ကျောက်ကပ် အသားစယူစစ်ဆေးခြင်း ဆိုသည်မှာ ကျောက်ကပ်မှ သေးငယ်သော တစ်ရှူးအပိုင်းအစလေးကို ထုတ်ယူပြီး အဏုကြည့်မှန်ပြောင်း (microscope) အောက်တွင် ကြည့်ရှုစစ်ဆေး၍ ရောဂါရှာဖွေခြင်း ဖြစ်သည်။ ကျောက်ကပ် အသားစယူခြင်းဖြင့် ရောဂါရှာဖွေနိုင်သကဲ့သို့ ကျောက်ကပ်ရောဂါ၏ ပြင်းထန်မှုနှင့် ကုသမှုအတွက် တုံ့ပြန်မှု ရှိမရှိကိုလည်း သိရှိနိုင်သည်။ ကျောက်ကပ် အစားထိုး ကုသထားသူများတွင်လည်း ကျောက်ကပ်အသားစယူခြင်းဖြင့် အစားထိုးထားသော ကျောက်ကပ် အလုပ်ကောင်းစွာ လုပ်မလုပ်ကိုလည်း သိရှိနိုင်သည်။
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
အချို့သော ကျောက်ကပ်ပြဿနာများမှာ သွေးစစ်ခြင်း၊ ဆီးစစ်ခြင်း၊ အာထရာဆောင်း (USG) ရိုက်ခြင်း သို့မဟုတ် ဓာတ်မှန် (X-ray) ရိုက်ခြင်းတို့ဖြင့် ရှာဖွေသိရှိနိုင်သော်လည်း အချို့ကျောက်ကပ်ရောဂါများတွင် တိကျသော အကြောင်းရင်းများကို သိရှိနိုင်ရန်နှင့် ကျောက်ကပ်အစားထိုးထားသူများတွင် အစားထိုးထားသော ကျောက်ကပ် အလုပ်ကောင်းစွာ လုပ်မလုပ် သိရှိနိုင်ရန် ကျောက်ကပ်အသားစယူ စစ်ဆေးခြင်းဖြင့်သာ သိရှိနိုင်သည်။ အောက်ဖော်ပြပါ အခြေအနေများတွင် ကျောက်ကပ်အသားစယူ စစ်ဆေးရန် လိုအပ်သည်။
- ဆီးထဲတွင် သွေးပါခြင်း (Haematuria) သည် အခြားအကြောင်းများကြောင့် မဟုတ်ဘဲ ကျောက်ကပ်ကြောင့် ဖြစ်သည်ဟု ယူဆခြင်း
- ကျောက်ကပ်ရောဂါ၏ အခြားသော လက္ခဏာများနှင့်အတူ ဆီးထဲတွင် အသားဓာတ်များ အဆမတန် မြင့်တက်နေခြင်း (excessive proteinuria)
- တိကျသော အကြောင်းရင်းမရှိဘဲ လတ်တလော သို့မဟုတ် နာတာရှည် ကျောက်ကပ်လုပ်ငန်း ထိခိုက်ပျက်စီးခြင်း
- ဆေးကုသမှုအပေါ် ကျောက်ကပ်၏ တုံ့ပြန်နိုင်မှုကို သိရှိလိုခြင်း
- ကျောက်ကပ်အကျိတ်၏ ကင်ဆာဖြစ်နိုင်ခြေကို သိရှိလိုခြင်း အစရှိသော အခြေအနေများတွင် ကျောက်ကပ်အသားစယူ၍ စစ်ဆေးရန် လိုအပ်သည်။
ကျောက်ကပ်အသားစယူနိုင်သည့် နည်းလမ်း (၂) ခုရှိသည်။
- အာထရာဆောင်း၏ အကူအညီဖြင့် မခွဲစိတ်ဘဲ အသားစယူခြင်း (Percutaneous biopsy)
ကျောက်ကပ် အသားစယူခြင်းတွင် အများဆုံးပြုလုပ်သော နည်းလမ်းတစ်ခုဖြစ်ပြီး အများအားဖြင့် ဆေးရုံတက်စရာမလိုဘဲ ပြင်ပလူနာဌာနတွင် ကျောက်ကပ်အထူးကုဆရာဝန်များမှ အာထရာဆောင်း၏ အကူအညီဖြင့် ပြုလုပ်ခြင်းဖြစ်သည်။ အသားစယူပြီးနောက် လူနာ၏အခြေအနေကို သေချာစောင့်ကြည့်ရန် လိုအပ်ပြီး နောက်ဆက်တွဲပြဿနာ မရှိပါက အိမ်သို့ပြန်နိုင်သည်။ တစ်ခါတစ်ရံတွင် ဆေးရုံ၌ ညအိပ်စောင့်ကြည့်ရန် လိုအပ်သည်။ - ခွဲစိတ်မှုပြုလုပ်ပြီး အသားစယူခြင်း (Open biopsy)
ကျောက်ကပ်တစ်လုံးထဲရှိသူများ သို့မဟုတ် ယခင်က သွေးထွက်ခြင်း သို့မဟုတ် သွေးခဲခြင်း ပြဿနာရှိဖူးသူများတွင် ထိုနည်းလမ်းဖြင့် အသားစယူလေ့ရှိသည်။ ခွဲစိတ်မှုပြုလုပ်ပြီး အသားစယူမည်ဆိုလျှင် မေ့ဆေးကို အသုံးပြု၍ ခွဲစိတ်မှုပြုလုပ်ပြီး ကျောက်ကပ်မှအသားစယူခြင်း ဖြစ်သည်။ အဏုကြည့်မှန်ပြောင်းကို အသုံးပြု၍လည်း ကျောက်ကပ်အသားစယူနိုင်သည်။
စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်
ကျောက်ကပ်အသားစယူမည်ဟု ဆုံးဖြတ်ခြင်း
ကျောက်ကပ်အသားစ မယူမီ ကျောက်ကပ်အထူးကုဆရာဝန်များမှ ကျောက်ကပ်အသားစယူရသည့် အကြောင်းရင်း၊ အသားစယူခြင်းကြောင့် ရရှိနိုင်သော အကျိုးကျေးဇူးနှင့် ဖြစ်ပေါ်နိုင်သော ဘေးထွက်ဆိုးကျိုးများကို သေချာစွာရှင်းပြပြီး လူနာနှင့် လူနာရှင်များမှ နားလည်သိရှိကြောင်း၊ ပြုလုပ်ရန်သဘောတူကြောင်း (Consent form) ကို ပထမဦးစွာ လက်မှတ်ရေးထိုးရန် လိုအပ်သည်။
ကျောက်ကပ်အသားစမယူမီ ပြင်ဆင်ခြင်း
သွေးခဲဓာတ်အပါအဝင် သွေးများစစ်ဆေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးအုပ်စုစစ်ဆေးထားခြင်းနှင့် လက်ရှိသောက်နေသော ဆေးများစစ်ဆေးခြင်းတို့ ပြုလုပ်ရမည်။ လူကြီးတစ်ဦး၏ သွေးပေါင်ချိန်မှာ (၁၆၀/၉၀) အထက်ဖြစ်နေပါက သွေးပေါင်ချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပြီးမှသာ အသားစယူနိုင်မည်ဖြစ်သည်။ ဓာတ်မတည့်သော ဆေးများရှိလျှင် ဆရာဝန်ကို ကြိုတင်အသိပေးထားရန် လိုအပ်သည်။
လက်ရှိသောက်နေသော ဆေးများထဲတွင် အောက်ဖော်ပြပါဆေးများ ပါဝင်ခဲ့လျှင် သွေးယိုထွက်ခြင်းကို အားပေးသောကြောင့် အသားစမယူခင် တစ်ပတ်အလိုတွင် ထိုဆေးများကို ရပ်ထားရန် လိုအပ်သည်။ အသားစယူပြီးနောက် ပြန်သောက်ရမည့် အချိန်ကို ဆရာဝန်မှ ညွှန်ကြားလိမ့်မည်။
- သွေးမခဲဆေးများ (anticoagulants – Warfarin, Rivaroxaban, Dabigatran, Enoxaparin)
- သွေးကျဲဆေးများ (antiplatelet – aspirin, clopidogrel)
- အကိုက်အခဲပျောက်ဆေးများ (ibuprofen and other NSAIDs)
ကျောက်ကပ်အသားစမယူခင် (၈) နာရီအတွင်း အစားအစာစားခြင်း၊ ရေသောက်ခြင်းများ မပြုလုပ်ရပါ။
ကျောက်ကပ် အသားစယူပုံ
- ဆေးရုံ၊ ဆေးခန်းရှိ ပိုးသတ်ထားသောအခန်းတွင် ပြုလုပ်သည်
- ပထမဦးစွာ ဝတ်လာသော အဝတ်အစားများကို ဖယ်ရှားပြီး အသားစယူခြင်းလုပ်ငန်းစဥ် ပြုလုပ်ရန် အဆင်ပြေသည့် ဆေးရုံမှစီစဥ်ထားသော ဝတ်ရုံကို ဝတ်ရမည်
- စိုးရိမ်စိတ်လျော့ပြီး သက်သောင့်သက်သာရှိစေရန် လက် သို့မဟုတ် လက်ဖျံရှိ သွေးကြောမှတစ်ဆင့် စိတ်ငြိမ်ဆေး ထိုးပေးလိမ့်မည်
- ကျောက်ကပ်အစားထိုးထားသူ မဟုတ်ပါက ကုတင်ပေါ်တွင် ခေါင်းအုံးတစ်လုံးဖြင့် မှောက်လျက်အိပ်ခြင်းဖြင့် ဆရာဝန်မှ ကျောက်ကပ်ရှိသောနေရာကို အလွယ်တကူ ကိုင်တွယ်နိုင်မည်ဖြစ်သည်၊ ကျောက်ကပ် အစားထိုးထားသူဖြစ်ပါက အသားစယူခြင်းကို ဝမ်းဗိုက်အောက်ပိုင်းမှ ပြုလုပ်မည်ဖြစ်သောကြောင့် ပက်လက်အနေအထားဖြင့် အိပ်ပေးရန် လိုအပ်သည်
- ကျောက်ကပ်အသားစယူမည့် နေရာကို ပိုးသတ်ဆေးရည်ဖြင့် သန့်ရှင်းအောင် ပြုလုပ်ပေးပြီး နာကျင်မှုမရှိစေရန် အသားစယူမည့်နေရာကို ထုံဆေးထိုးပေးခြင်း ပြုလုပ်မည်
- အသားစယူမည့် အပ်ကို ကျောက်ကပ်ထဲသို့ထည့်ရန် အာထရာဆောင်းကို အသုံးပြုရန် လိုအပ်သည်
- ဆရာဝန်မှ အသားစယူမည့်အပ်ကို ကျောက်ကပ်ထဲသို့ ထည့်နေစဥ် အသက်ကိုရှူသွင်းပြီး အောင့်ထားပေးပါ၊ ထိုသို့ပြုလုပ်ခြင်းဖြင့် ရင်ဝမ်းခြားကြွက်သား (diaphragm) လှုပ်ရှားမှုမှ ကာကွယ်ပေးသောကြောင့် အသားစယူမည့်အပ်ကို ကျောက်ကပ်ထံသို့ နှောင့်ယှက်မှုမရှိဘဲ အလွယ်တကူ ထိုးထည့်နိုင်သည်
- အသားစယူသည့်အချိန်တွင် အနည်းငယ် နာကျင်မှုကို ခံစားရနိုင်သည်
- အကယ်၍ ဆရာဝန်မှ အသားစယူရန် တစ်ရှူးတစ်စထက်ပို၍ လိုအပ်ပါက အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း နောက်တစ်ကြိမ် ထပ်မံပြုလုပ်ရမည်
- အသားစယူပြီးသည့်နောက် အပ်ကိုဖယ်ရှားလိုက်ပြီး သွေးထွက်ခြင်းကို ရပ်တန့်စေရန် အသားစယူသည့်နေရာကို ဖိထားပေးရမည်
- ပိုးသတ်ထားသော ပတ်တီးဖြင့် ဖုံးအုပ်ထားရမည်
- ယူထားသော ကျောက်ကပ်တစ်ရှူးအပိုင်းအစကို ဓာတ်ခွဲခန်းသို့ပို့၍ စစ်ဆေးရမည်
ကျောက်ကပ်အသားစ ယူပြီးနောက် လိုက်နာရန်အချက်များ
- လူနာ၏ သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်းတို့ကို သေချာစွာစောင့်ကြည့်ရန် အနားယူသည့်အခန်းထဲတွင် အနည်းဆုံး (၆) နာရီခန့် လှဲနေရမည်
- ဆီးထဲတွင်သွေးပါခြင်း ရှိမရှိ စောင့်ကြည့်ရန် လိုအပ်ပြီး၊ ခန္ဓာကိုယ်အတွင်း သွေးထွက်ခြင်း ရှိမရှိကို သိရှိနိုင်ရန် သွေးစစ်ဆေးခြင်းတို့ကို ပြုလုပ်ရမည်
- အသားစယူထားသည့်နေရာတွင် နာကျင်ခြင်း ခံစားရနိုင်ပြီး၊ အနာသက်သာစေရန် ပါရာစီတမော သောက်နိုင်သည်
- အသားစယူပြီး (၁၂)နာရီ မှ (၂၄)နာရီအကြာတွင် အိမ်သို့ပြန်နိုင်သည်
သိရှိနိုင်သောအဖြေများ
ကျောက်ကပ်အသားစအဖြေမှ
- ကျောက်ကပ်ထိခိုက်ရခြင်း၏ တိကျသော အကြောင်းရင်း
- ပေးထားသော ကုသမှုမှာ ထိရောက်ခြင်း ရှိမရှိ
- အစားထိုးလဲလှယ်ထားသော ကျောက်ကပ် ကောင်းစွာ အလုပ် လုပ်မလုပ် စသည်တို့ကို သိရှိနိုင်သည်။
နောက်ဆက်တွဲဆိုးကျိုးများ
- သွေးထွက်ခြင်း
- အဖြစ်အများဆုံးသော နောက်ဆက်တွဲ ပြဿနာတစ်ခုမှာ ဆီးထဲတွင် သွေးပါခြင်းဖြစ်သည်
- အများစုမှာ ရက်အနည်းငယ်အတွင်း သွေးထွက်ရပ်သွားလေ့ရှိသော်လည်း လူနည်းစုတွင် သွေးထွက်ပြင်းထန်နိုင်သဖြင့် သွေးသွင်းကုသရန် လိုအပ်သည်
- အလွန်ရှားပါးလှသည့် အခြေအနေများတွင် အဆိုပါသွေးထွက်ခြင်းကို ထိန်းချုပ်ရခက်ခဲသဖြင့် ခွဲစိတ်ကုသရန် လိုအပ်နိုင်သည်
- နာကျင်ခြင်း
- အသားစယူသည့်အပ်ဖြင့် အနီးရှိ သွေးလွှတ်ကြောနှင့် သွေးပြန်ကြောနံရံများကို မတော်တဆ ထိခိုက်သောကြောင့် သွေးလွှတ်ကြောနှင့် သွေးပြန်ကြောအကြား ပုံမှန်မဟုတ်သော ဆက်သွယ်မှု (AV fistula) ဖြစ်ပေါ်လာခြင်း
- ကျောက်ကပ်အနီးတစ်ဝိုက်တွင် သွေးများစုမိပြီး၊ သွေးခဲဖြစ်ပေါ်လာကာ ရောဂါပိုးဝင်ခြင်းနှင့် ထိုသွေးခဲကြီးများကြောင့် သွေးပေါင်ချိန်တက်လာခြင်း
သို့ရာတွင် ယနေ့ခေတ် 3D ultrasound နှင့် CT-guided biopsy နည်းပညာများကို အသုံးပြုလာခြင်းကြောင့် အပ်ထိုးသွင်းမည့်နေရာကို ပိုမိုတိကျစွာ ရွေးချယ်နိုင်ပြီး နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ခြေကို လျှော့ချနိုင်လာသည်။
လိုက်နာဆောင်ရွက်ရမည့် အချက်များ
- အိမ်ပြန်ရောက်ပြီးနောက် အနည်းဆုံး (၂) ရက်ခန့် အနားယူရမည်
- အစားအသောက်ကို ပုံမှန်အတိုင်း စားသောက်နိုင်သည်၊ ပုံမှန်အတိုင်း ရေချိုးနိုင်သည်
- အိမ်သို့ ပြန်ရောက်ပြီးနောက် ဆီးထဲတွင် သွေးပါခြင်း၊ ဆီးမသွားနိုင်ခြင်း၊ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ အသားစယူထားသောနေရာတွင် ပိုနာလာခြင်း၊ ရောင်ရမ်းခြင်း၊ နီရဲနေခြင်း၊ သွေးထွက်ခြင်းနှင့် မူးမေ့လဲခြင်းတို့ တစ်ခုခုဖြစ်ပေါ်ပါက ဆရာဝန်ကို အမြန်ဆုံးအသိပေးရမည်
- (၄၈) နာရီကြာပြီးနောက် ဖုံးအုပ်ထားသော ပတ်တီးကို ဖယ်ရှားနိုင်သည်
- အသားစယူပြီး နှစ်ပတ်အတွင်း ပြင်းထန်သော လေ့ကျင့်ခန်းလုပ်ခြင်း၊ အလေးမခြင်းနှင့် လိင်ဆက်ဆံခြင်းတို့ကို ရှောင်ကြဥ်ရန် လိုအပ်သည်
- အသားစယူပြီး တစ်ပတ်အတွင်း ကားမမောင်းရပါ
- ဓာတ်ခွဲခန်းပို့ စစ်ဆေးထားသည့် ရလဒ်အဖြေကို ရရှိရန် အချိန် (၃)ရက် မှ (၅)ရက် စောင့်ရန်လိုအပ်သည်၊ အဖြေရရှိပြီးလျှင် ဆရာဝန်နှင့် ရက်ချိန်းပြန်ပြ၍ ဆက်လက်ကုသမှု ခံယူရန် တိုင်ပင်ရမည်
References:
- Gloucestershire Hospitals NHS Foundation Trust. (n.d.). Renal biopsy: Patient information leaflet. Retrieved June 13, 2025, from https://www.gloshospitals.nhs.uk/your-visit/patient-information-leaflets/renal-biopsy/
- Johns Hopkins Medicine. (n.d.). Kidney biopsy: Treatment, tests & therapies. Retrieved June 13, 2025, from https://www.hopkinsmedicine.org/health/treatment-tests-and-therapies/kidney-biopsy
- National Kidney Foundation. (n.d.). Kidney biopsy. Retrieved June 13, 2025, from https://www.kidney.org/kidney-topics/kidney-biopsy
- Mayo Clinic. (n.d.). Kidney biopsy: About the test. Retrieved June 13, 2025, from https://www.mayoclinic.org/tests-procedures/kidney-biopsy/about/pac-20394494
Published Date: 30 August 2024
Last updated: 21 November 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.