Tympanoplasty (ပျက်စီးသွားသော နားစည်မြှေးအား အစားထိုးပြုပြင်ခြင်း)

Tympanoplasty (ပျက်စီးသွားသော နားစည်မြှေးအား အစားထိုးပြုပြင်ခြင်း)

Tympanoplasty သည် အလိုအလျောက် အနာပြန်မကျက်သော သို့မဟုတ် ပျက်စီးပေါက်ပြဲသွားသော နားစည်မြှေးရှိ အပေါက်များကို ပြုပြင်ရန်အတွက် နားနှာခေါင်းလည်ချောင်း အထူးကုဆရာဝန်များမှ အဏုကြည့်မှန်ပြောင်း (Microscope) သို့မဟုတ် နားအတွင်းကြည့်ကိရိယာ (Endoscope) ကို အသုံးပြု၍ ပြုလုပ်သော ခွဲစိတ်ကုသမှုဖြစ်သည်။ နားစည်သည် ပြင်ပမှ အသံကို တုန်ခါခြင်းဖြင့် လက်ခံတုံ့ပြန်ပြီး အသံကြားရစေသည်။ နားစည်တွင် အပေါက်ဖြစ်နေပါက နားစည်၏ တုန်ခါနိုင်မှုကို ထိခိုက်စေ၍ အသံလက်ခံနိုင်စွမ်း ကျဆင်းနိုင်သည်။ အပေါက်သေးငယ်ပါက အကြားအာရုံကို များစွာ မထိခိုက်နိုင်သော်လည်း အပေါက်ကြီးခြင်း သို့မဟုတ် နားစည်တွင် တစ်နေရာမက ဖြစ်ပွါးပါက အကြားအာရုံပြဿနာများ ဖြစ်ပေါ်လာသည်။

ဤခွဲစိတ်မှုကို တစ်ခါတစ်ရံတွင် နားအလယ်ပိုင်းရှိ အခြားပြဿနာများအတွက် အခြားခွဲစိတ်မှုများနှင့်အတူ တွဲဖက်လုပ်ဆောင်လေ့ရှိသည်။ ၎င်းတို့မှာ_

  • နားအလယ်ပိုင်းရှိ အရိုးများပြုပြင်ခြင်း (Ossiculoplasty)
    နားစည်နှင့် ချိတ်ဆက်ထားပြီး အသံကို ချဲ့ထွင်ပေးသည့် နားအလယ်ပိုင်းအတွင်းရှိ သေးငယ်သော အရိုးသုံးခု (Ossicles – malleus, incus, stapes) တို့ကို ပြန်လည်တည်ဆောက် ပုံဖော်ပေးခြင်းဖြစ်သည်။
  • နားအနောက်ဘက်ရှိ အရိုးကို ခွဲစိတ်ဖယ်ရှားခြင်း (Mastoidectomy)
    နားအနောက်ဘက်ရှိ ဦးခေါင်းခွံရိုး၏ အစိတ်အပိုင်းတစ်ခုဖြစ်သော မက်စ်စတွိုက်အရိုး (Mastoid bone) မှ ရောဂါရှိသော တစ်ရှူးများကို ဖယ်ရှားခြင်းဖြစ်သည်။ နားအနောက်ဘက်အရိုးနှင့် နားစည်ကို ပြုပြင်သောခွဲစိတ်မှု (Tympanomastoidectomy) ကို နာတာရှည် နားအလယ်ပိုင်းပိုးဝင်ခြင်းကြောင့် အရိုးရောင်ရမ်းခြင်း (Mastoiditis) ရှိသူများ သို့မဟုတ် နားစည်အနောက်တွင် ဖြစ်ပေါ်လာသော အလုံးအကျိတ် (Cholesteatomas) ကို ဖယ်ရှားရန်အတွက် အသုံးပြုသည်။
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ

အလိုအလျောက် အနာပြန်မကျက်နိုင်သော နားစည်ပေါက်ပြဲခြင်းကို ပြုပြင်ရန်အတွက် အဓိက လုပ်ဆောင်လေ့ရှိသည်။ နားစည်ကောင်းစွာ အနာမကျက်ခြင်း၏ လက္ခဏာများမှာ အကြားအာရုံ လုံးဝ ဆုံးရှုံးနေခြင်းနှင့် နားမှအရည်များ ဆက်တိုက်ယိုနေခြင်း (Otorrhea) တို့ဖြစ်သည်။

အောက်ပါအချက်များကြောင့် လူကြီးသာမက ကလေးများတွင် နားစည်ပေါက်ပြဲခြင်း ဖြစ်နိုင်သည်။

  • ဦးခေါင်းဒဏ်ရာရခြင်း
  • ထပ်တလဲလဲ သို့မဟုတ် ပြင်းထန်သော နားပိုးဝင်ခြင်း
  • နားစည်ပိုက်ထည့်ခြင်းကဲ့သို့သော ခွဲစိတ်ကုသမှုများ
  • နားစည်အနောက်တွင် အလုံးအကျိတ် (Cholesteatoma) ဖြစ်ခြင်း
  • ဂွမ်းတံကဲ့သို့အရာဝတ္ထုများကို နားအတွင်းသို့ ထည့်သွင်းမိခြင်း
  • ရုတ်တရက် လေဖိအားပြောင်းလဲမှု၊ ဥပမာ _ လှိုင်းရိုက်ခတ်ခြင်း သို့မဟုတ် ပေါက်ကွဲမှုဒဏ်ရာကြောင့် ဖြစ်ခြင်း

ကလေးများသည် လူကြီးများထက် နားပိုးဝင်နိုင်ခြေပိုများခြင်း၊ နားပိုက်ထည့်ရန် လိုအပ်ခြင်း သို့မဟုတ် နားထဲသို့ အရာဝတ္ထုများ ထည့်သွင်းမိနိုင်ခြေ ပိုများခြင်းကြောင့် ခွဲစိတ်ပြုပြင်ရန် လိုအပ်သော နားစည်ပေါက်ပြဲခြင်း ဖြစ်နိုင်ခြေ ပိုများသည်။

အကျိုးကျေးဇူးများ

ပျက်စီးနေသော နားစည်ကို ပြန်လည်ပြုပြင်ခြင်းဖြင့် အကြားအာရုံကို ပြန်လည်တိုးတက်ကောင်းမွန်လာရန် များစွာအထောက်အကူဖြစ်စေသည်။ ရောဂါပိုးမွှားများ နားအလယ်ပိုင်းနှင့် နားအတွင်းပိုင်းသို့ ပျံ့နှံ့ဝင်ရောက်ခြင်းကိုလည်း ကာကွယ်ပေးသည်။

ကုသပုံအဆင့်ဆင့်
မခွဲစိတ်မီ

သက်ဆိုင်ရာ နားနှာခေါင်းခွဲစိတ်ဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်း၊ ဆေးမှတ်တမ်းများကြည့်ရှုခြင်း၊ လူနာအား အသေးစိတ် စမ်းသပ်စစ်ဆေးခြင်းအပြင် နားစည်နှင့်ပတ်သက်သော စစ်ဆေးမှုများကိုလည်း ဆက်လက်ပြုလုပ်မည်ဖြစ်သည်။

  • နားစည်မြှေးကို မြင်နိုင်ရန် ကိရိယာ (Otoscope) ကို အသုံးပြု၍ နားကို စစ်ဆေးခြင်း
  • အသက်အရွယ်အလိုက် သင့်လျော်သော အကြားအာရုံစစ်ဆေးခြင်း (Comprehensive Audiometry)
  • နားစည်လှုပ်ရှားမှုကိုတိုင်းတာခြင်း (Tympanometry) – နားပြွန်ထဲသို့ ဖိအားရှိသော လေကို ဖြောင့်တန်းစွာ သွင်းလိုက်ပြီး နားစည်၏ လှုပ်ရှားမှုကို တိုင်းတာခြင်း
  • နားစည်နောက်ရှိ အလုံးအကျိတ် (Cholesteatoma) သံသယရှိပါက ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်း စသည်တို့ကို လိုအပ်သလို ဆက်လက်စစ်ဆေးမည်ဖြစ်သည်။

နားစည် ပေါက်ပြဲပျက်စီးနေသည်ကို တွေ့ရှိပါက ဆရာဝန်မှ ခွဲစိတ်မှု လိုအပ်သည့် အကြောင်းကို ရှင်းပြမည်ဖြစ်ပြီး သဘောတူညီချက် တောင်းခံမည်ဖြစ်သည်။ ခွဲစိတ်မှုအသေးစိတ်၊ အကျိုးကျေးဇူးနှင့် ဖြစ်နိုင်သော နောက်ဆက်တွဲဆိုးကျိုးများအကြောင်း ရှင်းပြပြီး လူနာမှ သိလိုသည်များကို ရှင်းပြမည်ဖြစ်သည်။

ကလေးလူနာဖြစ်ပါက မိဘအုပ်ထိန်းသူထံမှ သဘောတူညီချက် တောင်းခံရမည်။ ဆရာဝန်အား မိမိကလေးသောက်သုံးနေသော ဆေးဝါးများ၊ ပဋိဇီဝပိုးသတ်ဆေးများကဲ့သို့ ဆေးဝါးများနှင့် ဓာတ်မတည့်မှု သို့မဟုတ် အခြားဆိုးရွားသော တုံ့ပြန်မှုများ ရှိမရှိကို ပြောပြထားရမည်။ မေ့ဆေး၊ ထုံဆေးအသုံးပြု၍ ခွဲစိတ်ခံရဖူးခြင်း ရှိမရှိ၊ မေ့‌ဆေး၊ ထုံဆေးကြောင့် နောက်ဆက်တွဲပြဿနာများ ရှိမရှိကိုလည်း အသိပေးထားသင့်သည်။

ခွဲစိတ်ရန် သဘောတူညီပြီးနောက် ဆရာဝန်မှ ခွဲစိတ်ရန် ရက်ချိန်းဆုံးဖြတ်ပေးမည်ဖြစ်သည်။ ဆေးရုံ သို့မဟုတ် ဆေခန်းသို့ လာရမည့်အချိန်၊ ခွဲစိတ်မည့်နေ့တွင် အစာစတင်ရှောင်ရမည့်အချိန်၊ သောက်လာသင့်သောဆေးဝါးများ စသည်တို့ကို အသေးစိတ် ညွှန်ကြားမည်ဖြစ်သည်။ ခွဲစိတ်မှုသည် အသေးစားခွဲစိတ်မှုဖြစ်သောကြောင့် အတွင်းလူနာအဖြစ် ဆေးရုံကြိုတင်တက်ရန်မလိုဘဲ ပြင်ပလူနာအဖြစ်သာ နေ့ချင်းပြီးခွဲစိတ်မှု ခံယူနိုင်သည်။

ခွဲစိတ်မှု ပြုလုပ်ပုံ
  • နားစည်ခွဲစိတ်ပြုပြင်ခြင်းကို ခွဲစိတ်ခန်းတွင် ပြုလုပ်လေ့ရှိပြီး အများအားဖြင့် ကလေးများတွင် မေ့ဆေး (general anesthesia) အသုံးပြု၍ လုပ်ဆောင်သည်
  • လူကြီးများတွင်မူ အခြေအနေပေါ်မူတည်၍ ထုံဆေး (local anesthesia) ဖြင့်လည်း ပြုလုပ်လေ့ရှိသည်
  • မေ့ဆေး သို့မဟုတ် ထုံဆေး ပေးပြီးပါက ခွဲစိတ်ဆရာဝန်မှ နားစည်အပေါက်ရှိရာနေရာကို ရှာဖွေမည်၊ ခွဲစိတ်သည့်နည်းလမ်းသည် နားစည်ရှိ အပေါက်၏ အရွယ်အစားနှင့် တည်နေရာ၊ အလယ်နားအရိုးများ ရွေ့လျားခြင်း သို့မဟုတ် ပျက်စီးခြင်း ရှိမရှိပေါ် မူတည်သည်
    • နားလမ်းကြောင်းအတွင်းမှတစ်ဆင့် (Transcanal) – နားလမ်းကြောင်းတစ်လျှောက် အဏုကြည့်မှန်ပြောင်း (microscope) သို့မဟုတ် နားအတွင်းကြည့်ကိရိယာ (endoscope) အသုံးပြု၍ ရှာခြင်းဖြစ်သည်၊ အသုံးအများဆုံးနည်းလမ်းဖြစ်ပြီး အရေပြားပေါ်တွင် ခွဲစိတ်ဖြတ်တောက်မှု မလိုအပ်သော နည်းလမ်းဖြစ်သည်
    • နားအနောက်ဘက်မှတစ်ဆင့် (Postauricular) – အပြင်နားရွက်၏ အနောက်ဘက်တွင် အကွေးပုံစံ ခွဲစိတ်ရာပေးသော နည်းလမ်းဖြစ်သည်
    • နားအတွင်းပိုင်းမှတစ်ဆင့် (Endaural) – နားပေါက်၏ အပေါ်ဘက်တွင် ခွဲစိတ်ရာပေးသော နည်းလမ်းဖြစ်သည်
  • နားစည်အပေါက်ကို ရှာဖွေတွေ့ရှိပြီးနောက် ဆရာဝန်မှ အပေါက်၏ အနားသတ်များကို ညီညာအောင် ဖြတ်တောက်ပြီး အစားထိုးတစ်ရှူး (Graft) ဖြင့် အပေါက်ကို ဖုံးကာဖာထေး၍ ပြန်ချုပ်မည်
  • Graft သည် လူနာ၏ ခန္ဓာကိုယ်မှ ရယူထားသော တစ်ရှူးအပိုင်းအစဖြစ်နိုင်သကဲ့သို့ ပြင်ပတွင် ဖန်တီးထုတ်လုပ်ထားသော ပစ္စည်းလည်းဖြစ်နိုင်သည်၊ အများအားဖြင့် လူနာ၏ နားထင်တွင် ရှိသော ကြွက်သားကိုဖုံးအုပ်ထားသည့် တွယ်ဆက်တစ်ရှူး (Connective tissue) သို့မဟုတ် နားရွက်ရှေ့ရှိ အဖု (Earlobe) မှ အရိုးနု (Cartilage) ကို အသုံးပြုသည်
  • Graft အရွယ်အစား အမျိုးမျိုးရှိပြီး နားစည်အပေါက်ကိုသာမက နားစည်တစ်ခုလုံးကိုလည်း ဖုံးအုပ်နိုင်သည်
  • Graft သည် ဆဲလ်အသစ်များ ကြီးထွားလာမှုကို အထောက်အကူပြုပြီး အချိန်ကြာလာသည်နှင့်အမျှ နားစည်တစ်ရှူးများနှင့် တသားတည်းဖြစ်ကာ အပေါက်ကို ပိတ်သွားစေသည်
  • Graft ကို နေရာတကျဖြစ်စေရန် အပေါ်အောက်တွင် ရေမြှုပ် (Spongy packing) ဖြင့် ထိန်း၍ တွဲချုပ်ထားမည်၊ နားစည်တစ်ရှူးများ ပေါင်းစည်း၍ အနာကျက်လာသည်နှင့်အမျှ ထိုရေမြှုပ်လေးများသည် တဖြည်းဖြည်း ပျော်ဝင်ပျောက်ကွယ်သွားမည်၊ အနာကျက်ခြင်းသည် ရက်သတ္တပတ်များစွာ သို့မဟုတ် လပေါင်းများစွာ ကြာနိုင်သည်
  • ခွဲစိတ်ထားသည့် နေရာကို ပြန်ချုပ်ခြင်း _ ခွဲစိတ်မှုပြီးနောက် ခွဲကြောင်းရာများကို ပြန်ပိတ်၍ အနာပိုးသတ်ကာ ပတ်တီးစည်းပေးမည်
  • နားစည်အပေါက် ပြုပြင်သည့် ခွဲစိတ်မှုသည် ပုံမှန်အားဖြင့် မိနစ် (၃၀) ခန့်သာကြာမြင့်သည်၊ သို့သော် နားအလယ်ပိုင်းရှိ အရိုးများပြုပြင်ခြင်း (Ossiculoplasty) သို့မဟုတ် နားအနောက်ဘက်ရှိ အရိုးအား ခွဲစိတ်ဖယ်ရှားခြင်း (Mastoidectomy) ကဲ့သို့ ပိုမိုရှုပ်ထွေးသည့် ခွဲစိတ်မှုများနှင့်တွဲ၍ ပြုလုပ်ပါက နာရီပေါင်းများစွာ ကြာမြင့်နိုင်သည်
ခွဲစိတ်ပြီးနောက်
  • ခွဲစိတ်ပြီးနောက် လူနာကို အနီးကပ်စောင့်ကြည့်ခန်းသို့ ခေတ္တရွှေ့ပြောင်း၍ စောင့်ကြည့်ရမည်၊ လူနာကောင်းစွာ သတိရပါက နောက်ထပ်နာရီအနည်းငယ်အတွင်း အိမ်သို့ ပြန်နိုင်သည်၊ ရှုပ်ထွေးသော ခွဲစိတ်မှုများပါ တွဲ၍ လုပ်ဆောင်ထားပါက တစ်ရက်ခန့် ဆေးရုံတွင်နေ၍ စောင့်ကြည့်ရန် လိုနိုင်သည်
  • ခွဲစိတ်မှုနှင့် မေ့ဆေး၊ ထုံ‌ဆေးများ၏ အာနိသင်ကြောင့် လူနာတွင် အိပ်ငိုက်ခြင်း၊ စိတ်တိုခြင်း၊ ပျို့ခြင်း၊ ‌အန်ခြင်း၊ အနည်းငယ်နားကိုက်ခြင်းများ ဖြစ်နိုင်သော်လည်း အများအားဖြင့် ခွဲစိတ်မှုပြုလုပ်ပြီး ၂၄ နာရီအတွင်း ပြန်လည်သက်သာသွားလေ့ရှိသည်
နောက်ဆက်တွဲဆိုးကျိုးများ

ခွဲစိတ်ပြီးနောက် ပထမရက်အနည်းငယ်တွင် ပျို့အန်ခြင်း၊ အနည်းငယ် နာကျင်မှုများ ရှိနိုင်သည်။ ထိုပြဿနာများအတွက် အကိုက်အခဲပျောက်ဆေးများ၊ အအန်ပျောက်ဆေးများကို ဆရာဝန်ညွှန်ကြားချက်အတိုင်း‌ သောက်ပေးနိုင်သည်။ နောက် (၃ – ၅) ရက်အတွင်းဖြစ်နိုင်သော အခြားလက္ခဏာများမှာ_

  • ခွဲစိတ်ထားသည့်နေရာတွင် နာကျင်ခြင်း
  • အဖျားအနည်းငယ်ရှိခြင်း
  • နားထဲသို့ ဆေးရည်များ ထည့်သည့်အခါ ပန်းရောင် သို့မဟုတ် သွေးရောင်ပါသော အရည်များ ယိုခြင်း
  • ရက်အနည်းငယ်ကြာသည်အထိ ခေါင်းမူးခြင်း သို့မဟုတ် ကိုယ်ခန္ဓာ ဟန်ချက်မညီခြင်း
  • ခွဲစိတ်ထားသော နားတွင် ရက်သတ္တပတ် အနည်းငယ်ကြာ အကြားအာရုံ လျော့နည်းခြင်း ဆက်တိုက်ရှိနေခြင်းတို့ဖြစ်သည်။

ခွဲစိတ်မှုမှ ပြန်လည်သက်သာရန်၊ ဘေးထွက်ဆိုးကျိုးများ ပျောက်ကင်းရန် ၁၀ရက် မှ နှစ်ပတ်အထိ ကြာနိုင်သည်။ သို့သော် အကြားအာရုံ အပြည့်အဝ ပြန်ရရန် သုံးလ သို့မဟုတ် ထို့ထက်ပို၍ ကြာနိုင်သည်။ ခွဲစိတ်မှု ခံယူထားသော ကလေးများသည် ခွဲစိတ်သည့်နေ့မှ (၃ – ၅) ရက်အကြာ တွင် ကျောင်းတက်ခြင်းအပါအဝင် ပုံမှန်လုပ်ဆောင်မှုများသို့ ပြန်သွားနိုင်သည်။

ဆရာဝန်နှင့် ချက်ချင်းပြန်လည်ဆက်သွယ်သင့်သောအခြေအနေများ
  • အဖျား၁၀၂ ဒီဂရီ ဖာရင်ဟိုက်ထက် ပိုပါက
  • နားအလွန်အမင်းနာကျင်ခြင်း သို့မဟုတ် ခွဲစိတ်ပြီး ခုနစ်ရက်ကျော်ကြာသည်အထိ နာကျင်နေပါက
  • နားမှ အရည်များ အလွန်အကျွံယိုစီးပါက
  • နားမှ သွေးထွက်ပါက
  • နားထဲတွင် အသံမြည်ခြင်း
  • ခွဲစိတ်ထားသည့်နေရာ၌ ရောင်ရမ်းခြင်း သို့မဟုတ် အရည်ယိုစီးခြင်း
  • တစ်ပတ်ကျော်သည်အထိ ခေါင်းမူးနေပါက
  • မျက်နှာလှုပ်ရှားမှုများ လျော့နည်းခြင်း သို့မဟုတ် မျက်လုံးပိတ်နိုင်စွမ်း မရှိခြင်းများ
  • အရသာခံစားမှု ပြောင်းလဲသွားခြင်း
  • အကြားအာရုံ ပိုဆိုးလာခြင်းများ ရှိပါက ချက်ချင်း ပြန်လည်ပြသသင့်သည်။
လိုက်နာဆောင်ရွက်သင့်သောအချက်များ

ပြန်လည်သက်သာလာစေရန်အတွက် အိမ်တွင် အနားယူစဥ် ဆရာဝန်၏ ညွှန်ကြားချက်များအတိုင်း လိုက်နာပါ။

  • ပဋိဇီဝပိုးသတ်ဆေး သောက်ဆေးများနှင့် နားအတွင်းထည့်သော ဆေးရည်များကို ညွှန်ကြားထားသည့်အတိုင်း သုံးစွဲပါ
  • နားမှ အရည်ယိုစီးမှုကို ထိန်းချုပ်ရန် ဝါဂွမ်းလုံးကိုသာ အသုံးပြုပါ
  • နားကို ခြောက်သွေ့အောင်ထားပါ
  • ခွဲစိတ်ပြီးနောက် ပထမနှစ်ရက်တွင် ရေမချိုးရန် သို့မဟုတ် ခေါင်းမလျှော်ရန် သတိထားသင့်သည်၊ ရေချိုးနိုင်သည့်အခါတွင် ရေမဝင်စေရန် Petroleum jelly အလှဆီဖြင့် စိမ်ထားသော ဝါဂွမ်းလုံးကို နားထဲတွင် ထည့်ထားပါ
  • ခွဲစိတ်ပြီးနောက် အနည်းဆုံး သုံးပတ်ကြာသည်အထိ နှာခေါင်းမှ လေမှုတ်ထုတ်ခြင်းကို ရှောင်ပါ
  • နှာချေချိန်တွင် ပါးစပ်ကို ဖွင့်ထားပါ
  • သက်သောင့်သက်သာ အနားယူပါ
  • လုံလောက်စွာ အနားယူပြီး အလွန်အမင်း လှုပ်ရှားခြင်းကို ရှောင်ကြဉ်ပါ၊ ကလေးများသည် ကိုယ်လက်လှုပ်ရှားမှုများမှ နှစ်ပတ်ခန့် အနားယူသင့်သည်
  • နားဖိအားကို များစေသော လှုပ်ရှားမှုများကို ရှောင်ကြဉ်ပါ
  • ခွဲစိတ်ပြီးနောက် တစ်လခန့် လေယာဉ်ဖြင့် ခရီးသွားခြင်း သို့မဟုတ် ရေကူးခြင်း မပြုလုပ်ရပါ။

References:

  1. Cleveland Clinic. (n.d.). Tympanoplasty. Retrieved October 1, 2025, from https://my.clevelandclinic.org/health/treatments/24406-tympanoplasty
  2. Johns Hopkins Medicine. (n.d.). Tympanoplasty. Retrieved October 1, 2025, from https://www.hopkinsmedicine.org/health/treatment-tests-and-therapies/tympanoplasty
  3. Nemours KidsHealth. (n.d.). Tympanoplasty (for Parents). Retrieved October 1, 2025, from https://kidshealth.org/en/parents/tympanoplasty.html
  4. Royal United Hospitals Bath NHS Foundation Trust. (n.d.). Tympanoplasty (ENT026). Retrieved October 1, 2025, from https://www.ruh.nhs.uk/For_Clinicians/departments_ruh/ENT/documents/ENT026_Tympanoplasty.pdf

Published: 3 December 2025

Share

3 December 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View More
24-hour pH-Impedance test (၂၄ နာရီ အစာအိမ်အက်ဆစ်နှင့် အစာ‌ပြန်ဆန်တက်မှု စစ်ဆေးခြင်း)
Dec 25, 2025
Tests and Procedures

24-hour pH-Impedance test (၂၄ နာရီ အစာအိမ်အက်ဆစ်နှင့် အစာ‌ပြန်ဆန်တက်မှု စစ်ဆေးခြင်း)

စားချဥ်ပြန်ရောဂါနှင့် အစာရေမျိုပြွန်၊ အစာအိမ်ဆိုင်ရာ အခြားရောဂါများကို...

Holter monitor (နှလုံးခုန်နှုန်းနှင့် စည်းချက် စောင့်ကြည့်စစ်ဆေးခြင်း)
Dec 24, 2025
Tests and Procedures

Holter monitor (နှလုံးခုန်နှုန်းနှင့် စည်းချက် စောင့်ကြည့်စစ်ဆေးခြင်း)

နှလုံးခုန်နှုန်းနှင့် နရီစည်းချက်ကို (၂၄)နာရီ မှ (၄၈)နာရီကြာ...

Laparoscopic ovarian drilling (သားဥအိမ်၌ မှန်ပြောင်းမှတစ်ဆင့် အပေါက်ငယ်များဖောက်ခြင်း)
Dec 2, 2025
Tests and Procedures

Laparoscopic ovarian drilling (သားဥအိမ်၌ မှန်ပြောင်းမှတစ်ဆင့် အပေါက်ငယ်များဖောက်ခြင်း)

သားဥအိမ်တွင် အရည်အိတ်ငယ်များတည်သော ရောဂါစု (PCOS) ရှိနေပြီး၊ သားဥကြွေစေသော...