Vaginal Plastic Surgery (မိန်းမကိုယ်အင်္ဂါအစိတ်အပိုင်း ခွဲစိတ်ပြုပြင်ခြင်း)

Vaginal Plastic Surgery (မိန်းမကိုယ်အင်္ဂါအစိတ်အပိုင်း ခွဲစိတ်ပြုပြင်ခြင်း)

ယနေ့ခေတ်တွင် မိန်းမကိုယ်အင်္ဂါအစိတ်အပိုင်း ခွဲစိတ်ပြုပြင်ခြင်း (Vaginal Plastic Surgery) ကို ကျန်းမာရေးအရ လိုအပ်ချက်ကြောင့်ဖြစ်စေ၊ အလှအပရေးရာအရ ဖြစ်စေ ပြုလုပ်လာကြသည်ကို တွေ့ရသည်။ မိန်းမကိုယ်အင်္ဂါအစိတ်အပိုင်း ခွဲစိတ်ပြုပြင်ခြင်းသည် အမျိုးသမီးများ၏ မိန်းမကိုယ် ပုံပန်းသဏ္ဌာန် ပြုပြင်ခြင်းနှင့် လုပ်ဆောင်ချက်များကို ပြန်လည်တည်ဆောက်ပေးသည့် ခွဲစိတ်ကုသမှုတစ်မျိုးဖြစ်သည်။

ထိုခွဲစိတ်မှုကို လုပ်ဆောင်ရသော အဓိကရည်ရွယ်ချက် နှစ်မျိုးရှိသည်။

ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်ကြောင့် ခွဲစိတ်ပြုပြင်ခြင်း
မိန်းမကိုယ် လုပ်ဆောင်ချက်ပိုင်းဆိုင်ရာ (Functional) ပြဿနာများကို ဖြေရှင်းရန်အတွက် အဓိကထားသည်။ မွေးရာပါ ချို့ယွင်းချက်များ၊ မတော်တဆ ထိခိုက်ဒဏ်ရာရခြင်းများ၊ သဘာဝအတိုင်း ကလေးမွေးဖွားခြင်း စသည်တို့ကြောင့် မိန်းမကိုယ်ကို ထောက်ပံ့ထားသော ကြွက်သားများနှင့် အရွတ်များ အားပျော့ လျော့ရဲလာပြီး သားအိမ်၊ ဆီးအိမ်နှင့် ဝမ်းအိမ် ကျွံကျခြင်းများ အစရှိသော ကျန်းမာရေးဆိုင်ရာ ပြဿနာများအတွက် ခွဲစိတ်ပြုပြင်ပေးရန်ဖြစ်သည်။

အလှအပရေးရာဆိုင်ရာ လိုအပ်ချက်ကြောင့် ခွဲစိတ်ပြုပြင်ခြင်း
အလှအပရေးရာဆိုင်ရာ လိုအပ်ချက်ကြောင့် ခွဲစိတ်ပြုပြင်ခြင်းသည် အမျိုးသမီးများ၏ မိန်းမကိုယ် ပုံပန်းသဏ္ဌာန်၊ အရွယ်အစားနှင့် အသွင်အပြင်ကို မိမိစိတ်တိုင်းကျဖြစ်စေရန် ပြုပြင်ပေးသော ခွဲစိတ်မှုတစ်ခုဖြစ်သည်။ မိမိခန္ဓာကိုယ်အပေါ် ပိုမိုကျေနပ်မှုရရှိကာ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှု တိုးပွားလာစေရန် အဓိကရည်ရွယ်သည်။

ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
  • အကြိမ်များစွာ သဘာဝအတိုင်း ကလေးမွေးဖွားခဲ့ခြင်း၊ အသက်အရွယ် ကြီးရင့်လာခြင်းတို့ကြောင့် မိန်းမကိုယ်ကို ထောက်ပံ့ထားသော ကြွက်သားများနှင့် အရွတ်များ အားပျော့လျော့ရဲလာပြီး ဆီးမထိန်းနိုင်ခြင်း (Urinary Incontinence) နှင့် တင်ပါးဆုံရိုးကွင်းအတွင်း အင်္ဂါအစိတ်အပိုင်းများ ကျွံကျခြင်း (Pelvic Organ Prolapse) (ထိုအခြေအနေများကြောင့် ကိုယ်စိတ်မသက်မသာဖြစ်ခြင်းနှင့် နေ့စဉ်လူနေမှုအတွက် အနှောင့်အယှက်များကို ခံစားရနိုင်သဖြင့် သင့်တော်သော ကုသမှုခံယူရန် အရေးကြီးသည်)မွေးရာပါ မိန်းမကိုယ် မပါရှိခြင်း သို့မဟုတ် မိန်းမကိုယ် ဖွံ့ဖြိုးမှုမပြည့်ဝခြင်း (Vaginal agenesis) တို့ကြောင့် အရွယ်ရောက်ချိန်တွင် ဓမ္မတာသွေး မဆင်းနိုင်ခြင်း
  • လိင်ဆက်ဆံရာတွင် ပိုမိုသက်သောင့်သက်သာ ရှိစေရန်နှင့် မိမိကိုယ်ကို ယုံကြည်မှု ပြန်လည်ရရှိစေရန် အတွက် မိန်းမကိုယ်၏ ပုံပန်းသဏ္ဌာန်ကို မိမိစိတ်တိုင်းကျ ပြန်လည်ပြင်ဆင်လိုခြင်း
မပြုလုပ်သင့်သော အခြေအနေများ
  • မိန်းမကိုယ်၊ သားအိမ်ခေါင်း သို့မဟုတ် ဆီးလမ်းကြောင်းတွင် လက်ရှိ ပိုးဝင်နေခြင်း (ဥပမာ – မှိုစွဲခြင်း၊ ဘက်တီးရီးယားပိုးဝင်ခြင်း သို့မဟုတ် လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများရှိနေခြင်း)
  • သွေးမတိတ်သော ရောဂါအခံရှိသူများ၊ ထိန်းချုပ်မရသော ဆီးချိုရောဂါနှင့် ပြင်းထန်သော နှလုံးရောဂါရှိသူများ
  • စိတ်ကျန်းမာရေးဆိုင်ရာရောဂါရှိသူများ (ဥပမာ – စိတ်ကျရောဂါများ၊ စိတ်ဖောက်ပြန်ရောဂါများ)
  • ကိုယ်ဝန်ရှိနေသူများ စသည့်အခြေအနေများတွင် ခွဲစိတ်မှုကို မပြုလုပ်သင့်ပါ။
ကြိုတင်သိရှိထားရမည့်အချက်များ
  • အမျိုးသမီးအင်္ဂါအစိတ်အပိုင်း ခွဲစိတ်ပြုပြင်ခြင်းသည် တစ်ဦးနှင့်တစ်ဦး ကွဲပြားနိုင်ပြီး ခွဲစိတ်မှု မခံယူမီ ကျွမ်းကျင်သော သားဖွားမီးယပ်အထူးကုဆရာဝန်များ သို့မဟုတ် အလှအပရေးရာဆိုင်ရာ ခွဲစိတ်ဆရာဝန်များနှင့် မိမိ၏ ကျန်းမာရေးအခြေအနေကို သေချာစွာ တိုင်ပင်ဆွေးနွေးရန် အရေးကြီးသည်
  • မိမိတွင်ခံစားနေရသော ရောဂါများနှင့် သောက်နေသော ဆေးဝါးများကို မိမိ၏ဆရာဝန်အား တိကျစွာ ပြောပြရမည်
  • ခွဲစိတ်ပြုပြင်ခြင်း၏ အကျိုး၊ အပြစ်နှင့် ရလဒ်များကို ကောင်းစွာသိရှိ နားလည်သဘောပေါက်ရမည်
ကုသပုံအဆင့်ဆင့်

ခွဲစိတ်ကုသပုံအဆင့်ဆင့်သည် ခွဲစိတ်မှုခံယူရသည့် အကြောင်းရင်း (ဥပမာ – ကြွက်သားလျော့ရဲခြင်းကို ပြုပြင်ခြင်း သို့မဟုတ် မွေးရာပါချို့ယွင်းချက်ကို ကုသခြင်း) ပေါ်မူတည်၍ ကွဲပြားမှုများ ရှိနိုင်သည်။

ခွဲစိတ်မှုကြာမြင့်ချိန်သည် ခွဲစိတ်ရမည့် အတိမ်အနက်နှင့် အခြေအနေပေါ်မူတည်၍ ကွဲပြားသည်။ အချို့သော ခွဲစိတ်မှုများသည် နာရီအနည်းငယ်သာ ကြာမြင့်တတ်သော်လည်း အချို့မှာမူ ၁၀ နာရီလောက်အထိ ကြာမြင့်နိုင်သည်။

ခွဲစိတ်မှုမတိုင်မီ ပြုလုပ်မည့်အဆင့်များ
  • ပထမဦးစွာ ဆရာဝန်မှ နဂိုရှိသော ရောဂါရာဇဝင်များနှင့် လက်ရှိသောက်လက်စ ဆေးဝါးများအကြောင်း မေးမြန်းခြင်း၊ ကိုယ်ခန္ဓာအား စမ်းသပ်စစ်ဆေးခြင်းတို့ကို ပြုလုပ်မည်
  • ထို့နောက် ဆရာဝန်မှ ခွဲစိတ်မှုဆိုင်ရာ နည်းလမ်းများ၊ မေ့ဆေးထုံဆေး လိုအပ်မှုနှင့် ခွဲစိတ်ရန်ကြာမြင့်ချိန် စသည်တို့ကို လူနာအား အသေးစိတ်ရှင်းပြမည်ဖြစ်ပြီး၊ လူနာဘက်မှလည်း စိတ်ပူပန်စရာများနှင့် သိလိုသည့် မေးခွန်းများကို ပြန်လည်မေးမြန်းနိုင်သည်
  • လူနာမှ ခွဲစိတ်ရန်သဘောတူညီချက်လက်မှတ်ထိုးပြီးနောက်တွင် ခွဲစိတ်မည့်ရက်ချိန်းကို ဆရာဝန်မှ သတ်မှတ်ပေးလိုက်မည်
  • ခွဲစိတ်ရက်မတိုင်မီ အက်စပရင် (Aspirin) ကဲ့သို့သော သွေးကျဲဆေးများကို ဆရာဝန်ညွှန်ကြားသည့် သတ်မှတ်ရက်အတိုင်း ကြိုတင်ရပ်ထားရန်လိုသည်
  • ရွေးချယ်ထားသော ခွဲစိတ်မှုအမျိုးအစားပေါ် မူတည်၍ မေ့ဆေး သို့မဟုတ် ထုံဆေးပေးပြီး ခွဲစိတ်မှုကို ပြုလုပ်မည်
ခွဲစိတ်နည်းအမျိုးအစားများ

ပြုလုပ်သည့် ရည်ရွယ်ချက်ပေါ် မူတည်၍ မိန်းမကိုယ်အင်္ဂါအစိတ်အပိုင်း ခွဲစိတ်ပြုပြင်ခြင်း အမျိုးမျိုးရှိသည်။ အများဆုံးပြုလုပ်လေ့ရှိသော ခွဲစိတ်မှုများမှာ_

  1. Labiaplasty (မိန်းမကိုယ်နှုတ်ခမ်းသား ခွဲစိတ်ပြုပြင်ခြင်း) – မိန်းမကိုယ်၏ အပြင် သို့မဟုတ် အတွင်းနှုတ်ခမ်းသားများ (Labia majora or labia minora) ၏ အရွယ်အစားကို သေးငယ်စေရန် သို့မဟုတ် ဘေးနှစ်ဖက် ညီညာစေရန် ပြုပြင်ပေးခြင်းဖြစ်သည်
  2. Vaginoplasty (မိန်းမကိုယ်လမ်းကြောင်း ခွဲစိတ်ပြုပြင်ခြင်း) – မိန်းမကိုယ်လမ်းကြောင်းအတွင်းပိုင်းရှိ ကြွက်သားများကို ပြန်လည်တင်းရင်းလာစေရန် ပြုပြင်ပေးသော ခွဲစိတ်မှုတစ်ခုဖြစ်သည်၊ ၎င်းကို များသောအားဖြင့် ကလေးမွေးဖွားခြင်းကြောင့် မိန်းမကိုယ်ကြွက်သားများနှင့် အရွတ်များ အားပျော့လျော့ရဲလာခြင်းအတွက် ပြန်လည်ပြုပြင်ရန် ပြုလုပ်လေ့ရှိသည်
  3. Vulvoplasty (မိန်းမကိုယ်ပြင်ပ ခွဲစိတ်ပြုပြင်ခြင်း) – အပြင်ဘက်မှ မြင်တွေ့ရသော အမျိုးသမီးအင်္ဂါ အစိတ်အပိုင်း (Vulva) ၏ ပုံပန်းသဏ္ဌာန်ကို ပြန်လည်ပုံဖော်ပေးခြင်းဖြစ်သည်
  4. Clitoral hood reduction (မအင်္ဂါစေ့ကိုဖုံးအုပ်ထားသော အရေပြားလျှော့ချခြင်း) – မအင်္ဂါစေ့ (Clitoris) ကို ဖုံးအုပ်ထားသော ပိုလျှံနေသည့် အရေပြားတစ်ရှူးများကို ဖယ်ရှားပေးခြင်းဖြစ်သည်
  5. Perineoplasty (မိန်းမကိုယ်နှင့် စအိုကြား ခွဲစိတ်ပြုပြင်ခြင်း) – မိန်းမကိုယ်နှင့် စအိုကြားရှိနေရာ (Perineum) ကို ပိုမိုခိုင်မာအားကောင်းစေရန်နှင့် တင်းရင်းစေရန် ပြုပြင်ပေးခြင်းဖြစ်သည်
ခွဲစိတ်ကုသမှုအပြီး သိထားသင့်သည့် အချက်များ
  • ခွဲစိတ်ပြီးနောက် ကြုံတွေ့ရနိုင်သည့် အခြေအနေများနှင့် ပတ်သက်၍ ခွဲစိတ်ဆရာဝန်မှ ရှင်းပြပေးမည်
  • ခွဲစိတ်ပြီးနောက် ပိုးမဝင်စေရန် ပဋိဇီဝပိုးသတ်ဆေးများ (Antibiotics) နှင့် နာကျင်မှုသက်သာ စေရန် အကိုက်အခဲပျောက်ဆေးများကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးနိုင်သည်
  • တစ်ခါတစ်ရံ မိန်းမကိုယ်အတွင်း၌ ပိုးသတ်ထားသော ဂွမ်းလိပ် (Gauze) ကို သွေးထွက်ခြင်း လျော့နည်းစေရန် (၂၄) နာရီခန့် ထည့်ထားပေးရန် လိုအပ်နိုင်သည်
  • ခွဲစိတ်ထားသော နေရာတစ်ဝိုက်တွင် ရောင်ရမ်းခြင်း သို့မဟုတ် အညိုအမည်းစွဲခြင်းများ ဖြစ်ပေါ်နိုင်ပြီး ပုံမှန်ပြန်ဖြစ်ရန် ရက်သတ္တပတ် အနည်းငယ် ကြာနိုင်သည်
  • လိုအပ်လျှင် ဆီးသွားရလွယ်ကူစေရန် ဆီးပိုက် (Catheter) ထည့်သွင်းထားရနိုင်သည်
နောက်ဆက်တွဲပြဿနာများ

ခွဲစိတ်မှုတိုင်းတွင် ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များ ရှိသည့်နည်းတူ မိန်းမကိုယ်အင်္ဂါအစိတ်အပိုင်း ခွဲစိတ်ပြုပြင်ခြင်းတွင်လည်း အောက်ပါ နောက်ဆက်တွဲပြဿနာများ ကြုံတွေ့ရနိုင်သည်။

  • လိင်ဆက်ဆံစဉ် နာကျင်ခြင်း
  • သွေးထွက်လွန်ခြင်း သို့မဟုတ် သွေးခဲခြင်း
  • ဒဏ်ရာပိုးဝင်ခြင်း
  • အနာကျက်နှေးခြင်း
  • အမာရွတ် ကျန်ရှိခြင်း
  • အာရုံခံစားမှု ပြောင်းလဲခြင်း သို့မဟုတ် ထုံကျဉ်ခြင်း (Numbness or Loss of Sensation) – ခွဲစိတ်စဉ်အတွင်း အာရုံကြောအချို့ ထိခိုက်သွားပါက မိန်းမကိုယ်တစ်ဝိုက်တွင် အာရုံခံစားမှု လျော့ကျသွားခြင်း၊ လုံးဝပျောက်ဆုံးသွားခြင်း သို့မဟုတ် ရေရှည် ထုံကျဉ်နေခြင်းများကို ခံစားရနိုင်သည်
  • ကျေနပ်မှု မရှိခြင်း – ခွဲစိတ်မှု ရလဒ်သည် မိမိမျှော်လင့်ထားသည့် ပုံပန်းသဏ္ဌာန်နှင့် မတူညီခြင်း သို့မဟုတ် လုပ်ဆောင်ချက်ပိုင်းဆိုင်ရာ တိုးတက်မှု မရှိခြင်း စသည်တို့ ဖြစ်နိုင်သည်။
လိုက်နာဆောင်ရွက်ရမည့် အချက်များ

အနာကျက်မြန်စေရန်နှင့် နောက်ဆက်တွဲပြဿနာများ လျော့နည်းစေရန် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ရန် လိုအပ်သည်။

  • ခွဲစိတ်ပြီးနောက် ဆရာဝန်ညွှန်ကြားသည့် အချိန်အတိုင်းအတာအထိ အပြည့်အဝ အနားယူပါ၊ အလေးအပင် မ ခြင်းများ မပြုလုပ်ရပါ
  • ခွဲစိတ်ပြီးနောက် အနည်းဆုံး ၄ ပတ် မှ ၆ ပတ်ခန့်အထိ လိင်ဆက်ဆံခြင်းနှင့် မိန်းမကိုယ်အတွင်း ပစ္စည်းများထည့်ခြင်းကို ရှောင်ကြဉ်ရမည်
  • ခွဲစိတ်ထားသောနေရာကို သန့်ရှင်းခြောက်သွေ့အောင် ထားပါ
  • ပဋိဇီဝပိုးသတ်ဆေးများနှင့် အကိုက်အခဲပျောက်ဆေးများကို ဆရာဝန်ညွှန်ကြားချက်အတိုင်း အချိန်မှန် သောက်သုံးပါ
  • ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုနှင့် အားကစားများကို ဆရာဝန်မှ ခွင့်ပြုသည့်အချိန်အထိ ရှောင်ကြဉ်ပါ
  • ပုံမှန်အားဖြင့် ခွဲစိတ်ပြီး ၄၈ နာရီအတွင်း သွေးအနည်းငယ်ဆင်းခြင်းနှင့် ရက်သတ္တပတ် အနည်းငယ်ခန့် ရောင်ရမ်းခြင်းများ ရှိတတ်သော်လည်း အောက်ပါအခြေအနေများ ကြုံတွေ့ရပါက ဆရာဝန်ထံ ချက်ချင်း ပြသရမည်။
    • သွေးဆင်းများခြင်း
    • အကိုက်အခဲပျောက်ဆေးသောက်သော်လည်း မသက်သာဘဲ ပြင်းထန်စွာ နာကျင်နေခြင်း
    • မိန်းမကိုယ်မှ အနံ့နံသော အရည်များဆင်းခြင်း
    • ချမ်းတုန်၍ အဖျားတက်ခြင်း

အချုပ်အားဖြင့် ဆိုရသော် မိန်းမကိုယ်အင်္ဂါအစိတ်အပိုင်း ခွဲစိတ်ပြုပြင်ခြင်းသည် သဘာဝအတိုင်း ကလေးမွေးဖွားခြင်း၊ အသက်အရွယ်ကြီးရင့်ခြင်း သို့မဟုတ် မွေးရာပါရောဂါများကြောင့် ကြုံတွေ့ရသော ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အခက်အခဲများကို ဖြေရှင်းပေးနိုင်သည့် ထိရောက်သော ဆေးပညာပိုင်းဆိုင်ရာ ကုသမှုတစ်ခုဖြစ်သည်။ သို့သော် ခွဲစိတ်မှုတိုင်းတွင် အကျိုးကျေးဇူးများနှင့်အတူ နောက်ဆက်တွဲဆိုးကျိုးအန္တရာယ်များလည်း ရှိနိုင်သောကြောင့် မိမိ၏ မျှော်လင့်ချက်များနှင့် လက်တွေ့အခြေအနေများကို ကျွမ်းကျင်သော ဆရာဝန်ကြီးများနှင့် အသေးစိတ်တိုင်ပင်ဆွေးနွေးပြီးမှ မှန်ကန်သော ဆုံးဖြတ်ချက် ချမှတ်သင့်သည်။

References

  1. Cleveland Clinic. (n.d.). Vaginoplasty. Retrieved September 2, 2026, from https://my.clevelandclinic.org/health/procedures/21572-vaginoplasty
  2. London Women’s Centre. (n.d.). Labial and vaginal reconstructive surgery. Retrieved September 2, 2026, from https://www.londonwomenscentre.co.uk/our-treatments/labial-vaginal-reconstructive-surgery
  3. WebMD. (n.d.). Vaginoplasty and labiaplasty: Procedures, benefits, risks, and recovery. Retrieved September 2, 2026, from https://www.webmd.com/women/vaginoplasty-and-labiaplasty-procedures

Published: 31 October 2026

Share

17 October 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.