မွေးလမ်းကြောင်းချဲ့ခြင်းဆိုသည်မှာ သဘာဝအတိုင်း ကလေးမီးဖွားစဉ် လိုအပ်ပါက မိန်းမကိုယ်အဝနှင့် စအိုကြား (၂ – ၃) စင်တီမီတာ အလျားခန့်ရှိသော ခွဲကြောင်းရာပြုလုပ်ခြင်းဖြစ်သည်။ ပုံမှန်သဘာဝအတိုင်း ကလေးမွေးဖွားရန်အတွက် အမျိုးသမီးတိုင်း မွေးလမ်းကြောင်းချဲ့ရန် မလိုအပ်ပါ။
မွေးလမ်းကြောင်းချဲ့ရန်အတွက် လိုအပ်သော၊ သင့်တော်သော ထုံဆေးကို အသုံးပြုရသည်။ မွေးလမ်းကြောင်းမှ ညာဘက်သို့ (၄၅ – ၆၀) ဒီဂရီစောင်း အနေအထားဖြင့် မွေးလမ်းကြောင်းချဲ့ရန် သေချာစွာ ဒီဇိုင်းဆွဲစီမံထားသော ကတ်ကြေးဖြင့် မွေးလမ်းကြောင်းချဲ့ခြင်း ပြုလုပ်သည်။
မွေးလမ်းကြောင်းချဲ့ရန် လိုအပ်သော အခြေအနေများ
- သဘာဝအတိုင်းမီးဖွားစဉ် ကလေးနှလုံးခုန်သံ မူမမှန်၍ အလျင်အမြန်မွေးဖွားရန် လိုအပ်သည့်အချိန်၊ မိခင်၌ မောပန်းသည့်လက္ခဏာများ ခံစားရသည့်အချိန်၊ လေစုပ်မွေးဖွားရန် သို့မဟုတ် ညှပ်ဆွဲမွေးဖွားရန် လိုအပ်သည့် အခြေအနေ
- တင်ပါးဆုံပိုင်းဖြင့် ဦးတိုက်နေသောသန္ဓသား အခြေအနေ (Breech baby)
- ကလေးခေါင်းမွေးပြီး တစ်နေသောပခုံးကို မွေးဖွားရန်အခြေအနေ (Shoulder dystocia)
- သန္ဓေသား ပုံမှန်ထက်ကြီးထွားသည့် အခြေအနေ (Fetal macrosomia)
မွေးလမ်းကြောင်းချဲ့နိုင်သောနည်း(၂)မျိုး
- အလယ်တည့်တည့် မွေးလမ်းကြောင်းချဲ့ခြင်း (Midline incision)
မိန်းမကိုယ်အဝမှ စအိုဘက်သို့ (၂ – ၃) စင်တီမီတာ ဒေါင်လိုက်တည့်တည့် ချဲ့ခြင်းဖြစ်သည်။ ထိုသို့ချဲ့ခြင်းသည် ပြန်ချုပ်ရာတွင် လွယ်ကူသော်လည်း စအိုနေရာအထိ ပြဲသွားနိုင်သည်။ - ညာဘေးဘက်စောင်း အနေအထားဖြင့် မွေးလမ်းကြောင်းချဲ့ခြင်း (Mediolateral incision)
မိန်းမကိုယ်အဝမှ ညာဘက်သို့ (၄၅ – ၆၀) ဒီဂရီစောင်းအနေအထားဖြင့် (၂ – ၃) စင်တီမီတာ ချဲ့ခြင်းဖြစ်သည်။ ထိုသို့ချဲ့ခြင်းသည် စအိုနေရာသို့ လွယ်ကူစွာ မပြဲနိုင်သော်လည်း နာကျင်မှု ပိုမိုခံစားရနိုင်ပြီး တစ်ခါတစ်ရံ ပြန်ချုပ်ရာတွင် ခက်ခဲတတ်သည်။

ကြိုတင်သိရှိထားရမည့် အချက်များ
- မွေးလမ်းကြောင်းချဲ့ခြင်း၏ အဓိကရည်ရွယ်ချက်မှာ မွေးဖွားစဥ် မိန်းမကိုယ်အတွင်း လမ်းကြောင်းများ စုတ်ပြဲခြင်း၊ စအိုကြွက်သားလမ်းကြောင်းများ ထိခိုက်ပျက်စီးခြင်းနှင့် နောက်ဆက်တွဲဆိုးကျိုးများကို ရှောင်ရှားနိုင်ရန် ဖြစ်သည်
- မွေးလမ်းကြောင်းချဲ့ထားသော ခွဲကြောင်းဒဏ်ရာအား သေချာစနစ်တကျ ပြန်ချုပ်ပါက အနာကျက်မြန်ခြင်း၊ သွေးထွက်နည်းခြင်းနှင့် မိန်းမကိုယ်လမ်းကြောင်းအတွင်း သွေးခဲဖြစ်ပေါ်ခြင်းများကို ရှောင်ရှားနိုင်သည်
- မွေးလမ်းကြောင်းချဲ့ထားသော ခွဲကြောင်းဒဏ်ရာကို ပြန်ချုပ်ရာတွင် သဘာဝအလျောက် အသားထဲတွင်ပျော်ဝင်သွားမည့် ချုပ်ကြိုးများ (absorbable suture) ကို အသုံးပြုထားသည့်အတွက် ချုပ်ကြိုးပြန်ဖြည်ရန် မလိုအပ်ပါ
- မွေးဖွားပြီးနောက် အနာသက်သာစေရန် အကိုက်အခဲပျောက်ဆေး (Paracetamol)နှင့် ပိုးဝင်ခြင်းကိုကာကွယ်နိုင်ရန် ပဋိဇီဝပိုးသတ်ဆေးများ သောက်ရမည်
- မွေးလမ်းကြောင်းချဲ့ထားသော ခွဲကြောင်းဒဏ်ရာသည် (၂)ပတ် မှ (၃)ပတ်အထိ နာကျင်တတ်သည်၊ အထူးသဖြင့် လမ်းလျှောက်နေစဉ် အထိုင်အထပြုလုပ်စဉ် နာကျင်တတ်သည်
- မွေးလမ်းကြောင်းချဲ့ထားသော ခွဲကြောင်းဒဏ်ရာ၏ အရေပြားသည် ရက်သတ္တပတ် အနည်းငယ်အကြာတွင် အနာကျက်နိုင်သည်
- ချုပ်ရိုးအားလုံးကျက်ရန် တစ်လဝန်းကျင်ကြာသည်
မွေးလမ်းကြောင်းချဲ့ခြင်းပြုလုပ်ပုံအဆင့်ဆင့်
သဘာဝအတိုင်းမွေးဖွားစဥ် မွေးလမ်းကြောင်းချဲ့ခြင်းကို ပြုလုပ်ကြသည်။ မွေးလမ်းကြောင်းချဲ့ခြင်း ပြုလုပ်ပုံအဆင့်ဆင့်မှာ အောက်ပါအတိုင်းဖြစ်သည်။
- မွေးလမ်းကြောင်းမချဲ့မီ နာကျင်မှုမရှိစေရန် ထုံဆေးထိုးပေးသည်၊ အကယ်၍ မိခင်ဖြစ်သူသည် မနာကျင်ဘဲ ကလေးမွေးနိုင်ရန် ခါးထုံဆေး ထိုးထားလျှင် (Epidural Anaesthesia for Painless Labour) မွေးလမ်းကြောင်းချဲ့မည့်နေရာကို ထုံဆေးထပ်ထိုးရန် မလိုပါ
- မိခင်သည် ကလေးထွက်ရန် အားစိုက်ညှစ်နေပြီး ကလေးခေါင်းကို မိန်းမကိုယ်အဝတွင် တွေ့ရလျှင် မွေးလမ်းကြောင်းချဲ့ရန် အထူးပြုလုပ်ထားသော ကတ်ကြေး (Episiotomy Scissors) ဖြင့် မွေးလမ်းကြောင်းကို ချဲ့သည်၊ များသောအားဖြင့် ညာဘေးဘက်စောင်း အနေအထားဖြင့် မွေးလမ်းကြောင်းချဲ့ခြင်းကို ပြုလုပ်ကြသည်
- ထို့နောက် ကလေးမွေးဖွားပြီး မကြာမီတွင် အချင်းထွက်လာသည်
- မွေးဖွားပေးသောဆရာဝန်မှ မိန်းမကိုယ်နှင့် မွေးလမ်းကြောင်းတစ်လျှောက် ပြဲသွားသောဒဏ်ရာ ရှိမရှိ စစ်ဆေးပြီး၊ မွေးလမ်းကြောင်းချဲ့ထားသော ခွဲကြောင်းကို နောက်ဆက်တွဲဆိုးကျိုး မရစေရန် တစ်လွှာချင်း စနစ်တကျချုပ်ပေးမည်
နောက်ဆက်တွဲဆိုးကျိုးများ
- တစ်ခါတစ်ရံ မွေးလမ်းကြောင်းချဲ့ထားသော ခွဲကြောင်းသည် ကလေးထွက်လာသည့်အချိန်တွင် မူလခွဲကြောင်းထက်ပိုပြီး ရှည်သွားနိုင်သည်
- မွေးလမ်းကြောင်းချဲ့ထားသော ခွဲကြောင်းအားပြန်ချုပ်စဥ် သွေးကြောကလေးများ ထိခိုက်မိပြီး သွေးထွက်ခြင်း၊ သွေးခဲများစုမိပြီး မခံမရပ်နိုင်အောင် နာကျင်ခြင်း၊ သွေးပေါင်ချိန်ကျခြင်းများ ဖြစ်နိုင်သည်
- ရောဂါပိုးဝင်နိုင်သည်
- အလယ်တည့်တည့် မွေးလမ်းကြောင်းချဲ့ထားပါက စအိုနေရာထိ ခွဲကြောင်းပြဲသွားနိုင်သည်၊ ထိုသို့စအိုထိပြဲခြင်း ဖြစ်ပါက စအိုကြွက်သားများ ကောင်းစွာ အလုပ်မလုပ်နိုင်တော့ဘဲ ဝမ်းမထိန်းနိုင်ခြင်းများ ဖြစ်နိုင်သည်
- ဆီးမထိန်းနိုင် ဖြစ်တတ်သည်
- မွေးဖွားပြီး လအနည်းငယ်တွင် အမျိုးသားနှင့် လိင်ဆက်ဆံသည့်အခါ ခွဲကြောင်းဒဏ်ရာမှ နာကျင်မှု ခံစားရနိုင်သည်
လိုက်နာဆောင်ရွက်ရမည့်အချက်များ
- မွေးလမ်းကြောင်းချဲ့ ခွဲကြောင်းဒဏ်ရာအား စနစ်တကျချုပ်ပြီး နောက်ပိုင်းတွင် အနာကိုခြောက်သွေ့ သန့်ရှင်းစွာထားရန် လိုအပ်သည်
- ဆီးသွားပြီးတိုင်း ဒဏ်ရာကို နွေးသည်ဆိုရုံမျှသော ရေကျက်သီးနွေးနှင့် ဆေးပေးပါ
- ခွဲကြောင်းဒဏ်ရာသည် တစ်ရက်ထက်တစ်ရက် နာကျင်မှု သက်သာလာရမည့်အစား ပိုပြီးနာကျင်လျှင်၊ ဖျားလျှင်၊ ဒဏ်ရာမှ ပြည်ထွက်လျှင် ရောဂါပိုးဝင်သည့်လက္ခဏာ ဖြစ်သောကြောင့် ဆရာဝန်နှင့် ချက်ချင်းပြသ ကုသမှုခံယူရမည်
References:
- Mayo Clinic. (n.d.). Episiotomy: When it’s needed, when it’s not. Retrieved October 13, 2025, from https://www.mayoclinic.org/tests-procedures/episiotomy/about/pac-20393944
- Cleveland Clinic. (n.d.). Episiotomy: Procedure, advantages, complications & healing. Retrieved October 13, 2025, from https://my.clevelandclinic.org/health/treatments/22615-episiotomy
Published: 31 October 2024
Last updated: 3 January 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.