ခါးဆစ်ကြားမှ အရည်ထုတ်ယူစစ်ဆေးခြင်း (Lumbar Puncture) ဆိုသည်မှာ ဦးနှောက်နှင့် ကျောရိုးအာရုံကြောမကြီးတစ်လျှောက် လှည့်ပတ်နေသောအရည် (စီအက်စ်ဖက် – cerebrospinal fluid-CSF) ကို ခါးရိုးဆစ်နှစ်ခုကြားမှတစ်ဆင့် ထုတ်ယူ၍ ရောဂါရှာဖွေသည့်နည်းလမ်းဖြစ်သည်။ ဦးနှောက်အာရုံကြောရောဂါများ အထူးသဖြင့် ဦးနှောက်အမြှေးရောင်၊ ဦးနှောက်ရောင်ရောဂါများအတွက် အသုံးဝင်သော၊ အန္တရာယ်ကင်းသော စစ်ဆေးမှုတစ်ခုဖြစ်သည်။
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
အောက်ပါရောဂါအခြေအနေများကို သံသယရှိပါက Lumbar Puncture ပြုလုပ်ရန် လိုအပ်သည်။
- ဦးနှောက်နှင့် ဦးနှောက်အမြှေးပါး ပိုးဝင်ခြင်း၊ ရောင်ရမ်းခြင်း (Meningitis, Encephalitis)
- ဦးနှောက်နှင့် ကျောရိုးအာရုံကြောသို့ ပျံ့နှံ့လာသောကင်ဆာများ (ဥပမာ _ သွေးကင်ဆာ)
- အာရုံကြောစနစ်ကို ရောင်ရမ်းစေသော ရောဂါများ (ဥပမာ – Multiple Sclerosis နှင့် Guillain-Barre Syndrome)
- ကိုယ်ခံအားစနစ် တုံ့ပြန်ခြင်းကြောင့် ဦးနှောက်နှင့်အာရုံကြောစနစ် ထိခိုက်သောရောဂါများ (Autoimmune neurological conditions)
- ဦးနှောက်ကင်ဆာ၊ အဖုအကျိတ်များကြောင့်မဟုတ်ဘဲ ဖြစ်ပွါးရသည့်အကြောင်းရင်း မသိနိုင်သည့် ဦးနှောက်တွင်းဖိအားများခြင်းကြောင့် ခေါင်းကိုက်သောရောဂါ (Idiopathic intracranial hypertension)
ကြိုတင်သိရှိထားရမည့် အချက်များ
ယေဘုယျအားဖြင့် ခါးဆစ်ကြားမှ အရည်ထုတ်ယူစစ်ဆေးခြင်းသည် လွယ်ကူရိုးရှင်းသော စစ်ဆေးမှုတစ်ခုဖြစ်ပြီး နောက်ဆက်တွဲဆိုးကျိုးများအဖြစ် အသက်အန္တရာယ်၊ ခန္ဓာကိုယ်ချည့်နဲ့ခြင်းများအတွက် စိုးရိမ်ရန်မလိုပါ။ အချိန်ကြာမြင့်စွာ ကြိုတင်အစာဖြတ်ရန်လည်း မလိုအပ်ပါ။ သို့သော် အချို့သောအခြေအနေများတွင် နာရီပိုင်းခန့် အစာမစားရန်နှင့် သောက်လက်စဆေးဝါးအချို့ (ဥပမာ _ သွေးကျဲဆေးများ) ခေတ္တရပ်ထားရန် လိုအပ်သည်။ စစ်ဆေးမှုမပြုလုပ်မီ နောက်ဆက်တွဲအန္တရာယ်များ ကင်းစေရန်အတွက် လူနာရာဇဝင်မေးမြန်းခြင်း၊ စမ်းသပ်ခြင်း၊ လိုအပ်သော စစ်ဆေးခြင်းများ ပြုလုပ်ရသည်။
စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်
ခါးဆစ်ကြားမှ အရည်ထုတ်ယူစစ်ဆေးခြင်း (Lumbar Puncture – LP) ကို ပိုးသတ်ထားသော သီးသန့်အခန်းတွင်သာ ပြုလုပ်လေ့ရှိသည်။ ဤစစ်ဆေးမှုသည် ဦးနှောက်နှင့် အာရုံကြောပတ်လည်ရှိ အရည် (Cerebrospinal Fluid – CSF) ကို ရယူစစ်ဆေးခြင်းဖြစ်သည်။
- ကြိုတင်ပြင်ဆင်ခြင်းနှင့် အနေအထားပြင်ဆင်ခြင်း
- စစ်ဆေးမှု ပြုလုပ်မည့်သူ (ဆရာဝန်/သူနာပြု) နှင့် လူနာသည် ပိုးသတ်ထားသော အဝတ်များကို ဝတ်ဆင်ရသည်
- လူနာအနေအထား
လူနာအား ကုတင်ပေါ်တွင် ဘေးစောင်း၍ ဦးခေါင်းနှင့်ဒူးအား ရင်ညွန့်ဘက်သို့ ကွေးနေသည့် အနေအထားအတိုင်း လဲလျောင်းထားရသည်။ ဤအနေအထားသည် ခါးရိုးဆစ်များကြားရှိ နေရာလွတ်ကို ကျယ်စေရန် အရေးကြီးသောကြောင့် အခြားသူများမှ ကူညီထိန်းကိုင်ထားရန် လိုအပ်နိုင်သည်။ - ပိုးသတ်ခြင်း
စစ်ဆေးမှု ပြုလုပ်မည့် ခါးနေရာကို စနစ်တကျ ပိုးသတ်ခြင်း ပြုလုပ်သည်။ - အိပ်ဆေး သို့မဟုတ် ထုံဆေးပေးခြင်း
လိုအပ်ပါက လူနာသက်သောင့်သက်သာရှိစေရန် အိပ်ဆေး သို့မဟုတ် ထုံဆေး ပေးနိုင်သည်။
- အရည်ထုတ်ယူ စစ်ဆေးခြင်း
- အပ်ထည့်သွင်းခြင်း
အထက်ပါ ဘေးစောင်းကွေးနေသော အနေအထားတွင် ဆရာဝန်သည် ခါးရိုးဆစ်နှစ်ခုကြားအတွင်းသို့ သေးငယ်သောအပ်ကို ဖြည်းညင်းစွာ ထိုးသွင်းသည်။ - အရည်ထုတ်ယူခြင်း
အပ်မှတစ်ဆင့် CSF အရည်အနည်းငယ်ကို စုပ်ယူပြီး ပိုးသတ်ထားသော ပုလင်းများဖြင့် ခံယူရသည်။ - ဖိအား တိုင်းတာခြင်း
CSF အရည် စတင်ထွက်ရှိချိန်တွင် ဖိအားတိုင်းတာသော ကိရိယာဖြင့် စီအက်စ်အက်ဖ် (CSF) အရည်ဖိအားကို တိုင်းတာနိုင်သည်။ ၎င်းသည် ရောဂါရှာဖွေရာတွင် အရေးပါသော အချက်အလက် ဖြစ်သည်။ - ကြာချိန်
အကြမ်းအားဖြင့် ခါးဆစ်ကြားမှ အရည်ထုတ်ယူ စစ်ဆေးခြင်းသည် မိနစ် (၃၀) ခန့် ကြာမြင့်နိုင်သည်။
- အပ်ထည့်သွင်းခြင်း
- စစ်ဆေးမှုပြီးဆုံးပြီးနောက် လိုက်နာရန်
- အပ်ဖောက်ထားသောနေရာကို ပိုးသတ်ထားသော အဝတ်ဖြင့် ဖိအုပ်ထားရမည်
- စစ်ဆေးမှု ပြုလုပ်ပြီးပါက လူနာအား လဲလျောင်းသော အနေအထား (ခေါင်းမထောင်ဘဲ) ဖြင့် အချိန် (၁) နာရီခန့် နေခိုင်းလေ့ရှိသည်၊ ၎င်းသည် နောက်ဆက်တွဲ ပြဿနာများ (ဥပမာ _ ခေါင်းကိုက်ခြင်း) ကို လျှော့ချရန် ကူညီပေးသည်
- ကိုယ်တိုင် ကားမောင်းခြင်းနှင့် ပြင်းထန်သော လှုပ်ရှားမှုများ ပြုလုပ်ခြင်းကို (၂၄) နာရီခန့် ရှောင်ကြဉ်ရမည်
- ထုတ်ယူထားသော အရည်နမူနာကို ဓာတ်ခွဲခန်းသို့ ပို့ဆောင်ကာ လိုအပ်သော စမ်းသပ်ချက်များ (ဥပမာ_ရောဂါပိုး ရှိမရှိ စစ်ဆေးခြင်း) ဆက်လက် ပြုလုပ်မည်ဖြစ်သည်

သိရှိနိုင်သောအဖြေများ
ခါးဆစ်ကြားမှ စီအက်စ်ဖက်အရည် ထုတ်ယူစစ်ဆေးခြင်းဖြင့် ဦးနှောက်တွင်းဖိအား၊ ၎င်းအရည်တွင်ပါဝင်သော ဆဲလ်နှင့် ဓာတ်ပစ္စည်းများ (ဥပမာ_သွေးဖြူဥ၊ သွေးနီဥ၊ သကြားဓာတ်၊ ပရိုတင်းဓာတ်၊ ကင်ဆာဆဲလ်) ကို စမ်းသပ်သိရှိနိုင်သည်။ ကူးစက်ရောဂါပိုးများ ရှိမရှိကိုလည်း စစ်ဆေးသိရှိနိုင်သည်။
ဓာတ်ခွဲခန်းပို့စစ်ဆေးရာတွင် ပုံမှန်အဖြေများ (ဥပမာ_ဆဲလ်အရေအတွက်၊ ပါဝင်သောဓာတ်ပစ္စည်း၊ အချိုးအစား စသည်) ကို (၂၄) နာရီအတွင်း သိရှိနိုင်သည်။ အဆိုပါအရည်ကို ပိုးမွေးစစ်ဆေးသည့်အဖြေကို ရရှိရန် အနည်းဆုံး (၄၈)နာရီကျော် မှ ရက်အနည်းငယ်အထိ ကြာမြင့်နိုင်သည်။
နောက်ဆက်တွဲဆိုးကျိုးများ
ခါးဆစ်ကြားမှ အရည်ထုတ်ယူ စစ်ဆေးခြင်း (LP) သည် ယေဘုယျအားဖြင့် ဘေးအန္တရာယ်ကင်းသော စမ်းသပ်မှုတစ်ခုဖြစ်သည်။ သို့သော် တစ်ခါတစ်ရံတွင် အောက်ပါ နောက်ဆက်တွဲလက္ခဏာများ ကြုံတွေ့ရနိုင်သည်။
- အဖြစ်များသော ယာယီလက္ခဏာများ
- ခေါင်းကိုက်ခြင်းနှင့် ခါးနာခြင်း
- စစ်ဆေးမှု ပြုလုပ်ပြီး နာရီပိုင်း မှ ရက်အနည်းငယ်အထိ ခံစားရတတ်သည်၊ ခါးနာခြင်း သို့မဟုတ် စစ်ဆေးသည့် နေရာတစ်ဝိုက် နာကျင်ခြင်းတို့ ဖြစ်တတ်သည်
- ထိုသို့ဖြစ်ပါက ရေများများသောက်ခြင်း၊ ခေတ္တနားနေခြင်းနှင့် ပါရာစီတမောကဲ့သို့သော အကိုက်အခဲပျောက်ဆေးများ သောက်သုံးခြင်းဖြင့် သက်သာစေနိုင်သည်
- ခေါင်းကိုက်ခြင်းနှင့် ခါးနာခြင်း
- ကြိုတင်ကာကွယ်နိုင်သော ပြင်းထန်သည့်လက္ခဏာများ
အောက်ပါ နောက်ဆက်တွဲဆိုးကျိုးများသည် ရှားပါးသော်လည်း မဖြစ်ပွါးစေရန်အတွက် ဆရာဝန်များသည် အထူးဂရုပြု၍ စစ်ဆေးမှုများ ပြုလုပ်သည်။- စမ်းသပ်သည့်နေရာမှ ပိုးဝင်နိုင်ခြင်း (Infection)
- ပိုးမဝင်နိုင်ရန် ခါးဆစ်ကြားမှ အရည်ထုတ်ယူ စစ်ဆေးခြင်းကို ပိုးသတ်ထားသော သီးသန့်အခန်းတွင် စနစ်တကျ ပြုလုပ်ရသည်
- အပ်ထိုးမည့် အရေပြားနေရာတွင် အနာ သို့မဟုတ် ပိုးဝင်နေသည့် လက္ခဏာရှိနေပါက ထိုစစ်ဆေးမှုကို ပြုလုပ်လေ့မရှိပါ
- အပ်ထိုးသောနေရာတွင် သွေးထွက်ခြင်း (Bleeding)
- လူနာတွင် သွေးဥမွှား (Platelet) ပမာဏ အလွန်နည်းခြင်း သို့မဟုတ် သွေးခဲဓာတ်များ ပုံမှန်မဟုတ်ခြင်းကဲ့သို့သော သွေးမခဲနိုင်သည့် ပြဿနာများရှိပါက အဆိုပါစမ်းသပ် စစ်ဆေးမှုကို မပြုလုပ်သင့်ပါ
- ဦးနှောက်ကျွံခြင်း (Brainstem Herniation)
- စမ်းသပ်သည့်နေရာမှ ပိုးဝင်နိုင်ခြင်း (Infection)
နောက်ဆက်တွဲလက္ခဏာများ မသက်သာပါက
အကယ်၍ အထက်ဖော်ပြပါ နောက်ဆက်တွဲလက္ခဏာများ ခံစားရပြီး သက်သာပျောက်ကင်းခြင်းမရှိဘဲ ပိုမိုဆိုးရွားလာပါက သို့မဟုတ် အဖျားတက်ခြင်း၊ ခေါင်းပြင်းထန်စွာကိုက်ခြင်းကဲ့သို့သော လက္ခဏာသစ်များ ပေါ်လာပါက မိသားစုဆရာဝန်နှင့်လည်းကောင်း၊ သက်ဆိုင်ရာ ဆေးရုံ၊ ဆေးခန်းနှင့်လည်းကောင်း ချက်ချင်း တိုင်ပင်ပြသရန် လိုအပ်သည်။
References:
- Mayo Clinic. (n.d.). Lumbar puncture: About the procedure. Retrieved July 16, 2025, from https://www.mayoclinic.org/tests-procedures/lumbar-puncture/about/pac-20394631
- NHS. (n.d.). Lumbar puncture. Retrieved July 16, 2025, from https://www.nhs.uk/conditions/lumbar-puncture/
- Johns Hopkins Medicine. (n.d.). Lumbar puncture — treatment, tests & therapies. Retrieved July 16, 2025, from https://www.hopkinsmedicine.org/health/treatment-tests-and-therapies/lumbar-puncture
Published: 30 August 2024
Last updated: 12 November 2025
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.