Tracheostomy (လည်ပင်းလေပြွန်ဖောက်၍ အသက်ရှူပြွန် ထည့်ခြင်း)

Tracheostomy (လည်ပင်းလေပြွန်ဖောက်၍ အသက်ရှူပြွန် ထည့်ခြင်း)

လည်ပင်းရှေ့ဘက်ရှိ လေပြွန်မကြီး (trachea) တွင် ခွဲစိတ်ကာ လေဝင်ပေါက် (stoma) တစ်ခုဖောက်၍ လေဝင်လေထွက်ပြွန် သို့မဟုတ် အသက်ရှူပြွန် (Tracheostomy tube) တပ်ဆင်ပေးခြင်း ဖြစ်သည်။ ဤခွဲစိတ်မှုသည် အရေးပေါ် အသက်ရှူလမ်းကြောင်းပိတ်ဆို့မှု သို့မဟုတ် ရေရှည်အသက်ရှူလမ်းကြောင်း ပံ့ပိုးပေးမှု လိုအပ်သည့် လူနာများအတွက် အဓိကထား၍ ပြုလုပ်သော ဆေးဘက်ဆိုင်ရာကုထုံးဖြစ်သည်။

ဤခွဲစိတ်မှုပြုလုပ်ခြင်းဖြင့် သဘာဝအသက်ရှူလမ်းကြောင်းမှ အတားအဆီးများ၊ ပိတ်ဆို့မှုများ သို့မဟုတ် ရောဂါများကို ကျော်လွှားနိုင်စေသည်။ လူနာသည် ပို၍ကောင်းစွာ အသက်ရှူနိုင်လာပြီး အသက်ရှူကိရိယာ (ventilator) လိုအပ်ပါကလည်း ပိုမိုလွယ်ကူစွာ ချိတ်ဆက်နိုင်စေသည်။ ဤနည်းလမ်းသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာရှိသော လူနာများအတွက် အသက်ကယ်တင်နိုင်သည့် အရေးကြီးကုသမှုတစ်ခု ဖြစ်သည်။

Tracheostomy ပြုလုပ်ခြင်းသည် ယာယီသာ ထည့်ထားရနိုင်သကဲ့သို့ အချို့ရောဂါအခြေအနေများတွင် အမြဲထည့်ထားရန် လိုအပ်နိုင်သည်။

လည်ပင်းလေပြွန်ဖောက်၍ အသက်ရှူပြွန်ထည့်ခြင်း အမျိုးအစားများ

ပြုလုပ်သည့် နည်းလမ်းနှင့် ရောဂါအခြေအနေအလိုက် အောက်ပါအတိုင်း အမျိုးအစားများ ခွဲခြားနိုင်သည်။

ပြုလုပ်သည့် နည်းလမ်းအရ

  1. လည်ပင်းရှေ့တွင် ခွဲကြောင်းပေး၍ အသက်ရှူပြွန်ထည့်ခြင်း (Surgical tracheostomy)
  2. လမ်းကြောင်းချဲ့ ကြိုးချောင်းငယ်များ အသုံးပြု၍ အသက်ရှူပြွန်ထည့်ခြင်း (Percutaneous tracheostomy)

ရောဂါအခြေအနေအရ

  1. အရေးပေါ် လည်ပင်းလေပြွန်ဖောက်၍ အသက်ရှူပြွန်ထည့်ခြင်း (Emergency tracheostomy) နှင့်
  2. ကြိုတင်ပြင်ဆင်၍ လည်ပင်းလေပြွန်ဖောက်၍ အသက်ရှူပြွန်ထည့်ခြင်း (Elective tracheostomy) ဟူ၍ ခွဲခြားနိုင်သည်။
ပြုလုပ်ရန်လိုအပ်သည့် အခြေအနေများ
အရေးပေါ် လည်ပင်းလေပြွန်ဖောက်၍ အသက်ရှူပြွန်ထည့်ခြင်း (Emergency tracheostomy)

ရုတ်တရက် အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်း သို့မဟုတ် ပိတ်ဆို့နိုင်သည့် အခြေအနေများတွင် အရေးပေါ် ပြုလုပ်ရန် လိုအပ်သည်။

  • မျက်နှာ (သို့မဟုတ်) လည်ပင်းတွင် ပြင်းထန်သော ထိခိုက်ဒဏ်ရာများ (Facial and laryngeal injuries)
  • အသက်ရှူလမ်းကြောင်းအတွင်း လေပူလောင်ခြင်း (Airway burns)
  • အသက်ရှူလမ်းကြောင်းတွင် ပြင်ပအရာဝတ္ထု (Foreign bodies) များဖြင့် ပိတ်ဆို့ခြင်း
  • ပြင်းထန်သော ဓာတ်မတည့်ခြင်း (Anaphylaxis) နှင့် ဓာတ်မတည့် ဖောရောင်ခြင်း (Angioedema) တို့ကြောင့် လေပြွန်ဝရောင်ရမ်းပိတ်ဆို့ခြင်း (Laryngeal oedema)
  • ပိုးဝင်ခြင်းကြောင့် လေပြွန်မကြီးရောင်ရမ်းခြင်း (ဥပမာ _ ဆုံဆို့နာ၊ အသက်ရှူလမ်းကြောင်း ဗိုင်းရပ်စ်ပိုးဝင်ခြင်း၊ လည်ပင်းအတွင်းပိုင်း အင်္ဂါများ ပိုးဝင်ခြင်း)
  • လည်ချောင်းကင်ဆာ၊ ခံတွင်းကင်ဆာ စသည့် ကင်ဆာအကျိတ်များကြောင့် အသက်ရှူလမ်းကြောင်း ပိတ်ဆို့နိုင်ခြင်း
  • အရေးပေါ်အခြေအနေတွင် Cricothyrotomy ဟူသော အနည်းငယ် ဘေးကင်းပြီး ပိုရိုးရှင်းသည့် နည်းလမ်းကို ဦးစွာပြုလုပ်ပြီး လူနာတည်ငြိမ်လာမှ Tracheotomy ဖြင့် အစားထိုးခြင်း
ကြိုတင်ပြင်ဆင်၍ လည်ပင်းလေပြွန်ဖောက်၍ အသက်ရှူပြွန်ထည့်ခြင်း (Elective tracheostomy)

အသက်ရှူစက် (Ventilator) ကို ရေရှည်အသုံးပြုရန်၊ လေပြွန်မှ ချွဲသလိပ်များ စုပ်ထုတ်ဖယ်ရှားရန်၊ အစာသီးခြင်း (Aspiration) မဖြစ်စေရန်နှင့် လေပြွန်ပိတ်ခြင်းမှ ကာကွယ်ရန် အဓိကရည်ရွယ်သည်။ အောက်ဖော်ပြပါ ရောဂါအခြေအနေများတွင် elective tracheostomy ပြုလုပ်ရန် လိုအပ်သည်။

  • ဦးခေါင်းထိခိုက်ဒဏ်ရာကြောင့် သတိလစ်မေ့မြောနေခြင်း
  • နိုးထရန် ခက်ခဲသော နာတာရှည် သတိလစ်ခြင်း (Coma)
  • အဆုတ်လုပ်ငန်း ပျက်စီးနေခြင်း (Respiratory failure) (နာတာရှည် အဆုတ်ရောဂါများကြောင့်)
  • ဦးခေါင်းနှင့် လည်ပင်း ခွဲစိတ်မှုကြီးများ မပြုလုပ်မီ
  • လည်ပင်းဓာတ်ရောင်ခြည် မပြမီ
  • လေဖြတ်ခြင်း သို့မဟုတ် ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ရောဂါများကြောင့် ချွဲသလိပ်များ ကောင်းစွာမထုတ်နိုင်ခြင်း
  • ဦးခေါင်း၊ မျက်နှာ၊ ခံတွင်းနှင့် လည်ပင်း ခွဲစိတ်မှုကြီးများ ပြုလုပ်ခြင်း
  • အသံကြိုးအောက်ရှိ လေပြွန်ကျဉ်းမြောင်းခြင်း (subglottic stenosis)
  • အိပ်ပျော်နေစဉ် အသက်ရှူလမ်းကြောင်းပိတ်ဆို့ အသက်ရှူရပ်ခြင်း (obstructive sleep apnea)
  • အသက်ရှူကြွက်သားများ အားနည်းစေသော အာရုံကြောနှင့် ကြွက်သားရောဂါများရှိခြင်း
  • လည်ပင်းရိုး (cervical vertebrae) ကျိုး၍ အာရုံကြောမကြီးထိခိုက်ခြင်း စသည်တို့ဖြစ်သည်။
ကြိုတင်သိရှိထားရမည့်အချက်များ
  • ခွဲစိတ်ပြီးပြီးချင်းတွင် စကားပြောဆိုနိုင်မည်မဟုတ်ပါ
  • ထို့ကြောင့် အခြားသူများနှင့် ဆက်သွယ်ရာတွင် စာရေးခြင်း၊ လက်ဟန်ခြေဟန်ဖြင့် ဆက်သွယ်ခြင်း သို့မဟုတ် စမတ်ဖုန်း၊ တက်ဘလက် စသည်တို့ကို အသုံးပြု၍ ဆက်သွယ်ရန် ကြိုတင်ပြင်ဆင်ထားသင့်သည်
  • အစာမျိုချရခက်ခဲနိုင်ပြီး သွေးကြောမှတစ်ဆင့် သို့မဟုတ် အစာပိုက်ဖြင့် အာဟာရဖြည့်တင်းရန် လိုအပ်နိုင်သည်
  • အသက်ရှူသောလေသည် နှာခေါင်း၊ ပါးစပ်နှင့် လည်ချောင်းမှတဆင့် မဝင်ရောက်ဘဲ လေပြွန်အတွင်း တိုက်ရိုက်ဝင်ရောက်လာသောကြောင့် လေပြွန်မကြီး ပိုမိုခြောက်သွေ့စေကာ ယားယံခြင်း၊ ချောင်းဆိုးခြင်း နှင့် ချွဲများပိုထွက်ခြင်းတို့ကို ဖြစ်စေနိုင်သည်
  • အချို့အခြေအနေများတွင် Tracheostomy ပြွန်ကို အမြဲတမ်းတပ်ဆင်ထားရန် မလိုအပ်ဘဲ အသက်ရှူလမ်းကြောင်း ပြန်လည်ကောင်းမွန်လာသောအခါ ပြွန်ကို ပြန်လည်ဖယ်ရှားနိုင်သည်
  • ပြွန် ပြန်လည်ဖယ်ရှားပြီး လည်ပင်းရှိ အနာပေါက်သည် နှစ်ပတ်ခန့်အတွင်း အလိုအလျောက်ပိတ်သွားလေ့ရှိသည်၊ သို့သော် တစ်ခါတစ်ရံ ခွဲစိတ်၍ ပြန်ပိတ်ရန် လိုအပ်နိုင်သည်
ခွဲစိတ်ပုံအဆင့်ဆင့်

ပြင်ဆင်ခြင်း
ဆရာဝန်သည် လူနာ၏ လည်ပင်းအား စစ်ဆေးပြီး သင့်လျော်သော အသက်ရှူပြွန် အရွယ်အစားကို ရွေးချယ်သည်
ကြိုတင်ပြင်ဆင်၍ လည်ပင်းအသက်ရှူပြွန်ထည့်ရာတွင် ယေဘုယျအားဖြင့် မေ့ဆေး အသုံးပြုသည့်အတွက် ခွဲစိတ်မှုမပြုလုပ်မီ ကြိုတင်၍အစာနှင့် အရည် ရှောင်ကြဉ်ရန် သို့မဟုတ် သောက်သုံးနေသော ဆေးဝါးများ ရပ်ဆိုင်းရန် သို့မဟုတ် ချိန်ညှိရန် ညွှန်ကြားမည်ဖြစ်သည်။

ခွဲစိတ်မှု ပြုလုပ်နေစဉ်
အများအားဖြင့် ခွဲစိတ်ခန်းတွင် မေ့ဆေးပေး၍ ပြုလုပ်လေ့ရှိသည်။
အရေးပေါ်အခြေအနေများတွင်မူ လူနာကုတင်ဘေး၊ အထူးကြပ်မတ်ကုသဆောင် (Intensive Care Unit) သို့မဟုတ် အရေးပေါ်ကုသခန်းတွင် ထုံဆေး၊ စိတ်ငြိမ်ဆေးများ အသုံးပြု၍ ခွဲစိတ်သည်။

  1. လည်ပင်းရှေ့တွင် ခွဲကြောင်းပေး၍ အသက်ရှူပြွန်ထည့်ခြင်း (Surgical tracheostomy)
    • ဆရာဝန်သည် လည်ပင်းအရှေ့ဘက် အောက်ပိုင်းတွင် အလျားလိုက် ခွဲကြောင်းပေး၍ လည်ပင်းကြွက်သားများကြားမှ လေပြွန်မကြီး ပေါ်လာသည်အထိ ခွဲစိတ်သည်
    • ထို့နောက် လေပြွန်မကြီးတွင် အပေါက်ငယ်တစ်ခု ဖောက်၍ အသက်ရှူပြွန်အား ထည့်သွင်းသည်
  2. လမ်းကြောင်းချဲ့ ကြိုးချောင်းငယ်များ အသုံးပြု၍ အသက်ရှူပြွန်ထည့်ခြင်း (Percutaneous tracheostomy)
    • ဤနည်းလမ်းသည် လူနာကုတင်ဘေးတွင် ပြုလုပ်နိုင်ပြီး ပိုမိုမြန်ဆန်သည်၊ အရေးပေါ်အခြေအနေများ နှင့် အထူးကြပ်မတ်ကုသဆောင်များတွင် အဓိက အသုံးပြုသည်
    • ပထမဦးစွာ လည်ပင်းအရှေ့ဘက် အောက်ပိုင်းတွင် လေပြွန်အတွင်းသို့ အပ်ငယ်တစ်ချောင်း ထိုးမည်၊ ထို့နောက် လမ်းကြောင်းချဲ့ ကြိုးချောင်းငယ်များ ထည့်သွင်းကာ ပြွန်ထည့်နိုင်သည့် အပေါက်အရွယ်ရရှိအောင် တဖြည်းဖြည်း လမ်းကြောင်းချဲ့၍ အသက်ရှူပြွန် ထည့်ခြင်းဖြစ်သည်
    • ဤနည်းလမ်းကို ၁၂ နှစ်အောက် ကလေးများ၊ သွေးမတိတ်ရောဂါရှိသူများ၊ လည်ပင်း နောက်ပြန်မကွေးနိုင်သူများ သို့မဟုတ် အဝလွန်သူများတွင် မပြုလုပ်သင့်ပါ
    • ထို့နောက် အသက်ရှူပြွန်ကို အပေါက်ထဲသို့ ထည့်သွင်းပြီး လည်ပင်းတွင် ခိုင်မြဲစေရန် ကြိုးဖြင့် ထိန်းထားမည်ဖြစ်သည်။

ခွဲစိတ်ပြီးနောက် လည်ပင်းတွင် နာကျင်မှု အနည်းငယ် ခံစားရနိုင်ပြီး၊ ပုံမှန်အားဖြင့် ၁၀-၁၄ ရက်ခန့်အတွင်း အနာကျက်သည်။

နောက်ဆက်တွဲပြဿနာများ

လည်ပင်းလေပြွန်ဖောက်၍ အသက်ရှူပြွန်ထည့်ခြင်း (Tracheostomy) သည် ယေဘုယျအားဖြင့် ဘေးကင်းလုံခြုံသော်လည်း ခွဲစိတ်မှုတိုင်းကဲ့သို့ ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲ ပြဿနာများ ရှိသည်။ ပြဿနာဖြစ်နိုင်ခြေ ပိုများသော အခြေအနေများမှာ_

  • အရေးပေါ်ခွဲစိတ်မှုများ
  • ကလေးသူငယ်များ၊ အထူးသဖြင့် မွေးကင်းစကလေးငယ်များ
  • ဆေးလိပ်၊ အရက်အလွန်အကျွံသောက်သူများ၊
  • ဆီးချိုရောဂါရှိသူများ၊ ကိုယ်ခံအားစနစ် အားနည်းသူများ၊ နာတာရှည်ရောဂါရှိသူများ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးဝင်ဖျားနာနေသူများနှင့် စတီးရွိုက် (Steroid) သို့မဟုတ် ကော်တီဇုန်း (Cortisone) ဆေးဝါးများ သောက်သုံးနေသူများ ဖြစ်သည်။
ခွဲစိတ်နေစဉ် သို့မဟုတ် ခွဲစိတ်ပြီးခါစအချိန်တွင် ဖြစ်ပေါ်နိုင်သော ပြဿနာများ
  • ခွဲစိတ်ဒဏ်ရာမှ သွေးထွက်ခြင်း
  • လည်ပင်းအသက်ရှူပြွန် နေရာရွေ့သွားခြင်း သို့မဟုတ် အသက်ရှူပြွန် အရွယ်အစား မမှန်ခြင်း
  • လည်ပင်းအသက်ရှူပြွန်တွင် သွေးခဲများ၊ ချွဲသလိပ်များဖြင့် ပိတ်ဆို့ခြင်း
  • ခွဲစိတ်ဒဏ်ရာတွင် သွေးခဲစုကာ လေပြွန်အား ဖိမိပြီး အသက်ရှူရခက်ခဲခြင်း (Hematoma formation)
  • လည်ပင်းအရေပြားအောက် တစ်ရှူးများအတွင်း လေခိုခြင်း (Subcutaneous emphysema)
  • အဆုတ်အမြှေးပါးအတွင်း လေခိုခြင်း (Pneumothorax)
  • အဆုတ် (၂) ခုကြား ရင်ခေါင်းအလယ်ပိုင်းတွင် လေခိုခြင်း (Pneumomediastinum)
  • လေပြွန်၊ သိုင်းရွိုက်ဂလင်း သို့မဟုတ် လည်ပင်းရှိ အသံအိုးထိန်း အာရုံကြောများ ထိခိုက်နိုင်ခြင်း
  • အစာရေမျိုပြွန် (Oesophagus) ထိခိုက်ခြင်း
ရေရှည်တွင်ဖြစ်ပေါ်နိုင်သော ပြဿနာများ
  • လည်ပင်း အသက်ရှူပြွန် ပိတ်ဆို့ခြင်း
  • အသက်ရှူပြွန် နေရာရွေ့သွားခြင်း သို့မဟုတ် ပြုတ်ထွက်ခြင်း
  • လေပြွန်မကြီး ကျဥ်းမြောင်းသွားခြင်း
  • အသက်ရှူပြွန်နေရာရှိ လေပြွန်မကြီး ပါးလွှာ၍ ပျော့လာခြင်း (Tracheomalacia)
  • လေပြွန်မကြီးနှင့် အစာရေမျိုပြွန်အကြား ပုံမှန်မဟုတ်သော လမ်းကြောင်း (Tracheo-oesophageal fistula) ဖြစ်ပေါ်လာခြင်း
  • လေပြွန်နှင့် လည်ပင်း သွေးကြောမကြီးအကြား ပုံမှန်မဟုတ်သော လမ်းကြောင်းဖြစ်ပေါ်ခြင်း (အသက်အန္တရာယ်ရှိသော အခြေအနေဖြစ်သည်)
  • လေပြွန်များ ပိုးဝင်ရောင်ရမ်းခြင်း (Tracheobronchitis) နှင့် အဆုတ်ရောင်ခြင်း (Pneumonia)
  • အနာတွင် အသားနုတက်၍ အသားပိုများ ဖြစ်ပေါ်လာခြင်း (Granuloma formation)
ခွဲစိတ်ပြီးနောက် ပြုစုစောင့်ရှောက်ခြင်း

လည်ပင်းအသက်ရှူပြွန်အတွက် ပြုစုစောင့်ရှောက်ခြင်း

  • ရောဂါပိုးဝင်ရောက်ခြင်းနှင့် နောက်ဆက်တွဲပြဿနာများ မဖြစ်ပေါ်စေရန် သူနာပြုများမှ အသက်ရှူပြွန်အား ဆေးကြောသန့်ရှင်းပေးမည်ဖြစ်သည်
  • ဆေးရုံဆင်းပြီးနောက် လည်ပင်းအသက်ရှူပြွန်အား ဆက်လက်ထားရှိရန် လိုအပ်ပါက ဆေးကြောသန့်ရှင်းနည်းများ သင်ကြားပေးမည်ဖြစ်သည်
  • ဆေးရုံမှဆင်းပြီးနောက် မိမိအိမ်တွင် လည်ပင်းအသက်ရှူပြွန်အား သန့်ရှင်းရေး ပုံမှန်ပြုလုပ်ပေးရမည်

စကားပြောဆိုဆက်သွယ်ခြင်း

  • ကနဦးတွင် စကားပြောဆိုရန် ခက်ခဲနိုင်သည်
  • အသက်ရှူပိုက်ရှိ အပေါက်ငယ်အား လက်ဖြင့် ပိတ်၍ စကားပြောနိုင်ရန် သင်ကြားပေးမည်ဖြစ်သည်
  • မိမိအိမ်သားများနှင့် အခြားသူများအား ဆက်သွယ်နိုင်ရန် စာရွက်နှင့် ဘောပင် သို့မဟုတ် စာရိုက်ပြောနိုင်ရန် လက်ကိုင်ဖုန်း၊ လိုအပ်ချိန်တွင် အသိပေးနိုင်ရန် အသံမြည်သော ခေါင်းလောင်းစသည့် ပစ္စည်းများအား လူနာဘေးတွင် အဆင်သင့် ထားရှိထားရမည်

အစာစားခြင်း

  • ပြန်လည်သက်သာလာစဉ်တွင် အစာမျိုချရန် ခက်ခဲနိုင်သည်
  • လိုအပ်ပါက သွေးကြောမှတစ်ဆင့် သို့မဟုတ် အစာပိုက်ဖြင့် အာဟာရဖြည့်တင်းပေးသည်
  • ပြန်လည်သန်စွမ်းရေးအထူးကုမှ အစာမျိုချနိုင်ရန် လေ့ကျင့်ခန်းများ သင်ကြားပေးမည်

ရှူရှိူက်ရသောလေ ခြောက်သွေ့ခြင်းကို ကိုင်တွယ်ဖြေရှင်းခြင်း

  • Saline ဓာတ်ဆားရည်ကို Tracheostomy ပြွန်ထဲသို့ တိုက်ရိုက်ထည့်ခြင်း
  • Nebulizer ဖြင့် ဆားရည်ငွေ့ ရှူခြင်း
  • အခန်းတွင်း လေစိုစွတ်စေသော ကိရိယာ (humidifier/vaporizer) စသည့် နည်းလမ်းများကို အသုံးပြုရသည်

ချွဲသလိပ်များ စုပ်ထုတ်ခြင်း

  • လည်ချောင်း (သို့မဟုတ်) အသက်ရှူလမ်းကြောင်းမှ ချွဲသလိပ်များကို ချွဲစုပ်စက် (suction machine) အသုံးပြု၍ ဖယ်ရှားပေးရသည်
လိုက်နာဆောင်ရွက်ရမည့်အချက်များ

လည်ပင်းအသက်ရှူပြွန်ကို ရေရှည်တပ်ဆင်ထားရပါက ဖြစ်နိုင်ခြေရှိသော နောက်ဆက်တွဲပြဿနာများကို စောင့်ကြည့်ရန် ချိန်းဆိုထားသော ဆေးရုံရက်ချိန်းများကို ပုံမှန်ပြသရမည်။

သင်ကြားပေးထားသည့်အတိုင်း လည်ပင်းအသက်ရှူပြွန်ကို နေ့စဉ် အနည်းဆုံး နှစ်ကြိမ် သန့်ရှင်းရေးပြုလုပ်ပါ။
အောက်ပါပြဿနာများရှိပါက ဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်း ပြန်လည်ပြသပါ။

  • ခွဲစိတ်ဒဏ်ရာမှ သွေးထွက်ခြင်း သို့မဟုတ် လေပြွန်မှ သွေးထွက်ခြင်း
  • အသက်ရှူရခက်ခဲခြင်း
  • ဆေးသောက်သော်လည်း မသက်သာပဲ ပိုမို နာကျင်လာခြင်း
  • အရေပြားအရောင်ပြောင်းလဲခြင်း သို့မဟုတ် အသက်ရှူပြွန်ဝန်းကျင်ရှိ အရေပြားများ ရောင်ရမ်းခြင်း
  • လည်ပင်းအသက်ရှူပြွန်၏ အနေအထားပြောင်းလဲခြင်း သို့မဟုတ် ပြုတ်ထွက်ခြင်း

References:

  1. Mayo Clinic. (n.d.). Tracheostomy. Retrieved September 13, 2025, from https://www.mayoclinic.org/tests-procedures/tracheostomy/about/pac-20384673
  2. Cleveland Clinic. (n.d.). Tracheostomy. Retrieved September 13, 2025, from https://my.clevelandclinic.org/health/procedures/tracheostomy
  3. Johns Hopkins Medicine. (n.d.). Tracheostomy. Retrieved September 13, 2025, from https://www.hopkinsmedicine.org/health/treatment-tests-and-therapies/tracheostomy
  4. NHS. (n.d.). Tracheostomy. Retrieved September 13, 2025, from https://www.nhs.uk/tests-and-treatments/tracheostomy/

Published: 8 October 2025

Share

8 October 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

More articles
Echocardiogram (Echo) (အသံလှိုင်းသုံး နှလုံးပုံရိပ်​ဖော်စက်ဖြင့် စစ်​ဆေးခြင်း)
Oct 10, 2025
Tests and Procedures

Echocardiogram (Echo) (အသံလှိုင်းသုံး နှလုံးပုံရိပ်​ဖော်စက်ဖြင့် စစ်​ဆေးခြင်း)

ကြိမ်နှုန်းမြင့် အသံလှိုင်းများ အသုံးပြု၍ နှလုံး၏ တည်ဆောက်ပုံ၊ အခြေအနေ၊...

Oral Cancer Screening (ခံတွင်းကင်ဆာ ကြိုတင်ရှာဖွေစစ်ဆေးခြင်း)
Oct 9, 2025
Tests and Procedures

Oral Cancer Screening (ခံတွင်းကင်ဆာ ကြိုတင်ရှာဖွေစစ်ဆေးခြင်း)

ခံတွင်းနှင့် လည်ချောင်းတစ်ဝိုက်ရှိ ကင်ဆာလက္ခဏာများကို အစောဆုံးအဆင့်တွင်...

Tattoo Removal (တက်တူးဖျက်ခြင်း)
Oct 8, 2025
Tests and Procedures

Tattoo Removal (တက်တူးဖျက်ခြင်း)

တက်တူးဖျက်ခြင်းသည် အရေပြားအောက်ရှိ ဆေးမင်များကိုဖယ်ရှားခြင်းဖြစ်ပြီး...