Oral Cancer Screening (ခံတွင်းကင်ဆာ ကြိုတင်ရှာဖွေစစ်ဆေးခြင်း)

Oral Cancer Screening (ခံတွင်းကင်ဆာ ကြိုတင်ရှာဖွေစစ်ဆေးခြင်း)

ခံတွင်းကင်ဆာ ကြိုတင်ရှာဖွေစစ်ဆေးခြင်း (Oral Cancer Screening) သည် ခံတွင်းနှင့် လည်ချောင်းတစ်ဝိုက်ရှိ ကင်ဆာလက္ခဏာများကို အစောဆုံးအဆင့်တွင် ရှာဖွေဖော်ထုတ်နိုင်သည့် နည်းလမ်းဖြစ်ပြီး ထိရောက်သော ကုသမှုများ ပြုလုပ်နိုင်ရန် အထောက်အကူပြုသည်။ ပါးစပ်အတွင်းပိုင်း၊ သွားဖုံး၊ နှုတ်ခမ်း၊ လျှာ၊ ပါးစပ်အောက်ခြေ၊ အာခေါင်နှင့် အာသီးတို့တွင် ပုံမှန်မဟုတ်သော အနာများ သို့မဟုတ် ပြောင်းလဲမှုများကို ကြည့်ရှုစစ်ဆေးခြင်းဖြစ်သည်။ ခံတွင်းကင်ဆာအမျိုးအစားများတွင် ပါးစပ်ကင်ဆာ၊ မေးရိုးကင်ဆာနှင့် လျှာကင်ဆာတို့ ပါဝင်သည်။ သွားဘက်ဆိုင်ရာဆရာဝန်များ ပြုလုပ်လေ့ရှိသည့် ပုံမှန်ခံတွင်းကျန်းမာရေး စစ်ဆေးမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ဤလုပ်ငန်းစဥ်သည် အထူးသဖြင့် ကင်ဆာဖြစ်ပွားနိုင်ခြေ မြင့်မားသူများအတွက် အရေးကြီးပြီး အသက်အန္တရာယ် ကာကွယ်နိုင်သော ကြိုတင်ကာကွယ်မှုတစ်ရပ်ဖြစ်သည်။

ခံတွင်းကင်ဆာ ကြိုတင်ရှာဖွေစစ်ဆေးခြင်း အမျိုးအစားများ

ခံတွင်းကင်ဆာ ကြိုတင်ရှာဖွေစစ်ဆေးရာတွင် အောက်ဖော်ပြပါ စစ်ဆေးနည်းအမျိုးမျိုးကို ပေါင်းစပ်အသုံးပြုသည်။

  1. မျက်စိဖြင့် ကြည့်ရှုစစ်ဆေးခြင်း (Visual Examination)
    ဤစစ်ဆေးမှုအပိုင်းတွင် ပါးစပ်နှင့် လည်ချောင်းအတွင်းရှိ ပုံမှန်မဟုတ်သော တစ်ရှူးနေရာများ [ဥပမာ _ အဖြူရောင် ထူထဲသောအကွက်များ (leukoplakia) နှင့် ပုံမှန်မဟုတ်သော အနီရောင်အကွက်များ (erythroplakia)] စသည်တို့ ရှိမရှိ ကြည့်ရှုစစ်ဆေးခြင်းဖြစ်သည်။
  2. လက်ဖြင့်စမ်းသပ်စစ်ဆေးခြင်း (Palpation)
    မျက်နှာ၊ လည်ပင်းနှင့် မေးရိုးတစ်ဝိုက်ရှိ အဖုအကျိတ်များ သို့မဟုတ် အခြားပုံမှန်မဟုတ်သော အခြေအနေများကို ဆရာဝန်မှ လက်ဖြင့် စမ်းသပ်စစ်ဆေးခြင်းဖြစ်သည်။
  3. ရောင်ခြယ်ဆေးတစ်မျိုး အသုံးပြု၍ ခံတွင်းကင်ဆာ ကြိုတင်ရှာဖွေစစ်ဆေးခြင်း (Oral Cancer Screening Dye)
    ရောင်ခြယ်ဆေးရည် (ဥပမာ – Toluidine blue) ကို အသုံးပြုစစ်ဆေးခြင်းဖြင့် ကင်ဆာဖြစ်နိုင်ခြေရှိသော နေရာများကို အပြာရောင်အဖြစ် ခွဲခြားတွေ့မြင်နိုင်သည်။
  4. Fluorescence staining အထူးပြုလုပ်ထားသော မီးအလင်းရောင်ဖြင့် ကြည့်ရှူစစ်ဆေးခြင်း
    ဤစစ်ဆေးမှုတွင် fluorescent ဆေးရည်ဖြင့် ပလုတ်ကျင်းခိုင်းပြီးနောက် အထူးပြုလုပ်ထားသော ဓာတ်မီးဖြင့် ကြည့်ရှုစစ်ဆေးသည်။ ပုံမှန်တစ်ရှူးများသည် အမည်းရောင်ဖြစ်ပြီး ပုံမှန်မဟုတ်သောတစ်ရှူးများသည် အဖြူရောင်အဖြစ် မြင်တွေ့နိုင်သည်။
ခံတွင်းကင်ဆာ ကြိုတင်ရှာဖွေစစ်ဆေးမှု ပြုလုပ်သင့်သူများ

အောက်ဖော်ပြပါအချက်များနှင့် အကျုံးဝင်သူများသည် ခံတွင်းကင်ဆာဖြစ်နိုင်ခြေ ပိုများသောကြောင့် ကင်ဆာ ကြိုတင်ရှာဖွေစစ်ဆေးခြင်း ပြုလုပ်သင့်သည်။

  • ဆေးရွက်ကြီးထွက် ပစ္စည်းများ သုံးစွဲသူများ (စီးကရက်၊ ဆေးပြင်းလိပ်၊ ပိုက်၊ ဆေးရွက်ကြီးဝါးခြင်းနှင့် ရှူရှိူက်ခြင်း)
  • အရက် အလွန်အကျွံ သောက်သုံးခြင်း
  • ယခင်က ခံတွင်းကင်ဆာ ရောဂါရှာဖွေတွေ့ရှိဖူးသူများ
  • နေရောင်ခြည်နှင့် သိသိသာသာ ထိတွေ့မှု များပြားသူများ
  • လည်ချောင်းကင်ဆာ ရောဂါရှာဖွေတွေ့ရှိသူများ (Human papilloma virus ပိုးနှင့် ဆက်စပ်နေနိုင်သည်)
ကြိုတင်သိရှိထားရမည့်အချက်များ
  • ကြိုတင်စစ်ဆေးမှုသည် ကင်ဆာရောဂါ ဖြစ်ပွါးမှုကို အတည်ပြုခြင်းမဟုတ်ဘဲ ကင်ဆာအကြိုလက္ခဏာများ၊ ကင်ဆာသံသယလက္ခဏာများကိုသာ ရှာဖွေစစ်ဆေးခြင်းဖြစ်သည်
  • ကင်ဆာသံသယဖြစ်ဖွယ်ရာ တစ်စုံတစ်ရာ တွေ့ရှိပါက နောက်ထပ်စစ်ဆေးမှု၊ ရောဂါရှာဖွေမှုနှင့် ကုသမှုများအတွက် သက်ဆိုင်ရာ အထူးကုဆရာဝန်ထံသို့ ညွှန်းပို့ပေးလိမ့်မည်
  • ကင်ဆာရောဂါအား အတည်ပြုရန် အသားစနမူနာများယူ၍ ဓာတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးခြင်းများ လိုအပ်သည်
ရှာဖွေစစ်ဆေးပုံအဆင့်ဆင့်

မစစ်ဆေးမီ

  • ခံတွင်းကင်ဆာ ကြိုတင်ရှာဖွေစစ်ဆေးမှုအတွက် အထူးကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန်မလိုပါ
  • ၎င်းကို ပုံမှန်သွားနှင့် ခန္ဓာကိုယ်ကျန်းမာရေး စစ်ဆေးမှုအတွင်း ပြုလုပ်လေ့ရှိသည်

စစ်ဆေးစဥ်

  • ယေဘုယျအားဖြင့် ဤစစ်ဆေးမှုများသည် ငါးမိနစ်ခန့်သာ ကြာမြင့်သည်
  • နာကျင်နေသော နေရာများရှိပါက ဆရာဝန်အား ကြိုတင်အသိပေးရန် အရေးကြီးသည်
  • ပါးစပ်နှင့် လည်ချောင်းအတွင်းရှိ ပုံမှန်မဟုတ်သော အနာများ၊ အကွက်များ သို့မဟုတ် အနီရောင်၊ အဖြူရောင် နေရာများကို ကြည့်ရှုစစ်ဆေးမည်
  • လက်အိတ်ဝတ်ဆင်ထားသော လက်ညိုးဖြင့် ပါးစပ်အတွင်းရှိ တစ်ရှူးများကို စမ်းသပ်စစ်ဆေးကာ အဖုအကျိတ်များ သို့မဟုတ် အခြားပုံမှန်မဟုတ်သော အရာများကို ရှာဖွေမည်
  • မျက်နှာ၊ လည်ပင်းနှင့် မေးရိုးတစ်ဝိုက်ရှိ ပြန်ရည်ကြောအကျိတ်များကိုလည်း စမ်းသပ်မည်
  • ပုံမှန်မဟုတ်သော တစ်ရှူးများကို ပိုမိုရှင်းလင်းစွာ တွေ့မြင်နိုင်ရန် တစ်ခါတစ်ရံ ရောင်ခြယ်ဆေးရည် သို့မဟုတ် အထူးမီးအလင်းရောင်ကို အသုံးပြုမည်

စစ်ဆေးမှုပြုလုပ်ပြီး
စစ်ဆေးမှုရလဒ်များကို ချက်ချင်းသိရှိနိုင်သည်။ နောက်ထပ်စစ်ဆေးမှုများ ဆက်လက်ပြုလုပ်ရန် လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်ထံသို့ ထပ်မံစစ်ဆေးရန် ညွှန်းပို့ပေးမည်။

ဆက်လက်ပြုလုပ်ရန် လိုအပ်နိုင်သော စစ်ဆေးမှုများ
ခံတွင်းကင်ဆာ ကြိုတင်ရှာဖွေစစ်ဆေးမှုတွင် ပုံမှန်မဟုတ်သော အခြေအနေများ တွေ့ရှိပါက ရောဂါကို အတည်ပြုရန်အတွက် အောက်ပါ ထပ်ဆင့်စစ်ဆေးမှုများ လိုအပ်သည်။

  • ဆဲလ်နမူနာ ရယူစစ်ဆေးခြင်း (Cytology)
    ဤစစ်ဆေးမှုတွင် သံသယရှိသော နေရာရှိ ဆဲလ်များကို သေးငယ်သော ဘရက်ရှ် (brush) သို့မဟုတ် ဝါဂွမ်းဖြင့် ခြစ်ယူကာ၊ အဏုကြည့်မှန်ဘီလူးအောက်တွင် ကင်ဆာဆဲလ်များ ရှိမရှိ ကြည့်ရှုစစ်ဆေးခြင်းဖြစ်သည်။ ၎င်းသည် ရောဂါရှာဖွေမှု၏ ပထမအဆင့်ဖြစ်ပြီး အနာခံစားရခြင်းမရှိသော (non-invasive) စစ်ဆေးမှုတစ်မျိုးဖြစ်သည်။
  • အသားစယူ စစ်ဆေးခြင်း (Biopsy)
    ၎င်းသည် ခံတွင်းကင်ဆာကို အတည်ပြုရန်အတွက် အတိကျဆုံးနည်းလမ်းဖြစ်သည်။ ကင်ဆာသံသယရှိသော တစ်ရှူးနေရာမှ သေးငယ်သော အသားစနမူနာကို ယူပြီး ဓာတ်ခွဲခန်းသို့ပို့၍ စစ်ဆေးခြင်းဖြစ်သည်။ ဤစစ်ဆေးမှုသည် ကင်ဆာရောဂါ၏ အမျိုးအစားနှင့် အဆင့်ကို အတိကျဆုံး ဆုံးဖြတ်ပေးနိုင်သည်။

နောက်ဆက်တွဲ ပြန်လည်ပြသခြင်း (Follow-up visit)
ခံတွင်းကင်ဆာ ကြိုတင်စစ်ဆေးစဉ် သံသယဖြစ်ဖွယ် အနာ သို့မဟုတ် အကွက်တွေ့ရှိပါက ယင်းနေရာ၏ အခြေအနေကို စောင့်ကြည့်ရန်အတွက် တစ်ပတ် မှ နှစ်ပတ်အတွင်း ပြန်လည်ပြသရန် အကြံပြုလေ့ရှိသည်။ ဤပြန်လည်စစ်ဆေးမှုမှာ ထိုအနာသည် ကင်ဆာကြောင့်ဖြစ်ခြင်း ဟုတ်မဟုတ်ကို ဆုံးဖြတ်ရာတွင် အရေးကြီးသည်။ အကယ်၍ ထိုအနာသည် အလိုအလျောက် ပျောက်ကင်းသွားခြင်း မရှိပါက သို့မဟုတ် ပိုမိုဆိုးရွားလာပါက၊ ရောဂါကိုအတည်ပြုနိုင်ရန်အတွက် အထက်ပါ ဆဲလ်နမူနာ ရယူစစ်ဆေးခြင်း (Cytology)၊ အသားစယူ စစ်ဆေးခြင်း (Biopsy) ကဲ့သို့သော ထပ်ဆင့်စစ်ဆေးမှုများ လိုအပ်မည်ဖြစ်သည်။

အကျိုးကျေးဇူးများ

ခံတွင်းကင်ဆာရောဂါ ကြိုတင်ရှာဖွေစစ်ဆေးခြင်းဖြင့် ခံတွင်းကင်ဆာရောဂါ အကြိုအဆင့်နှင့် အစောပိုင်းအဆင့်များကို စောစီးစွာသိရှိပြီး လွယ်ကူထိ‌ရောက်သော ကုသမှုများကို ခံယူနိုင်ခြင်းဖြင့် ကင်ဆာ‌ရောဂါ ဖြစ်ပွါးမှုနှုန်းနှင့် ကင်ဆာ‌ရောဂါကြောင့် သေဆုံးမှုနှုန်း နှစ်မျိုးလုံးကို လျှော့ချပေးနိုင်သည့် အကျိုးရလဒ်ကို ရရှိသည်။

ကန့်သတ်ချက်များ

ခံတွင်းကင်ဆာ ကြိုတင်ရှာဖွေစစ်ဆေးခြင်းသည် အကျိုးကျေးဇူးများစွာရှိသော်လည်း အချို့သော ကန့်သတ်ချက်များရှိသည်။

  • ကင်ဆာအားလုံးကို မတွေ့ရှိနိုင်ခြင်း
    မျက်စိဖြင့် ကြည့်ရှုစစ်ဆေးခြင်းသည် အပေါ်ယံတွင် မမြင်ရသော သေးငယ်သည့် ကင်ဆာဆဲလ်များ သို့မဟုတ် ကင်ဆာအကြိုအခြေအနေများကို လွဲချော်နိုင်သည်။
  • တိကျသော အဖြေရရှိရန် နောက်ထပ်စစ်ဆေးမှုများ လိုအပ်ခြင်း
    မည်သည့် ကင်ဆာရောဂါ ကြိုတင်ရှာဖွေစစ်ဆေးမှုမျှ ပြီးပြည့်စုံခြင်းမရှိပါ။ တစ်ခါတစ်ရံ ရလဒ်များသည် ကင်ဆာရောဂါ အမှန်တကယ်မရှိသောသူတွင် ကင်ဆာရောဂါရှိသည် (false positive) သို့မဟုတ် ကင်ဆာရောဂါ အမှန်တကယ်ရှိနေသော်လည်း ကင်ဆာမရှိဘဲ အဖြေပုံမှန်ဖြစ်နေသည် (false negative) စသည်ဖြင့် မှားယွင်းစွာ ဖော်ပြနိုင်သည်။ ထိုသို့ မလိုလားအပ်သော နောက်ဆက်တွဲပြဿနာများ ပေါ်ပေါက်နိုင်သောကြောင့် တစ်ခါတစ်ရံ ဆရာဝန်များမှ ရလဒ်များကိုအတည်ပြုရန် အခြားစစ်ဆေးမှုများကို လိုအပ်သလို ပြုလုပ်နိုင်သည်။
  • စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေခြင်း
    စစ်ဆေးမှုရလဒ်တွင် သံသယဖြစ်ဖွယ်အရာများ တွေ့ရှိပါက လူနာများတွင် မလိုအပ်ဘဲ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေနိုင်သည်။ သို့သော် ခံတွင်းအတွင်းရှိ အနာအများစုသည် ကင်ဆာမဟုတ်ကြောင်း သတိပြုသင့်သည်။
  • သက်သေအထောက်အထား ကန့်သတ်ချက်ရှိခြင်း (Limited evidence)
    ပုံမှန်ကြိုတင်စစ်ဆေးမှုများသည် ခံတွင်းကင်ဆာကြောင့် သေဆုံးမှုနှုန်းကို လျှော့ချနိုင်ကြောင်း ပြသသည့် ခိုင်မာသော သုတေသန၊ အထောက်အထားများ မရှိသေးပါ။ သို့သော်လည်း စောစီးစွာ ရှာဖွေတွေ့ရှိခြင်းက ကုသပျောက်ကင်းနိုင်ခြေကို ပိုမိုမြင့်မားစေသည်။
ပြောင်းလဲတိုးတက်မှုများ

ခံတွင်းကင်ဆာကို အစောပိုင်းအဆင့်တွင် ရှာဖွေဖော်ထုတ်နိုင်ရန်အတွက် ပုံမှန်စစ်ဆေးမှုများအပြင် မကြာသေးမီက နည်းပညာအသစ်များနှင့် သုတေသနအသစ်များလည်း ကြိုးပမ်းဖော်ထုတ်လျက်ရှိသည်။

  • နည်းပညာအခြေခံ ရှာဖွေစစ်ဆေးမှုများ
    မျက်စိဖြင့် ကြည့်ရှုစစ်ဆေးခြင်းကို အထောက်အကူပြုရန် နည်းပညာအသစ်များကို အသုံးပြုလာကြသည် [ဥပမာ _ ဉာဏ်ရည်တု (AI) ကို အသုံးပြုသည့် ကိရိယာများ]။
  • ဇီဝနမူနာဆိုင်ရာ စစ်ဆေးမှုများ (Biomarker-Based Tests)
    တံတွေး (Saliva) သို့မဟုတ် ပါးစပ်အတွင်းမှ ပွတ်တိုက်ရယူသော ဆဲလ်များတွင် ကင်ဆာနှင့်ဆက်စပ်နေသည့် ဇီဝမော်လီကျူးများ (Biomarkers) ရှိမရှိ ရှာဖွေစစ်ဆေးခြင်းဖြင့် ရောဂါကို ကြိုတင်ခန့်မှန်းနိုင်ရန် လေ့လာနေကြသည်။ ဤနည်းလမ်းသည် နာကျင်မှုမရှိဘဲ စောစီးစွာသိရှိနိုင်ရန် အလားအလာရှိသည်။
  • HPV ဗိုင်းရပ်စ်နှင့် ဆက်စပ်မှု
    မကြာသေးမီက သုတေသနများအရ HPV ဗိုင်းရပ်စ် (Human Papilloma Virus – HPV) သည် လည်ချောင်းကင်ဆာ (oropharyngeal cancer) ဖြစ်ပွါးရခြင်း၏ အဓိကအကြောင်းရင်းတစ်ခု ဖြစ်လာကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် ခံတွင်းကင်ဆာဖြစ်နိုင်ခြေရှိသူများအား HPV ပိုး ရှိမရှိကိုပါ ထည့်သွင်းစဉ်းစားလာကြပြီး၊ ကာကွယ်ဆေးထိုးနှံခြင်းအပေါ်လည်း ပိုမိုအလေးပေးလာကြသည်။

References:

  1. Cleveland Clinic. (n.d.). Oral cancer screening. Cleveland Clinic. Retrieved September 14, 2025, from https://my.clevelandclinic.org/health/diagnostics/21056-oral-cancer-screening
  2. Mayo Clinic. (n.d.). Oral cancer screening. Mayo Foundation for Medical Education and Research. Retrieved September 14, 2025, from https://www.mayoclinic.org/tests-procedures/oral-cancer-screening/about/pac-20394802
  3. National Cancer Institute. (2025). Oral cavity and nasopharyngeal cancers screening (PDQ®)–Patient version. U.S. Department of Health and Human Services, National Institutes of Health. Retrieved September 14, 2025, from https://www.cancer.gov/types/head-and-neck/patient/oral-screening-pdq

Published: 9 October 2025

.indent-top{padding-top: 30px;} .indent-bottom{padding-bottom: 30px;}

Share

9 October 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

More articles
Salpingectomy (သားဥပြွန် ဖြတ်တောက်ဖယ်ရှားခြင်း)
Jan 29, 2026
Tests and Procedures

Salpingectomy (သားဥပြွန် ဖြတ်တောက်ဖယ်ရှားခြင်း)

သားဥပြွန် ဖြတ်တောက်ဖယ်ရှားခြင်းသည် သားအိမ်ပြင်ပ သန္ဓေတည်ခြင်းကဲ့သို့...

Coronary calcium scan (နှလုံးသွေးကြောအတွင်းရှိ ကယ်လ်စီယမ်ဓာတ်အား ပုံရိပ်ဖော်စစ်ဆေးခြင်း)
Jan 27, 2026
Tests and Procedures

Coronary calcium scan (နှလုံးသွေးကြောအတွင်းရှိ ကယ်လ်စီယမ်ဓာတ်အား ပုံရိပ်ဖော်စစ်ဆေးခြင်း)

နှလုံးသွေးကြောကျဥ်းရောဂါ ဖြစ်နိုင်ခြေကို ခန့်မှန်းတွက်ဆရန် အသုံးပြုသော...

Wood’s Lamp Examination (ခရမ်းလွန်ရောင်ခြည်မီးအိမ်ဖြင့် စမ်းသပ်စစ်ဆေးခြင်း)
Jan 26, 2026
Tests and Procedures

Wood’s Lamp Examination (ခရမ်းလွန်ရောင်ခြည်မီးအိမ်ဖြင့် စမ်းသပ်စစ်ဆေးခြင်း)

Wood’s Lamp (ခရမ်းလွန်ရောင်ခြည်မီးအိမ်) စစ်ဆေးခြင်းသည် အရေပြားပေါ်ရှိ...