Shoulder Dystocia (မွေးဖွားစဉ် ပခုံးတစ်ခြင်း)

Shoulder Dystocia (မွေးဖွားစဉ် ပခုံးတစ်ခြင်း)

မွေးဖွားစဉ် ပခုံးတစ်ခြင်း (Shoulder Dystocia) ဆိုသည်မှာ ကလေးမွေးဖွားစဉ်အတွင်း ကလေးခေါင်းထွက်လာသော်လည်း ကလေးပခုံးမှာ မိခင်၏ညှပ်ရိုးနောက်တွင် တစ်၍ ကျန်နေပြီး ကလေးပခုံး ဆက်မထွက်လာနိုင်ခြင်းကို ဆိုလိုသည်။ ကလေးမွေးဖွားခြင်းဆိုင်ရာ အရေးပေါ် အခြေအနေတစ်ရပ်ဖြစ်ပြီး မိခင်ရော ကလေးပါ ဆိုးရွားပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်စေနိုင်သည်။ ဖြစ်ပေါ်နိုင်သည့်ရာခိုင်နှုန်းမှာ သာမန်အားဖြင့် (၀.၇) ရာခိုင်နှုန်းခန့် ရှိသော်လည်း ကိုယ်အလေးချိန် ၈ ပေါင် ၁၃ အောင်စနှင့်အထက် အလွန်ထွားကျိုင်းသောကလေးများ မွေးဖွားရာတွင် (၅)ရာခိုင်နှုန်း မှ (၉)ရာခိုင်နှုန်းထိ ဖြစ်နိုင်ခြေမြင့်မားသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

မွေးဖွားစဥ် ပခုံးတစ်ခြင်း ဖြစ်နိုင်ခြေ ရှိမရှိနှင့် ဖြစ်ပေါ်ရသည့်အကြောင်းရင်းကို ကြိုတင်၍ တိကျစွာ ခန့်မှန်းနိုင်ခြင်းမရှိပါ။ မည်သည့်ကိုယ်ဝန်ဆောင်မိခင်၌ဖြစ်စေ မွေးဖွားစဉ် ပခုံးတစ်ခြင်းပြဿနာကို ကြုံတွေ့ရနိုင်ပြီး အောက်ပါအခြေအနေများတွင် ပိုမိုကြုံတွေ့နိုင်သည်။

  • ကိုယ်အလေးချိန် ၈ ပေါင် ၁၃ အောင်စနှင့်အထက်ရှိ ထွားကျိုင်းသောသန္ဓေသား ဖြစ်ခြင်း
  • ကိုယ်ဝန်ဆောင်မိခင်တွင် ဆီးချိုရောဂါရှိခြင်း
  • အဝလွန်သော ကိုယ်ဝန်ဆောင်မိခင်ဖြစ်ခြင်း (BMI ၃၀ နှင့် အထက်)
  • သဘာဝအလျောက်မဟုတ်ဘဲ ဆေးသွင်းမွေးဖွားသော ကိုယ်ဝန်ဖြစ်ခြင်း (Induced Labour)
  • ပုံမှန်ထက် မွေးဖွားချိန်ကြာမြင့်ခြင်း (Prolonged labour)
  • ညှပ်ဆွဲ၍ သို့မဟုတ် လေစုပ်၍ မွေးဖွားရခြင်း (Assisted vaginal delivery)
  • ယခင်ကိုယ်ဝန်များမွေးဖွားစဉ်တွင်လည်း ပခုံးတစ်သော ရာဇဝင်ရှိခြင်း
  • ကိုယ်ဝန်ဆောင်မိခင်၏ တင်ပါးဆုံညှပ်ရိုးကွင်း ကျဉ်းခြင်း၊ အရပ်ပုခြင်း
ကြုံတွေ့ရသောလက္ခဏာများ

မွေးဖွားရာတွင် ပခုံးတစ်နိုင်ခြင်း ရှိမရှိကို ကြိုတင်ခန့်မှန်းနိုင်သည့် လက္ခဏာမရှိပါ။ မွေးဖွားရာတွင် ကလေးဦးခေါင်း ထွက်လာပြီးနောက် ပခုံးများ ထပ်မံမထွက်လာဘဲ ကလေး၏ ဦးခေါင်းမှာ မွေးလမ်းကြောင်းအဝတွင် ပြူတစ်နေသောအခါမှသာလျှင် ပခုံးတစ်နေပြီဖြစ်ကြောင်း သိရှိနိုင်သည်။ မိခင်၏ညှစ်အားပေးသော်လည်း ကလေးပခုံးမှာ ဆက်လက်မထွက်လာနိုင်တော့ဘဲ လိပ်ဦးခေါင်း ဝင်ချည်ထွက်ချည်ပြုသကဲ့သို့ ကလေးဦးခေါင်း ပြူတစ်ပြူတစ် ဖြစ်နေခြင်းကို “Turtle Sign” ဟုခေါ်သည်။

မွေးဖွားပေးနေသော သားဖွားဆရာဝန်၊ ဆရာမများမှ ကလေးပခုံးထွက်လာစေရန် ကူညီမွေးဖွား ဆွဲထုတ်သော်လည်း ဦးခေါင်းထွက်ပြီးနောက် တစ်မိနစ်ကြာသည်အထိ ပခုံးထွက်လာစေရန် မပြုလုပ်ပေးနိုင်ပါက ပခုံးတစ်ခြင်း ဖြစ်ပေါ်နေသည်ဟု သတ်မှတ်နိုင်ပြီး၊ ၎င်းသည် အရေးပေါ်အခြေအနေတစ်ခုဖြစ်သည်။

နောက်ဆက်တွဲပြဿနာများ
မိခင်တွင် ဖြစ်ပေါ်နိုင်သော ပြဿနာများ
  • မီးဖွားပြီးနောက် သွေးသွန်ခြင်း (Postpartum haemorrhage)
  • မွေးလမ်းကြောင်း စုတ်ပြဲပျက်စီးခြင်း (Severe perineal tear)
  • သားအိမ်ကွဲခြင်း (Uterine rupture)
  • ဆီးခုံရိုး ကွဲဟခြင်း (Symphysis pubic separation)
ကလေးတွင် ဖြစ်ပေါ်နိုင်သော ပြဿနာများ
  • အာရုံကြောမကြီးမှတစ်ဆင့် လက်မောင်းသို့ ဖြတ်သန်းသွားသော အာရုံကြောများ ထိခိုက်မိခြင်းကြောင့် လက်မောင်းနှင့် လက်ချောင်းများ လှုပ်ရှားမှု အားနည်းခြင်း၊ မလှုပ်ရှားနိုင်တော့ခြင်း
  • ကလေး၏ လက်မောင်းနှင့် ပခုံးညှပ်ရိုးများ ကျိုးနိုင်ခြင်း
  • ကလေး၏ မျက်နှာနှင့် မျက်လုံးတို့တွင် ထိခိုက်ဒဏ်ရာရနိုင်ခြင်း
  • မွေးဖွားချိန်ကြာမြင့်လာပါက အောက်ဆီဂျင်ပြတ်တောက်မှုကြောင့် ဦးနှောက်ထိခိုက်နိုင်ခြင်း
  • ကလေးသေဆုံးနိုင်ခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်

မွေးဖွားစဥ် ပခုံးတစ်နိုင်ခြေ ရှိမရှိကို ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိသော်လည်း အထက်တွင် ဖော်ပြထားခဲ့သော ဖြစ်နိုင်ခြေလက္ခဏာများရှိခဲ့ပါက ကျွမ်းကျင်သော သားဖွားဆရာဝန်၊ ဆရာမများရှိသည့် ကျန်းမာ‌ရေးစောင့်ရှောက်မှု ပြည့်စုံသော ဆေးရုံ၊ ဆေးခန်းများတွင်သာ ကိုယ်ဝန်စောင့်‌ရှောက်မှုခံယူပြီး ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် လိုအပ်သည်။

ရောဂါရှာဖွေခြင်း

ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေး၏ ကိုယ်အလေးချိန် တိုင်းတာခြင်း၊ ပခုံးတစ်နိုင်သော အခြေအနေများ ရှိမရှိ ဆန်းစစ်ခြင်းမှလွဲ၍ တိကျသော ကြိုတင်စမ်းသပ်စစ်ဆေးမှု ပြုလုပ်နိုင်ခြင်းမရှိပါ။ မွေးဖွားစဉ် ကြုံတွေ့ရသောအခါမှသာလျှင် ဖြစ်စဉ်ကို ဆုံးဖြတ်သတ်မှတ်နိုင်သည်။

ကုသခြင်း

မွေးဖွားစဉ် ပခုံးတစ်နေခြင်းသည် မိခင်နှင့် ကလေးအတွက် အန္တရာယ်ရှိသော အရေးပေါ်အခြေအနေတစ်ရပ်ဖြစ်သည်။ ထို့ကြောင့် ပုံမှန်ကလေးမွေးစဉ် အခြေအနေနှင့် မတူဘဲ အရေးပေါ်အကူအညီ တောင်းခံရပြီး၊ မေ့ဆေးဆရာဝန်၊ ကလေးဆရာဝန်၊ အခြားကျွမ်းကျင်သားဖွားဆရာဝန်များ ပါဝင်သောအဖွဲ့ဖြင့် သတ်မှတ်ထားသည့် လုပ်ငန်းစဉ်များအတိုင်း ပူးပေါင်းဆောင်ရွက်ကြသည်။

အရေးပေါ် ဆောင်ရွက်ချက်များ

မွေးဖွားစဉ် ပခုံးတစ်နေပါက အချိန်ကြာလာသည်နှင့်အမျှ ကလေးတွင် အောက်ဆီဂျင်ရရှိနိုင်မှု လျော့နည်းလာပြီး နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်တတ်သောကြောင့် လျင်မြန်စွာနှင့် ဘေးကင်းစွာ မွေးဖွားနိုင်ရန် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ကြရသည်။ အခြေအနေကို လျင်မြန်စွာ ဖြေရှင်းနိုင်ရန် အောက်ပါနည်းလမ်းများကို ဆောင်ရွက်ကြသည်။ (လိုအပ်ပါက မွေးလမ်းကြောင်းချဲ့ခြင်းကို ဦးစွာပြုလုပ်နိုင်သည်)။

  • ကိုယ်ဝန်ဆောင်မိခင်၏ ခြေထောက်နှင့်ပေါင် နှစ်ဖက်စလုံးအား မိခင်၏ရင်ဘတ်ဆီသို့ ဆွဲကပ်ပြီး ကလေးပခုံး ချောင်လည်သွားစေရန် ဆောင်ရွက်သည်
  • မိခင်၏ ဆီးခုံရိုးကို ဗိုက်ပေါ်မှ ဖိချပေးပြီး ကလေးပခုံးအား လည်စေခြင်းဖြင့် ညှပ်ရိုးအောက်မှ လွတ်ထွက်သွားစေရန် ကူညီပေးသည်
  • သားဖွားဆရာဝန်မှ မွေးလမ်းကြောင်းအတွင်းသို့ လက်ကိုထည့်သွင်းပြီး ကလေး၏ပခုံးအား လည်သွားစေရန် လှည့်ပေးကာ ပခုံးအား လွတ်ထွက်စေရန် ဆောင်ရွက်သည်
  • အထက်ပါနည်းလမ်းများနှင့် အဆင်မပြေပါက သားဖွားဆရာဝန်မှ ကလေး၏ လက်တစ်ဖက်အား မွေးလမ်းကြောင်းအတွင်းမှ ဆွဲထုတ်နိုင်ရန် ကြိုးစားမည်၊ လက်တစ်ဖက် ဆွဲထုတ်ပြီးပါက ပခုံးလှည့်ရန် နေရာပိုမိုရရှိလာပြီး ပခုံးအား အဆင်ပြေစွာ ဆွဲထုတ်နိုင်လေ့ရှိသည်
  • တစ်ခါတစ်ရံတွင် ကိုယ်ဝန်ဆောင်မိခင်အား လေးဖက်ထောက် အနေအထားသို့ ပြောင်းရွှေ့ပြီး ဆက်လက်မွေးဖွားနိုင်ရန် ကြိုးစားရတတ်သည်
နောက်ဆုံးအခြေအနေတွင် ဆောင်ရွက်ရသော နည်းလမ်းများ

အထက်ပါကုသမှုများနှင့် အဆင်ပြေစွာ မွေးဖွားနိုင်ခြင်းမရှိပါက နောက်ဆုံးနည်းလမ်းများအဖြစ် အောက်ပါတို့မှ တစ်ခုခုဖြင့် မွေးဖွားနိုင်ရန် ကြိုးစားကြလေ့ရှိသည်။

  • ကလေး၏ ပခုံးညှပ်ရိုးအား ချိုးခြင်းဖြင့်သော်လည်းကောင်း
  • ကိုယ်ဝန်ဆောင်မိခင်၏ ဆီးခုံရိုး အရိုးနုအား ဖြတ်တောက်၍ မွေးလမ်းကြောင်းအား ပိုမိုကျယ်လာစေခြင်းဖြင့်သော်လည်းကောင်း
  • ကလေး၏ဦးခေါင်းအား မိခင်၏ မွေးလမ်းကြောင်းအတွင်း ပြန်ထည့်၍ အရေးပေါ်ခွဲစိတ်မွေးဖွားခြင်းဖြင့်သော်လည်းကောင်း ဆောင်ရွက်ကြသည်
ကာကွယ်ခြင်း

မွေးဖွားစဉ် ပခုံးတစ်ခြင်း (Shoulder Dystocia) သည် ကြိုတင်မှန်းဆ၍ မရနိုင်ပါ။ ဖြစ်နိုင်ခြေလက္ခဏာများ မရှိသော ပုံမှန်ကိုယ်ဝန်များတွင်ပင် ဖြစ်ပွါးနိုင်သည်။

  • ကိုယ်ဝန်ဆောင်စဉ် ပြုလုပ်သင့်သည်များ
    • ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ဆီးချိုရောဂါ ရှိပါက စနစ်တကျ ကုသမှု ခံယူရန် လိုအပ်သည်
    • ကိုယ်အလေးချိန်ကိုလည်း ထိန်းသိမ်းရန် အရေးကြီးသည်
  • မွေးဖွားမှု နည်းလမ်းရွေးချယ်ခြင်း
    • မွေးဖွားရာတွင် ကလေးအရွယ်အစားနှင့် အနေအထား၊ မိခင်၏ အရပ်နှင့် ညှပ်ရိုးအခြေအနေတို့အပေါ်တွင် မူတည်၍ သားဖွားမီးယပ်အထူးကုဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ကာ မွေးဖွားမည့်နည်းလမ်းကို ရွေးချယ်ဆုံးဖြတ်နိုင်သည်

အချုပ်အားဖြင့် မွေးဖွားစဉ် ပခုံးတစ်ခြင်းဖြစ်နေလျှင်

  • မွေးဖွားစဉ် ပခုံးတစ်ခြင်းသည် အန္တရာယ်ရှိသော အရေးပေါ်အခြေအနေတစ်ရပ်ဖြစ်သော်လည်း ဖြစ်တောင့်ဖြစ်ခဲသော ဖြစ်စဉ်တစ်ခုဖြစ်သည်
  • သို့သော် ပခုံးတစ်ခြင်း ဖြစ်ပေါ်လာပါက ကျွမ်းကျင်စွာ လေ့ကျင့်တတ်မြောက်ထားသော သားဖွားမီးယပ်အထူးကုဆရာဝန်များ၏ အကူအညီကိုရယူ၍ မွေးဖွားသည့်လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သင့်သည်

References:

  1. American Academy of Family Physicians. (2020). Shoulder dystocia: Managing an obstetric emergency. Retrieved November 11, 2025, from https://www.aafp.org/pubs/afp/issues/2004/0401/p1707.html
  2. Birth Injury Center. (2025). Shoulder dystocia. Retrieved November 11, 2025, from https://www.childbirthinjuries.com/birth-injury/shoulder-dystocia/
  3. Cleveland Clinic. (2022). Shoulder dystocia: Signs, causes, prevention, and complications. Retrieved November 11, 2025, from https://my.clevelandclinic.org/health/diseases/22311-shoulder-dystocia
  4. Royal College of Obstetricians and Gynaecologists. (2013). Shoulder dystocia: Patient information. Retrieved November 11, 2025, from https://www.rcog.org.uk/for-the-public/browse-our-patient-information/shoulder-dystocia/

Published: 25 December 2025

Share

25 December 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
Metatarsalgia (ခြေဖဝါးရှေ့ပိုင်း နာကျင်ခြင်း)
Jul 29, 2026
Diseases and Conditions

Metatarsalgia (ခြေဖဝါးရှေ့ပိုင်း နာကျင်ခြင်း)

ခြေဖဝါးရှေ့ပိုင်းနာကျင်ခြင်း (Metatarsalgia) သည် ခြေချောင်းများ၏...

Avascular Necrosis of Femoral head (ပေါင်ထိပ်ရိုးခေါင်း သွေးပြတ်တောက်၍ အရိုးပျက်စီးခြင်း)
Jul 29, 2026
Diseases and Conditions

Avascular Necrosis of Femoral head (ပေါင်ထိပ်ရိုးခေါင်း သွေးပြတ်တောက်၍ အရိုးပျက်စီးခြင်း)

ပေါင်ထိပ်ရိုးခေါင်း သွေးပြတ်တောက်၍ အရိုးပျက်စီးခြင်း (Avascular Necrosis...

Chronic Suppurative Otitis Media (နာတာရှည် နားပြည်ယိုခြင်း)
Jul 28, 2026
Diseases and Conditions

Chronic Suppurative Otitis Media (နာတာရှည် နားပြည်ယိုခြင်း)

နာတာရှည် နားပြည်ယိုခြင်း (Chronic Suppurative Otitis Media) သည်...