ဝှေးစေ့ ခွဲစိတ်ဖယ်ရှားခြင်းဆိုသည်မှာ ဝှေးစေ့ တစ်ဖက် (သို့မဟုတ် လိုအပ်ပါက ဝှေးစေ့ နှစ်ဖက်လုံး) ကို ခွဲစိတ်ဖယ်ရှားခြင်းဖြစ်သည်။ ဤခွဲစိတ်မှုသည် ဝှေးစေ့ထိခိုက်ပျက်စီးခြင်း သို့မဟုတ် ဝှေးစေ့ကင်ဆာ စသည့်ရောဂါများကို ကုသရာတွင် အသုံးပြုသည်။
ဝှေးစေ့သည် ကပ်ပယ်အိတ်အတွင်းတွင် တည်ရှိသော ဘဲဥပုံသဏ္ဌာန်အင်္ဂါဖြစ်ပြီး သုက်ကောင်လေးများနှင့် ကျားဟော်မုန်း တက်စတိုစတီရုန်း (Testosterone) ကို ထုတ်လုပ်ပေးသည်။ သန္ဓေသားလောင်းဘဝတွင် ဝှေးစေ့ (၂) လုံးသည် ဝမ်းခေါင်းအတွင်းတွင် တည်ရှိသည်။ သန္ဓေသားဖွံ့ဖြိုးလာသည်နှင့်အတူ ယင်းဝှေးစေ့များသည် ဝမ်းခေါင်းအတွင်းမှ ပေါင်ခြံ၊ ပေါင်ခြံမှတစ်ဆင့် ကပ်ပယ်အိတ်အတွင်းသို့ တဖြည်းဖြည်း ဆင်းလာခြင်းဖြစ်သည်။
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
- ဝှေးစေ့ကင်ဆာ (Testicular Cancer)
ကင်ဆာအကျိတ် ရှိနိုင်သော ဝှေးစေ့ကို ခွဲစိတ်ဖယ်ရှားပြီး ဝှေးစေ့ကင်ဆာရောဂါ အတည်ပြုရန်အတွက်လည်း အသုံးပြုနိုင်သည်။ - ဆီးကျိတ်ကင်ဆာ (Prostate Cancer) နှင့် အမျိုးသားရင်သားကင်ဆာ (Male Breast Cancer) များ
ကင်ဆာဆဲလ်ကြီးထွားမှုကို အားပေးသော တက်စတိုစတီရုန်းဟော်မုန်းပမာဏ ကျဆင်းသွားစေရန် ရည်ရွယ်သည်။ ဝှေးစေ့များကို ဖယ်ရှားလိုက်သည့်အခါ ဟော်မုန်းပမာဏ ကျဆင်းသွားပြီး ကင်ဆာအကျိတ်များ ကျုံ့သွားစေနိုင်သည်။ - ထိခိုက်ပျက်စီးနေသော ဝှေးစေ့များကို ဖယ်ရှားရန်
အားကစားလုပ်စဉ် ထိခိုက်မှုများ၊ မတော်တဆထိခိုက်မှုများ (ဥပမာ _ မော်တော်ဆိုင်ကယ် မတော်တဆမှုများ)၊ ဝှေးစေ့အညှာလိမ်ခြင်း သို့မဟုတ် ရောဂါပိုးဝင်ရောက်မှုများကြောင့် ပြင်းထန်စွာ ပျက်စီးသွားသော သို့မဟုတ် ပုပ်သွားသော ဝှေးစေ့ကို ဖယ်ရှားရန် လိုအပ်သည်။ - ကပ်ပယ်အိတ်အတွင်းသို့ ဝှေးစေ့ မဆင်းခြင်း (Undescended Testis)
ဝှေးစေ့သည် ကပ်ပယ်အိတ်အတွင်း မဆင်းလာဘဲ ဝမ်းဗိုက်အတွင်း သို့မဟုတ် ပေါင်ခြံတွင် ကျန်နေလျှင် ကင်ဆာဖြစ်နိုင်ခြေ ပိုများသောကြောင့် ခွဲစိတ်ဖယ်ရှားရသည်။ - လိင်ပြောင်းလဲခြင်းဆိုင်ရာ ခွဲစိတ်မှု (Gender-affirming Surgery)
အမျိုးသားမှ အမျိုးသမီးသို့ လိင်ပြောင်းလဲလိုသူများ သို့မဟုတ် ဒွိလိင် လူပုဂ္ဂိုလ်များတွင် အမျိုးသမီးသဘာဝနှင့် ပိုမိုတူညီစေရန် ခွဲစိတ်မှုအနေဖြင့် ပြုလုပ်သည်။
ကြိုတင်သိရှိထားရမည့်အချက်များ
ဝှေးစေ့ခွဲစိတ် မဖယ်ရှားမီ အောက်ဖော်ပြပါ အချက်များ သိရှိထားရမည်။
မိမိ၏ ခွဲစိတ်အထူးကုဆရာဝန်ကို မိမိသောက်နေကျဆေးများနှင့် မတည့်သောဆေးများရှိပါက ကြိုတင်ပြောပြရမည်။ အကယ်၍ သွေးကျဲဆေးများ (Aspirin or other blood-thinning medicines) သောက်သုံးနေပါက ဆရာဝန်ညွှန်ကြားချက်အတိုင်း ခွဲစိတ်မှုမတိုင်မီ ကြိုတင်၍ ရပ်ထားရမည်။
သွေးနှင့် ဆီးစစ်ဆေးခြင်း၊ အာထရာဆောင်း (USG) ရိုက်ခြင်း အစရှိသောခွဲစိတ်မှုအတွက် လိုအပ်သော ကျန်းမာရေးဆေးစစ်မှုများ၊ သွေးစစ်ဆေးခြင်းစသည့် ရောဂါရှာဖွေမှုများကို လုပ်ဆောင်ရမည်။
ဝှေးစေ့နှစ်ခုလုံးကို ဖယ်ရှားပါက တက်စတိုစတီရုန်း အလွန်နည်းပါးသွားခြင်းကြောင့် လိင်စိတ်ဆန္ဒ လျော့ကျခြင်းနှင့် လိင်တံမာကျောမှုရရန် ခက်ခဲခြင်းတို့ ဖြစ်ပေါ်နိုင်သည်။ သို့သော် ဝှေးစေ့တစ်ခုတည်းသာ ဖယ်ရှားပါက ကျန်ရှိသော ဝှေးစေ့သည် ပုံမှန်အားဖြင့် တက်စတိုစတီရုန်းနှင့် သုက်ပိုးများကို ပိုမိုထုတ်လုပ်ပေးလေ့ရှိသည်။
ဝှေးစေ့နှစ်ခုလုံးကို ဖယ်ရှားလိုက်ပါက ခန္ဓာကိုယ်သည် သုက်ပိုးများ ထုတ်လုပ်နိုင်တော့မည် မဟုတ်သောကြောင့် ကလေးရနိုင်မည် မဟုတ်ပါ။ ကလေးလိုချင်ပါက ခွဲစိတ်မှုမပြုလုပ်မီ သုက်ပိုးများကို သိုလှောင်ထားရန် ဆရာဝန်နှင့် ကြိုတင်တိုင်ပင်သင့်သည်။
အကယ်၍ လိင်ပြောင်းလဲမှုအတွက် ခွဲစိတ်ခြင်းဖြစ်ပါက၊ ခန္ဓာကိုယ်တွင် ပြန်လည်ပြင်ဆင်၍မရနိုင်သော ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်ပေါ်လာမည်ကို နားလည်ကြောင်း သဘောတူခွင့်ပြုချက် ပေးရမည်။ လိင်အမျိုးအစား မကိုက်ညီမှု (gender dysphoria) နှင့် ဟော်မုန်းကုထုံးအသုံးပြုမှု စသည်တို့အတွက် စိတ်ကျန်းမာရေးဆိုင်ရာ အကဲဖြတ်မှုလည်း လိုအပ်နိုင်သည်။
ခွဲစိတ်ပုံအဆင့်ဆင့်
မခွဲစိတ်မီ
- ခွဲစိတ်မှုမတိုင်မီ ရက်များတွင် ခွဲစိတ်မှုနှင့် မေ့ဆေး သို့မဟုတ် ခါးဆစ်ရိုးထုံဆေးအတွက် သင့်လျော်မှု ရှိမရှိ လိုအပ်သော စစ်ဆေးမှုများ ပြုလုပ်မည် (မေ့ဆေး၊ ခါးဆစ်ရိုးထုံဆေး ပေးရန် မသင့်လျော်သော လူနာများကို ခွဲမည့်နေရာဝန်းကျင်တွင် ထုံဆေးထိုး၍ ခွဲစိတ်သည်)
- မေ့ဆေးအသုံးပြုပါက ပျို့အန်ခြင်းကို ဖြစ်စေနိုင်သောကြောင့် ခွဲစိတ်မှုမတိုင်မီ (၆) နာရီခန့် ကြိုတင်၍ အစာနှင့်အရည်များ မစားမသောက်ဘဲ ရှောင်ကြဉ်ရမည်
- ပုံမှန်သောက်သုံးနေသော ဆေးဝါးများအားလုံးကို ယူဆောင်လာရန် လိုအပ်သည်
- ခွဲစိတ်မည့်နေ့ နံနက်တွင် ရေချိုးခြင်း သို့မဟုတ် သန့်စင်ခန်း ဝင်ထားရမည်
- ဆေးရုံ သို့မဟုတ် ခွဲစိတ်ခန်းသို့ ရောက်ရှိပါက၊ မေ့ဆေးဆရာဝန်မှ အသုံးပြုမည့် မေ့ဆေးအမျိုးအစားနှင့် ခွဲစိတ်ပြီးနောက် နာကျင်မှု သက်သာစေမည့် နည်းလမ်းများကို ဆွေးနွေးမည်။
ခွဲစိတ်စဥ်
ခွဲစိတ်မှုသည် များသောအားဖြင့် မိနစ် (၃၀) မှ (၆၀) အထိ ကြာမြင့်နိုင်သည်။ ဝှေးစေ့ ခွဲစိတ်ဖယ်ရှားနိုင်သည့် နည်းလမ်း အမျိုးမျိုးရှိသည်။
- သာမန် ဝှေးစေ့ဖယ်ရှားခြင်း (Simple Orchiectomy)
- ကပ်ပယ်အိတ်တွင် ခွဲကြောင်းပေး၍ ဝှေးစေ့ခွဲစိတ်ဖယ်ရှားခြင်းဖြစ်သည်
- ဤနည်းလမ်းကို ကင်ဆာအဆင့် မြင့်မားသော ဆီးကျိတ်ကင်ဆာနှင့် အမျိုးသား ရင်သားကင်ဆာ ဖြစ်ပွါးသူများတွင် အသုံးပြုသည်။
- ထို့အပြင် အမျိုးသားမှ အမျိုးသမီးသို့ လိင်ပြောင်းလဲခြင်းဆိုင်ရာ ခွဲစိတ်ရာတွင် ဝှေးစေ့နှစ်ဖက်လုံး ဖယ်ရှားခြင်း (Bilateral Orchiectomy) ကို ဤနည်းလမ်းဖြင့် ပြုလုပ်လေ့ရှိသည်။
- ဝှေးစေ့အား ဖုံးအုပ်ထားသော အမြှေးပါးချန်၍ ဝှေးစေ့ ဖယ်ရှားခြင်း (Subcapsular Orchiectomy)
- ဝှေးစေ့ တစ်ရှူးများသာ ခွဲစိတ်ဖယ်ထုတ်ပြီး ဝှေးစေ့အား ဖုံးအုပ်ထားသော အမြှေးပါး ကျန်ရှိသောကြောင့် ဝှေးစေ့အိတ်၏ ပုံသဏ္ဌာန်ကို ထိန်းသိမ်းထားပေးသည်
- ဆီးကျိတ်ကင်ဆာ အကျိတ်များ ကြီးထွားနှုန်း နှေးစေရန် အသုံးပြုသည်
- ဝှေးစေ့နှင့်အတူ သုက်ပိုးထုတ်ဂလင်း (Epididymis)၊ ဝှေးစေ့သွေးကြောများ၊ အာရုံကြောများနှင့် သုက်ပြွန်များဖြင့် ဖွဲ့စည်းထားသည့် ဝှေးစေ့အညှာ (Spermatic cord) များကိုပါ ခွဲစိတ်ဖြတ်ထုတ်ခြင်း (Radical Inguinal Orchiectomy)
- ဝှေးစေ့ကင်ဆာအား ခွဲစိတ်ကုသရာတွင် အသုံးပြုသည်
- ပေါင်ခြံတွင် ခွဲကြောင်း ပေး၍ ကင်ဆာဖြစ်နေသော ဝှေးစေ့နှင့်အတူ သုက်ပိုးထုတ်ဂလင်း (Epididymis)၊ ဝှေးစေ့အညှာ (spermatic cord) ကိုပါ ဖယ်ရှားသည်
- အဆိုပါ ဝှေ့စေ့အညှာတွင် ပါဝင်သော သွေးကြောများနှင့် ပြန်ရည်ကြောများမှတစ်ဆင့် ကင်ဆာဆဲလ်များ ခန္ဓာကိုယ်၏ အခြားနေရာများသို့ ပျံ့နှံ့စေနိုင်သောကြောင့် ဖယ်ရှားရခြင်းဖြစ်သည်
ခွဲစိတ်ဖြတ်ထုတ်မှုအပြီးတွင် ဝှေးစေ့တု (prosthetic testicle) ကိုလည်း ထည့်သွင်းပေးနိုင်သည်။ ထို့နောက် ဆရာဝန်သည် ခွဲစိတ်ဒဏ်ရာအား ပြန်လည်ပိတ်ချုပ်ပေးမည်။
ခွဲစိတ်ပြီးနောက်
- ခွဲစိတ်ပြီးနောက် မေ့ဆေးမှ နိုးလာသည်အထိ ပြန်လည်နာလန်ထူခန်းတွင် စောင့်ကြည့်မည်၊ လုံးဝနိုးလာသောအခါတွင်မှ အစာစားခြင်းနှင့် အရည်သောက်ခြင်း ပြုလုပ်နိုင်သည်
- များသောအားဖြင့် ခွဲစိတ်ပြီး ချက်ချင်းပင် အိမ်ပြန်နိုင်သော်လည်း (outpatient procedure) အချို့အခြေအနေများတွင် တစ်ည သို့မဟုတ် နှစ်ညအထိ ဆေးရုံတွင် နေရန်လိုအပ်နိုင်သည်
- နာကျင်မှုအတွက် အကိုက်အခဲပျောက်ဆေးများ (ဥပမာ – Acetaminophen သို့မဟုတ် NSAIDs) ဆေးများ ပေးထားမည်
- ခွဲစိတ်ပြီး ရက်အနည်းငယ်အတွင်း နာလန်ထူလာမည်ဖြစ်သော်လည်း လုံးဝပြန်လည်ကောင်းမွန်ရန် ရက်သတ္တပတ် အနည်းငယ် ကြာမြင့်နိုင်သည်
နောက်ဆက်တွဲဆိုးကျိုးများ
ဝှေးစေ့ ခွဲစိတ်ဖယ်ရှားခြင်းတွင် ဖြစ်နိုင်ခြေရှိသော နောက်ဆက်တွဲဆိုးကျိုးများ ရှိသည်။
- သွေးယိုစီးခြင်း
- ကပ်ပယ်အိတ်အတွင်း သွေးခဲစုခြင်း
- အနာ ပိုးဝင်၍ ရောင်ရမ်းခြင်း၊ ပြည်တည်ခြင်း
- ကပ်ပယ်အိတ် သို့မဟုတ် ပေါင်ခြံတွင် နာကျင်ခြင်း၊ ရောင်ရမ်းခြင်းနှင့် အညိုအမည်းစွဲခြင်း
- ပေါင်ခြံတွင် ထုံကျဥ်ခြင်း
- ဝှေးစေ့တု (implant) ထည့်သွင်းပါက ဝှေးစေ့တု နာကျင်ခြင်းနှင့် ပိုးဝင်ခြင်း
- ဟော်မုန်းပမာဏ ကျဆင်းခြင်းကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများ (ဝှေးစေ့နှစ်လုံးလုံး ဖယ်ရှားခြင်း သို့မဟုတ် ကျန်တစ်လုံးက တက်စတိုစတီရုန်းကို အလုံအလောက် မထုတ်လုပ်နိုင်သည့်အခါ ဖြစ်နိုင်သည်)
- လိင်စိတ်ဆန္ဒ နည်းပါးခြင်း
- လိင်တံ မာကျောမှု ပြဿနာများ သို့မဟုတ် ပန်းသေပန်းညှိုးဖြစ်ခြင်း
- ခန္ဓာကိုယ်တွင်းမှ နေရာအနှံ့ ပူလောင်သကဲ့သို့ ခံစားရခြင်း (hot flashes)
- ပင်ပန်းနွမ်းနယ်ခြင်း
- ကြွက်သားထု လျော့နည်းခြင်း
- စိတ်ဓာတ်ကျခြင်းနှင့် စိတ်အခြေအနေ ပြောင်းလဲခြင်း
- အရိုးပါးခြင်း (Osteoporosis)
- ကိုယ်အလေးချိန် တိုးလာခြင်း
လိုက်နာဆောင်ရွက်ရမည့် အချက်များ
- ပြင်းထန်သော လှုပ်ရှားမှု ရှောင်ကြဉ်ပါ၊ ခွဲစိတ်ပြီး ရက်သတ္တပတ်အနည်းငယ် (၃ပတ် မှ ၄ပတ်ခန့်) ကြာသည်အထိ အားကစားလုပ်ခြင်း၊ အပြေးလေ့ကျင့်ခန်း၊ အလေးအပင် မ ခြင်းနှင့် လိင်ဆက်ဆံခြင်း စသည့် ပြင်းထန်သော လှုပ်ရှားမှုများကို ရှောင်ရှားရမည်
- ခွဲစိတ်ဒဏ်ရာကို သန့်ရှင်းခြောက်သွေ့အောင် ထားရှိပါ၊ အနာပိုးဝင်ခြင်း လက္ခဏာများ [ဥပမာ _ နီရဲလာခြင်း၊ အရေပြားအောက်တွင် သွေးခဲခြင်း၊ ပြည် သို့မဟုတ် သွေးထွက်ခြင်း] ကို တွေ့ရှိပါက ဆရာဝန်ထံ ချက်ချင်း ပြသပါ
- နာကျင်မှုဝေဒနာအတွက် ဆရာဝန်ညွှန်ကြားသည့်အတိုင်း အကိုက်အခဲပျောက်ဆေးများ သောက်ပါ၊ ခွဲစိတ်ပြီး ပထမရက်အနည်းငယ်အတွင်း ရောင်ရမ်းမှု သက်သာစေရန် ဝှေးစေ့အိတ်ပေါ်တွင် ရေခဲအိတ် သို့မဟုတ် အအေးကပ် ပစ္စည်းများကို တစ်ကြိမ်လျှင် (၁၅) မိနစ် မှ (၂၀) မိနစ်ထက် မပိုစေဘဲ ကပ်နိုင်သည်
- ရောင်ရမ်းမှု သက်သာစေရန် ခွဲစိတ်ဆရာဝန်၏ အကြံပြုချက်အတိုင်း အတွင်းခံဘောင်းဘီကြပ်ကြပ် ရက်အနည်းငယ်ကြာအောင် ဝတ်ဆင်ရမည်
- ခွဲစိတ်ပြီး (၄၈) နာရီအကြာတွင် ရေချိုးနိုင်သော်လည်း ဒဏ်ရာလုံးဝကျက်သည်အထိ ရေချိုးကန်တွင် စိမ်ခြင်းနှင့် ရေကူးခြင်းတို့ကို ရှောင်ရမည်
- နာကျင်မှု လုံးဝမရှိမှသာ သို့မဟုတ် အရေးပေါ် အခြေအနေတွင် အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်လောက်အောင် သက်သောင့်သက်သာရှိမှသာ ကားပြန်လည်မောင်းနှင်သင့်သည်
- ဝမ်းမချုပ်စေရန် ရေများများသောက်ပြီး အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများကို စားသုံးရန် အရေးကြီးသည်
- ဟော်မုန်း လက္ခဏာများ လိင်ပိုင်းဆိုင်ရာ ပြဿနာများ၊ ပင်ပန်းနွမ်းနယ်ခြင်း သို့မဟုတ် ပူလောင်သည့် ခံစားမှုများ စသည့် ဟော်မုန်းကျဆင်းခြင်း၏ လက္ခဏာများ ခံစားရပါက ဆရာဝန်နှင့် ပြသတိုင်ပင်ပါ
References:
- Cleveland Clinic. (2024). Orchiectomy. Retrieved October 4, 2025, from https://my.clevelandclinic.org/health/procedures/orchiectomy#overview
- University Hospitals Sussex NHS Foundation Trust. (2023). Radical orchidectomy +/- insertion of prosthesis. Retrieved October 4, 2025, from https://www.uhsussex.nhs.uk/resources/radical-orchidectomy/#patient-information
- WebMD. (2023). Orchiectomy (testicle removal). Retrieved October 4, 2025, from https://www.webmd.com/cancer/what-is-orchiectomy
Published: 15 October 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.