Oophorectomy (သားဥအိမ်ထုတ်ခြင်း)

Oophorectomy (သားဥအိမ်ထုတ်ခြင်း)

သားဥအိမ် (Ovaries) သည် သားအိမ်၏ ဘေးတစ်ဖက်တစ်ချက်တွင် တည်ရှိသော ဗာဒံစေ့ပုံ အစိတ်အပိုင်းများဖြစ်ပြီး ယင်းတွင် သားဥ (မမျိုးဥ) များပါရှိသည်။ ထို့အပြင် သားဥအိမ်မှ ရာသီစက်ဝန်းကို ထိန်းသိမ်းပေးသည့် ဟော်မုန်းများ (အီစထရိုဂျင်၊ ပရိုဂျက်စတုန်းစသည်) ကိုလည်း ထုတ်လုပ်ပေးသည်။ ထိုသားဥအိမ်တစ်လုံး သို့မဟုတ် နှစ်လုံးစလုံး ခွဲစိတ်ဖြတ်ထုတ်ခြင်းကို သားဥအိမ်ထုတ်ခြင်းဟုခေါ်ဆိုသည်။

သားဥအိမ်ထုတ်ခြင်း အမျိုးအစားများမှာ_

  • သားဥအိမ်တစ်ဖက်တည်းထုတ်ခြင်း (Unilateral Oophorectomy)
  • သားဥအိမ်နှစ်ဖက်လုံးထုတ်ခြင်း (Bilateral Oophorectomy)
  • သားဥအိမ်နှင့် သားဥပြွန်တစ်ပါတည်း ထုတ်ခြင်း (Salpingo-oophorectomy)
  • သားအိမ်၊ သားအိမ်ခေါင်း၊ သားဥပြွန် နှင့် သားဥအိမ်အားလုံးကို ထုတ်ခြင်း (Hysterectomy with Salpingo-Oophorectomy) တို့ဖြစ်သည်။

သားဥအိမ်ကို ခွဲစိတ်ဖြတ်ထုတ်ခြင်းကို သားဖွားမီးယပ်အထူးကုဆရာဝန်မှ လုပ်ဆောင်ပြီး သင့်လျော်သော မေ့ဆေး သို့မဟုတ် ထုံဆေးအသုံးပြုရသည်။

ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ

အောက်ပါအခြေအနေများတွင် ရောဂါကုသရန် သို့မဟုတ် ကာကွယ်ရန် သားဥအိမ်ထုတ်ရသည်။

  • သားဥပြွန်နှင့် သားဥအိမ်တွင်ပြည်တည်ခြင်း (Tubo-ovarian abscess)
  • သားအိမ်ပြင်ပတွင် သွေးလုံးဖြစ်ခြင်း (Endometriosis)
    • သားအိမ်အတွင်းနံရံတစ်ရှူးနှင့် ဆင်တူသောတစ်ရှူးများ သားဥအိမ်တွင် အကြောင်းတစ်ခုခုကြောင့် ဖြစ်ပေါ်လာပြီး သွေးလုံးဖြစ်တည်လာခြင်းဖြစ်သည်
  • ကင်ဆာမဟုတ်သော သားဥအိမ်အလုံးအကျိတ်၊ အရည်အိတ်များ (Non cancerous ovarian tumors or cysts)
    • သားဥအိမ်အရည်အိတ်များသည် အညှာလိမ်ပြီး နာကျင်ခြင်း (Ovarian torsion)၊ ကြီးလာပြီး ပေါက်ကွဲထွက်ခြင်း (Ovarian cyst rupture) အစရှိသော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သည်
    • သားဥအိမ်အရည်အိတ်ကို ခွဲထုတ်လိုက်ဖြင်းဖြင့် အဆိုပါပြဿနာများကို ကာကွယ်နိုင်မည်
  • သားဥအိမ်ကင်ဆာ (Ovarian cancer) _ သားဥအိမ်ကင်ဆာဖြစ်ပါက သားဥအိမ်ကို ခွဲစိတ်ဖြတ်ထုတ်ရသည်။
  • ကင်ဆာဖြစ်နိုင်သောအန္တရာယ်ကို လျော့ကျစေလိုခြင်း (Reducing cancer risk)
    • သားဥအိမ်ကင်ဆာ၊ ရင်သားကင်ဆာ ဖြစ်နိုင်ခြေများသောသူများတွင် သားဥအိမ်ကင်ဆာဖြစ်ခြင်းမှ ကာကွယ်ရန် သားဥအိမ်ကို ခွဲစိတ်ထုတ်ကြသည်
    • တချို့သော သားဥအိမ်ကင်ဆာသည် သားဥအိမ်မှမဟုတ်ဘဲ သားဥပြွန်မှ စတင်သည်ဆိုသော သုသေသနတွေ့ရှိချက်များကြောင့် သားဥအိမ်နှင့်အတူ သားဥပြွန်များပါ တစ်ပါတည်းထုတ်တတ်ကြသည်
မပြုလုပ်သင့်သောအခြေအနေများ

အထက်ပါပြုလုပ်သင့်သောအကြောင်းအရာများမှလွဲ၍ မလိုအပ်ဘဲ သားဥအိမ်မထုတ်သင့်ပါ။

ကြိုတင်သိထားရမည့်အချက်များ

သားဥအိမ်မထုတ်မီ အောက်ပါအချက်များကို သိရှိထားရမည်။

  • မိမိ၏ သားဖွားမီးယပ်အထူးကုဆရာဝန်ကို မိမိသောက်နေကျဆေးများ၊ ဗီတာမင်နှင့် ဖြည့်စွက်ဆေးများ၊ မတည့်သောဆေးများရှိပါက ကြိုတင်ပြောပြရမည်
  • အကယ်၍ သွေးကျဲ‌ဆေးများ (Aspirin or other blood-thinning medicines) သောက်သုံးနေပါက ဆရာဝန်ညွှန်ကြားချက်အတိုင်း ခွဲစိတ်မှုမတိုင်မီ (၇) ရက် ကြိုတင်၍ ရပ်ထားရမည်
  • သွေးနှင့်ဆီး စစ်ဆေးခြင်း၊ အာထရာဆောင်းရိုက်ခြင်း၊ သံလိုက်ဓာတ်မှန်ရိုက်ခြင်း အစရှိသော ခွဲစိတ်မှုအတွက်လိုအပ်သည့် ကျန်းမာရေးဆေးစစ်မှုများ၊ ရောဂါရှာဖွေမှုများကို လုပ်ဆောင်ရမည်
  • သားဥအိမ်နှစ်လုံးစလုံးမထုတ်မီ သားသမီးရယူလိုသော ရည်မှန်းချက်များရှိပါက သားဖွားမီးယပ် အထူးကုဆရာဝန်၊ မျိုးပွါးမှုဆိုင်ရာ အထူးကုဆရာဝန်များနှင့် သေချာစွာ တိုင်ပင်ဆွေးနွေးရမည် (ဥပမာအနေဖြင့် သားဥအိမ်နှစ်လုံးစလုံးထုတ်ရမည့် အကြောင်းအရာရှိနေပြီး သားသမီးရယူလိုသောဆန္ဒလည်း ရှိနေပါက သားဥ သို့မဟုတ် မမျိုးဥများကို သိမ်းထားလိုခြင်း)
  • သားဥအိမ်တစ်လုံးသာထုတ်ပါက ကျန်သောသားဥအိမ်တစ်လုံးမှ ဟော်မုန်းများ ပုံမှန်ထုတ်ပေးနေမည် ဖြစ်သောကြောင့် သားအိမ်ရှိပါက ရာသီသွေးပေါ်ခြင်း ဆက်လက်ဖြစ်ပေါ်နေမည်၊ မီးယပ်သွေးဆုံးခြင်း လက္ခဏာများ မခံစားရပါ
  • မှန်ပြောင်းဖြင့် သားဥအိမ်ထုတ်ပါက (Laparoscopic oophorectomy) နေ့ချင်းပြီးခွဲစိတ်မှု ပြုလုပ်နိုင်သဖြင့် ဆေးရုံတွင် ညအိပ်ရန်မလိုပါ၊ ဝမ်းဗိုက်တွင် ခွဲကြောင်းရာပေးပြီး သားဥအိမ်ထုတ်ပါက (Laparotomy and oophorectomy) ဆေးရုံတွင် ရက်အနည်းငယ် နေရမည်
ကုသပုံအဆင့်ဆင့်
  • ခွဲစိတ်ရန် မေ့ဆေး သို့မဟုတ် ထုံဆေးပေးပြီးနောက် ခွဲစိတ်သည့်အခါ ဆီးအိမ်ထဲ ဆီးလက်ကျန် မရှိအောင် ဆီးပိုက်ထည့်မည်၊ ဆီးပိုက်ကို ခွဲစိတ်ပြီး နာရီအနည်းငယ်ကြာသည်အထိ ဆက်လက်ထားရှိမည်
  • ထို့နောက် မိမိ၏ဝမ်းဗိုက်ကို ပိုးသတ်ဆေးရည်ဖြင့် သေချာစွာဆေးကြောပြီး သားဥအိမ်ထုတ်ရန် ခွဲစိတ်မှု စတင်မည်
သားဥအိမ်ထုတ်ခြင်း နည်းလမ်းများ

သားဥအိမ်ကို ခွဲစိတ်ထုတ်နိုင်သော နည်းလမ်းအမျိုးမျိုးရှိသည်။

  • မှန်ပြောင်းဖြင့် သားဥအိမ်ကို ခွဲစိတ်ထုတ်ခြင်း (Laparoscopic oophorectomy)
    • ချက်နှင့် ဝမ်းဗိုက်တွင် ခွဲကြောင်းရာအသေးများပေး၍ မှန်ပြောင်းနှင့် အခြားခွဲစိတ်ကိရိယာများ ထည့်ပြီး အမြင်ရှင်းလင်းစွာဖြင့် သားဥအိမ်ကို ခွဲစိတ်ဖြတ်ထုတ်သည်
    • ခွဲစိတ်ဖြတ်ထားသော သားဥအိမ်ကို ဝမ်းဗိုက်အပေါက်ငယ်များမှတစ်ဆင့် ဖြတ်ထုတ်၍သော်လည်းကောင်း ဝမ်းဗိုက်ခွဲကြောင်းရာကို (၁-၂ စင်တီမီတာ) ခန့် အနည်းငယ်ချဲ့၍သော်လည်းကောင်း ထုတ်သည်
    • ဝမ်းဗိုက်တွင်ခွဲကြောင်းရာပေး၍ သားဥအိမ်ထုတ်ခြင်းထက် နာလန်ထချိန်မြန်၍ အနာသက်သာသည်
    • ဤမှန်ပြောင်းဖြင့် ခွဲစိတ်ထုတ်ခြင်းကို စက်ရုပ်အသုံးပြု၍ (စက်ရုပ်၏ လက်များကို ထိန်း၍) လည်းပြုလုပ်နိုင်သည် (Robotic-assisted laparoscopic oophorectomy)
  • ယောနိလမ်းကြောင်းမှ သားဥအိမ်ကို ခွဲစိတ်ထုတ်ခြင်း (Vaginal oophorectomy)
    • ဝမ်းဗိုက်တွင် ခွဲကြောင်းရာမရှိဘဲ ယောနိလမ်းကြောင်းမှ သားဥအိမ်ကို ခွဲစိတ်ထုတ်ခြင်းဖြစ်သည်
    • ခွဲစိတ်ခြင်းကြောင့် ဖြစ်နိုင်သော အန္တရာယ်သည် အနည်းဆုံးဖြစ်ပြီး မြန်မြန်နာလန်ထူနိုင်သည်
    • ယောနိလမ်းကြောင်းမှ သားအိမ်ထုတ်ခြင်း (Vaginal hysterectomy) နှင့်အတူ သားဥအိမ်ပါ တစ်ပါတည်းထုတ်နိုင်သည်
  • ဝမ်းဗိုက်တွင် ခွဲကြောင်းရာပေး၍ သားဥအိမ်ကို ခွဲစိတ်ထုတ်ခြင်း (Laparotomy and oophorectomy)
    • ဝမ်းဗိုက်အောက်ပိုင်းဆီးခုံအထက်တွင် အလျားလိုက်ဖြစ်စေ၊ ဒေါင်လိုက်ဖြစ်စေ ခွဲကြောင်းရာပေး၍ သားဥအိမ်ကို ခွဲစိတ်ဖြတ်ထုတ်ခြင်းဖြစ်သည်
    • ကင်ဆာကြောင့်ခွဲစိတ်ရခြင်း၊ အလွန်ကြီးသောသားဥအိမ်ကို ခွဲစိတ်ထုတ်ခြင်းတို့တွင် ဤနည်းကိုအသုံးပြုသည်
    • ဆေးရုံတွင် (၁)ရက် မှ (၃)ရက်ထိ နေရပြီး မှန်ပြောင်းဖြင့် ခွဲစိတ်ထုတ်ခြင်းထက် နာလန်ထချိန် ပိုကြာသည်
ခွဲစိတ်ပြီးနောက်

ကျန်းမာရေးစောင့်ရှောက်သူများမှ

  • နာကျင်ခြင်း သက်သာစေရန် ဆေးများပေးခြင်း
  • ခွဲစိတ်ပြီးနောက်နေ့တွင် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ရန်၊ ‌ရေသောက်ရန်၊ အစာစားရန် တိုက်တွန်းအားပေးခြင်း
  • နောက်ဆက်တွဲပြဿနာများကို သေချာစွာ စောင့်ကြည့်ပေးခြင်း စသည်တို့ကို ပြုလုပ်ပေးသည်။

သားဥအိမ်ထုတ်သည့် နည်းလမ်းပေါ်မူတည်၍ နေ့ချင်းပြီးခွဲစိတ်နိုင်သလို ဆေးရုံတွင် (၁)ရက် မှ (၃)ရက်ထိ နေရနိုင်သည်။ မမျှော်လင့်ဘဲ နောက်ဆက်တွဲဆိုးကျိုးများရှိပါက ထို့ထက်ပို၍ နေရနိုင်သည်။

နောက်ဆက်တွဲပြဿနာများ
  1. သားဥအိမ်ထုတ်ခြင်းသည် ယေဘုယျအားဖြင့် အန္တရာယ်ကင်းသောခွဲစိတ်မှုဖြစ်သည်၊ သို့သော် ခွဲစိတ်မှုတိုင်းတွင် အန္တရာယ်အနည်းနှင့်အများ ရှိတတ်သည်
    • သွေးထွက်များခြင်း
    • သားဥအိမ်အနီးအနားရှိ အခြားသောအင်္ဂါများ ထိခိုက်မိခြင်း
    • သားဥအိမ်နှစ်လုံးစလုံး ထုတ်လိုက်ပါက သဘာဝအတိုင်းသားသမီးမရနိုင်တော့ခြင်း
    • ရောဂါပိုးဝင်ခြင်း
    • သားဥအိမ်တစ်ရှူးအနည်းငယ် ကျန်ရစ်ခဲ့လျှင် ဓမ္မတာနာကျင်ခြင်း၊ တင်ပါးဆုံရိုးကွင်းအတွင်း နာကျင်ခြင်း (pelvic pain) များဆက်ရှိနိုင်ခြင်း (ovarian remnant syndrome)
    • သားဥအိမ်ကင်ဆာအလုံးကို ခွဲစိတ်ထုတ်စဥ် ပေါက်ထွက်သွားပါက ကင်ဆာဆဲလ်များ ပျံ့နှံ့နိုင်ခြင်း အစရှိသော နောက်ဆက်တွဲပြဿနာများ ရှိနိုင်သည်
  2. သားဥအိမ်နှစ်လုံးစလုံး ထုတ်ပြီးနောက် မီးယပ်သွေးဆုံးခြင်း
    သားဥအိမ်နှစ်လုံးစလုံးထုတ်လိုက်ပါက သားဥအိမ်မှ ထုတ်ပေးသော အီစတိုဂျင်နှင့် ပရိုဂျက်စတိုဂျင် ဟော်မုန်းများ မရရှိနိုင်တော့ခြင်းကြောင့် မီးယပ်သွေးဆုံးခြင်း လက္ခဏာများ စတင်ဖြစ်ပေါ်လာသည်။
    • ခန္ဓာကိုယ်တွင်း နေရာအနှံ့ ပူလောင်မှုကို ခံစားရခြင်း၊ အသားအရောင်များနီလာခြင်း
    • ညဘက်တွင် ချွေးပြန်ခြင်း အထူးသဖြင့် လည်ပင်း၊ ရင်ဘတ်အထက်ပိုင်းနှင့် ဝမ်းဗိုက်များတွင် ချွေးပြန်ခြင်း
    • ယောနိလမ်းကြောင်းများ ခြောက်သွေ့ခြင်းများကြောင့် လိင်ဆက်ဆံချိန်တွင် မသက်မသာ ခံစားရခြင်း၊ လိင်စိတ်နည်းလာခြင်း
    • ဆီးမထိန်းနိုင်ခြင်း၊ ဆီးသွားသည့်အကြိမ် များလာခြင်း၊ ဆီးသွားချိန် ပူလောင်ခြင်း
    • ညဘက်တွင် ကောင်းစွာမအိပ်စက်နိုင်ခြင်း၊ အိပ်မပျော်ခြင်း
    • စိတ်ခံစားမှုအခြေအနေ အပြောင်းအလဲမြန်ခြင်း၊ စိတ်တက်လွယ်ကျလွယ်ပြီး စိုးရိမ်စိတ် များလာခြင်း၊ စိတ်အာရုံပျံ့လွင့်မှု များလာခြင်း
    • အရိုး၏သိပ်သည်းဆ လျင်မြန်စွာ ကျဆင်းလာခြင်းကြောင့် အရိုးများ၏ ကြံ့ခိုင်မှုအားနည်းလာပြီး အရိုးပွလာခြင်း၊ ကြွပ်ဆတ်လာခြင်း
    • နှလုံး၊ သွေးကြောနှင့် ပတ်သက်သော ရောဂါများဖြစ်နိုင်ခြေ များလာခြင်း
    • မှတ်ဉာဏ်စွမ်းအား လျော့လာခြင်း
  3. အသက် (၄၅) နှစ်မတိုင်မီ သားဥအိမ်နှစ်လုံးစလုံးထုတ်လိုက်လျှင် စောစီးစွာ မီးယပ်သွေးဆုံးခြင်း ဖြစ်ပေါ်နိုင်သဖြင့် သားဖွားမီးယပ်အထူးကုဆရာဝန်များနှင့် သေချာဆွေးနွေးတိုင်ပင်ပြီး ဟော်မုန်းပမာဏ အနည်းငယ်ပေး၍ မီးယပ်သွေးဆုံးခြင်း၏ နောက်ဆက်တွဲပြဿနာများကို လျှော့ချနိုင်သည်
လိုက်နာဆောင်ရွက်ရမည့်အချက်များ
  1. သားဥအိမ်နှစ်လုံးစလုံး ထုတ်ပါက မီးယပ်သွေးဆုံးသော လက္ခဏာများ ဖြစ်ပေါ်ခံစားရမည်ဖြစ်၍ သင့်တော်သော ‌ဟော်မုန်း သို့မဟုတ် ‌ဟော်မုန်းမပါသောဆေးများ လိုအပ်လျှင် သောက်သုံးရမည်
  2. နာလန်ထကာလသည် ခွဲစိတ်သည့် နည်းလမ်း၊ ခွဲစိတ်ရသည့် အကြောင်းခြင်းရာ၊ အသက်အရွယ်ပေါ်တွင်မူတည်၍ တစ်ယောက်နှင့်တစ်ယောက် မတူညီပါ၊ အချို့သောအလုပ်များကို အနည်းဆုံးနှစ်ပတ် ရှောင်ကြဥ်ရန်လိုသည်၊ မှန်ပြောင်းဖြင့်ခွဲစိတ်ခြင်းမဟုတ်ပါက ပုံမှန်လုပ်ငန်းခွင် ပြန်ဝင်ရန် ခြောက်ပတ်ထိ ကြာနိုင်သည်
    • ခွဲစိတ်ပြီးနောက် အနည်းဆုံး (၂) ပတ်ခန့် ဆင်ခြင်ရမည့်လုပ်ဆောင်မှုများမှာ အောက်ပါအတိုင်းဖြစ်သည်
      • လေ့ကျင့်ခန်းမပြုလုပ်ရပါ (လမ်းလျှောက်၍ ရသည်)
      • အလေးအပင်မ၍ မရပါ
      • လိင်ဆက်ဆံမှုမပြုရပါ
      • သန့်ရှင်းသော ဂွမ်းထုပ် (Pad) ကို အသုံးပြုပါ၊ ဂွမ်းခြောက်တောင့် (Tampon)ကို မသုံးရ
      • ရေချိုး၍ ရသည်၊ ရေမစိမ်ရပါ
      • ခွဲကြောင်းရာကို သန့်ရှင်းခြောက်သွေ့အောင်ထားပါ
      • ညွှန်ကြားသည့်အတိုင်း အနာသက်သာဆေး၊ ပိုးသတ်ဆေးများသောက်သုံးပါ
      • ခွဲစိတ်ပြီးစကာလတွင် မိသားစု၊ သူငယ်ချင်းများအကူအညီယူပါ
      • ကားမမောင်းရပါ (တချို့သောအနာသက်သာဆေးများသည် ငိုက်မြည်းတတ်၍ ကားမောင်းပါက အန္တရာယ်ဖြစ်စေသည်)
  3. ခွဲစိတ်ပြီးနောက် အောက်ပါလက္ခဏာများ ဖြစ်ပေါ်ခံစားရလျှင် သားဖွားမီးယပ်အထူးကုဆရာဝန်နှင့် ချက်ချင်းပြန်ပြရန်လိုသည်
    • ခွဲကြောင်းရာတစ်လျှောက် ရောင်ရမ်းခြင်း၊ နီရဲခြင်း၊ ပြည်ထွက်ခြင်း၊ အရည်ထွက်ခြင်း
    • တင်ပါးဆုံရိုးကွင်းအတွင်း နာကျင်ခြင်း
    • ခြေသလုံးရောင်ရမ်းခြင်း၊ နာကျင်ခြင်း (သွေးကြောပိတ်၊ သွေးခဲသော လက္ခဏာများ ခံစားရခြင်း)
    • ပျို့ခြင်း၊ အန်ခြင်း
    • ဖျားခြင်း၊ ချမ်းတုန်ခြင်း
    • ဆီးသွားလျှင်နာကျင်ခြင်း
    • မိန်းမကိုယ်မှ အနံ့နံသော အရည်များဆင်းခြင်း စသည်တို့ဖြစ်လျှင် ဆရာဝန်နှင့် ပြန်လည်ပြသတိုင်ပင်ပါ

References:

  1. Cleveland Clinic. (2022). Oophorectomy. Retrieved April 26, 2026, from https://my.clevelandclinic.org/health/treatments/17800-oophorectomy
  2. Mayo Clinic. (2024). Oophorectomy (ovary removal surgery). Retrieved April 26, 2026, from https://www.mayoclinic.org/tests-procedures/oophorectomy/about/pac-20385030

Published: 23 April 2025

Last updated: 8 May 2026

Share

26 April 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.