Tattoo Removal (တက်တူးဖျက်ခြင်း)

Tattoo Removal (တက်တူးဖျက်ခြင်း)

တက်တူးထိုးခြင်းဆိုသည်မှာ အရေပြားအတွင်းလွှာ (Dermis) ထဲသို့ တစ်မိနစ်လျှင် အချက်ပေါင်းထောင်ချီ ထိုးသွင်းပေးနိုင်သောစက်ဖြင့် ဆေးမင်များ ထိုးသွင်းခြင်းဖြစ်သည်။ အရေပြားတွင် အပြင်လွှာ (Epidermis) နှင့် အတွင်းလွှာ (Dermis) ဟူ၍ရှိပြီး တက်တူးထိုးရာတွင် မင်ဖြည့်ထားသောအပ်များသည် အရေပြားအတွင်းလွှာသို့ အရောင်များ ထိုးသွင်းခြင်းဖြင့် ဖျက်ရန်ခက်ခဲသော တက်တူးပုံရိပ်များကို ဖန်တီးခြင်းဖြစ်သည်။

ထိုတက်တူးများကို ပယ်ဖျက်ခြင်းသည် အရေပြားအတွင်းလွှာအထိ ရောက်ရှိနေသာဆေးမင်များကို ဖယ်ရှားရခြင်းဖြစ်သည့်အတွက် ရှုပ်ထွေးသည့်လုပ်ငန်းစဥ်ဖြစ်ပြီး တစ်ကြိမ်နှင့် မလုံလောက်ဘဲ အကြိမ်ကြိမ်ပြုလုပ်ရန် လိုအပ်နိုင်သည်။

တက်တူးဖျက်ခြင်းဆိုသည်မှာ
လူ့ခန္ဓာကိုယ်ရှိ ခုခံအားစနစ်သည် ပုံမှန်အားဖြင့် ပြင်ပမှဝင်ရောက်လာသောအမှုန်များကို အလိုအလျောက်ဖယ်ရှားပေးနိုင်သော်လည်း တက်တူးထိုးရာတွင် အသုံးပြုသော ဆေးမင်အမှုန်များသည် အရွယ်အစားကြီးမားသောကြောင့် ဖယ်ရှားနိုင်ခြင်းမရှိပေ။ တက်တူးဖျက်ခြင်းသည် ၎င်းဆေးအမှုန်များကို ဖယ်ရှားရခြင်းဖြစ်သည်။ တက်တူးဖျက်သည့် နည်းလမ်းများစွာရှိပြီး တစ်မျိုးနှင့်တစ်မျိုး လုပ်ဆောင်မှုပုံစံ မတူညီကြပါ။

တက်တူးဖျက်ခြင်းနည်းလမ်းများ
  • လေဆာဖြင့်တက်တူးဖျက်ခြင်း (Laser tattoo removal)
    • လေဆာဖြင့်တက်တူးဖျက်ခြင်းသည် အသုံးအများဆုံးနည်းလမ်းဖြစ်ပြီး လေဆာရောင်ခြည်ကို အသုံးပြု၍ အပူပေးခြင်းဖြင့် အ‌ရေပြားအတွင်းလွှာရှိ ဆေးမင်အမှုန်များကို ပိုမိုသေးငယ်သော အမှုန်များအဖြစ် ကွဲထွက်စေကာ လူ့ခန္ဓာကိုယ် ခုခံအားစနစ်မှ အလွယ်တကူဖယ်ရှားနိုင်စေရန် ကူညီပေးသည်
    • တက်တူးဆေးအရောင်ပေါ် မူတည်၍ အသုံးပြုရသည့် လေဆာရောင်ခြည် အမျိုးအစား ကွဲပြားနိုင်သည်
    • ဆေးမင် အစိမ်း၊ အနီနှင့် အဝါတို့သည် ဖျက်ရန် ခက်ခဲပြီး အနက်နှင့် နက်ပြာတို့သည် ဖျက်ရန် လွယ်ကူသည်၊ အသားရောင်၊ အဖြူရောင်နှင့် တက်တူးမိတ်ကပ်များသည် လေဆာရောင်ခြည်နှင့် ထိတွေ့သည့်အခါ ဓာတ်ပြုပြီး အနက်ရောင်အဖြစ် ပြောင်းသွားနိုင်သဖြင့် ဖျက်ရန်ခက်ခဲသည်
    • လေဆာဖြင့် တက်တူးဖျက်ခြင်းသည် အများအားဖြင့် တစ်ကြိမ်နှင့် မလုံလောက်ဘဲ တက်တူးအရောင်နှင့် အရွယ်အစားပေါ် မူတည်၍ လိုအပ်သည့် အကြိမ်အရေအတွက် ကွာခြားနိုင်သည်၊ တက်တူးလုံးဝပျောက်သွားရန် လေဆာဖြင့်ကုသမှု အကြိမ်ပေါင်းများစွာ လိုအပ်နိုင်ပြီး အချို့တက်တူးများသည် လုံးဝပျောက်သွားရန် မဖြစ်နိုင်ပေ
    • လေဆာဖြင့်တက်တူးဖျက်ခြင်းသည် အနည်းငယ် နာကျင်မှုရှိနိုင်ပြီး ထုံဆေးခရင်မ် ကြိုလိမ်းခြင်းဖြင့် အနာသက်သာစေနိုင်သည်
    • နောက်ဆက်တွဲပြဿနာအနေနှင့် လေဆာရောင်ခြည်ထိသည့်နေရာတွင် ပင်ကိုယ်အသားအရောင်ထက် ပိုဖြူနေခြင်းများဖြစ်နိုင်သည်၊ ထို့ပြင် အမာရွတ်ကျန်ခြင်း၊ အရေပြားပိုးဝင်ခြင်း၊ နီခြင်း၊ ရောင်ခြင်းများ ဖြစ်နိုင်သည်
  • အရေပြားအလွှာဖယ်ထုတ်ကုသခြင်း (Dermabrasion)
    • Dermabrasion ဆိုသည်မှာ အထူးပြုလုပ်ထားသော စက်ကိရိယာ အသုံးပြု၍ အရေပြားအပြင်လွှာ (Epidermis) နှင့် တက်တူးဆေးမင်များ ရှိနေသော အရေပြားအတွင်းလွှာ (Dermis) များကို ခြစ်ထုတ်ဖယ်ရှားရသောနည်းဖြစ်သည်
    • ၎င်းကုသမှုသည် နာကျင်မှုရှိသဖြင့် ထုံဆေး သို့မဟုတ် မေ့ဆေးပေးရန် လိုအပ်သည်
    • ကုသမှုခံယူပြီး ရက်အနည်းအငယ်ကြာသည်အထိ အရေပြားတွင် အနာအဖြစ် ကျန်ရှိနိုင်ပြီး လုံးဝပျောက်ကင်းရန် နှစ်ပတ် မှ သုံးပတ်အထိ ကြာမြင့်နိုင်သည်
    • နောက်ဆက်တွဲကုသမှုအနေဖြင့် အနာကို သန့်ရှင်းအောင်ထားခြင်း၊ ပဋိဇီဝပိုးသတ်ဆေးခရင်မ် လိမ်းခြင်းများ ပြုလုပ်ရန် လိုအပ်သည်
    • ရလဒ်ခန့်မှန်းရခက်ခြင်း၊ လေဆာကုထုံးထက် ထိရောက်မှုနည်းခြင်းတို့ကြောင့် ဤနည်းကို အသုံးပြုမှုနည်းသည်
  • ဓာတုပစ္စည်းဖြင့် အရေပြားကွာကျအောင်ပြုလုပ်ခြင်း (Chemical Peeling)
    • အပျော့စား အက်ဆစ်တစ်မျိုးကို အသုံးပြု၍ အရေပြားအပေါ်လွှာကို ကွာကျအောင် ပြုလုပ်ခြင်းဖြင့် တက်တူးဆေးမင်များကို ဖယ်ရှားသည့်နည်းလမ်းဖြစ်သည်
    • ဤနည်းဖြင့် တက်တူးဖျက်ခြင်းသည် အနည်းငယ်နာကျင်မှု ရှိနိုင်သော်လည်း ထုံဆေးအသုံးပြုရန် မလိုအပ်ပေ
    • အခြားကုသနည်းများကဲ့သို့ အရေပြားတွင် အနာကျန်နိုင်ပြီး အနာကို သန့်ရှင်းစွာထားခြင်း၊ ပဋိဇီဝပိုးသတ်ဆေးခရင်မ် လိမ်းခြင်းတို့ ပြုလုပ်ပေးရန်လိုသည်
    • အနာလုံးဝသက်သာရန် (၅)ရက် မှ တစ်ပတ်ခန့်အထိ ကြာမြင့်နိုင်သည်
  • အရေပြားခွဲစိတ်ဖယ်ရှားခြင်း (Surgical Excision)
    • တက်တူးထိုးထားသည့် အရေပြားနေရာကို ဖြတ်ထုတ်ခြင်းဖြစ်ပြီး အရွယ်အစားသေးငယ်သော တက်တူးများကို ဖျက်ရာတွင် အသုံးပြုသည်
    • ဖြတ်ထုတ်ပြီး ကျန်သည့်အရေပြားကို ပြန်ချုပ်ပေးရန် လိုအပ်ပြီး၊ ထိုနေရာတွင် ချုပ်ရိုးအရာ ကျန်ရှိနိုင်သည်
    • ဤနည်းဖြင့်တက်တူးဖျက်ခြင်းသည် တက်တူးအရွယ်အစားပေါ် မူတည်ပြီး ထုံဆေးမှ မေ့ဆေးအထိ အသုံးပြုရန် လိုအပ်နိုင်သည်
    • ခွဲစိတ်ပြီး (၂) ရက်အထိ အနာကို အုပ်ထားရန်လိုပြီး အနာကျက်သည်အထိ တစ်ပတ်ခန့် ပုံမှန်ဆေးထည့်ပေးရန် လိုအပ်နိုင်သည်
  • တက်တူးဖျက်သည့်ခရင်မ်များ လိမ်းခြင်း
    • စျေးကွက်တွင် တက်တူးဖျက်ဆေးခရင်မ်များ လွယ်ကူစွာ ရရှိနိုင်သော်လည်း အခြားနည်းလမ်းများကဲ့သို့ ထိရောက်မှုမရှိပါ
    • တက်တူးဖျက်ဆေးများတွင် အပျော့စားအက်ဆစ်များ ပါဝင်လေ့ရှိပြီး ၎င်းသည် လုပ်ဆောင်မှု နှေးကွေးသည့်အတွက် တက်တူးလုံးဝပျက်နိုင်ရန် အချိန် လပေါင်းများစွာ လိမ်းပေးရန် လိုအပ်သည်
    • နောက်ဆက်တွဲအနေဖြင့် အရေပြားယားယံခြင်း၊ ဓာတ်မတည့်ခြင်းများ ဖြစ်ပွါးနိုင်သည်
တက်တူးမဖျက်မီ ကြိုတင်သိရှိထားသင့်သောအချက်များ

တက်တူးဖျက်ခြင်းကို တက်တူးဆိုင်များနှင့် အလှအပရေးရာဆိုင်များတွင် ပြုလုပ်နိုင်သော်လည်း၊ မပြုလုပ်မီ အရေပြားအထူးကုဆရာဝန် (Dermatologist) နှင့်ပြသ၍ မည်သည့်နည်းလမ်း အသုံးပြုသင့်သည်ကို တိုင်ပင်ဆွေးနွေးသင့်သည်။ တက်တူးဖျက်‌ရန် လိုအပ်သည့် အကြိမ်အရေအတွက်နှင့် ကုန်ကျစရိတ်ကိုလည်း ကြိုတင်ဆွေးနွေးထားသင့်သည်။ ယေဘုယျအားဖြင့် ကျန်းမာသော ဆေးလိပ်မသောက်သူများသည် ရလဒ်ကောင်း ပိုရနိုင်သည်။ တက်တူးဖျက်ကုထုံးနှင့် သင့်လျော်မှု ရှိမရှိနှင့် တက်တူးဖျက်သည့်နည်းလမ်း ရွေးချယ်ရာတွင် အောက်ပါအချက်များဖြင့် ဆုံးဖြတ်ပေးနိုင်သည်။

  • တက်တူး အရွယ်အစား၊ အရောင်နှင့် တည်နေရာ
  • တက်တူးထိုးပြီး ကြာမြင့်ချိန်
  • ကျန်းမာရေးရာဇဝင်နှင့် သောက်သုံးနေသောဆေးဝါးများ
  • ယခင် အမာရွတ်များဖြစ်ပေါ်ခဲ့သည့် ရာဇဝင်

အသုံးပြုသည့် နည်းလမ်းအလိုက် တက်တူးဖျက်ရန် ကြာချိန်မတူညီနိုင်ပေ။ လေဆာဖြင့်တက်တူးဖျက်ခြင်းသည် (၁) နာရီခန့်သာ ကြာနိုင်သော်လည်း အရေပြားခွဲစိတ်ဖယ်ရှားခြင်းသည် အချိန် ပို၍လိုအပ်နိုင်သည်။ လေဆာဖြင့်တက်တူးဖျက်ခြင်းသည် တစ်ကြိမ်နှင့် မသိသာဘဲ (၆)ကြိမ် မှ (၁၂)ကြိမ်ခန့်အထိ ပြုလုပ်မှသာ သိသာသောရလဒ်ကို တွေ့ရနိုင်သည်။

တက်တူးဖျက်ခြင်း၏ အကျိုးကျေးဇူးများ
  • မလိုလားအပ်သော တက်တူးများ ထိရောက်စွာ ဖယ်ရှားနိုင်ခြင်း
  • အရေပြားသွင်ပြင်လက္ခဏာကို မြှင့်တင်ပေးခြင်း
  • နာကျင်မှု အနည်းငယ်သာရှိခြင်း
  • လေဆာအသုံးပြုပါက နာကျင်မှု နည်းပါးကာ ပြန်လည်နာလန်ထူရန် အချိန်တိုတောင်းခြင်း
နောက်ဆက်တွဲဆိုးကျိုးများ
  • အမာရွတ်ကျန်နိုင်ခြင်း
  • အရေပြား ပိုးဝင်ခြင်း
  • အရေပြား အရောင်ပြောင်းခြင်း
  • အရေပြားယားယံခြင်း၊ နီခြင်း၊ ရောင်ခြင်း စသည်တို့ဖြစ်သည်။

References:

  1. Cleveland Clinic. (n.d.). Tattoo removal. Retrieved September 3, 2025, from https://my.clevelandclinic.org/health/treatments/8313-tattoo-removal
  2. FDA. (n.d.). Tattoo removal: Options and results. Retrieved September 3, 2025, from https://www.fda.gov/consumers/consumer-updates/tattoo-removal-options-and-results
  3. Mayo Clinic. (n.d.). Tattoo removal. Retrieved September 3, 2025, from https://www.mayoclinic.org/tests-procedures/tattoo-removal/about/pac-20395105
  4. National Center for Biotechnology Information. (n.d.). Laser tattoo removal. In StatPearls. Retrieved September 3, 2025, from https://www.ncbi.nlm.nih.gov/books/NBK442007/
  5. Plastic Surgery (American Society of Plastic Surgeons). (n.d.). Tattoo removal. Retrieved September 3, 2025, from https://www.plasticsurgery.org/cosmetic-procedures/tattoo-removal
  6. Verywell Health. (n.d.). Tattoo removal: Methods, risks, and recovery. Retrieved September 3, 2025, from https://www.verywellhealth.com/tattoo-removal-8663838

Published: 8 October 2025

.indent-top{padding-top: 30px;} .indent-bottom{padding-bottom: 30px;}

Share

8 October 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

More articles
Stem Cell Transplant (ပင်မဆဲလ်အစားထိုးခြင်း)
Jun 29, 2026
Tests and Procedures

Stem Cell Transplant (ပင်မဆဲလ်အစားထိုးခြင်း)

ပင်မဆဲလ် အစားထိုးကုသခြင်းဆိုသည်မှာ ခန္ဓာကိုယ်မှ လိုအပ်သော သွေးဆဲလ်များကို...

Proximal Femoral Nail Antirotation (PFNA) Surgery (ပေါင်ထိပ်ရိုးကျိုးခြင်းကို သတ္တုချောင်းထည့် ခွဲစိတ်ကုသခြင်း)
Jun 29, 2026
Tests and Procedures

Proximal Femoral Nail Antirotation (PFNA) Surgery (ပေါင်ထိပ်ရိုးကျိုးခြင်းကို သတ္တုချောင်းထည့် ခွဲစိတ်ကုသခြင်း)

ပေါင်ထိပ်ရိုးကျိုးခြင်းကို သတ္တုချောင်းထည့် ခွဲစိတ်ကုသခြင်းသည်...

Electrophysiological study (EPS) (နှလုံးလျှပ်စီးလမ်းကြောင်းများ စမ်းသပ်စစ်ဆေးခြင်း)
Jun 27, 2026
Tests and Procedures

Electrophysiological study (EPS) (နှလုံးလျှပ်စီးလမ်းကြောင်းများ စမ်းသပ်စစ်ဆေးခြင်း)

နှလုံးလျှပ်စီးလမ်းကြောင်းများ အသေးစိတ်စစ်ဆေးခြင်းသည်...