သွေးသွင်းကုသခြင်း (Blood transfusion) ဆိုသည်မှာ ကိုယ်ခန္ဓာမှ ရုတ်တရက်ဆုံးရှုံးသွားသော သွေးပမာဏ သို့မဟုတ် ရောဂါတစ်ခုခုကြောင့် လိုအပ်နေသောသွေးကို အခြားသူတစ်ဦး၏သွေးဖြင့် ပြန်လည်ဖြည့်ဆည်းပေးသော ကုသမှုတစ်ခုဖြစ်သည်။ လူ့ခန္ဓာကိုယ်ရှိသွေးကို သွေးဆဲလ်များ၊ သွေးရည်ကြည်များဖြင့် ဖွဲ့စည်းထားသည်။ သွေးဆဲလ်များတွင် သွေးဖြူဥ၊ သွေးနီဥနှင့် သွေးဥမွှားများ ပါဝင်သည်။ သွေးရည်ကြည်တွင် အသားဓာတ်၊ ဓာတ်ဆားဓာတ်များ၊ ကိုယ်ခံအားနှင့် သွေးခဲပစ္စည်းများ ပါရှိသည်။ သွေးနှင့်သွေးရည်ကြည် သွင်း၍ကုသခြင်းသည် အသက်ကယ်နိုင်သော ကုသမှုဖြစ်သော်လည်း တစ်ခါတစ်ရံ နောက်ဆက်တွဲပြဿနာများ ရှိနိုင်သောကြောင့် မဖြစ်မနေလိုအပ်မှသာ ပြုလုပ်သင့်သည်။
သွေးသွင်းကုသရန် လိုအပ်သော အခြေအနေများ
- ကိုယ်ခန္ဓာမှ သွေးဆုံးရှုံးသွားသော ရောဂါအခြေအနေများ
- ခွဲစိတ်မှုခံယူနေစဉ် သွေးဆုံးရှုံးမှုများခြင်း
- ထိခိုက်ဒဏ်ရာကြောင့်ဖြစ်စေ၊ ရောဂါကြောင့်ဖြစ်စေ သွေးထွက်လွန်ခြင်း
- အခြားရောဂါအခြေအနေများ
- ရောဂါပိုးများကြောင့်ဖြစ်သော ရောဂါများ (ဥပမာ_သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ)
- နာတာရှည် အသည်းရောဂါ၊ ကျောက်ကပ်ရောဂါနှင့် အခြားနာတာရှည်ရောဂါများ
- သွေးပုံမှန်သွင်းရန် လိုအပ်သော အချို့သွေးရောဂါများ [ဥပမာ_သာလာဆီးမီးယားရောဂါ (Thalassaemia)]
- ရိုးတွင်းခြင်ဆီ ကောင်းစွာအလုပ်မလုပ်သော အခြေအနေများ [ဥပမာ_ရိုးတွင်းခြင်ဆီ ခန်းသောရောဂါ (Aplastic anaemia)၊ ရိုးတွင်းခြင်ဆီသို့ ပျံ့နှံ့ထိခိုက်စေသော အချို့ကင်ဆာရောဂါများ]
- မွေးရာပါ သွေးခဲဓာတ်ချို့တဲ့သောရောဂါ (Haemophilia)
- သွေးကင်ဆာအပါအဝင် အခြားကင်ဆာရောဂါများ စသည်တို့ဖြစ်သည်။
သွေးသွင်းကုသရာတွင် ရောဂါအခြေအနေနှင့် လိုအပ်ချက်ပေါ်မူတည်၍ ကုသမှုပေးသော သွေးအမျိုးအစား ကွာခြားနိုင်သည်။
- သွေးနီဥနှင့် ဟီမိုဂလိုဘင် လိုအပ်သောအခြေအနေတွင် သွေးရည်ကြည်နှင့် သွေးဆဲလ်များအားလုံး ပါဝင်သော သွေး (Whole blood) သွင်းခြင်း သို့မဟုတ် သွေးဆဲလ်အများစု ပါဝင်သော သွေး (Packed red cells) သွင်းခြင်းတို့ကို ပြုလုပ်လေ့ရှိသည်
- သွေးရည်ကြည်၊ သွေးဥမွှားနှင့် သွေးခဲဓာတ်ပစ္စည်းတို့ကို လိုအပ်သော အခြေအနေများတွင် Plasma, Platelets, Cryoprecipitate ကဲ့သို့ သွေးရည်ကြည်အမျိုးအစားများကို သွင်းလေ့ရှိသည်
လက်ရှိ ခေတ်မီဆေးပညာ လမ်းညွှန်ချက်များအရ သွေးသွင်းကုသခြင်း၏ အန္တရာယ်များကို လျှော့ချရန်အတွက် မလိုအပ်ဘဲသွေးပမာဏများစွာသွင်းခြင်း သို့မဟုတ် မကြာခဏ သွေးသွင်းခြင်းတို့ကို ရှောင်ကြဥ်ရန် အထူးဂရုပြုလာကြသည်။ ထို့ကြောင့် ကန့်သတ်သွေးသွင်းခြင်းလမ်းစဥ် (Restrictive Transfusion Strategy) ကို ပိုမိုအလေးပေး ကျင့်သုံးလာကြသည်။ Platelets နှင့် Cryoprecipitate ကဲ့သို့ သွေးရည်ကြည် အမျိုးအစားများထက်စာလျှင် သွေးဆဲလ်များ ပါဝင်သောသွေး (Packed red cells) ကိုသွင်းရာတွင် ပိုမို ဂရုပြုလာသည်။
ဥပမာအားဖြင့် အလွန်နာမကျန်းဖြစ်နေသော လူနာများ (Critically ill patients) တွင် ယခင်က ဟီမိုဂလိုဘင် ပမာဏ 10 g/L အောက်ရောက်သူတိုင်းကို သွေးပမာဏများစွာ သွင်းခြင်းလမ်းစဥ် (Liberal Transfusion Strategy) အတိုင်းကျင့်သုံးခဲ့သော်လည်း ယခုအခါ အမှန်တကယ် လိုအပ်သည့်အခြေအနေ (ဥပမာ _ ဟီမိုဂလိုဘင် ပမာဏ 7g/L အောက်နည်းနေခြင်း၊ နောက်ခံရောဂါအခြေအနေများရှိခြင်း) ရှိမှသာ လိုအပ်သော ပမာဏအတိုင်း အတိအကျ သွေးသွင်းခြင်း (ကန့်သတ်သွေးသွင်းခြင်းလမ်းစဥ် – Restrictive Transfusion Strategy) ကို လုပ်ဆောင်လာကြသည်။
သွေးသွင်းကုသရန်လိုအပ်ကြောင်း သိနိုင်သည့်လက္ခဏာများ
ကိုယ်ခန္ဓာမှ သွေးထွက်သော ရောဂါအခြေအနေများနှင့် သွေးလိုအပ်နိုင်သော အခြားရောဂါများတွင် အောက်ပါလက္ခဏာများရှိပါက သွေးသွင်းရန် လိုအပ်နိုင်သည်။
- သွေးဆုံးရှုံးမှုများခြင်း
- ဖြူဖျော့နေခြင်း
- ပင်ပန်းနွမ်းနယ်နေခြင်း
- လှုပ်ရှားလျှင် အမောမခံနိုင်ခြင်း
- အောက်ဆီဂျင်ရှူရန် လိုအပ်လာခြင်း
- သွေးတွင်းရှိ ဟီမိုဂလိုဘင် သို့မဟုတ် သွေးဥမွှားအရေအတွက်သည် သတ်မှတ်ပမာဏအောက် လျော့နည်းနေခြင်း စသည်တို့ဖြစ်သည်။
သွေးသွင်းကုသခြင်း ပြုလုပ်ပုံအဆင့်ဆင့်
သွေးလှူရှင်ရှာဖွေခြင်း
- သွေးသွင်းကုသရန် သွေးလှူဘဏ်တွင် စုဆောင်းထားသည့်သွေးကို အသုံးပြုနိုင်သကဲ့သို့ သွေးလှူရှင်မှ ချက်ချင်းလှူဒါန်းသည့်သွေးကိုလည်း အသုံးပြုနိုင်သည်
- သွေးလှူရှင်၏သွေးအုပ်စုသည် လူနာ၏သွေးအုပ်စုနှင့် တူညီရမည်၊ လူနာနှင့် ဆွေမျိုးတော်စပ်ခြင်း မရှိရပါ
- သွေးလှူရှင်သည် အသက် (၁၈) နှစ်အထက် ဖြစ်ရန်လိုပြီး၊ အနည်းဆုံး ပေါင်ချိန် (၁၁၀) သို့မဟုတ် (၅၀) ကီလိုဂရမ် ရှိရမည်
- သွေးမလှူဒါန်းမီ အလှူရှင်သည် သွေးဘဏ်မှ သတ်မှတ်မေးခွန်းလွှာတစ်စောင်ကို ဖြေဆိုရမည် (ယခင်ဖြစ်ဖူးသော ရောဂါများ၊ သောက်သုံးဖူးသော သို့မဟုတ် သောက်လက်စဆေးများ ရှိမရှိ၊ လတ်တလောတွင် သွားရောဂါကုသမှု ခံယူထားခြင်း၊ ဆေးမင်ကြောင်ထိုးဖူးခြင်း၊ နားဖောက်ဖူးခြင်း စသည့်အခြေအနေများ ရှိမရှိ မေးမြန်းချက်များ ပါဝင်သည်)
- ဖြေဆိုပြီးပါက တာဝန်ခံဆရာဝန်နှင့် တွေ့ဆုံ၍ ဆရာဝန်မှ သွေးလှူမည့်သူကို သွေးပေါင်ချိန်၊ သွေးခုန်နှုန်းများ တိုင်းတာခြင်း၊ အသေးစိတ်စမ်းသပ်ခြင်းများ ပြုလုပ်ပေးပြီး သွေးလှူရန် သင့်မသင့် ဆုံးဖြတ်မည်ဖြစ်သည်
- ထို့နောက် ဟီမိုဂလိုဘင်ဓာတ်ကို ဆက်လက်စစ်ဆေးမည်ဖြစ်သည်၊ အမျိုးသားဖြစ်ပါက အနည်းဆုံး ဟီမိုဂလိုဘင်ဓာတ် (၁၃.၅) g/L ရှိရမည် ဖြစ်ပြီး အမျိုးသမီးဆိုပါက (၁၂.၅) g/L ရှိရမည်
- သွေးလှူရန်သင့်တော်ကြောင်း ဆရာဝန်မှဆုံးဖြတ်၍ ဟီမိုဂလိုဘင်ဓာတ်ပမာဏလည်း ပြည့်မီပါက သွေးလှူဒါန်းနိုင်မည်
- ထို့နောက် ထုတ်ယူထားသော အလှူရှင်၏သွေးကို လူနာ၏သွေးအုပ်စုနှင့် တိုက်၍စစ်ဆေးခြင်း၊ အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုး၊ HIV ပိုး၊ ကာလသားရောဂါပိုး၊ ငှက်ဖျားပိုး ရှိမရှိ စစ်ဆေးခြင်းတို့ကို ဆက်လက်ပြုလုပ်မည်ဖြစ်သည်၊ ရောဂါပိုးကင်းရှင်းကြောင်း သေချာမှသာ ထိုသွေးကို ဆက်လက်အသုံးပြုမည်
သွေးမသွင်းမီ
- သွေးသွင်းကုသခြင်းကို ဆေးရုံ သို့မဟုတ် ဆေးခန်းများတွင် ပြုလုပ်လေ့ရှိသည်၊ သွေးဘဏ်ရှိသည့် ဆေးရုံများတွင် ပိုမိုအဆင်ပြေလွယ်ကူနိုင်သည်
- ရှေးဦးစွာ သွေးသွင်းကုသမှု ခံယူရန်လိုအပ်ကြောင်း လူနာနှင့်လူနာရှင်အား ရှင်းပြ၍ ခွင့်ပြုချက် တောင်းရမည်၊ အရေးပေါ်အသက်ကယ်ရန်လိုအပ်သော အခြေအနေများမှလွဲ၍ ခွင့်ပြုချက်တောင်းရန် လိုအပ်သည်
- ထို့နောက် လူနာ၏ သွေးအုပ်စု (အေ၊ ဘီ၊ အေဘီနှင့် အို – အာအိတ်ချ်) ကို သေချာစေရန် စစ်ဆေးရမည်
- သွေးမသွင်းမီတွင် သွေးသွင်းကုသရမည့် လူနာ၏ အသက်၊ သွေးပေါင်ချိန်၊ သွေးခုန်နှုန်း၊ အဖျား ရှိမရှိ ကြိုတင်တိုင်းတာ မှတ်သားထားရသည်
- သွေးလှူဘဏ်မှ ပေးပို့လာသော သွေးထုပ်နှင့် လျှောက်လွှာ (form) တွင် ဖော်ပြထားသည့် သွေးအုပ်စု၊ သွေးထုပ်၏ နံပါတ်၊ သက်တမ်းကုန်ဆုံးရက်၊ သွေးသွင်းမည့်လူနာ၏ အချက်အလက်များ စသည်တို့ ကိုက်ညီမှု ရှိမရှိကို သက်ဆိုင်ရာဆရာ၀န်နှင့် သူနာပြုတို့မှ အနည်းဆုံး နှစ်ကြိမ် တိုက်ဆိုင် စစ်ဆေးရမည်။ နာမည်တူ သို့မဟုတ် သွေးအုပ်စုတူသော လူနာများရှိပါက သွေးထုပ် မှားယွင်းအသုံးပြုနိုင်ခြေရှိသောကြောင့် အထူးသတိပြုစစ်ဆေးရန် လိုအပ်သည်
သွေးသွင်းနေစဥ်
- သွေးသွင်းရမည့် လူနာအား သွေးပြန်ကြောအတွင်းသို့ ဆေးသွင်းအပ် (Canula) ကြိုတင်ထည့်ထားရမည်
- သွေးထုပ်ပါ အချက်အလက်နှင့် လူနာ၏ အချက်အလက်များ အားလုံးကိုက်ညီမှသာ လူနာအား စတင်သွေးသွင်းပေးမည်ဖြစ်သည်
- သွေးကြောအပ်မှတစ်ဆင့် သွေးစတင်သွင်းချိန်မှစ၍ ဓာတ်မတည့်မှုများ ပေါ်မပေါ် စောင့်ကြည့်ရန် လူနာအနီးတွင် (၁၅) မိနစ်ခန့် ခေတ္တနေသင့်သည်
- အောက်တွင် ဖော်ပြထားသော ဓာတ်မတည့်သည့် လက္ခဏာများအနက် တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွေ့ရှိလာပါက သွေးသွင်းခြင်းကို ချက်ချင်းရပ်ပစ်ရမည်
- လူနာ၏ အသက်ရှူနှုန်း၊ သွေးပေါင်ချိန်နှင့် သွေးခုန်နှုန်းကို ချက်ချင်းပြန်လည်စစ်ဆေးပြီး လိုအပ်သော ကုသမှုများ ပြုလုပ်ပေးရမည်
- ဓာတ်မတည့်သောလက္ခဏာများ မပေါ်သည့်တိုင်အောင် လူနာအား သွေးသွင်းနေစဉ်တစ်လျှောက်လုံး စောင့်ကြည့်နေရမည်ဖြစ်သည်
သွေးသွင်းပြီးလျှင်
- သွေးသွင်းပြီးချိန်တွင်လည်း လူနာ၏ သွေးပေါင်ချိန်၊ သွေးခုန်နှုန်း၊ အသက်ရှူနှုန်းနှင့် အဖျား ရှိမရှိ ပြန်လည်စစ်ဆေးရမည်ဖြစ်ပြီး၊ အနည်းဆုံးတစ်နာရီခန့် လူနာအား စောင့်ကြည့်ရန်လိုသည်
- သွင်းသော သွေးအမျိုးအစားပေါ် မူတည်၍ ကြာမြင့်ချိန် ကွာခြားသည်
- Whole blood နှင့် Packed cell အမျိုးအစားများကို သွင်းလျှင် အချိန် (၂)နာရီ မှ (၄)နာရီခန့် ကြာမြင့်နိုင်ပြီး၊ Plasma၊ Platelets နှင့် Cryoprecipitate ကဲ့သို့ သွေးရည်ကြည် အမျိုးအစားများကိုမူ တစ်နာရီထက် မကျော်စေဘဲ ကုန်အောင်သွင်းရမည်ဖြစ်သည်
- သွေးသွင်းပြီးနောက် သွေးပြန်ကြောအတွင်းထည့်ထားသော ပိုက်ကို ပြန်လည်ဖယ်ရှားနိုင်သည်၊ အပ်ထည့်ထားသည့်နေရာတွင် အညိုအမည်းစွဲ၍ သွေးခြည်ဥခြင်းဖြစ်ပေါ်နိုင်သော်လည်း ရက်အနည်းငယ်အတွင်း ပြန်လည်ပျောက်ကင်းနိုင်သည်
သွေးသွင်းကုသခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများ
သွေးသွင်းကုသရာတွင် နောက်ဆက်တွဲဆိုးကျိုးများ ရှိတတ်ပြီး တစ်ခါတစ်ရံ ပြင်းထန်နိုင်သောကြောင့် အထူးသတိထားသင့်သည်။ အဖြစ်များသော နောက်ဆက်တွဲဆိုးကျိုးများမှာ အောက်ပါအတိုင်းဖြစ်သည်။
- ဓာတ်မတည့်ခြင်းလက္ခဏာများ ဖြစ်ပေါ်ခြင်း
- ဓာတ်မတည့်သည့်လက္ခဏာများသည် သွေးသွင်းနေစဥ်အတွင်း သာမက သွေးသွင်းပြီး (၂၄) နာရီ အတွင်းလည်း ဖြစ်နိုင်သည်၊ ရှားပါးသော်လည်း တစ်ခါတစ်ရံ (၂၄) နာရီ နောက်ပိုင်းတွင်လည်း ဖြစ်နိုင်ခြေရှိသည်၊ အဖြစ်များသော လက္ခဏာများမှာ_
- အဖျားတက်ခြင်း
- ချမ်းတုန်လာခြင်း
- အရေပြား ယားယံလာခြင်း
- အနီအပိမ့်များ ထွက်လာခြင်း
- မျက်နှာ၊ နှုတ်ခမ်းနှင့် လျှာများ ရောင်လာခြင်း
- သွေးသွင်းထားသောလက်တွင် နာကျင်ခြင်း
- ပျို့ခြင်း၊ အန်ခြင်း စသည်တို့ဖြစ်ပြီး
- ပိုမိုပြင်းထန်လာပါက
- ရင်ဘတ်အောင့်ခြင်း၊ ခါးနာခြင်း
- အသက်ရှူမြန်လာခြင်း
- အသက်ရှူကျပ်လာခြင်း
- မောလာခြင်း၊ သတိလစ်ခြင်း
- သွေးပေါင်ကျခြင်း စသည်တို့ဖြစ်ပေါ်လာနိုင်ပြီး အသက်အန္တရာယ်ထိခိုက်နိုင်သည်အထိ ဆိုးဝါးနိုင်သည်။
- ထိုလက္ခဏာများသည် သွေးထုပ်အတွင်းရှိ ပရိုတင်းများကို ကိုယ်ခံအားစနစ်မှ တုံ့ပြန်ခြင်းကြောင့်ဖြစ်ပြီး၊ ဖြစ်ပေါ်လာပါက သွေးသွင်းခြင်းကို ရပ်ပစ်ရန်လိုသည်၊ သွေးထုပ်တွင်ပါရှိသော အချက်အလက်များနှင့် လူနာ၏အချက်အလက်များကို နောက်တစ်ကြိမ် တိုက်ဆိုင်စစ်ဆေးရမည်၊ တစ်ပြိုင်နက်တည်းမှာပင် လူနာအခြေအနေအား အသေးစိတ်စမ်းသပ်ပြီး (၁၅) မိနစ်လျှင် တစ်ကြိမ် ပြန်လည်စစ်ဆေးနေရန် လိုအပ်သည်၊ အဖျားတက်ခြင်းအတွက် ပါရာစီတမောကဲ့သို့ အဖျားကျဆေးများ၊ ယားယံခြင်း၊ အနီအပိမ့်ထွက်ခြင်းနှင့် ရောင်ရမ်းခြင်းများအတွက် ဟစ်စ်တမင်း ဆန့်ကျင်ဆေးကဲ့သို့ ဆေးဝါးများပေးနိုင်သည်၊ ထို့နောက် လက္ခဏာများသက်သာသွားပါက လူနာအား သွေးဆက်လက်သွင်းနိုင်သည်
- ပြင်းထန်သည့်ဓာတ်မတည့်ခြင်း လက္ခဏာများအထိ ဖြစ်ပေါ်လာပါက လူနာအား အရေးပေါ် ဆေးကုသမှုများပေး၍ အထူးကြပ်မတ် စောင့်ကြည့်ရန်လိုသည်၊ အဆိုပါလူနာမျိုးတွင် လက္ခဏာများ သက်သာသွားသည့်တိုင်အောင် သွေးကို ပြန်လည်မသွင်းတော့ဘဲ ထိုသွေးထုပ်အား သက်ဆိုင်ရာသွေးလှူဘဏ်သို့ ပြန်လည်ပေးပို့၍ ဓာတ်မတည့်ခြင်းကိုဖြစ်စေသော အကြောင်းရင်းကို ရှာဖွေရမည်ဖြစ်သည်
- ဓာတ်မတည့်သည့်လက္ခဏာများသည် သွေးသွင်းနေစဥ်အတွင်း သာမက သွေးသွင်းပြီး (၂၄) နာရီ အတွင်းလည်း ဖြစ်နိုင်သည်၊ ရှားပါးသော်လည်း တစ်ခါတစ်ရံ (၂၄) နာရီ နောက်ပိုင်းတွင်လည်း ဖြစ်နိုင်ခြေရှိသည်၊ အဖြစ်များသော လက္ခဏာများမှာ_
- သွေးမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ကူးစက်ခံရနိုင်ခြေရှိခြင်း
စနစ်တကျ စစ်ဆေးထားခြင်းမရှိသည့် သွေးကိုသွင်းမိခြင်းကြောင့် လူနာတွင် အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး၊ HIV ပိုး၊ ကာလသားရောဂါပိုး၊ ငှက်ဖျားပိုးစသည်တို့ ကူးစက်ခံရနိုင်ခြေရှိသည်။ ထို့ကြောင့် ရောဂါပိုးများ ရှိမရှိ စနစ်တကျ စစ်ဆေးပေးသော ဆေးရုံ၊ ဆေးခန်းများတွင်သာ သွေးသွင်းကုသသင့်သည်။ သွေးလှူရှင်အနေဖြင့်လည်း ရောဂါပိုးကင်းစင်သော ပုံမှန်သွေးလှူရှင်ဖြစ်ရန် အရေးကြီးပြီး ရောဂါပိုးကူးစက်စေနိုင်သည့် အပြုအမူများနှင့် နေထိုင်မှုပုံစံများကို ရှောင်ကြဥ်ရန်လိုသည်။ - သွေးနီဥဆဲလ်များကို တုံ့ပြန်သော ပဋိပစ္စည်းများထုတ်လုပ်ခြင်းကြောင့် ဓာတ်မတည့်ခြင်း (Alloimmunization)
ထိုအခြေအနေကို သာလာဆီးမီးယားရောဂါကဲ့သို့ မကြာခဏ သွေးသွင်းရန် လိုအပ်သူများတွင် တွေ့ရတတ်သည်။ ကိုယ်ခံအားစနစ်မှ ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးများကို ကာကွယ်ရန် ပဋိပစ္စည်းများ ထုတ်လုပ်လေ့ရှိသည်။ သို့သော် သွေးသွင်းသည့်အချိန် ကိုယ်ခန္ဓာအတွင်းရောက်ရှိလာသော သွေးနီဥများ (red blood cells) ကိုလည်း တိုက်ခိုက်မယ့် ပဋိပစ္စည်းအသစ်များကိုလည်း ထုတ်လုပ်နိုင်သည်။ ထိုပဋိပစ္စည်းများ အလွန်များလာပါက သွေးသွင်းချိန်တိုင်း ကိုက်ညီသော သွေးအုပ်စုနှင့် သွေးထုပ်ကို ရရှိရန်ခက်ခဲလာတတ်ပြီး လူနာအတွက် အသက်အန္တရာယ်ရှိလာနိုင်သည်။ သွေးလှူဘဏ်များအနေဖြင့်လည်း လှူဒါန်းထားသော သွေးများမှ ထိုပဋိပစ္စည်းများနှင့် ဓာတ်ပြုတုံ့ပြန်ခြင်းမရှိသည့်သွေးထုပ်ကို ရှာဖွေစီစစ်ရန် ပိုမိုခက်ခဲလာလေ့ရှိသည်။ - သွေးနီဥဆဲလ်များ ပျက်စီးခြင်းကြောင့်ဖြစ်သော ဓာတ်မတည့်တုံ့ပြန်ခြင်း (Hemolytic transfusion reaction)
- အလွန်ရှားပါးသော်လည်း ပြင်းထန်သောတုံ့ပြန်မှုဖြစ်ပြီး၊ သွေးလှူရှင်နှင့် လက်ခံသူ၏ သွေးအမျိုးအစားများ မတူညီသောအခါ ဖြစ်ပေါ်သည်၊ လတ်တလောဖြစ်သောတုံ့ပြန်မှု (Acute hemolytic reaction) နှင့် ရက်အနည်းငယ်ကြာမှဖြစ်သောတုံ့ပြန်မှု (Delayed hemolytic reaction) ဟူ၍ နှစ်မျိုးရှိသည်၊ Delayed reaction သည် ယခင်ကသွေးသွင်းမှု အကြိမ်များစွာခံယူထားသူများတွင် ဖြစ်လေ့ရှိသည်
- လူနာ၏ သွေးနီဥများနှင့် သွင်းလိုက်သော သွေးနီဥဆဲလ်များ မတူညီပါက ဖြစ်ပွားနိုင်ပြီး လူနာ၏ ကိုယ်ခံအားစနစ်မှ ခန္ဓာကိုယ်အတွင်းရှိ သွေးနီဥများအားလုံးကို ဖျက်ဆီးခြင်းဖြင့် တုံ့ပြန်သည်၊ ထို့ကြောင့် သွေးသွင်းနေစဉ် သို့မဟုတ် သွေးသွင်းပြီးပြီးချင်း လက္ခဏာများ ချက်ချင်းစတင်လေ့ရှိသည်၊ အဖြစ်များသော လက္ခဏာများမှာ ရင်ဘတ်အောင့်ခြင်း၊ ချမ်းတုန်ခြင်းနှင့် ဖျားခြင်း၊ ဆီးမည်းသွားခြင်း၊ ခါးအောက်ပိုင်း နာကျင်ခြင်းနှင့် ပျို့အန်ခြင်းတို့ ဖြစ်သည်
- ခန္ဓာကိုယ်အတွင်း သွေးပမာဏ ရုတ်တရက်များသွားခြင်း (Transfusion-Related Circulatory Overload – TACO)
နှလုံးရောဂါ သို့မဟုတ် ကျောက်ကပ်ရောဂါအခံရှိသူများတွင် သွေးသွင်းခြင်းကြောင့် ကိုယ်ခန္ဓာအတွင်း အရည်ပမာဏများလာခြင်း ဖြစ်ပွါးနိုင်သည်။ ထိုအရည်အားလုံးကို ခန္ဓာကိုယ်မှ ပုံမှန်အတိုင်း ပြန်လည်စွန့်ထုတ်နိုင်ခြင်းမရှိဘဲ သွေးကြောများမှတစ်ဆင့် အဆုတ်ရှိတစ်ရှူးများကြားတွင် အရည်များစုလာသောကြောင့် ရောဂါလက္ခဏာများ ဖြစ်ပေါ်လာသည်။ သွေးသွင်းပြီး (၁၂) နာရီအတွင်း ဖြစ်ပေါ်နိုင်ပြီး အများဆုံးတွေ့ရသော လက္ခဏာများမှာ အသက်ရှူရခက်ခဲခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ မောခြင်း၊ ချောင်းဆိုးခြင်း၊ နှုတ်ခမ်းပြာခြင်း၊ အောက်ဆီဂျင်လိုအပ်ခြင်းတို့ဖြစ်သည်။ ထို့ကြောင့် ဖြစ်နိုင်ခြေများသော နှလုံးနှင့် ကျောက်ကပ်ဆိုင်ရာလူနာများတွင် သွေးကို ပမာဏလိုအပ်သလောက်သာ အတိအကျသွင်းခြင်း၊ သွေးသွင်းသည့် အရှိန်ကိုနှေးထားခြင်းနှင့် သွေးသွင်းခြင်းနှင့်အတူ ဆီးဆေးထိုးဆေးများတွဲ၍ အသုံးပြုခြင်းများ ပြုလုပ်နိုင်သည်။ - သွေးသွင်းခြင်းနှင့် ဆက်စပ်သော ပြင်းထန် အဆုတ်ဒဏ်ရာ (Transfusion-related acute lung injury – TRALI)
သွေးသွင်းခြင်းကြောင့်ဖြစ်သော အလွန်ရှားပါးသည့် တုံ့ပြန်မှုတစ်မျိုးဖြစ်သည်။ အပြင်းအထန်ဖျားနာနေသူများ၊ အသည်းနှင့် ကျောက်ကပ်ရောဂါအခံရှိသူများ၊ ဆေးလိပ်နှင့် အရက်သောက်သူများတွင် ဖြစ်နိုင်ခြေမြင့်မားသည်။ သွေးသွင်းခံရသည့် လူနာ၏ ကိုယ်ခံအားစနစ်မှ ထုတ်လုပ်သော ပဋိပစ္စည်းများ (Antibodies) များသည် သွေးလှူရှင်သွေးထဲရှိ သွေးဖြူဥများကို တိုက်ခိုက်ခြင်းကြောင့်ဖြစ်သည်။ ထိုသို့ တိုက်ခိုက်ခြင်းကြောင့် ရောင်ရမ်းမှုများဖြစ်လာပြီး သွေးကြောများမှ အရည်များ ပြင်ပတစ်ရှူးများကြားသို့ ပျံ့နှံ့သွားပြီး အဆုတ်တစ်ရှူးများကြားတွင် စုမိသောအခါ လက္ခဏာများဖြစ်ပေါ်လာသည်။ သွေးသွင်းပြီး (၆) နာရီအတွင်းတွေ့ရနိုင်ပြီး အရေးပေါ်အခြေအနေဖြစ်သောကြောင့် ချက်ချင်းကုသမှုခံယူရန် လိုအပ်သည်။ အဖြစ်များသောလက္ခဏာအချို့မှာ အသက်ရှူရခက်ခဲခြင်း၊ ချောင်းဆိုးခြင်း၊ မောခြင်း၊ ပြာခြင်း၊ ခေါင်းမူးခြင်း၊ သွေးပေါင်ကျခြင်းစသည်တို့ဖြစ်သည်။ ထိုအခြေအနေကို သက်သာစေရန် အောက်ဆီဂျင်ပေးခြင်း၊ အသက်ရှူကူစက်တပ်ဆင်ခြင်းအပြင် ဆီးဆေးများ၊ သွေးပေါင်ထိန်းညှိဆေးများဖြင့် ကုသနိုင်သည်။ - သွေးလှူရှင်၏ ဆဲလ်များမှ သွေးလက်ခံသူ၏ ကိုယ်တွင်းအင်္ဂါများကို တန်ပြန်တိုက်ခိုက်ခြင်း (Graft vs. host disease – GVHD)
သွေးလှူရှင်၏ သွေးတွင်ပါဝင်သော သွေးဖြူဥများမှ လူနာ၏ ကိုယ်တွင်းရှိတစ်ရှူးများကို တိုက်ခိုက်ခြင်း ဖြစ်သည်။ အများအားဖြင့် ရိုးတွင်းခြင်ဆီ သို့မဟုတ် ကိုယ်တွင်းအင်္ဂါ အစားထိုးကုသမှုခံယူထားသူများ၊ ကိုယ်ခံအားစနစ် ချို့ယွင်းနေသူများတွင် ဖြစ်ပေါ်လေ့ရှိသည်။ သွေးသွင်းပြီး ၂ ရက်မှ ၆ ပတ်အတွင်း လက္ခဏာများ စတင်နိုင်ပြီး၊ ဖျားခြင်း၊ ဝမ်းလျှောခြင်းနှင့် အရေပြားအနီစက်ထွက်ခြင်း (rash) စသည်တို့ဖြစ်ပေါ်နိုင်သည်။ ထိုအခြေအနေကို ကာကွယ်ရန်၊ သွေးမသွင်းမီ အလှူရှင်၏သွေးကို ဓာတ်ရောင်ခြည်ဖြင့် အရင်ထိတွေ့စေ၍ သွေးဖြူဥများကို ထိန်းချုပ်ထားသော သွေးအမျိုးအစား (irradiated blood products) အဖြစ်ပြောင်းလဲပြီးမှ သွေးသွင်းနိုင်သည်။ - သွေးသွင်းသည့်အကြိမ်ရေများခြင်းကြောင့် ခန္ဓာကိုယ်အတွင်း သံဓာတ်စုပုံလာခြင်း
မကြာခဏ သွေးသွင်းကုသရသော သွေးရောဂါလူနာအချို့တွင် အချိန်ကြာလာသည်နှင့်အမျှ သွေးတွင်းသံဓာတ် မြင့်မားလာတတ်ပြီး သံဓာတ်စုပုံမှုကြောင့် ကိုယ်တွင်းအင်္ဂါများ ထိခိုက်ပျက်စီးနိုင်ခြေရှိသည်။ ထို့ကြောင့် နာတာရှည် သွေးရောဂါလူနာများ (ဥပမာ _ သာလာဆီးမီးယားရောဂါ) သည် ခန္ဓာကိုယ်အတွင်းရှိ သံဓာတ်ကို ပုံမှန်စစ်ဆေးသင့်ပြီး လိုအပ်ပါက သံဓာတ်ချေဖျက်ပေးသော ဆေးဝါးများသောက်သုံးရနိုင်သည်။
လိုက်နာဆောင်ရွက်ရမည့် အချက်များ
သွေးသွင်းကုသခြင်းသည် လူနာအတွက် အကျိုးရှိသောကုသမှုဖြစ်သော်လည်း နောက်ဆက်တွဲဆိုးကျိုးများ ရှိသည့်အပြင် အသက်အန္တရာယ်ရှိသော အခြေအနေအထိ ဖြစ်နိုင်သောကြောင့် အမှန်တကယ်လိုအပ်မှသာ သွေးသွင်းကုသမှုကို ခံယူသင့်သည်။ သွေးသွင်းပြီးလျှင်ပြီးချင်း မည်သည့်လက္ခဏာမျှ မပြသော်လည်း ရက်အနည်းငယ်အကြာတွင်မှ အထက်တွင် ဖော်ပြထားသော လက္ခဏာများဖြစ်ပေါ်ခံစားရပါက သက်ဆိုင်ရာတာဝန်ခံဆရာဝန်နှင့် ပြန်လည်ဆက်သွယ်ပြသရမည်ဖြစ်သည်။
References:
- American Cancer Society. (n.d.). How blood transfusions are done. Retrieved October 15, 2025, from https://www.cancer.org/cancer/managing-cancer/treatment-types/blood-transfusion-and-donation/how-blood-transfusions-are-done.html
- British Columbia Blood Services. (n.d.). Clinical guide to transfusion. Retrieved October 15, 2025, from https://professionaleducation.blood.ca/en/transfusion/clinical-guide-transfusion
- Cleveland Clinic. (n.d.). Blood transfusion. Retrieved October 15, 2025, from https://my.clevelandclinic.org/health/treatments/blood-transfusion
- Cleveland Clinic. (n.d.). Transfusion-associated circulatory overload (TACO). Retrieved October 15, 2025, from https://my.clevelandclinic.org/health/diseases/transfusion-associated-circulatory-overload
- Cleveland Clinic. (n.d.). Transfusion-related acute lung injury (TRALI). Retrieved October 15, 2025, from https://my.clevelandclinic.org/health/diseases/transfusion-related-acute-lung-injury-trali
- JAMA Network. (2024). Restrictive versus liberal red blood cell transfusion strategies. Journal of the American Medical Association. https://jamanetwork.com/journals/jama/article-abstract/2834703
- JAMA Network. (2022). Red blood cell transfusion thresholds in hospitalized patients. Journal of the American Medical Association. https://jamanetwork.com/journals/jama/article-abstract/2810754
- Journal Watch. (2025). New guidelines recommend restrictive red blood cell transfusion strategies. Retrieved October 15, 2025, from https://www.jwatch.org/na58571/2025/04/03/new-guidelines-recommend-restrictive-red-blood-cell
- Mayo Clinic. (n.d.). Blood transfusion. Retrieved October 15, 2025, from https://www.mayoclinic.org/tests-procedures/blood-transfusion/about/pac-20385168
- NHS Blood and Transplant. (n.d.). Blood transfusion. Retrieved October 15, 2025, from https://www.nhsbt.nhs.uk
- National Health Service. (n.d.). Blood transfusion. Retrieved October 15, 2025, from https://www.nhs.uk/tests-and-treatments/blood-transfusion/
- Papadopoulos, D., et al. (2024). Transfusion-related acute lung injury: Current understanding and management. Chest. https://journal.chestnet.org/action/showPdf?pii=S0012-3692(24)05272-3
- Vincent, J. L., et al. (2023). Restrictive transfusion strategies in critically ill patients. Journal of Intensive Care, 11, Article 82. https://jintensivecare.biomedcentral.com/articles/10.1186/s40560-023-00682-3
Published: 30 October 2024
Last updated: 4 January 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.