    ဆီးစပ်ခုံနေရာရှိ အမွေးအမှင်များတွင် တွေ့ရများ၍ အခြားရောဂါများ မကူးစက်နိုင်ပါ။ ဆီးစပ်နေရာ (သို့မဟုတ်) လိင်အင်္ဂါတစ်ဝိုက်တွင် ပြင်းထန်စွာ ယားယံခြင်းဖြစ်နိုင်သည်။
သန်းကူးစက်ပုံ

သန်း၏ ဘ၀စက်၀န်းအဆင့် (၃) မျိုး

  1. ဥ (Nit)
    အဝါဖျော့ရောင်၊ ဘဲဥပုံစံဖြစ်သည်၊ ဦးရေပြားနှင့် အထက်ဆံပင်များပေါ်တွင်လည်းကောင်း၊ အဝတ်ချုပ်ရိုးများပေါ်တွင်လည်းကောင်း ကပ်နေလေ့ရှိပြီး (၁ – ၂) ပတ်အတွင်း ပေါက်ပွါးနိုင်သည်။
  2. သားလောင်းအဆင့် (Nymph)
    ဥမှပေါက်ပြီး (၉ – ၁၂) ရက်အတွင်း သားလောင်းဘ၀ ဖြစ်လာသည်။
  3. အရွယ်ရောက်ပြီးသန်းကောင်အဆင့် (Adult)
    • အရွယ်ရောက်ပြီး ဦးရေပြားသန်းများသည် နှမ်းစေ့အရွယ်ခန့်ရှိပြီး အညိုရောင်မှ မီးခိုးရောင်ရှိသည်၊ သန်းမများသည် သန်းထီးများထက် အရွယ်အစားပိုကြီးပြီး တစ်နေ့လျှင် (၈) ဥအထိ ဥနိုင်သည်၊ အရွယ်ရောက်ပြီးသန်းများသည် အသက်ရှင်နိုင်ရန်အတွက် တစ်နေ့လျှင် အကြိမ်ပေါင်းများစွာ သွေးစုပ်ရန်လိုအပ်ပြီး သွေးကိုရရှိပါက ရက်ပေါင်း (၃၀) ခန့်အထိ အသက်ရှင်နိုင်သည်၊ သွေးမရရှိပါက (၁-၂) ရက်ခန့်သာ အသက်ရှင်နိုင်သည်။
    • အရွယ်ရောက်ပြီး ခန္ဓာကိုယ်သန်းများသည် ဦးရေပြားသန်းများနှင့် ပုံသဏ္ဌာန် အရွယ်အစားတူညီမှုရှိပြီး မီးခိုးရောင် သို့မဟုတ် နီညိုရောင်ရှိသည်၊ များသောအားဖြင့် ခန္ဓာကိုယ်သန်းများသည် ရက်ပေါင်း (၂၀) ခန့်အထိ သက်တမ်းရှိပြီး သန်းအမများသည် သက်တမ်းတစ်လျှောက် ဥ (၃၀၀) အထိ ဥနိုင်သည်။

သန်းများတွင် အတောင်ပံများမရှိသဖြင့် ပျံသန်းခြင်း၊ ခုန်ကူးခြင်းများ မပြုလုပ်နိုင်ပါ။ တစ်နေရာမှ တစ်နေရာသို့ တွားသွားခြင်းဖြင့် ရွေ့လျားသည်။ လူ့ခန္ဓာကိုယ်၏ ပူနွေးသောနေရာများ (ဥပမာ _ ဦးရေပြား) တွင် သန်စွမ်းသော အစွယ်များပါသည့် ခြေထောက်များဖြင့် ကုပ်တွယ်ကာ နေထိုင်ကြသည်။

ဦးရေပြားသန်း (Head lice) များသည် အဓိကအားဖြင့် ကလေးများတွင် အတွေ့ များသည်။ တစ်ဦးမှတစ်ဦးသို့ ဆံပင်ချင်း တိုက်ရိုက်ထိတွေ့မှုမှတစ်ဆင့် ကူးစက်နိုင်သည်။ ဘီး၊ ဦးထုပ်စသော အသုံးအဆောင်များ မျှဝေသုံးစွဲရာမှလည်း ကူးစက်နိုင်သည်။ ဦးရေပြားသန်းများသည် ဗောက်များနှင့် ဆင်တူသော်လည်း ဗောက်ထခြင်းကဲ့သို့ အလွယ်တကူ ဖယ်ရှား၍ မရပါ။

ခန္ဓာကိုယ်သန်း (Body lice) များသည် ဦးရေပြားသန်းနှင့် မတူသည့်အချက်မှာ အဝတ်နှင့် အိပ်ရာခင်းများတွင် နေထိုင်သည်။ သန်းရှိသူနှင့် နီးနီးကပ်ကပ်နေခြင်း သို့မဟုတ် သန်းရှိသော အဝတ်အစား၊ အိပ်ရာခင်းများကို မျှဝေသုံးစွဲခြင်းမှတစ်ဆင့် ကူးစက်နိုင်သည်။ ခန္ဓာကိုယ်သန်းများသည် ကျပ်တည်း၍ သန့်ရှင်းမှုအားနည်းသော နေထိုင်မှုပုံစံရှိသူများ (ဥပမာ ဒုက္ခသည်စခန်း၊ တစ်ကိုယ်ရေသန့်ရှင်းမှု‌မရှိသူများ) တွင် အတွေ့ရများသည်။ သို့သော် ခန္ဓာကိုယ်သန်းသည် ခွေး၊ ကြောင် အစရှိသော အိမ်မွေးတိရစ္ဆာန်များမှတစ်ဆင့် မကူးစက်နိုင်ပါ။

ရောဂါလက္ခဏာများ
  • ဦးရေပြား (သို့မဟုတ်) ခန္ဓာကိုယ်တွင် တစ်စုံတစ်ခုရှိနေ၊ ရွေ့လျားနေသကဲ့သို့ ခံစားရခြင်း
  • အရေပြားယားယံခြင်း
  • သန်းကိုက်ခံရသောနေရာများတွင် အနီစက်၊ အညိုစက်များ အစုလိုက်တွေ့ရခြင်း
  • အဖုငယ်များ ဖြစ်လာခြင်း
နောက်ဆက်တွဲပြဿနာများ

အရေပြားယားယံသဖြင့် ထပ်ခါထပ်ခါ ကုတ်ခြစ်ခြင်းကြောင့်

  • သွေးထွက်ခြင်း
  • အနာဖြစ်ခြင်း၊ ပိုးဝင်ခြင်း
  • ကာလကြာရှည် သန်းစွဲခြင်းကြောင့် အရေပြားထူခြင်း၊ အရေပြားအရောင်များပြောင်းလဲ၍ အသားအရောင်မညီမညာဖြစ်ခြင်းတို့ ဖြစ်တတ်သည်။

ထို့အပြင်

  • ယားယံမှုကြောင့် အိပ်ရေးပျက်ခြင်း (ဦး‌ရေပြားသန်းများသည် ညအိပ်ချိန်တွင် ပိုမိုလှုပ်ရှားကိုက်ခဲတတ်ကြသည်)
  • အနာများနှင့် ယားယံမှုကြောင့် ပတ်၀န်းကျင်တွင် လူအများနှင့် ရောနှောမနေရဲခြင်း
  • မိမိကိုယ်ကို ယုံကြည်မှု ကျဆင်းခြင်း၊ စိတ်ကျဝေဒနာခံစားရခြင်း စသည်တို့ပါ ခံစားရနိုင်သည်။
ခန္ဓာကိုယ်သန်း သယ်ဆောင်ကူးစက်စေနိုင်သော ရောဂါများ
  • Epidemic typhusRickettsia prowazekii ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွါးသည်
    ချမ်းတုန်ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ အရေပြားအကွက်ထွက်ခြင်းများအပြင် ရောဂါပြင်းထန်ပါက အသိစိတ်ကျဆင်းခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်း စသည့်လက္ခဏာများအထိ ဖြစ်ပေါ်နိုင်သည်
  • Relapsing feverBorrelia recurrentis ဘက်တီးရီးယားကြောင့် ဖြစ်ပွါးသည်
    မကြာခဏပြန်ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း စသည့်လက္ခဏာများအထိ ဖြစ်ပေါ်နိုင်သည်
  • Trench feverBartonella Quintana ဘက်တီးရီးယားကြောင့် ဖြစ်ပွါးသည်
    ကြွက်သားနှင့်အဆစ်များ နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဖျားခြင်း စသည့်လက္ခဏာများ တွေ့ရနိုင်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်

ဦး‌ရေပြားနှင့် ခန္ဓာကိုယ်ပေါ်တွင် သန်း (သို့မဟုတ်) သန်းဥများ တွေ့ရှိခြင်း၊ ယားယံ၍ ကုတ်ခြစ်ရာမှပိုး၀င်ခြင်း၊ သန်းစွဲခြင်းကြောင့် လူမှုရေးအခက်အခဲများ၊ စိတ်ကျ‌‌‌ဝေဒနာများ ခံစားရခြင်းနှင့် ခန္ဓာကိုယ်သန်း (Body Louse) သယ်ဆောင်ကူးစက်စေနိုင်သော အထက်ပါရောဂါလက္ခဏာများ စသည်တို့ရှိလျှင် မိသားစုဆရာ၀န်များနှင့် တိုင်ပင်ဆွေနွေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

မိသားစုဆရာဝန်မှ ရောဂါရာဇဝင်နှင့် ရောဂါလက္ခဏာများကို အခြေခံ၍ ရောဂါသတ်မှတ်နိုင်သည်။ ဆံပင်၊ ဦးရေပြား၊ အရေပြားနှင့် အဝတ်ချုပ်ရိုးများရှိ သန်းနှင့် သန်းဥများကိုတွေ့ရှိခြင်းဖြင့် ရောဂါသေချာနိုင်သည်။ လိုအပ်ပါက ခန္ဓာကိုယ်သန်း (Body Louse) သယ်ဆောင်ကူးစက်စေနိုင်သော အထက်ပါပိုးများကို ဓာတ်ခွဲစစ်ဆေးရှာဖွေနိုင်သည်။

ကုသခြင်း

သန်းစွဲခြင်းကို ကုသရာတွင် တစ်ကိုယ်ရေသန့်ရှင်းရေးသည် အရေးကြီးဆုံးအချက်ဖြစ်သည်။

  1. အိမ်တွင်းကာကွယ်နည်းများ
    • နေ့စဉ် ပုံမှန်ရေချိုးခြင်း
    • အနည်းဆုံး တစ်ပတ် တစ်ကြိမ် ခေါင်းလျှော်ခြင်း
    • ဦးထုပ်၊ အဝတ်အစားနှင့် အိပ်ရာခင်းများကို (၅၄°C) အထက် ရေနွေးဖြင့် လျှော်ဖွပ်ခြင်း
    • အဝတ်များကို အပူချိန်မြင့်အခြောက်ခံစက်တွင် မိနစ် (၃၀) အထိထား၍ အခြောက်ခံခြင်း
    • မလျှော်ဖွပ်နိုင်သော အဝတ်များအတွက် ပလတ်စတစ်အိတ်တွင် (၂) ပတ်အထိ အလုံပိတ်ထားခြင်း
  2. အိမ်တွင်းကုသနည်းများ
    • သံလွင်ဆီ (သို့မဟုတ်) ရှာလကာရည် (Vinegar) ဖြင့် ဆံပင်စိမ်ခြင်း
    • သန်းဖြီးဘီးစိပ်ဖြင့် ခပ်စိပ်စိပ်ဖြီးခြင်း
    • ရေခဲကပ်ခြင်း
    • အုတ်ဂျုံပြုတ်ရည် လိမ်းခြင်း
  3. ဆေးဝါးဖြင့်ကုသခြင်း
    • Permethrin (လိမ်းဆေး)
    • Ivermectin (သောက်ဆေး)
      ယားယံခြင်းသက်သာစေရန်
    • Antihistamine (ဟစ်စတာမင်းဆန့်ကျင်ဆေး) လိမ်းဆေး/သောက်ဆေး
    • Hydrocortisone cream (စတီးရွိုက်လိမ်းဆေး)
  4. နောက်ဆက်တွဲပြဿနာ၊ ရောဂါများကို ကုသခြင်း
    • အရေပြားပိုးဝင်ခြင်း၊ အနာဖြစ်ခြင်းနှင့် ခန္ဓာကိုယ်သန်းများမှတစ်ဆင့် သယ်ဆောင်ကူးစက်စေသော ရောဂါများကို သက်ဆိုင်ရာရောဂါအလိုက် ပဋိဇီဝပိုးသတ်ဆေးများဖြင့် ကုသခြင်း
    • အရေပြားထူခြင်း၊ အရောင်ပြောင်းခြင်းများအတွက် ကုသခြင်း
    • စိတ်ကျဝေဒနာကဲ့သို့ စိတ်ကျန်းမာရေးအခြေအနေများအတွက် သက်ဆိုင်ရာကုထုံးများဖြင့် ကုသခြင်း
ကာကွယ်ခြင်း

သန်းမကူးစက်ရန် အောက်ပါနည်းလမ်းများကို လိုက်နာသင့်သည်။

  1. သန်းရှိသူများနှင့် ခေါင်းချင်းမထိရန် သတိပြုပါ
  2. အိမ်သန့်ရှင်းရေး
    • အဝတ်အစား၊ အိပ်ရာခင်းများကို အနည်းဆုံး တစ်ပတ်တစ်ကြိမ် လျှော်ဖွပ်ပါ
    • ၅၄°C အထက်ရေနွေးဖြင့် လျှော်ဖွပ်ပါက ပိုမိုထိရောက်သည်
  3. အသုံးအဆောင်များ
    • ဆံပင်ရိတ်စက်နှင့် ခေါင်းဖြီးဘီးများကို မျှဝေမသုံးပါနှင့်
    • သန်းရှိသူ၏ ဦးထုပ်၊ အ၀တ်အစားများကို မျှဝေမဝတ်ဆင်ပါနှင့်
    • မလျှော်နိုင်သောပစ္စည်းများကို ပလတ်စတစ်အိတ်တွင် ၂ ပတ်ခန့် အလုံပိတ်ထားပါ
  4. နေထိုင်မှုပုံစံ
    • ကျပ်တည်းသော၊ ညစ်ပတ်သော နေရာများတွင် လူအများနှင့် ရောနှောမနေထိုင်ပါနှင့်
    • သန်းရှိသူနှင့် အတူနေထိုင်ဖူးပါက မိသားစုဝင်အားလုံးကို စစ်ဆေးပါ
  5. အထူးသတိပြုရန်
    • ဦးရေပြားသန်းသည် ကလေးငယ်များတွင် အဖြစ်များသော်လည်း အန္တရာယ်မရှိပါ
    • ယားယံခြင်းကို မကုတ်ပါနှင့် (ကုတ်ခြစ်ရာမှတစ်ဆင့် ပိုး၀င်နိုင်သည်)
    • သန်းဥများကို ဖယ်ရှားရန် သန်းဖြီးဘီးစိပ်ဖြင့် နေ့စဉ်ဖြီးပေးပါ
  6. အခြားကာကွယ်နည်းများ
    • ပုံမှန်ရေချိုးခြင်း၊ ခေါင်းလျှော်ခြင်းများ ပြုလုပ်ပါ
    • သံလွင်ဆီဖြင့် ဆံပင်ကို ပုံမှန်သုတ်လိမ်းပေးပါ

သတိပြုရန်
သန်းကူးစက်ခံရပါက စောစီးစွာကုသမှုခံယူပါ။ မိသားစုဆရာဝန်နှင့် တိုင်ပင်ကုသမှုခံယူပါ။

References:

  1. Mayo Clinic. (n.d.). Body lice: Symptoms and causes. Retrieved June 6, 2025, from https://www.mayoclinic.org/diseases-conditions/body-lice/symptoms-causes/syc-20350310
  2. Mayo Clinic. (n.d.). Head lice: Symptoms and causes. Retrieved June 6, 2025, from https://www.mayoclinic.org/diseases-conditions/head-lice/symptoms-causes/syc-20356180
  3. Cleveland Clinic. (n.d.). Head lice. Retrieved June 6, 2025, from https://my.clevelandclinic.org/health/diseases/10824-head-lice
  4. Cleveland Clinic. (n.d.). Body lice. Retrieved June 6, 2025, from https://my.clevelandclinic.org/health/diseases/17919-body-lice
  5. MSD Manual Consumer Version. (n.d.). Lice infestation. Retrieved June 6, 2025, from https://www.msdmanuals.com/home/skin-disorders/parasitic-skin-infections/lice-infestation
  6. Centers for Disease Control and Prevention. (n.d.). Body lice. Retrieved June 6, 2025, from https://www.cdc.gov/lice/about/body-lice.html

Published: 28 July 2025

Share

28 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

See also
Ganglion Cyst (ဂန်ဂလီယံအရည်အိတ်)
Dec 31, 2025
Diseases and Conditions

Ganglion Cyst (ဂန်ဂလီယံအရည်အိတ်)

ဂန်ဂလီယံအရည်အိတ်သည် အဆစ်နှင့် အရွတ်များတွင် ဖြစ်ပေါ်တတ်သော ကင်ဆာမဟုတ်သည့်...

Tennis Elbow (Lateral Epicondylitis) (တင်းနစ်တံတောင်ဆစ် သို့မဟုတ် တံတောင်ဆစ် အပြင်ဘက်အရွတ်ကြော ရောင်ရမ်းခြင်း)
Dec 31, 2025
Diseases and Conditions

Tennis Elbow (Lateral Epicondylitis) (တင်းနစ်တံတောင်ဆစ် သို့မဟုတ် တံတောင်ဆစ် အပြင်ဘက်အရွတ်ကြော ရောင်ရမ်းခြင်း)

တံတောင်ဆစ်နာကျင်မှုများတွင် တံတောင်ဆစ် အပြင်ဘက်အရွတ်ကြော...

Chorioamnionitis (ရေမြွှာရည်နှင့် အချင်းအမြှေးပါး ပိုးဝင်ခြင်း)
Dec 30, 2025
Diseases and Conditions

Chorioamnionitis (ရေမြွှာရည်နှင့် အချင်းအမြှေးပါး ပိုးဝင်ခြင်း)

ရေမြွှာရည်နှင့် အချင်းအမြှေးပါး ပိုးဝင်ခြင်းသည် မိခင်ရောကလေးပါ...